Friday, October 28, 2011

သွားရောက်လေ့လာခဲ့ပြန် အစ္စလာမ့်ညီလာခံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အစ္စလာမ်သာသနာရေးရာကောင်စီ (၁၆)ကြိမ်မြောက် အစ္စလာမ့်ညီလာခံ ကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ငါးပါးသခင်ဒါရ်ဂါမှာ ၂၀၁၁-ခု အောက်တိုဘာလ ၁၄-၁၅-၁၆ ရက် တွေမှာ ပြုလုပ်မယ်လို့သိထားရတာကြောင့် ကျွန်မ ရန်ကုန်မှာရှိနေရင် သွားရောက်လေ့လာဖို့စိတ်ကူးမိပါတယ်။ အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ကျွန်မစိတ်ကူးရှိတာလေးကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ္စလာမ့်ညီလာခံဖွင့်ပွဲကျင်းပတဲ့ ၁၅-ရက်နေ့မနက်စောစောမှာပဲ သန်လျင်ကို သွားရောက်ခဲ့ပါတယ်။

ကျွန်မရောက်သွားတော့ အခမ်းအနားအစီအစဉ်စတင်ကျင်းပတော့မှာဖြစ်လို့ လူစုံသလောက်လည်းဖြစ်နေတာ တွေ့ရပါတယ်။ ခန်းမထဲမှာလည်း လူတွေက အပြည့်ပါပဲ။ ထိုင်စရာနေရာအတွက်ကြည့်လိုက်တော့ နေရာကလည်း မလွတ်သလောက်ပါပဲ။ ဒါနဲ့ ဟိုးနောက်နားမှာ ခုံလွတ်လေး နည်းနည်းတွေ့တာနဲ့ အဲဒီမှာပဲ သွားထိုင်တော့မယ်စိတ်ကူးပြီး နောက်နားကို လျှောက်သွားလိုက်စဉ်မှာ ဆရာမဒေါ်ခင်စန်းလွင်ထိုင်နေတာကိုမြင်တာနဲ့ ဆရာမကို ခဏနှုတ်ဆက်ပြီး နောက်နားထိဆက်လျှောက်သွားလိုက်တယ်။

ထိုင်မယ့်နေရာနားလည်းရောက်ရော မန္တလေးကလာကြသူတစ်ချို့ထိုင်နေတာတွေ့လိုက်ရပြီး သူတို့ကလည်း ၀မ်းသာအားရ လှမ်းနှုတ်ဆက်တာကြောင့် အဲဒီနားဝင်ထိုင်ပြီး စကားနည်းနည်းပြောနေတုန်း မျက်လုံးက ရှေ့နားကို ရောက်သွားတော့ ရှေ့ကနေ လက်ယပ်ခေါ်နေတဲ့ သူဇာနွယ်(ဖျာပုံ)ကိုမြင်လိုက်တယ်။ သူကလည်း ရှေ့ကိုလာထိုင်ဖို့လှမ်းခေါ်နေတယ်။ ဒါနဲ့ နေရာ ရှိရဲ့လားလှမ်းမေးရင်း ရှိတယ်လာခဲ့ဆိုတာနဲ့ သူ့နားရောက်သွားတယ်။ သူ့နားရောက်သွားတော့မှ ဘေးနားမှာထိုင်နေတဲ့ သဇင်လှိုင်ရယ်၊ သူဇာနွယ့်နောက်နားမှာထိုင်နေတဲ့ သူ့အစ်ကိုရယ်ကိုတွေ့လိုက်ရတယ်။ အဲဒီတော့မှ သူတို့က ၀ိုင်းပြောကြတော့တာပဲ ‘အောင်မလေး ၀င်လာကတည်းကမြင်လို့ လက်တွေလှမ်းပြပြီး ခေါ်လိုက်ရတာ။ ဘေးနားက လူကြီးတွေတောင် မျက်စိနောက်လောက်ပြီ’တဲ့။ ဒါနဲ့ ဘယ်တုန်းကရောက်ကြလဲ ဘယ်မှာနေကြလဲ ဘာညာစကားတွေပြောနေတုန်း အခမ်းအနားမှူးရဲ့ အစီအစဉ်စတော့မယ့်အကြောင်းကြေညာသံထွက်လာတယ်။

အခမ်းအနားကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး၊ အခြားဖိတ်ကြားထားသူများ၊ သံရုံးမှတာဝန်ရှိသူများ၊ သာသနာ့ရေးရာအဖွဲ့အစည်းအသီးသီး၊ အစ္စလာမ်ကောင်စီ ဗဟိုဦးများနဲ့၊ အစ္စလာမ်ကောင်စီဝင်ဖွဲ့နဲ့ အခြားဧည့်သည်များလည်းတက်ရောက်ခဲ့ကြပါတယ်။



အစ္စလာမ့်ညီလာခံဖွင့်ပွဲကို အခမ်းအနားအစီအစဉ် (၈)ရပ်နဲ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အခမ်းအနားမှူးများအဖြစ် ဦးဝဏ္ဏရွှေ(ရန်ကုန်နဲ့) ဒေါက်တာဦးမောင်မောင်(မန္တလေး)တို့က ဆောင်ရွက်ကြပါတယ်။

အစီအစဉ် (၁)အရ … အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါတယ်။

အစီအစဉ် (၂)အရ … ကေရာအသ်ဖတ်ရွတ်ခဲ့ပါတယ်။

အစီအစဉ် (၃)အရ … နိုင်ငံတော်အလံနဲ့ သာသနာ့အလံကို အလေးပြုခဲ့ပါတယ်။

အစီအစဉ် (၄)အရ … အာန်ဆွာရီတေးကဗျာကို အားလုံးဝိုင်းဝန်းသီဆိုခဲ့ကြပါတယ်။

အစီအစဉ် (၅)အရ … သဘာပတိ အလ်ဟာဂ်ျဦးညွန့်မောင်သျှိန် မှ မိန့်ခွန်းပြောကြားပါတယ်။ (မိန့်ခွန်းထဲမှာ တိုင်းရင်းသား နိုင်ငံသားပီသဖို့၊ အတိတ်သမိုင်းက အကြောင်းအရာများကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။)

အစီအစဉ် (၆)အရ … အဖွဲ့အသီးသီးမှ ပေးဖို့သော သ၀ဏ်လွှာများဖတ်ကြားပါတယ်။
(က) သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်မှ ပေးပို့သောသ၀ဏ်လွှာကို ဒု-၀န်ကြီး ဒေါက်တာမောင်မောင်ဌေးမှ ဖတ်ကြားခဲ့ပါတယ်။
(ခ) မ.အ.ဖ ဥက္ကဌ မှ ပေးပို့သောသ၀ဏ်လွှာကို မ.အ.ဖ အတွင်းရေးမှူး ဦးကျော်ခင်မှ ဖတ်ကြားခဲ့ပါတယ်။
(ဂ) မ.မ.လ မှ ပေးပို့သောသ၀ဏ်လွှာကို မ.မ.လ ပညာရေးမှူး ဦးအောင်ထွန်းမှ ဖတ်ကြားခဲ့ပါတယ်။
(ဃ) မော်လ၀ီအဖွဲ့ချုပ်မှ ပေးပို့သောသ၀ဏ်လွှာကို ဦးရဲနောင်သိန်းမှ ဖတ်ကြားခဲ့ပါတယ်။
(င) မြန်မာမွတ်စလင်မ်အဖွဲ့ချုပ်မှပေးပို့သော သ၀ဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါတယ်။
(စ) အစ္စလာမ်ဓမ္မဗိမာန်မှ ပေးပို့သောသ၀ဏ်လွှာကို ဓမ္မဗိမာန် သဘာပတိအဖွဲ့ဝင် ဦးခင်မောင်မြင့်မှ ဖတ်ကြားခဲ့ပါတယ်။
(ဆ) အဇ်ဟရ်အစ္စလာမ့်သိပ္ပံ၏ သ၀ဏ်လွှာကို မုဖ်သီဦးမြင့်သိန်းမှ ဖတ်ကြားခဲ့ပါတယ်။

အစီအစဉ် (၇)အရ … အားလုံးအညီ တေးကဗျာကို ၀ိုင်းဝန်းသီဆိုကြပါတယ်။

အစီအစဉ် (၈)အရ … ဆရာဦးမြင့်နိုင်(ယင်းတော်)က ဆုဒုအာတောင်းပြီး ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို ရပ်နားခဲ့ပါတယ်။

နေ့ခင်းပိုင်းတွေနဲ့ ညပိုင်းတွေမှာတော့ ဗဟိုဦးစီးအစည်းအဝေးတွေကို ဆက်တိုက်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားအစီအစဉ်ပြီးနောက် ကျွန်မလည်း သူငယ်ချင်းတွေနဲ့ အမှတ်တရဓါတ်ပုံရိုက်နေတုန်း မန္တလေးကလာကြသူတချို့က ကျွန်မကို လ္ဘက်ရည်သောက်ဖို့ခေါ်တာကြောင့် လ္ဘက်ရည်ဆိုင်ရောက်ပြီး မန္တလေးအကြောင်း၊ သူငယ်ချင်းတွေအကြောင်းပြောဖြစ်ခဲ့ကြတယ်။ အဲဒီနောက် ကျွန်မလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို တွေ့ရလို့ ဟိုလူလိုက်နှုတ်ဆက် ဒီလူ့သွားစကားပြောနဲ့ တော်တော်လေး ၀မ်းသာပျော်ရွှင်မိခဲ့ပါတယ်။ တစ်ခါမှ မဆုံဖူးသေးတဲ့ MMSY ထဲက မောင်နှမတချို့ကိုလည်း တွေ့ဆုံခဲ့ရလို့ ၀မ်းသာမိပါတယ်။

အစ္စလာမ်သာသနာရေးရာကောင်စီ ၁၆-ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင် ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားပေးနေတဲ့ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေး
အာန်ဆွာရီတေးကဗျာ ရွတ်ဆိုကြစဉ်

အစ္စလာမ့်ညီလာခံအကြောင်းကို နောက်ပိုင်းမှာ သတင်းများဖတ်ရဖို့ရှိပါတယ်။ ကျွန်မအနေနဲ့ သွားရောက်လေ့လာခဲ့မှုကို အမှတ်တရအနေနဲ့ အကျဉ်းချုပ်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ဓါတ်ပုံတွေရိုက်ပေးတဲ့ မောင်လေး 'ဂျွန်' ......... ကျေးဇူးပါ ...... :)

No comments:

Post a Comment