မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။
× × × × × ×
မေမေကလည်း ပြောခဲ့တယ်လေ သမီးသူငယ်ချင်းတွေနဲ့ ကျောင်းအတူတူတက်ချင်ရင်တော့ အဲဒီ Major တွေယူပေါ့တဲ့။ ဒါပေမယ့် သမီးကလည်း ၀ါသနာပါတဲ့ Major ကိုပဲ ယူမယ်ဆိုတော့လည်း အဖိုးက “ငါ့မြေး တကယ်စိတ်ဝင်စားရင် အဖိုး အားပေးတယ်။ ကြိုးစား”တဲ့။ မေမေနဲ့ဖေဖေကလည်း “သမိုင်းနဲ့ပတ်သက်တာ သမီးဖတ်သင့်တဲ့ လေ့လာသင့်တဲ့စာအုပ်တွေ ရှာဖွေပေးမယ်”ဆိုပြီးအားပေးခဲ့ကြတယ်နော်။ ဒီလိုနဲ့ သမီးလည်း တက္ကသိုလ်စတက်ရတော့တယ်။ သမီးက အဝေးသင်ပဲ တက်တော့မယ်ဆိုပြီး အဝေးသင်တက္ကသိုလ်တက်ရတော့ စာသင်ချိန်စာသင်ခန်းထဲရောက်ရင် စာသင်မယ့်ဆရာတွေက ရောက်မလာဘူး။ ဒီတော့ သမီးလည်း ကျောင်းမတက်တော့ဘူး ကျူရှင်ပဲတက်တော့မယ်ဆိုပြီး ပြောတော့ ဖေဖေနဲ့မေမေက သမီးကို ဆရာဦးတင်ဦးဆီမှာလိုက်အပ်ပေးခဲ့တယ်နော်။
ဆရာဦးတင်ဦးက သူကျောင်းသားဘ၀ကတည်းက အဖိုးဆီဝင်ထွက်သွားလာပြီး သမိုင်းစာအုပ်တွေငှားရမ်းဖတ်ရှုဆွေးနွေးလေ့ရှိပြီး ဖေဖေနဲ့လည်း ရတနာပုံစာကြည့်သင်းမှာအမြဲဆုံပြီး သမိုင်းတွေပြောဆိုလေ့ရှိပြီး ညီအစ်ကိုလို ခင်မင်ခဲ့ကြသူတွေဖြစ်တယ်တဲ့။ ပြီးတော့ ဆရာဦးတင်ဦးက မန္တလေးတက္ကသိုလ်မှာ သမိုင်းနဲ့ပတ်သက်ပြီး စာသင်တာအလွန်တော်ပြီး တပည့်တွေရဲ့ချစ်ခင်ခြင်းကိုရရှိတဲ့ နာမည်ကောင်းရတဲ့ မွတ်စလင်မ်ဆရာတစ်ယောက်ပေါ့။ ကျူရှင်မှာ ဆရာစာသင်တဲ့အခါ သင်ခန်းစာတွေတင် သင်တာမဟုတ်ပဲ ပြင်ပသမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရှင်းလင်းပြောဆိုပေးလေ့ရှိတယ်။ တစ်ခါတစ်ခါမှာ သူစာသင်နေရင်းနဲ့ တချို့သမိုင်းတွေကိုဆို သမီးကို လှမ်းပြီး ‘၀ိုင်း - ညည်းပြောပြ’ဆိုပြီးလည်း ပြောတတ်လေ့ရှိတော့ သမီးလည်း ဆရာ့ကို ပြောနိုင်အောင် နောက်ရက်သင်မယ့် သင်ခန်းစာနဲ့ပတ်သက်တဲ့ပြင်ပသမိုင်းကြောင်းတွေကို ကြိုပြီး လေ့လာထားရလေ့ရှိတယ်လေ။ အဖိုး၊ ဖေဖေမေမေနဲ့ ဆရာကောင်းတို့ကြောင့် သမီးစိတ်ဝင်စားတဲ့သမိုင်းကို ပိုမိုလေ့လာခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာကြည်နူးပြီး ကျေးဇူးအထူးတင်မိတယ် မေမေ။
တက္ကသိုလ်ပထမနှစ်တက်နေရင်း စာတွေဖတ်ရင်းနဲ့ သမီးစာတွေရေးချင်လာတယ်။ ဒါနဲ့ သမီးက အဖိုးကိုပြောတယ်။ ‘အဖိုး သမီးလည်း အဖိုးတို့မေမေတို့လို စာတွေရေးချင်တယ်’ဆိုတော့ အဖိုးက ပြန်ပြောခဲ့တယ်။ ‘ငါ့မြေး … စာရေးချင်ရင် … ဒိုင်ယာရီရေးတဲ့အကျင့်လုပ်။ ဒိုင်ယာရီတာဟာ စာရေးတာကို အကျင့်ဖြစ်စေတယ်။ ပြီးတော့ စာရေးချင်တယ်ဆိုပြီး ပြောနေလို့ စာမရေးတတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို စာတစ်ပုဒ်အဖြစ်ချရေးကြည့်။ အဲဒီကနေမှတဆင့် ငါ့မြေး စာပိုရေးတတ်လာလိမ့်မယ်’တဲ့။ အဖိုးက အဲလိုပြောခဲ့တော့ သမီး ဒိုင်ယာရီရေးကျင့်လုပ်မယ်ဆိုပြောခဲ့တယ်။ အဲဒီအခါမှာ သမီး ဒိုင်ယာရီရေးဖို့အတွက် မေမေကပဲ ဒိုင်ယာရီစာအုပ်ဝယ်ပေးခဲ့တယ်နော်။ ဒါနဲ့ပဲ သမီးလည်း ဒိုင်ယာရီ ရေးကျင့်ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ သမီးမှတ်မိတာတစ်ခုရှိတယ်မေမေ။ မေမေ ပြောခဲ့တယ်နော်။ “သမီး ရေးချင်တာကိုရေး မေမေကတော့ သမီးဘာရေးထားတာလဲဆိုတာကို ဘယ်တော့မှမေးမှာမဟုတ်သလို သမီးမသိအောင်လည်း မေမေ ဖွင့်ဖတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သမီးကိုယ်တိုင်က လိုလိုလားလားနဲ့ မေမေ ဖတ်ကြည့်ပေးပါလို့ ပြောလာရင်တော့ မေမေဖတ်ကြည့်မယ်”တဲ့။ သမီးကလည်း ဒိုင်ယာရီရေးပြီးရင် စာအုပ်ကို စာရေးစားပွဲပေါ်မှာပဲ ထားလေ့ရှိသလို သမီး ဘာတွေများရေးထားသလဲဆိုပြီး မေးမြန်းစူးစမ်းတာမျိုး ဒိုင်ယာရီစာအုပ်ကို ဖွင့်ဖတ်တာမျိုး မေမေဘယ်တော့မှ မလုပ်ဘူးနော်။
အဲ … နောက်တစ်ခုလည်း မှတ်မိပြန်သေးတယ် မေမေ။ တက္ကသိုလ်ပထမနှစ်စာမေးပွဲဖြေပြီးတဲ့အချိန်မှာ သူငယ်ချင်းဆီကနေ သမီးဆီကို စာတွေလာတယ်။ အဲလို အိမ်ကို စာလာတဲ့အခါမှာ သမီးဆီလာတဲ့စာကို အမေတစ်ယောက်အနေနဲ့ ဖွင့်ဖတ်ကြည့်မယ်ဆိုတာမျိုး မေမေ ဘယ်သောအခါမှ မလုပ်ဘူးနော်။ သမီးမရှိတဲ့အချိန် ရောက်လာတဲ့စာကို စားပွဲပေါ်တင်ထားပေးတယ်။ သမီးပြန်လာတာနဲ့ သမီးစာတစ်စောင်ရောက်နေတယ်လို့ ပြောလေ့ရှိပြီး သမီးက ဖတ်ပြီးရင် မေမေဖတ်ကြည့်ပါလားလို့ သမီးက ပေးဖတ်ရင်တော့ မေမေဖတ်တယ်နော်။ သမီး တက္ကသိုလ်ပထမနှစ်စတက်တဲ့ အချိန်မှာ ခင်မင်ရင်းနှီးသွားကြတဲ့ သူငယ်ချင်းတွေက ပူတာအို၊ ဘားအံ၊ ကျောက်ဆည်၊ ဆိုင်းတောင်၊ ရွှေကူ၊ မတ္တရာ စတဲ့ အဲဒီဒေသတွေက သူငယ်ချင်းတွေလေ။ ဒီသူငယ်ချင်းတွေထဲမှာမှ ဘားအံကသူငယ်ချင်းက ပထမဦးဆုံးစာထည့်လာတာလေ။ သူက ဘားအံ ထောက်ပို့တပ်က စစ်သားတစ်ယောက်ဖြစ်နေတာကို သူပြန်ခါနီးမှ သူငယ်ချင်းအားလုံးကို အသိပေးခဲ့သူလေ။ ကျောင်းတက်တဲ့တလျှောက်လုံး စစ်သားမကောင်းကြောင်းကောင်းကောင်းပြောခဲ့ကြတဲ့ သမီးတို့ သူငယ်ချင်းတစ်စုက (မကောင်းကြောင်းက သူလည်း အမြဲဝင်ပြောနေကြပါ။)… နင် စစ်သားဖြစ်တာကို ငါတို့ကို အခုမှ ပြောရလား နင် စပိုင်လာလုပ်တာလားလို့ဆိုပြီး သူ့ကို ၀ိုင်းစကြတယ်။ အဲဒီတော့မှ သူကလည်း သူတို့တပ်ရဲ့ ချစားမှုတွေကို ပြောပြတော့တယ်။ အဲလို ခင်စရာကောင်းခဲ့တဲ့ သူငယ်ချင်းပါ။ သူက သူငယ်ချင်းတွေ သူ့ကို အရင်လိုပဲ ခင်သေးတယ်ဆိုရင် စာပြန်ကြဖို့၊ သူငယ်ချင်းတွေဆီက စာလာရင် လ္ဘက်ရည်တစ်ဝိုင်းဖိုးနဲ့ စာကိုရွေးယူရတာမျိုးတွေက ပျော်စရာကောင်းကြောင်း ဒါကြောင့် သူ့ဆီ စာပြန်ရေးကြဖို့ ပြောလာတယ်။ (နောက်ပိုင်း အဲဒီသူငယ်ချင်းရဲ့ စာတွေမှာတော့ သူတို့စစ်တပ်ထဲက အကြောင်းတွေနဲ့ ရှေ့တန်းကိုသွားရတဲ့ အတွေ့အကြုံတွေကို အမြဲပြောပြလေ့ရှိတယ်။) သမီးသူ့စာကိုဖတ်ပြီး မေမေ့ကိုလည်း ပေးဖတ်တယ်လေ။ နောက်စာပြန်ဖို့လုပ်တော့ စာကို ချောအောင် သမီး မရေးတတ်ဘူး။ ဒါနဲ့ သမီးပြောချင်တာကို ပြောပြတော့ မေမေက ကူညီပြီး စာကြမ်းစီပေးတယ်နော်။ အဲဒီပထမဦးဆုံး စာပြန်ပြီးတဲ့နောက်တော့ နောက်ပိုင်းစာတွေကို သမီးကောင်းကောင်းရေးတတ်သွားတယ်။ ဒီတော့ သူငယ်ချင်းတွေအားလုံးက သမီးဆီကိုပဲ စာတွေ အကုန်ပို့ကြတော့တယ်။ သမီးကပဲ အားလုံးဆီကစာတွေကိုဖတ်၊ ပြီးရင် သူငယ်ချင်းအားလုံးအတွက် စာတွေပြန်ရေးတာပေါ့။ ဒီလိုနဲ့ တစ်နယ်စီခြားနေကြတဲ့ သူငယ်ချင်းတွေကြားမှာ သမီးက ဆက်သွယ်ရေးတာဝန်ရသွားတာပေါ့။ ဒါတွေဟာလည်း သမီးအနေနဲ့ စာတွေရေးတတ်လာစေဖို့ အကြောင်းခံတစ်ရပ်လည်း ဖြစ်သွားတာပေါ့။
သြော် …. မှတ်မှတ်ရရ တစ်ခုရှိသေးတယ်မေမေ။ သမီး သူငယ်ချင်းတွေက ကျောင်းတက်တော့ အဆောင်မှာနေကြတယ်လေ။ ဒါပေမယ့် ကျောက်ဆည်က သူငယ်ချင်း ၂-ယောက်က ကျောင်းနဲ့အိမ် နေ့တိုင်းအသွားအပြန်လုပ်တယ်လေ။ သမီးတို့ ပထမနှစ်စာမေးပွဲဖြေရခါနီးမှာ သူငယ်ချင်းတစ်ချို့က အိမ်မှာ သမီးနဲ့အတူ စာလာလုပ်ကြတယ်။ ကျောက်ဆည်က သူငယ်ချင်း၂-ယောက်က စာမေးပွဲရက်မှာလည်း အိမ်နဲ့ကျောင်းအသွားအပြန်လုပ်မယ်ဆိုတော့ မေမေကပြောတယ်။ ‘သမီးတို့ရယ် အသွားအပြန်နဲ့တင် အချိန်လည်းကုန်တယ်၊ စာလုပ်ချိန်လျော့တာပေါ့။ ပြီးတော့ လူလည်းပင်ပန်းတယ်၊ ဒီတော့ စာမေးပွဲရက်အတွင်း အန်တီတို့အိမ်မှာပဲ လာနေလိုက်ပါလား’တဲ့။ ဒီလိုနဲ့ သူငယ်ချင်း ၂-ယောက်လည်း စာမေးပွဲရက်အတွင်း အိမ်မှာ လာနေဖြစ်သွားတော့တယ်။ ဒါဟာလည်း မေမေ့အနေနဲ့ သမီးရဲ့ သူငယ်ချင်းတွေအပေါ် သမီးချင်းကိုယ်ချင်းစာပေးခဲ့တယ်ဆိုတာကို သမီးနားလည်ခဲ့ပါတယ် မေမေရယ်။ သမီးသူငယ်ချင်းတွေရော သမီးရော မေမေ့ကိုကျေးဇူးတင်ပါတယ် မေမေရယ် …………… ။
× × × × × ×
ဒါနဲ့ မေမေပြန်လာတော့ သမီးကပြောတယ် မေမေရယ် နောက်တစ်ခါသွားရင် သမီးကိုပါ ခေါ်သွားပါ မေမေမရှိရင် သမီးမနေတတ်ဘူးဆိုတော့ မေမေက သမီးကို ဆုံးမစကားတွေပြောခဲ့တယ်နော်။ ‘မေမေ့ကို အဲလောက်ချစ်တာကို မေမေ၀မ်းသာတယ်၊ ကျေနပ်တယ်။ ဒါပေမယ့် မေမေမရှိလို့ မနေတတ်ဘူးဆိုတာကို မဖြစ်အောင်နေဖို့လိုတယ်။ ပြီးတော့ မေမေက အလုပ်ကိစ္စအတွက်သွားတာ သမီးကို ခေါ်သွားနေလို့မဖြစ်ဘူးလေ။ နောက်ကို မေမေ မရှိလို့မနေတတ်ဘူးဆိုတာ မဖြစ်နဲ့နော်။ နေတတ်အောင်နေရမယ်။ လူ့ဘ၀ဆိုတာ ဘာမှ ရေရာသေချာတာမဟုတ်ဘူး။ အခုနေ မေမေတစ်ခုခုဖြစ်သွားပါပြီတဲ့ မေမေမရှိလို့ မနေတတ်ဘူးဆိုရင် သမီးက ဘ၀ကို ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မလဲ။ ဘ၀ကို ဖြတ်သန်းတဲ့အခါ သတ္တိတွေရှိဖို့လိုတယ်။ ဖြစ်လာတဲ့ကိစ္စရပ်တိုင်းကို ခံနိုင်ရည်ရှိအောင်၊ သမီးလေးမှာ အဲလိုသတ္တိတွေရှိအောင်မွေးမြူပါသမီးလေးရယ်’တဲ့။
အဲဒီစကားတွေက သမီးအတွက် အမှတ်တရစကားတွေပါပဲ မေမေရယ်။ နောက်တစ်ခုမှတ်မိတာရှိသေးတယ်မေမေ။ သမီး(၉)တန်းနှစ်လောက်မှာ ကက်ဆက်တိတ်ခွေ သီချင်းခွေတစ်ခွေထွက်လာတယ်။ TV မှာ ကြော်ငြာတွေ့ပြီး အဲဒီအခွေသမီးလိုချင်တယ်ဆိုတော့ မေမေက ၀ယ်ပေးခဲ့တယ်နော်။ မေမေ၀ယ်ပေးခဲ့တဲ့ အဲဒီ ‘အဖြူရောင်သူငယ်ချင်း’ဆိုတဲ့ တိတ်ခွေလေးကိုလည်း သမီးအခုထိ သိမ်းထားတယ်မေမေ။
သြော် ….. TV ဆိုလို့ ညဘက်တွေမှာ သမီးတို့မိသားစုတွေ TV ထိုင်ကြည့်တဲ့အချိန်တွေကို သမီး သတိရသွားပြန်ပြီ မေမေ။ မေမေက ရန်ကုန်သူ၊ ဖေဖေက မန္တလေးသားလေ။ မေမေက ရန်ကုန်မှာနေတုန်းက ဘယ်နေရာတွေကို ဘယ်သူတွေနဲ့ သွားခဲ့ဖူးတယ်၊ ဘယ်နေရာတွေက မေမေကျောင်းသူဘ၀ ဦးသန့်အရေးအခင်းတုန်းက လှုပ်ရှားခဲ့တော့ အဲဒီနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေ၊ ဖေဖေကလည်း ကျောင်းသားဘ၀တုန်းက လှုပ်ရှားခဲ့တဲ့နေရာဒေသတွေ၊ နောက်ပြီး အလုပ်သမားအရေးအခင်းတို့ ဘုန်းကြီးအရေအခင်းတို့မှာ ဖေဖေပါဝင်ခဲ့တဲ့နေရာတွေ အဲဒီနေရာတွေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာတွေကို ပြောပြခဲ့ကြဖူးတာလေ။ အခုလို TV ကြည့်နေရင်းနဲ့ TV ထဲမှာ ရန်ကုန်မြို့ထဲတစ်ဝိုက်မေမေတို့နေခဲ့တဲ့နေရာဝန်းကျင်၊ မန္တလေးတစ်ဝိုက် ဖေဖေသွားလာခဲ့ဖူးတဲ့နေရာကို တွေ့လာရင် မေမေက အဲဒီနေရာလေ သမီးတို့ဖေဖေပေါ့ သူ့ရည်းစားပြန်လာတတ်တဲ့လမ်းလေ။ သူ့ခမျာ မိုးရွာကြီးထဲမှာ အဲဒီလမ်းကနေ သွားသွားစောင့်နေတာလေတဲ့ ဖေဖေကလည်း ရန်ကုန်တစ်ဝိုက်က နေရာလေးတွေတွေ့ရင် အဲဒီနေရာက သမီးတို့မေမေရဲ့ ရည်းစားနေခဲ့တဲ့နေရာလေ ဆိုပြီး စနောက်ကြရင် သမီးတို့ကပါ ၀ိုင်းဝန်းစနောက်ခဲ့ကြတဲ့အချိန်လေးတွေက တကယ်ကိုပျော်ရွှင်ဖွယ်ရာအချိန်လေးတွေပါပဲနော်။
× × × × × ×
ဒီလိုနဲ့ သမီး ပထမနှစ်စာမေးပွဲမဖြေခင်တစ်ရက်မှာ မေမေဆေးရုံတင်ရတယ်နော်။ သမီးကို မေမေက ဆေးရုံမှာ ညပိုင်း စောင့်အိပ်ဖို့ ခွင့်မပြုခဲ့ဘူးနော်။ သမီးတို့အစ်မဝမ်းကွဲတစ်ယောက်(မေမေ့တူမ)က ညအိပ်စောင့်ပေးတယ်။ သမီးကတော့ မနက်စာမေးပွဲဖြေဖို့အသွား ဆေးရုံတစ်ခေါက်ဝင်၊ နောက်ညနေအပြန်တစ်ခေါက်ဝင်နဲ့ပဲနေခဲ့ရတယ်။ တစ်ညမှာ ခဲအို(အစ်မဝမ်းကွဲရဲ့အမျိုးသား)က အိမ်ကိုလာပြီး အိပ်ယာခင်းတွေ စောင်တွေလာယူတယ်။ ဘာလုပ်ဖို့လဲလို့ သမီးကမေးတော့ ရေဗူးမှောက်သွားလို့ အိပ်ယာတွေစိုကုန်တယ်။ ဒါကြောင့် အိပ်ယာခင်းတွေလဲရမယ်လို့ပြောတယ်။ နောက်နေ့မှ သမီး သိခဲ့ရတာက မေမေဟာ အဖျားကြီးလွန်းပြီး ကိုယ်ပူချိန်တွေ တက်နေတာကြောင့် စောင်တွေကိုရေဇလုံထဲစိမ်ပြီး မေမေ့ကိုပတ်ထားပေးရတယ်တဲ့လေ။ ဒီလောက်ဖြစ်နေတဲ့ကြားက 'အိမ်ကိုစောင်သွားယူရင် သမီးကြီးကို အမှန်အတိုင်းမပြောပါနဲ့၊ သမီးစာမေးပွဲအတွက် စိတ်အနှောက်အယှက် ဖြစ်မယ်'လို့ပြောခဲ့တယ်။ ကိုယ့်ဝေဒနာ ခံစားနေရချိန်မှာတောင် သမီးအပေါ်ထားတဲ့ မေမေ့ရဲ့မေတ္တာဟာ သမီးအတွက်တော့ ဘာနဲ့မှ တုနှိုင်းမရ နိုင်အောင်ပါပဲမေမေရယ်။
ဒီလိုနဲ့ မေမေလည်း ဆေးရုံနဲ့အိမ် ကူးချည်သန်းချည်နဲ့နေခဲ့ရတယ်။ တစ်ခါတစ်ခါမှာတော့ မေမေက 'သမီးရယ် မေမေ ဒီဆေးတွေမသောက်ချင်တော့ဘူး'လို့ပြောတယ်။ သမီးက 'မေမေ သမီးတို့ကိုချစ်ရင် သောက်ရမှာပေါ့'ဆိုတော့ ချက်ချင်းပဲယူသောက်တယ်။ တစ်ခါတစ်လေ မေမေဟာ မှန်ကြည့်ပြီးရင် 'မေမေဟာ သမီးတို့မေမေလို့မှ ထင်သေးရဲ့လား'လို့လည်း မေးတတ်တယ်။ အဲလိုမေးပြီးရင် လည်း သူ့ဘာသာသူဟာသတွေ လျှောက်ပြောတော့တယ်။ မေမေ့ရင်ထဲမှာတော့ ဝေဒနာတွေခံစားနေရပေမယ့် သမီးတွေနဲ့ခင်ပွန်းသည်ရှေ့မှာ ဟန်ဆောင်ပြီးနေကောင်းပြတယ်။ မေမေဟာ ရောဂါနဲ့ပတ်သက်လို့ သမီးတို့ရှေ့မှ တစ်ခါမှ ညည်းညူတာမျိုး မလုပ်ပြခဲ့ဘူးနော်။ အိမ်မှာဘယ်သူမှ မရှိတော့မှသာ ဝေဒနာကို ကြိတ်ခံစားတယ်။ ဒါတွေကို သမီးပြန်သိရတော့ ခံစားရပါတယ်မေမေရယ်။
ဒါပေမယ့် မေမေက သမီးမတို့မသိအောင်လုပ်တယ်။ သမီးတို့က မေမေ့ကို မသိချင်ယောင်ဆောင်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေကုန်လာခဲ့တယ်။ တစ်ခါတစ်ခါ ညနေ သမီးအလုပ်ပြန်ချိန်ရောက်လို့ မရောက်သေးရင် အိမ်ရှေ့ကထွက်ပြီး မျှော်နေတတ်တယ်။ သမီးလာမှ 'မေမေက သမီးမလာသေးလို့ စိတ်ပူနေတာ'ဆိုပြီးပြောလေ့ရှိတယ်။ တစ်ခါတစ်လေ မှာတော့ သမီးပြန်လာတဲ့ အသံကြားရင် ပုန်းနေတတ်တယ်နော်။ အဲဒီအခါ သမီးက မေမေဘယ်သွားနေလဲဆိုပြီး လိုက်ရှာတော့တာပဲ။ သမီးလိုက်ရှာပြီဆိုမှ မေမေကထွက်လာပြီး 'ငါ့သမီးက မေမေ့ကို သိပ်မချစ်နဲ့။ မေမေမရှိတော့ရင် နေတတ်အောင် အခုကတည်းကကျင့်ထား။ ညီမလေးနှစ်ယောက်ကဖြစ်တယ်။ မေမေ မရှိလည်း သူတို့ဘာသာ နေတတ်တယ်။ ငါ့သမီးကြီးက နေတတ်မှာမဟုတ်ဘူး။ ဒါကြောင့် အခုကတည်းက ကျင့်ထား'ဆိုပြီး သမီးအတွက် ခွန်အား ဖြစ်စေမယ့်စကားတွေပြောတယ်။ အဲဒီအချိန်မှာ မေမေ့မေတ္တာဟာ သမီးအပေါ် ဘယ်လောက် ကြီးမားတယ် ဆိုတာ သမီးခံစားလာရပါတယ်မေမေရယ် ……….. ။
× × × × × ×
No comments:
Post a Comment