Monday, November 12, 2012

မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။

ပွဲဈေးတန်း တခု (Photo : HotNews Journal)
ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။