ကျွန်မ ခရီးသွားခဲ့ဖူးတဲ့နေရာတွေကိုပြန်စဉ်းစားရင်း ကချင်ပြည်နယ်ဘက် ရောက်ခဲ့ဖူးတာကိုလည်း ပြန်သတိရမိတာနဲ့ ဗန်းမော်၊ မံစီ၊ မြစ်ကြီးနား ခရီးစဉ်လေးကို ရေးမိတယ်။
ကျွန်မတို့ရုံးက ကချင်ပြည်နယ်ဘက်ကို ပညာပေးသင်တန်းပေးဖို့ ခရီးသွားရမယ်ဆိုတော့ ကျွန်မရယ် ရုံးကနောက်မိန်းကလေးတစ်ယောက်ရယ် သွားဖို့ တာဝန်ကျလာတယ်။ ပို့ချရမယ့်ပညာပေးသင်တန်းက ကြက်ငှက်တုပ်ကွေးကာကွယ်ရေးအတွက် သင်တန်းပါ။ သွားရမယ့်ဒေသက ဗန်းမော်နဲ့ မံစီကိုပါ။ ဗန်းမော်နဲ့ မံစီမှာရှိတဲ့ တိမွေးကုရုံးက တိမွေးကုဆရာဝန်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ ပရောဂျက်လေးပါ။ ပထမသင်တန်းက ဗန်းမော်မြို့မှာပါ။
ဒါနဲ့ ကျွန်မတို့ ၂-ယောက်လည်း သင်တန်းအတွက် လိုအပ်တဲ့အရာတွေကို ပြင်ဆင်ပြီး ဗန်းမော်ကို ခရီးသွားဖို့လုပ်ကြတယ်။ မန္တလေးကနေ ညနေပိုင်းထွက်တဲ့ကားနဲ့ ဗန်းမော်ကို ခရီးစခဲ့ကြတယ်။ ကားစီးရတဲ့အချိန်က ညနေပိုင်းနဲ့ညပိုင်းဖြစ်တော့ သူငယ်ချင်းက ကားပေါ်မှာ တစ်လမ်းလုံးအိပ်လာတယ်။ ကျွန်မကတော့ ခရီးသွားရင် ပတ်ဝန်းကျင်ကိုငေးမောလေ့ရှိသူပီပီ ကျွန်မ တစ်ခါမှ မသွားဖူးတဲ့လမ်းမှာ မြင်သမျှငေးလာတာပေါ့။ ကားက တောင်တွေကိုကွေ့ဝိုက်ပြီးမောင်းရတယ်။ တစ်ဘက်က တောင်နံရံတွေကို မြင်ရပြီး တစ်ဘက်မှာတော့ ချောက်ကမ်းပါးနဲ့ ဟိုးအောက်မှာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကို မြင်နေရတယ်။ ဖြစ်ချင်တော့ ကျွန်မတို့ထိုင်ရတာက ကားရဲ့ဘယ်ဘက်ခြမ်းမှာဖြစ်နေတော့ ဘေးကိုကြည့်လိုက်ရင် ကားက ချောက်ကမ်းပါးအစွန်းလေးမှာ မောင်းနေသလိုပဲ။ ချောက်ကမ်းပါးနဲ့ဟိုးအောက်မှာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကိုလှမ်းကြည့်ရင်း တစ်ချက်တစ်ချက်တော့ အသည်းထဲမှာ အေးအေးသွားတယ်။ အဲဒီအချိန်မှာ မိုးကလည်း သည်းသည်းမည်းမည်းရွာလာတော့ ကျွန်မစိတ်ထဲကနေ မတော်တဆများ ကားမောင်းသူက တစ်ချက်လေး သတိလွတ်တာ၊ ဒါမှမဟုတ် ကားကတစ်ခုခုချို့ယွင်းလိုက်တာနဲ့ ငါတို့တော့ အရိုးအသား တစ်ခြားစီဖြစ်နိုင်လောက်တယ်လို့လည်း တွေးမိပြီးလန့်သွားတယ်။ ဘေးက သူငယ်ချင်းကို လှည့်ကြည့်လိုက်တော့လည်း သူကလည်း နိုးလိုက် အိပ်လိုက်နဲ့ ဇိမ်ယူနေတယ်လေ။ သူငယ်ချင်းကတော့ တစ်ချက်တစ်ချက်နိုးလာတဲ့အချိန် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ကြောက်နေတယ်။ တော်ပြီ အပြန်ကျ ဒီလမ်းက မပြန်တော့ဘူး၊ ငါကြောက်တယ် ဆိုပြီး ပြန်အိပ်သွားပြန်တယ်။
ဒါတောင် သူအိပ်ပျော်နေတဲ့အချိန်မှာပဲ ကားကဘာကိုလဲမသိဘူးရှောင်ရင်းနဲ့ ချောက်ဘက်ထိုးသွားတော့ ကျွန်မအသည်းထဲမှာ အေးကနဲပဲ။ ဘေးဝဲယာတလျှောက် ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မှောင်မည်းနေတယ်။ ဒါပေမယ့် လလေးက သာနေတော့ ကျွန်မလည်း လရောင်ကိုအားကိုးတာရယ်၊ ကားမီးရောင်ရဲ့ အကူအညီရယ်နဲ့ လမ်းတလျှောက်လုံးငေးနေတော့တာပဲ။ ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရဖူးတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ကျဉ်းနေရာတွေကို အပြင်မှာမြင်ရတော့လည်း ‘သြော် ငယ်ငယ်က စာထဲမှာ သင်ခဲ့တဲ့ [ရွှေကူနဲ့စင်းခန်းကြား(ဆင်ဘိုရွာအနီး - ပထမမြစ်ကျဉ်း)၊ ဗန်းမော်နဲ့ကသာကြား(ဒုတိယမြစ်ကျဉ်း)]နေရာတွေ အခုလို မြင်ဖူးဖို့ဆိုတာ တော်တော်မလွယ်တာပဲ’ဆိုပြီး ငေးလို့မ၀ဘူးပေါ့။
ဒီလိုနဲ့ မနက်မိုးလင်းတော့ ဗန်းမော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါတော့တယ်။ ကျွန်မတို့ ၂-ယောက်လည်း တည်းခိုရမယ့်ဟိုတယ်ဆီအရောက်ပြေးတော့တယ်။ ဟိုတယ်ရောက်တော့ ခဏတဖြုတ်နား ရေချိုးပြီးတော့ ဗိုက်ထဲကဆန္ဒပြလာတာကြောင့် စားစရာရှာဖွေဖို့ ဟိုတယ်ကနေ ထွက်ခဲ့ကြတယ်။ လမ်းလျှောက်ရင်း ဟိုမေးဒီမေးနဲ့ ဈေးသေးသေးလေးတစ်ခုကို ရောက်သွားတယ်။ ဒါနဲ့ပဲ သက်သက်လွတ်ဆိုင်လေးမှာ ခေါက်ဆွဲဝင်စားကြပြီး ဈေးတစ်ပတ် ပတ်ကြည့်လိုက်တယ်။ နာရီကြည့်လိုက်တော့ ဗန်းမော် တိမွေးကုရုံးက တိမွေးကုဆရာဝန်မလေးနဲ့ ချိန်းထားတဲ့အချိန်နီးနေတာကြောင့် ဟိုတယ်ကို အပြေးပြန်ခဲ့တယ်။ ဟိုတယ်ရောက်ပြီး မကြာခင်ပဲ ဆရာဝန်မလေးနဲ့ နောက်ဆရာဝန်တစ်ယောက် ရောက်လာပြီး ကျွန်မတို့ကို လာခေါ်တယ်။ ကျွန်မတို့လည်း သူတို့နဲ့အတူလိုက်သွားပြီး တွေ့ရမယ့်သူတွေနဲ့တွေ့၊ နောက်ရက် သင်တန်းအတွက် လိုအပ်တာတွေကို ပြင်ဆင်ပြီး ညနေ ၃-နာရီလောက်ကျတော့ ကျွန်မတို့လည်း ခရီးပန်းလာတယ် မနက်ဖြန်လည်းသင်တန်းရှိသေးတယ်ဆိုတော့ ဒီနေ့နားလိုက်ပါတော့ဆရာမတို့ရယ် ဆိုပြီး အလိုက်သိစွာပဲ ကျွန်မတို့ကို ဟိုတယ်ပြန်ပို့ပေးတယ်။
ဟိုတယ်ပြန်ရောက်ပြီး နားနေတုန်းရှိသေးတယ် မီးသတ်ကားဥသြဆွဲသံတွေ ဆက်တိုက်ကြားရတော့ အမြန်ထပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တယ်။ ဘာမှမမြင်ရဘူး။ ဒီတော့ ၂-ယောက်သား အတိုင်အဖောက်ညီစွာပဲ ဟိုတယ်လှေကားတလျှောက်ပြေးတက်ပြီး ဟိုတယ်ခေါင်မိုးအပေါ်ဆုံးကိုရောက်သွားတယ်။ အဲဒီကနေ ကြည့်လိုက်တော့မှ ဟိုးခပ်လှမ်းလှမ်းမှာ မီးခိုတွေကိုမြင်လိုက်ရတယ်။ ဟိုတယ်က ၀န်ထမ်းတွေရော ခေါင်မိုးပေါ်ရောက်လာကြပြီး ဘယ်နေရာလောက်မှာဖြစ်လောက်တယ် ဘာညာခန့်မှန်းပြောဆိုနေကြတာပေါ့။ ကျွန်မတို့လည်း မီးခိုးတွေကို ကြည့်နေမိတယ်။ ၁၀-မိနစ်လောက်နေတော့ မီးငြိမ်းသွားတယ်တဲ့တူပါတယ်။ ဘာမှ မမြင်ရတော့မှ ကျွန်မတို့လည်း အခန်းပြန်လာပြီး မောမောနဲ့အိပ်လိုက်တာ အိပ်ပျော်သွားတယ်။
အိပ်ယာကနိုးလာတာနဲ့ နာရီကြည့်လိုက်တော့ ၆-နာရီ ကျော်နေပြီ။ ဒါနဲ့ သူငယ်ချင်းကိုလည်းနှိုးပြီး ညစာစားဖို့ အပြင်ထွက်လာခဲ့လိုက်ကြတယ်။ ဟိုတယ်နဲ့ခပ်လှမ်းလှမ်းလျှောက်မိတယ်ဆိုရင်ပဲ မျှစ်ချဉ်ခေါက်ဆွဲဆိုင် ဆိုတဲ့ ဆိုင်းဘုတ်လေး တွေ့လိုက်ရတော့ သူငယ်ချင်းကို ငါတို့ ခေါက်ဆွဲစားကြရင်ကောင်းမယ်ဆိုပြီး ခေါက်ဆွဲဆိုင်ကို ၀င်ပြီးခေါက်ဆွဲအ၀တီးလိုက်ကြတယ်။ ခေါက်ဆွဲရောင်းတဲ့ မွတ်စလင်မ်ကောင်မလေးကလည်း တော်တော်သဘောကောင်းတယ်။ ကျွန်မတို့ကို ဧည့်သည်တွေမှန်းသိပုံရတယ်။ ကျွန်မတို့ကလည်း စားလို့ကောင်းတယ်၊ ကြိုက်တယ်လို့ပြောတော့ လိုလေသေးမရှိ အကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်။ ကျွန်မတို့ကလည်း ၂-ယောက်ပေါင်း ၅-ပွဲလောက် တီးလိုက်ကြတယ်လေ။ ၀ါးတီးဖွင့်အပြီးမှာတော့ ပြန်လာကြပြီးတော့ ကျွန်မ Interfaith workshop တက်တုန်းက ခင်ခဲ့တဲ့ ဗန်းမော်မှာနေတဲ့ ညီမလေးတစ်ယောက်ဆီ ဖုန်းခေါ်လိုက်တော့ သူက မရှိဘူးအပြင်သွားနေတယ်တဲ့။ သူ့အမေက ဖုန်းကိုင်တော့ သူလာရင်ပြောပြလိုက်ပါမယ်ဆိုတာကြောင့် ကျွန်မတို့လည်း နောက်ရက်သင်တန်းအတွက်လိုအပ်တာတွေကို ကိုယ့်တာဝန်နဲ့ကိုယ်ခွဲဝေယူပြီး လာခဲ့တဲ့ လမ်းခရီးအကြောင်းပြောရင်းပဲ အိပ်ပျော်သွားကြတော့တယ်။
နောက်ရက်မှာတော့ ကြက်ငှက်တုပ်ကွေးကာကွယ်ရေးနဲ့ပတ်သက်တဲ့ သင်တန်း ၂-ရက် ပေးခဲ့တယ်။ သင်တန်း ၂-ရက်လုံးမှာလည်း တော်တော်လေးကို ပျော်စရာကောင်းတယ်။ သင်တန်းလာတက်ကြသူတွေက တိုင်းရင်းသားတွေဖြစ်တော့ စကားပြောတာလည်း ပွင့်ပွင့်လင်းလင်းနဲ့ ရီစရာတွေ အများကြီးနဲ့ ပျော်စရာတော်တော်ကောင်းတယ်။ ပထမရက်သင်တန်းခဏနားချိန်မှာ ကျွန်မ ဖုန်းဆက်ထားတဲ့ညီမလေးက ရောက်လာပြီး ကျွန်မကို လာခေါ်တယ်။ ကျွန်မလည်း သင်တန်းပေးနေတဲ့အချိန်ဖြစ်တာကြောင့် ညနေပိုင်းမှ ဆုံဖြစ်မယ့်အကြောင်းပြောလိုက်တာကြောင့် ညနေကျတစ်ခါရောက်လာပြီး မနေ့က ခေါက်ဆွဲဆိုင်လေးမှာပဲ ၃-ယောက်အတူစားခဲ့ကြပြန်တယ်။ နောက်ရက်သင်တန်းရက်မှာ ကျွန်မအားလပ်ချိန်ရတာကြောင့် တိမွေးကုဆရာမလေးနဲ့စကားပြောရင်း ကျွန်မအဖိုးရဲ့သူငယ်ချင်း သခင်မင်းညို (မေမေနဲ့ဖေဖေတို့ခေါ်သလို ကျွန်မတို့လည်းခေါ်တဲ့ ဘကြီးမင်းညို) ဆိုတာကို သိသလားလို့မေးကြည့်တော့ ဆရာမလေးက သူတို့ရပ်ကွက်မှာပဲ ကျွန်မကို သွားချင်သလားလို့မေးတာကြောင့် ကျွန်မလည်း သွားချင်တယ်ဆိုတာနဲ့ ကျွန်မကို ဘကြီးမင်းညိုအိမ်ကို လိုက်ပို့ပေးတယ်။
ဘကြီးမင်းညိုအိမ်ရောက်တော့ ဘကြီးက မျက်လုံးသိပ်မမြင်ရဘူး။ ဒါပေမယ့် ကျွန်မရဲ့ နာမည်ပြောလိုက်တော့ သူချက်ချင်းမှတ်မိတယ်။ ပြီးတော့ မျက်ရည်တွေကျလာပြီး အခုလို လာတွေ့တာ ၀မ်းသာကြောင်း အဖိုးနဲ့ ကျွန်မမေမေကို သတိရကြောင်း၊ ကျွန်မလည်း ဆုံးမစကားတွေပြောပြီး ဘကြီးရော ဘကြီးရဲ့အမျိုးသမီးရော သမီးနဲ့မြေးတွေကပါ သူတို့အိမ်မှာလာတည်းဖို့ခေါ်ကြတယ်။ ကျွန်မလည်း သူငယ်ချင်းရောပါတာကြောင့် လာမတည်းဖြစ်တော့ကြောင်း နောက်တစ်ခါလာဖြစ်ရင် လာတည်းပါ့မယ်လို့ပြောပြီးပြန်ခဲ့တယ်။ ဘကြီးရဲ့မြေးမလေးက ကျွန်မကို ပြန်လိုက်ပို့ရင်း ဗန်းမော်မှာနေစဉ်အတွင်းဘာပဲလိုအပ်မှုရှိရှိ သူ့ကို အားမနာတမ်း လှမ်းပြောဖို့ ကူညီပေးမယ့်အကြောင်း တရင်းတနှီးပဲပြောတာကြောင့် ခဏလေးအတွင်းမှာ ကျွန်မတို့ တအားခင်မင်သွာကြတယ်။
ဗန်းမော်မှာ သင်တန်းပြီးတဲ့ နောက်တစ်နေ့မှာ မံစီကို ခရီးဆက်ရမှာဖြစ်တာကြောင့် ခရီးမဆက်ခင် တိမွေးကုဆရာဝန်တွေက ကျွန်မတို့ကို ဗန်းမော်မြို့တ၀ိုက်အနှံ့လိုက်ပို့ပေးတယ်။ ၀ါးလုံးတွေနဲ့လုပ်ထားတဲ့ တာပိန်မြစ်ကူး ၀ါးတံတားလေးရှိတဲ့ ရွှေကျီးနားရွာကိုလည်း အရောက်ပို့ပေးတယ်။ နောက် ဗန်းမော်မြို့မဈေးကြီးထဲ လျှောက်ကြည့်ပြီး ဗန်းမော်တစ်မြို့လုံးအနှံ့လျှောက်သွားလိုက်တယ်။
နောက်ရက်မှာတော့ မံစီက တိမွေးကုဆရာဝန်လေးတွေက ကျွန်မတို့ကို ဗန်းမော်ထိလာခေါ်မှာဖြစ်လို့ ကျွန်မတို့လည်း ဗန်းမော်ကနေ စောင့်နေကြတယ်။ မနက် ၉-နာရီလောက်မှာ တိမွေးကုဆရာဝန် ၂-ယောက် ဆိုင်ကယ် ၂-စီးနဲ့ ရောက်လာပြီး ကျွန်မတို့ကို လာခေါ်တယ်။ ကျွန်မတို့ရဲ့ပစ္စည်းတွေကိုတော့ လိုင်းကားနဲ့ မံစီကို ထည့်ပေးလိုက်မှာဖြစ်ပြီး ကျွန်မတို့ကတော့ ဆိုင်ကယ်နဲ့ပဲ လိုက်ကြဖို့ပါ။ ခရီးလမ်းသွားရတဲ့ လိုင်းကားက ဟိုင်းလတ်ကားကို အမိုးဖွင့်၊ ဘေးကိုင်းအကာတွေပဲရှိပြီး အောက်မှာပစ္စည်းတွေ တင်လို့၇အောင်လုပ်ထားပြီး ကားအမိုးလောက်နေရာမှာ ထိုင်ခုံတွေတင်ထားပြီး အဲဒီအပေါ်မှာ ထိုင်ရတာဖြစ်လို့ အန္တရာယ်များလှပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း ပစ္စည်းတွေကို ကားနဲ့ထည့်ပေးလိုက်ပြီး ကျွန်မတို့ကတော့ ဆိုင်ကယ်နဲ့ မံစီကို သွားလိုက်ကြတယ်။
(အပိုင်း-၂) ဆက်ဦးမည် .............

![]() |
တာပိန်မြစ်ကူးဝါးတံတား၊ ရွှေကျီးနားရွာ၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ် |
နောက်ရက်မှာတော့ မံစီက တိမွေးကုဆရာဝန်လေးတွေက ကျွန်မတို့ကို ဗန်းမော်ထိလာခေါ်မှာဖြစ်လို့ ကျွန်မတို့လည်း ဗန်းမော်ကနေ စောင့်နေကြတယ်။ မနက် ၉-နာရီလောက်မှာ တိမွေးကုဆရာဝန် ၂-ယောက် ဆိုင်ကယ် ၂-စီးနဲ့ ရောက်လာပြီး ကျွန်မတို့ကို လာခေါ်တယ်။ ကျွန်မတို့ရဲ့ပစ္စည်းတွေကိုတော့ လိုင်းကားနဲ့ မံစီကို ထည့်ပေးလိုက်မှာဖြစ်ပြီး ကျွန်မတို့ကတော့ ဆိုင်ကယ်နဲ့ပဲ လိုက်ကြဖို့ပါ။ ခရီးလမ်းသွားရတဲ့ လိုင်းကားက ဟိုင်းလတ်ကားကို အမိုးဖွင့်၊ ဘေးကိုင်းအကာတွေပဲရှိပြီး အောက်မှာပစ္စည်းတွေ တင်လို့၇အောင်လုပ်ထားပြီး ကားအမိုးလောက်နေရာမှာ ထိုင်ခုံတွေတင်ထားပြီး အဲဒီအပေါ်မှာ ထိုင်ရတာဖြစ်လို့ အန္တရာယ်များလှပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း ပစ္စည်းတွေကို ကားနဲ့ထည့်ပေးလိုက်ပြီး ကျွန်မတို့ကတော့ ဆိုင်ကယ်နဲ့ မံစီကို သွားလိုက်ကြတယ်။
(အပိုင်း-၂) ဆက်ဦးမည် .............
No comments:
Post a Comment