Saturday, October 08, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၆)

မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

သမီး တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာ မေမေဟာ ဆေးရုံတက်ရတဲ့ ရက်တွေစိပ်လာတယ်လေ။ နောက် တစ်လနှစ်ခါလောက် ဆေးရုံပေါ်မှာအချိန်ကုန်ရတော့တယ်။ နောက်တစ်ပတ်ခြားတစ်ခါ ဆေးရုံ တက်နေရတယ်။ မှတ်မှတ်ရရ ဧပရယ်လ (၂၂)ရက်မှာ မေမေဆေးရုံတင်ရတယ်။ ခါတိုင်းလိုပဲ တစ်ပတ်လောက်နေလိုက်ရင် ဆေးရုံကဆင်းရမှာပဲလို့ပဲ သမီးထင်ခဲ့တယ်။ မေမေကပြောတယ်။ 'သမီးအတွက် စာတစ်စောင်မေမေရေးထားတယ်။ မေမေ မရှိတော့ရင် အန်တီဆီမှာ သွားတောင်းပါ'လို့ပြောတော့ သမီး ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရတယ်မေမေ။ ဒါပေမယ့် မေမေ့ကို ရယ်စရာတွေပြောပြီး စကားလမ်းကြောင်း လွှဲပစ်ခဲ့တယ်။ ဒီလိုနဲ့ ဧပြီ(၂၈)ရက်နေ့မှာ မေမေက ဗိုက်ထဲက မခံနိုင်အောင်နာလာတယ်ဆိုပြီး ညည်းညူ နေခဲ့တယ်။ ဘယ်တော့မှ မညည်းညူတတ်တဲ့မေမေ ညည်းညူနေတာကို သမီးမခံနိုင်ရည် မရှိခဲ့ပါဘူးမေမေရယ်။ မေမေက မေမေရဲ့ အစ်ကိုနဲ့ယောက်မရယ်၊ တူမရယ်ကိုခေါ်ပေးဖို့ ပြောတာကြောင့် သူတို့တွေရောက်လာကြတယ်လေ။ မေမေက မေမေမရှိရင် သမီးတို့ညီအစ်မတစ်တွေကို သမီးတို့ ဦးလေးနဲ့ အဒေါ်ရယ် အစ်မ၀မ်းကွဲရယ်က စောင့်ရှောက်ဖို့မှာပြီး အစ်မကိုလည်း သမီးနဲ့အတူ ဆေးရုံမှာညစောင့်အိပ်ပေးဖို့ပြောတယ်။ ပြီးတော့ မေမေပြောခဲ့သေးတယ်လေ။

‘သမီးကြီး တကယ်လို့ မေမေ မရှိတော့တဲ့အခါ သမီးတို့ဖတ်ဖို့စာကို အန်တီအေး(အိမ်နားမှာနေတဲ့အဒေါ်ဝမ်းကွဲ)ဆီမှာပေးထားတယ်၊ ဖေဖေ့အတွက်တစ်စောင်၊ သမီးအတွက်တစ်စောင်၊ ညီမလေးအတွက် တစ်စောင်၊ အဲဒါ အန်တီအေးဆီမှာ တောင်းလိုက်နော်’တဲ့။ ပြီးတော့လည်း ဖေဖေနဲ့ ညီမလေး(၂)ယောက်ကိုတော့ 'သွားတော့ အိမ်ပြန်ကြတော့'ဆိုပြီး ရန်လုပ်ပြီးမောင်းထုတ်ခဲ့တယ်နော်။ အဲဒီညက တော်တော်ညဥ့်နက်မှ ဖေဖေနဲ့ ညီမလေး(၂)ယောက်အိမ်ပြန်သွားကြတယ်။ သမီးရယ် အစ်မဝမ်းကွဲရယ်ပဲ ဆေးရုံမှာစောင့်နေခဲ့ကြတာပေါ့။ သမီးနဲ့ အစ်မဝမ်းကွဲလည်း မေမေ့ဘေးမှာ တစ်လှည့်စီ လှဲလိုက်ထိုင်လိုက်နဲ့ နေခဲ့ကြတယ်။

ဒီလိုနဲ့ (၂၉)ရက်နေ့ မနက်(၅)နာရီလောက်မှာ သူနာပြုဆရာမလေးက ပေါင်ချိန်ရအောင်လာတော့ မေမေက ကိုယ့်ဘာသာကုတင်ပေါ်ကဆင်းပြီး ပေါင်ချိန်တယ်။ ပြီးတော့ ကုတင်ပေါ်ပြန်တက်အိပ်တယ်လေ။ အဲဒီအချိန် ခဏကလေးမှာ သမီးက မေမေ့ကုတင်ပေါ်လက်တင် မှောက်အိပ်ပြီး မှေးကနဲဖြစ်သွားတယ်။ အစ်မက လက်ကိုလာကုပ်တာကြောင့် မေမေ့ကိုကြည့်လိုက်တော့ မေမေသတိလစ်သလိုဖြစ်နေတာကြောင့် ဆရာမတွေ သွားပြေးခေါ်တယ်။ ဆရာမတွေ ရောက်လာတော့ မေမေ့ကိုဝိုင်းပြီး နှလုံးခုန်လာအောင်လုပ်ကြတယ်။ သမီးလည်း အခြေအနေသိပ်မကောင်းတော့ဘူးလို့ရိပ်မိတာကြောင့် အိမ်ကိုဖုန်းဆက်ဖို့ ပြေးထွက်ခဲ့မိတယ်။ ဖုန်းဆက်ပြီး ဆေးရုံအခန်းထဲ သမီးပြန်ရောက်တော့ မေမေအသက်မရှိတော့ဘူး။ မနက်(၅း၁၅)နာရီ  နောက်ဆုံးထွက်သက်အချိန်မှာ မေမေဟာ ဘုရားစာကို ကိုယ်တိုင်ရွတ်ဆိုရင်း အသက်ရှူရပ်သွားခဲ့ပြီး မေမေချစ်တဲ့ မေမေ့ကိုချစ်တဲ့သူတွေကို ထာဝရခွဲသွားခဲ့တယ်နော်။

သမီးဘဝမှာ မေတ္တာတွေ အများကြီးပေးခဲ့တဲ့မေမေ မရှိတော့ဘူးလို့ သိလိုက်ရတဲ့အချိန်ခဏမှာ သမီးဘာဖြစ်သွားမှန်းကို မသိခဲ့တော့ပါဘူးမေမေရယ်။ မေမေ့ကိုစိုက်ကြည့်နေမိတာကလွဲလို့ သမီးဘာမှ မသိတော့ဘူး။ အစ်မ၀မ်းကွဲက ဘေးကနေပြီး သမီးကို ညီမလေး သတိထားနော်ဆိုပြီး သမီးကိုသတိပေးနေခဲ့တယ်။ ၅-မိနစ်လောက် ဆေးရုံကြမ်းပြင်မှာ သမီးထိုင်နေမိတယ်။ ပြီးတော့ အိမ်က ဖေဖေနဲ့ညီမလေးတွေမလာခင် ချက်ချင်းသတိရပြီး သာရေးနာရေးအသင်းတွေဆီ ဖုန်းဆက်ပြီး မေမေ့အကြောင်းပြောပြီး ဆေးရုံလာခေါ်ဖို့ပြောလိုက်တယ်။ မကြာပါဘူး ဖေဖေနဲ့ ညီမလေးတွေ ရောက်လာတယ်။ ညီမလေး ၂-ယောက်ကတော့ မေမေ့ဘေးမှာရပ်ပြီးငိုနေကြတယ်။ ဖေဖေကတော့ မေမေ့ကိုကြည့်ပြီး မျက်ရည်ကျနေတယ်။ သမီးကတော့ မေမေ့ကို စိုက်ကြည့်နေမိတာကလွဲလို့ မျက်ရည်လည်း တစ်စက်မှ မကျခဲ့ဘူးမေမေရယ်။ ခဏနေတော့ မြို့ထဲက အသင်းကားတွေရော ဆွေမျိုးမိတ်ဆွေတချို့ပါ ရောက်လာကြပြီး အဖိုးနေခဲ့တဲ့အိမ်ကို ခေါ်သွားကြတော့တယ်။ မေမေ အရင်က အမြဲပြောလေ့ရှိတဲ့စကားလေးကို သမီးတို့ အမှတ်ထားပါတယ်မေမေရယ်။ မေမေပြောလေ့ရှိတာက မေမေသေဆုံးသွားခဲ့ရင် မေမေ့ကို မြို့ထဲက သမီးတို့အဖိုးအိမ်ကိုခေါ်သွားပါ။ အဲဒီကမှ တဆင့် ကြာနီကန်သင်္ချိုင်းကို ပို့ပေးပါတဲ့။ မေမေရဲ့ဆန္ဒကို နောက်ဆုံးအနေနဲ့ သမီးတို့တွေ အတတ်နိုင်ဆုံးလိုက်လျောခဲ့ပါတယ်မေမေရယ်။

မေမေ့ရဲ့နာရေးကို လာရောက်ကြတဲ့ ဖေဖေနဲ့မေမေရဲ့ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေ၊ သမီးရဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း သိတာနဲ့ရောက်လာကြတာမနည်းမနောပါပဲမေမေရယ်။ ဒီလို မေမေရဲ့နောက်ဆုံးအချိန်မှာ မေမေ့ကို လာရောက်နှုတ်ဆက်ကြသူတွေကို မြင်ရတော့ လူချစ်လူခင်များတဲ့ မေမေ့အတွက် သမီးဂုဏ်ယူမိပါတယ်။ သမီးကတော့ တစ်နေကုန် မေမေ့ဘေးနားထိုင်ပြီး မေမေ့မျက်နှာကိုပဲ ထိုင်ကြည့်နေမိတယ်။ အဒေါ်တွေ သူငယ်ချင်းတွေက သမီးကိုပြောတယ် ‘ငိုချင်ရင် ငိုချလိုက်၊ အဲလိုကြီး မနေနဲ့တဲ့’ သမီးဘယ်လိုမှ ငိုလို့မရဘူးမေမေ။ မျက်ရည်လည်းမကျမိဘူး။ ဒီလိုနဲ့ ညပိုင်းရောက်တော့ မေမေ့ကို မြှုပ်နှံဖို့ ခေါ်သွားတဲ့အချိန်မှာတော့ ၀ိုင်းဝန်းခေါ်ဆောင်သွားကြတဲ့ ထမ်းစင်ပေါ်လိုက်ပါသွားတဲ့ မေမေရယ်၊ မေမေ့ရဲ့ နောက်ဆုံးခရီးမှာလာရောက်နှုတ်ဆက်ကြသူတွေ လိုက်ပါပို့ဆောင်ကြသူတွေရယ်ကို ကြည့်ရင်း သမီးဘာကိုမှသတိမရတော့ပဲ လောကကြီးနဲ့ခဏအဆက်သွယ်ပြတ်သွားခဲ့ပါတယ်မေမေရယ် ….။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ …. မေမေဟာ တခဏနားခိုရာစခန်းကနေ ထာဝရနားခိုရာ ဘုရားရှင်ထံ လာရာလမ်းကို ပြန်သွားခဲ့ပါပြီ။ မေမေဟာ နောက်ဆုံးထွက်သက်အထိ မိသားစုနဲ့ အသိုင်းအ၀ိုင်း၊ လူသားအကျိုးအတွက် တာဝန်ကျေပွန်ခဲ့သလို မေတ္တာတရား အပြည့်အဝ ထားရှိခဲ့ပါတယ်။

× × × × × ×

မေမေဆုံးတဲ့သတင်းကြားလို့ အဖိုးအိမ်ကို လိုက်လာကြတဲ့ အန်တီအေးကိုမြင်တော့ သမီးက အန်တီ မေမေပေးခဲ့တဲ့စာတွေ သမီးကိုပေးပါဆိုတော့ အန်တီအေးကပြောတယ်။  အဲဒီစာတွေက အန်တီ့ကို ပေးမထားဘူး။ မေမေတို့ကုတင်ခေါင်းရင်းက ပြက္ခဒိန်ရဲ့အောက်က အိတ်ထဲမှာ ထည့်ထားတယ်။ အဲဒီမှာ ရှိနေတယ်ဆိုတာသိရင် သမီးတို့ ယူဖတ်မိသွားမှာစိုးလို့။ အန်တီအေးကိုပဲ မှာထားခဲ့တာတဲ့။ အဲလို ကြားလိုက်ရတော့ သမီးဘယ်လောက် ခံစားလိုက်ရလဲမေမေရယ်။

မေမေမရှိတဲ့နောက် သမီးအတွက် တစ်သက်တာ ခွန်အားဖြစ်စေမယ့်စကားလုံးတွေကို စာမျက်နှာပေါ်မှာ အက္ခရာတင်ပေးထားခဲ့တယ်နော် ….. ။  မေမေရေးခဲ့တဲ့စာလေးကြောင့် မေမေ့ကိုချစ်တဲ့သမီးတစ်ယောက် လူ့လောကကြီးထဲမှာ ရဲရဲဝံ့ဝံ့နဲ့ ဒီနေ့အထိ ရပ်တည်နိုင်နေနိုင်ခဲ့တာပါမေမေရယ် ….. ။

သမီးအတွက် မေမေရေးခဲ့တဲ့စာလေးက ….

၂၀.၁၀.၀၁
ချစ်သမီးလေး …. 
သမီးလေးကို မေမေဘယ်အတိုင်းအတာအထိ မြတ်မြတ်နိုးနိုးချစ်တယ်ဆိုတာ သမီးသိမှာပါ။ အဖိုးမရှိတော့တဲ့အခါ မေမေအလူးအလဲခံစားခဲ့ရတယ်။ မေမေမရှိတော့တဲ့အခါ သမီးလေး မေ့မေ့လိုခံစားရမယ်ဆိုတာ မေမေသိတယ်။
ခံစားချက်ကို အသိတရားနဲ့ချိန်ထိုးပြီး သတိထားဖြေသိမ့်ရမှာက မေမေဟာ နေဝင်ချိန်ကိုရောက်နေပြီလို့ မေမေ့ကိုယ် မေမေနားလည်တယ်။ သမီးလေးဘဝက အခုမှ နေထွက်ချိန်ပဲရှိသေးတယ်။ အလင်းရောင်တွေရဖို့ အချိန်တွေ အများကြီးကျန်သေးတယ်လေ။ နွေးထွေးတဲ့ နေခြည်ဦးမှာ သမီးလေးက ရှေ့တန်းကနေပြီး လန်းဆန်း တက်ကြွစွာလျှောက်လှမ်းမှ နောက်က လိုက်မယ့်ညီမလေးတွေ အင်အားအပြည့်ရှိမှာပေါ့။
မေမေ့ကိုချစ်ရင် မေမေ့အတွက် တတ်သမျှမှတ်သမျှ ဖတ်ရွတ်ဆုတောင်းပါ။ ဘ၀ကို အသိတရားပေးမယ့် စအုပ်တွေများများဖတ်ပါ။ မေမေအသက်ရှိစဉ်က သမီးလိမ္မာလေးတွေဖြစ်အောင် မေမေဘယ်လိုပုံသွင်းခဲ့သလဲ … ထို့အတူပဲ သမီးလည်း ညီမလေးတွေကို တန်ဘိုးရှိစွာနေထိုင်သွားလပြောဆိုတတ်ဖို့ အမြဲသွန်သင်ပါ။ မေမေ ယုံကြည်တယ်လေ … သမီးဟာ မေမေနဲ့တူတဲ့သမီးဖြစ်ရမယ်လို့။ ညီမလေးတွေအပေါ်မှာ စိတ်ရှည်ပါ၊ ညှာတာပါ။ လူတစ်ယောက်ကို လိမ္မာရေးခြားရှိဖို့ဆိုတာ အကြမ်းနည်းကိုချည်း သုံးလို့မရဘူး။ အနုနည်းချည်းပဲလည်းသုံးလို့မရဘူး။ ချော့တခါ ခြောက်တလှည့်မှ အဆင်ပြေမယ်။ နစ်နာအောင် ပြောတာထက် နားဝင်အောင်ပြောတာ ပိုပြီးနည်းလမ်းကျတယ် သမီးလေး ….။
မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။
မေမေ မရှိတော့တဲ့နောက် ဖေဖေ့ကို ပိုပြီးဂရုစိုက်ပါ။ မိသားစု ပိုပြီးစည်းလုံးပါ။ ဖေဖေ့ကို အထီးကျန်ဖြစ်အောင် မဖြစ်စေဖို့သတိထားပါ။ မိခင်ဖခင်ဆိုတာ အစားထိုးမရတဲ့ မေတ္တာရှင်ဆိုတာ သမီးနားလည်ပါတယ်။ အကြင်နာဆုံးနဲ့ အညင်သာဆုံးဆက်ဆံပါ။
ပြီးတော့ ကျန်းမာရေးဂရုစိုက်ပါ။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပါလို့ မေမေမှာခဲ့တယ်နော်။ မေ့မေ့ ဆန္ဒတွေကို လိုက်လျောရင်း မေမေ့ကို ထာဝရချစ်နိုင်ပါစေ။
လူ့လောကကြီးထဲမှာ ပြုမှားခဲ့တဲ့ အမှားရှိခဲ့ရင် လွတ်ငြိမ်း ချမ်းသာခွင့်ရဘို့၊ သုခဘုံမှာ ထာဝရနေရဘို့ ဘုရားသခင်ထံမှာ ဆုပန်ပါလို့မှာရင်းနဲ့ ……………
‘ဘဝဆိုတာ တိုက်ရဲသူတို့အတွက် အောင်ပွဲ’တဲ့ သမီးလေး
ချစ်မေမေ

× × × × × ×

တစ်သက်တာထာဝရ အက္ခရာတင်ပေးခဲ့တဲ့ ဒီစာလေးအတွက် သမီးဘ၀တသက်လုံးမှာ မမေ့မလျော့ပဲ ကျေးဇူးတင်နေမိပါတယ်မေမေ။ မေမေ့လက်ရေးနဲ့ရေးခဲ့တဲ့ ဒီစာလေးကို scan ဖတ် ကတ်ထူစာရွက်နဲ့ ထုတ်ထားပြီး သမီးဘယ်သွားသွား အမြဲတမ်းယူသွားတယ်မေမေ။ သမီး စိတ်အားငယ်၊ စိတ်ညစ်၊ စိတ်ဓါတ်ကျလာတဲ့အခါတွေမှာ မေမေရဲ့စာလေးကို ထုတ်ဖတ်ပြီး အားအင်သတ္တိတွေ ပြန်မွေးတယ်မေမေ။
မေမေရဲ့ဒီစာလေးဟာ သမီးဘဝတစ်သက်တာအတွက် ကြီးမားတဲ့ခွန်အားပါပဲမေမေရယ်။ မေမေ့ရဲ့မေတ္တာတွေ၊ မေမေ့ရဲ့ ဂုဏ်ရည်တွေဟာ ဒီစာလေးထဲမှာ ပေါ်လွင်ထင်ရှားနေပါတယ်မေမေရယ်။  'နိဗ္ဗာန်သုခဘုံသည် မိခင်၏ ခြေဖဝါးအောက်တွင် ရှိသည်'ဆိုတဲ့သြ၀ါဒစကားလေးကို သမီး မှတ်သားထားပါတယ်။ ဒါကြောင့် သားသမီးတိုင်း မိခင်မေတ္တာနဲ့ မိခင်ရဲ့ဂုဏ်ရည်တွေကို နားလည်တဲ့ သားကောင်းသမီးမြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းမိတယ်။
ဒီအကြောင်းအရာတွေက သမီးရဲ့ စိတ်ထဲမှာ ထင်ထင်ရှားရှားရှင်းရှင်းလင်းလင်းပြန်ပေါ်နေတဲ့ ပုံရိပ်တွေပါမေမေရယ် …………..။

× × × × × ×

သမီးရဲ့ နောက်ဆုံးအချိန်ရောက်ရင်တောင် သမီးကို လာရောက်တွေ့ဆုံနှုတ်ဆက်လိုက်ပါပို့ဆောင်ကြသူတွေက မေမေ့ကိုနှုတ်ဆက်လိုက်ပါပို့ဆောင်ကြသူတွေလောက် များပါ့မလား ...... မေမေ့လုပ်ဆောင်ချက်တွေရဲ့ အစွန်အဖျားကိုမှီဖို့ သမီးအများကြီး ကြိုးစားရဦးမယ်မေမေ .................................... ။

× × × × × ×

No comments:

Post a Comment