လားအိလ္လာဟ အိလ္လောက်လာဟို့အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ်ကိုးကွယ်ခြင်းခံထိုက်သူမရှိ။မုဟမ္မဒ်သုလ် ရစူလ်လွလ္လာဟိ
မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော စေတမန်တော်ဖြစ်တော်မူသည်။
ဤကလိမဟ်တော်ကို ဆင်ခြင်ကြည့်ခြင်းအားဖြင့် တမန်တော်မြတ်၏ ထူးကဲမြင့်မြတ်တော်မူပုံကို အလ္လာဟ်အရှင်မြတ်ကပင် အသိအမှတ်ပြုထားကြောင်း ခိုင်လုံတိကျသည့် သက်သေလက္ခဏာတစ်ရပ်ပင်ဖြစ်ပေသည်။
“စင်စစ်သော်ကား (အို … နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ မဟာကရုဏာတော်အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့လေသည်”ဟု ကျမ်းတော်မြတ်ကုရ်အာန်(၂၁း၁၀၇)တွင် ပါရှိလေသည်။ ထို့ကြောင့် လူသားတို့အပေါ် ထားရှိရမည့် သစ္စာ၊ ကရုဏာ၊ စေတနာ၊ လူမှုကိစ္စအ၀၀ကို ကျမ်းတော်မြတ် ကုရ်အာန်ပါအတိုင်း တစ်သဝေမတိမ်းလိုက်နာရုပ်လုံးဖော်ခဲ့သော မဟာလူသား တမန်တော်မြတ်၏ ချီးကျူးဖွယ်ရာများမှာ အံ့မခန်းစရာပင်။ ထို့ကြောင့် ကမ္ဘာကျော် သုတေသီအများအပြားတို့သည် တမန်တော်မြတ်အပေါ် အမြင်သဘောတရားများကို ဖွင့်ဆိုထားကြပေသည်။ ထိုဖွင့်ဆိုထားသည့်အထဲမှ လက်လှမ်းမီသမျှကို ကောက်နှုတ်တင်ပြအပ်ပါသည်။
တမန်တော်ပွင့်ပေါ်မည့်အကြောင်း ရှေးကျမ်းဂန်များမှ ဟောကိန်းများ
အာဒမ်ကခြေကိုဆန့်အလိုက်တွင် လေထုအအတွင်း၌ ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခ၀ပ်ကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်ဖြစ်သည်’ဟု ရေးသားထားသော စာတမ်းကို သူရိယနေမင်းထွန်းတောက်သည်သို့ လင်းဝင်းစွာတွေ့ရလိုက်သည်။ ဤတွင် သူ့ခမျာ ပါးစပ်ဟောင်းသားနှင့် “အို … ကျေးဇူးတော်ရှင်၊ အရှင်က ကျွန်တော်မျိုးကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပါသည်။ အရှင့်အားဆည်းကပ်ပါ၏။ ကျွန်တော်မျိုးအား ပြောပြတော်မူလှည့်ပါ။ မုဟမ္မဒ်သည်အလ္လာဟ်တမန်တော်ဟူသော စကားရပ်၏အနက်ကို ရှင်းပြတော်မူပါ။ ကျွန်တော်မျိုးအရင် အခြားလူသားရှိနေပါသေးသလား။ အို … အရှင်”ဟု မေးလာရှာသည်။
ဤတွင် အလ္လာဟ်အရှင်မြတ်က “ဟယ် …. ငါ၏ ကျေးကျွန်အာဒမ်၊ သူ့အားအသင်ကြိုဆိုလှည့်ပါ။ အသင်က ငါအရှင်၏ ပထမဆုံးဖန်ဆင်းခဲ့ရာလူသားတည်း။ သူသည်ကား သင်၏ နောက်နှစ်ပေါင်းများစွာအကြာတွင် ငါရှင်၏တမန်တော်အဖြစ်နှင့် ရောက်လာမည့်သူတည်း။ ငါအရှင်က အရာခပ်သိမ်း ဖန်ဆင်းခဲ့ခြင်းက သူ့အတွက်သာဖြစ်သတည်း။ သူပေါ်ထွန်းလာမည့်အခါသမယ၀ယ် သူက ကမ္ဘာကို အလင်းဆောင်ပေလိမ့်မည်။ ငါ အရှင်အနေနှင့် အရာခပ်သိမ်းကို မဖန်ဆင်းမီနှစ်ပေါင်းခြောက်သောင်းအရင်ကပင် သူ့ဝိညာဉ်က ကောင်းကင်ဘုံဝယ်ရှိနှင့်နေပြီးဖြစ်သည်”ဟု ပြန်ကြားတော်မူလိုက်သည်။
[The Gospel of Barnabas ဗီယင်နာမြို့ စာကြည့်တိုက်မှ အီတာလျံလက်ရေးမူကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်သူ Lonsdale နှင့် Laura Rag Oxford, 1907, စာ-၅၁၊ The Fall of Man မှ …. ]

ဓမ္မသစ်ကျမ်းမှ ဟောကိန်းများ
ဣသရေလအမျိုးသားတို့၏ သွေးချင်းများဖြစ်သည် ဣသျှမွေလမျိုးနွယ်များ(အာရဗ်)ထဲမှ မောရှေကဲ့သို့သော တမန်တော်တစ်ပါးပွင့်ချေအံ့ဟု ဟောကိန်းပါရှိ၏။
“အသင်၏ဘုရားသခင်သည် သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါး သင်တို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်စကားကို နားထောင်ရမည်။”
“သူတို့အမျိုးသားချင်းထဲ၌ သင်နှင့်တူသော ပရောဖက်တစ်ပါးကို သူတို့အဖို့ ပေါ်ထွန်းစေ၍ ပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား သူဆင့်ဆိုရလိမ့်မည်။” [တောလည်ရာကျမ်း(၁၈း၁၅-၁၈)]

“မှန်ရာကို ငါဆိုအံ့တည်း။ သင်တို့အကြောင်းငှာ ငါသွားရမည်။ ငါမသွားခဲ့ပါသော် Parakletos အသင်တို့ထံ ကြွလာမည်မဟုတ်တည်း။ ငါသွားခဲ့ရပါသော် ငါက အသင်တို့ထံ သူ့အားစေပါအံ့။”“အကယ်၍ ငါကိုယ်တော်သည် ကောင်းကင်ဘုံသို့ မကြွမြန်းသည်ရှိသော် အသင်တို့အား သနားချွတ်ကယ်တော်မူမည့် တမန်တော်သည်(အသင်တို့ထံ) ကြွလာတော်မူလိမ့်မည်မဟုတ်ချေ။ ငါတမန်တော်ကြွမြန်းတော်မူပြီးသည့်နောက် (ဘုရားရှင်သည်) ထိုတမန်တော်အား သင်တို့ထံ စေလွှတ်တော်မူမည်။ ထိုဘုရားတမန်တော်သည် သင်တို့ထံ ကြွရောက်တော်မူပြီးလျှင် အသင်တို့အား မကောင်းမှုဒုစရိုက်များကိုစွန့်၍ ကောင်းမှုသုစရိုက်များကို ပွားများကြရန် ဟောတော်မူလတ္တံ့။” [ဓမ္မသစ်ကျမ်း၊ ရှင်ယောဟန်(၁၆း၁၇)]
ဟိန္ဒူဘာသာကျမ်း၏ထောက်ခံချက်
နောက်ဆုံးပွင့်ပေါ်တော်မူမည့် ကလ္လတီဘုရားတမန်သည် ဆိမ္ဗလဒီပတွင် ပွင့်တော်မူလတ္တံ့။ ၎င်း၏ခမည်းတော်အမည်နာမသည် ၀ိရှနိုးဒါစဖြစ်၍ မယ်တော်အမည်မှာ ဆွမ္မတိဖြစ်လတ္တံ့။ ထိုတမန်တော်သည် ဟိန္ဒိသက္ကရာဇ် ၆၂၇-ခု၊ ဗိုက်စခလဆန်း(၁၂)ရက်နေ့တွင် နေမင်းထွက်ပေါ်ပြီးနောက် နှစ်နာရီခန့်အချိန်တွင် ဖွားမြင်သန့်စင်တော်မူလတ္တံ့။ [ဟိန္ဒူတရားလမ်းပြပုဂ္ဂိုလ်ဖြစ်တော်မူသော ကလ္လတီ၏ ထေရုပတ္တိကျမ်း၊ စာ-၂၄]ဟု ပါရှိလေရာ ခမည်းတော် မယ်တော်တို့၏ အမည်နှင့်မွေးလရက်များကို ဘာသာပြန်ကြည့်ပါမူ တမန်တော်မြတ်၏ ခမည်းတော် မယ်တော်နှင့်မွေးလရက်တို့ အားလုံး ကိုက်ညီနေပေသည်။
အိန္ဒိယပြည်ရှိ ဗုဒ္ဓဘာသာတရားကျမ်း၏ ထောက်ခံချက်
“ဗုဒ္ဓကိုယ်တော်မြတ်ကြီးသည် ပရိနိဗ္ဖာန်စံတော်မူခါနီး ၎င်း၏တပည့်ရင်းဖြစ်တော်မူသော အာနန္ဒာက ကိုယ်တော်မြတ်ကြီးအား ဤသို့မေးလျှောက်၏။ ‘အရှင်ဘုရား ပရိနိဗ္ဖာန်စံတော်မူသွားသည့်ကာလ၌ လူသတ္တ၀ါအပေါင်းတို့အား အဘယ်မည်သောပုဂ္ဂိုလ်သည် တရားလမ်းပြတော်မူမည်နည်း၊’ ထိုအခါ ဗုဒ္ဓကိုယ်တော်မြတ်ကြီးက ‘ငါသည် ပထမဆုံးပွင့်တော်မူသောဗုဒ္ဓလည်းမဟုတ်ချေ။ အာနန္ဒာ … ခေတ်နှင့်လျော်ညီစွာ နောက်ဆုံး ဗုဒ္ဓတစ်ဆူပွင့်တော်မူလတ္တံ့။ ထိုဗုဒ္ဓသည် သန့်ရှင်းစင်ကြယ်တော်မူသည်။ ထိုဗုဒ္ဓကိုယ်တော်မြတ်၏ အမိန့်သြ၀ါဒအပြုအမူ၊ ကျင့်ဝတ်ဟူသရွေ့တို့သည် တရားဉာဏ်တော်နှင့် ယှဉ်ကုန်၏။ ငါဟောပြောတော်မူသော လောကုတ္တရာတရားကို ထိုဗုဒ္ဓလည်း ထိုနည်းတူ ဟော်တော်မူလတ္တံ့။ သို့ရာတွင် တရားကိုပြည့်ဝစွာဟော်တော်မူလိမ့်မည်။ ထိုဗုဒ္ဓသည် ငါကိုယ်တော်မြတ်ကဲ့သို့ တရားဒေသနာတော်ကို ဟောပြောတော်မူ၍ မိမိသာသနာကို ပြန့်ပွားထွန်းကားအောင် ပြုတော်မူလိမ့်မည်ဟု မိန့်ဆိုတော်မူ၏။” [အိန္ဒိယပြည်ရှိ ဗုဒ္ဓဘာသာတရားကျမ်း၏ ထောက်ခံချက်]
“တမန်တော်သခင်ကို ဤသို့မြင်ကြသည်”
တမန်တော်(ကလေးဘ၀)ပေါ်သို့အမြင်
တမန်တော်မြတ်၏ နို့ထိန်းတော် ဟလီမဟ်သခင်မသည် ၎င်းတို့ထုံးစံအတိုင်း နို့တိုက်စရာ ကလေးကို ရှာဖွေခဲ့ကြသည်။ တမန်တော်လောင်းလျာ မုဟမ္မဒ်ကလေးကိုမူ လက်မခံခဲ့ပေ။ နောက်ဆုံးတွင် သူမ၌လည်း နို့တိုက်ရန် ကလေးမရသဖြင့် မုဟမ္မဒ်ကိုပင် ခေါ်သွားခဲ့လေသည်။ [၀ါးခယ်မမောင်မင်းနိုင် - ကမ္ဘာ့စံပြတမန်တော်]
မုဟမ္မဒ်ကလေးကိုခေါ်သွားပြီးချိန်မှစ၍ ဖြစ်ပျက်လာသော အကြောင်းအရာများကို ဟလီမာသခင်မက ပြောပြခဲ့သည်။ “ဒီကလေးကို အကြောင်းပြု၍ အလ္လာဟ်အရှင်ဘက်က တို့များကောင်းချီးမင်္ဂလာရမှာပါ”ဟု ခင်ပွန်းသည်က ပြောကြားခဲ့သည်။ သို့နှင့် နို့ထိန်းတော်က မိမိနေထိုင်ရာ ကန္တာရအတွင်းရှိနေအိမ်သို့ တမန်တော်လေးအား ခေါ်ဆောင်လာခဲ့သည်။ ထိုနေ့ကစပြီး “အိမ်တွင်မွေးထားသော သိုးများ ၀ဖြိုးလာခဲ့ပြီး နို့ထွက်လည်းကောင်းလာကြသည်။ သူမအတွက်လည်း အဘက်ဘက်ကပင် ကောင်းချီးမင်္ဂလာတိုးပွားခဲ့ရပါသည်”ဟု နို့ထိန်းတော်က ပြောကြားခဲ့သည်။ [၀ါးခယ်မမောင်မင်းနိုင် - ကမ္ဘာ့စံပြတမန်တော်]

မက္ကာသားအာရဗ်များသည် နွေရာသီတွင် မြောက်ဘက် ဆီးရီးယားနိုင်ငံသို့လည်းကောင်း၊ ဆောင်းရာသီတွင် တောင်ဘက် ယီမင်နိုင်ငံသို့လည်းကောင်း ကုလားအုတ်များဖြင့် အုပ်စုဖွဲ့၍ ကုန်ရောင်းထွက်လေ့ရှိခဲ့ကြသည်။ တစ်ခါက အာရဗ်ကုန်သည်တစ်စုသည် ဆီးရီးယားနိုင်ငံ ဗစရာမြို့သို့ရောက်ရာ ဈေးတွင် ကုန်များအရောင်းအ၀ယ်ပြုလုပ်နေချိန် ဂျူးဘုန်းတော်ကြီးဆိုဟိုင်ရာက မက္ကာသားကုန်သည်များအား ထမင်းဖိတ်ကျွေးရန် လူလွှတ်ဖိတ်ခေါ်လိုက်သည်။ ကုန်သည်များလည်းမကြုံစဖူး ဤသို့ဖိတ်ခေါ်ခံရခြင်းကို အံ့အားသင့်စွာ လက်ခံလိုက်ကြလေသည်။ စားပွဲသို့လူစုံရောက်သောအခါ ဘုန်းတော်ကြီးက “လူကြီးမင်းများခင်ဗျား လူစုံပါပြီလား၊ လူတစ်ယောက်လျော့နေပါရောလား။ ဘယ်သူများ ကျန်နေပါသလဲ”ဟုမေးရာ အုပ်စုခေါင်းဆောင်က “ကလေးငယ်တစ်ယောက်ပါ”ဟု ပေါ့ပေါ့တန်တန် ပြန်ဖြေလေသည်။ ဘုန်းတော်ကြီး “မဟုတ်တာ ယင်းကလေးကို မဖြစ်မနေသွားခေါ်ပါ”ဟု ခေါ်စေပြီး ထမင်းလက်ဆုံစားကြလေသည်။ ထမင်းစားနေစဉ် (၁၂)နှစ်သားအရွယ်ခန့် ကလေးငယ်အား ဘုန်းတော်ကြီးက အသေအချာအကဲခတ်လျက်ရှိပြီး ထမင်းစားပြီးလူရှင်းသောအခါ ကလေးငယ်အား အနားသို့ချဉ်းကပ်ပြီး မေးခွန်းအချို့ကိုမေးလေသော် ကလေးငယ်က တစ်ခုမကျန်အားလုံးကို ဖြေနိုင်လေသည်။ ဘုန်းတော်ကြီးက ကလေးငယ်၏ ကျောကိုလှန်ကြည့်ရာ အမှတ်အသားတစ်ခုတွေ့ရလေသည်။ ချက်ချင်းပြင် ကလေးငယ်၏အုပ်ထိန်းသူအား ဤကလေးသည် လူကြီးမင်းနှင့် မည်သို့ပတ်သက်တော်စပ်ပါသနည်းဟုမေးရာ အုပ်ထိန်းသူက မိမိ၏သားဖြစ်ကြောင်း ပြန်ဖြေလေသည်။
ဘုန်းတော်ကြီးက “ဟာ … မဟုတ်နိုင်ပါ။ ဤကလေးမှာ ဘယ်နည်းနှင့်မှ အမိအဖရှိမှာမဟုတ်ပါ” အုပ်ထိန်းသူက “မှန်ပါသည် ကျွန်ုပ်ဟာ မွေးစားဖခင် အဘူသွာလစ်ဗ်ပါ။ ဤကလေး၏ဖခင်မှာ အဗ်ဒွလ္လာဟ်၊ အမိမှာ အာမီနဟ်ဖြစ်ပါသည်။ ကျွန်ုပ်၏ကွယ်လွန်သူညီတော်၏သားဖြစ်ပါသည်။ ငယ်စဉ်ကတည်းက အမိအဖနှစ်ဦးစလုံးကွယ်လွန်ခဲ့၍ ကျွန်ုပ်မွေးစားထားပါသည်။ ကလေးငယ်၏အမည်မှာ မုဟမ္မဒ်ဖြစ်ပါသည်။”ဟု ပြောလေသည်။
ထိုအခါ ဘုန်းတော်ကြီးက “လူကြီးမင်း၏သားကို မက္ကာသို့ပြန်ခေါ်သွားပါ။ မည်သည့်ဂျူးကိုမှ ကျွန်တော်မြင်သည့်အချင်းအရာကို မပြောပါနှင့်။ မမြင်ပါစေနှင့်။ ဤကလေးအတွက် အန္တရာယ်ရှိပါသည်။ ဤကလေးမှာ တစ်နေ့ အလွန်မြင့်မြတ်သည့်အဆင့်သို့ ရောက်ပါလိမ့်မည်။ ကျွန်တော်တို့၏ကျမ်းစာများမှာ တွေ့ထားသော ကြိုတင်ဟောကိန်းအရ တမန်တော်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ကျွန်ုပ်အကြံပြုချက်များကို လက်ခံပါ”ဟု သိမ်မွေ့နူးညံ့စွာပြောဆို၍ အဘူသွာလိစ်ဗ်နှင့် တမန်တော်လောင်းလျာအား နှုတ်ခွန်းဆက်သ၍ ပြန်လည် ပို့ဆောင်လိုက်လေတော့သည်။ [ဟာဂျီသန်းအောင်(မြောင်းမြ)၊ ၁၉၉၈-ခု ဒီဇင်ဘာလ၊ အစ္စလာမ်မျက်ဝန်းစာစောင်၊ အမှတ်(၂၄)]

မုဟမ္မဒ်ဟူသောအမည်နာမတော်ကို ပညာရှင်တို့က ၀ိဂြိုဟ်ဝနက္ကပြုကြပုံ
“တမန်တော်မြတ်မပွင့်မီအလျင် အာရေဗျနိုင်ငံတွင် မုဟမ္မဒ်ဟူသောအမည်နာမသည် အလွန်တရာမှ ရှားပါးလှ၏။ တမန်တော်မြတ်အလျင် မုဟမ္မဒ်ဟူသောအမည်ဖြင့် (၇)ဦးမျှသာရှိခဲ့၏။” [အလ်မုအ်တဗရ်၊ စာ-၁၇၁၊ လိစာနုလ်အရဗ်၊ တာဂျလ်အိုရူစ်]
“မုဟမ္မဒ်ဟူသည် အကြိမ်ကြိမ် အဖန်ဖန်ချီးမွမ်းထောမနာပြုခြင်းခံရသော ပုဂ္ဂိုလ်ဟူ၏။” [ကာမူစ်]
“မုဟမ္မဒ်သည် ချီးမွမ်းဖွယ်ရာ စာရိတ္တအဖြာဖြာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၏။” [ရာသိဃိဗ်]
တမန်တော်မြတ်၏ ဘ၀တည်ဆောက်မှုအတွက် ဆောင်ရွက်ချက်များ
“သမိုင်းကြောင်းတစ်ခုလုံးကို လုံးဝ ပြောင်းလဲပေးနိုင်ခဲ့သူတစ်စုံတစ်ဦးရှိခဲ့သည်ဟုဆိုလျှင် ထိုသူကား မုဟမ္မဒ်ပင်ဖြစ်သည်။” [မစ္စတာချားလ်(စ) အစွာဝီ၏ မုဟမ္မဒ်(ဆွ)ဟစ်တိုရီကယ်ဂိုး၊ သည်မွတ်စလင်မ်ဝေါလ် ဟတ်ပေါ့ဒ်၊ ၁၉၅၀၊ ဧပြီ၊ စာ-၉၅]
“မည်သို့ဆိုစေ တမန်တော်မုဟမ္မဒ်ကမူ အေဒီ ၅၇၀ တွင် ထိုစဉ်က နောက်တန်းကျအောက်တန်းကျဆဲသာရှိသေးသည့် အာရေဗျတောင်ပိုင်းရှိ မက္ကာမြို့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှု၊ အနုပညာ၊ ပညာရေးအချက်အခြာကျရာဒေသများနှင့် များစွာကွာလှမ်းရာဒေသ္ပ ဖွားမြင်ခဲ့သူဖြစ်သည်။ ခြောက်နှစ်သားအရွယ်တွင် မိမဲ့၊ ဖမဲ့ဖြစ်ခဲ့ရပြီး မ၀ံ့ဝါလှသော ပတ်ဝန်းကျင်ဝယ် ကြီးပြင်းရှင်သန်လာသူဖြစ်သည်။ အစ္စလာမ့်စာပေကျမ်းဂန်များအရ စာပေမသင်ကြားခဲ့ရသူလည်းဖြစ်သည်။ စီးပွားရေးအခြေအနေကျတော့လည်း သူ့အသက်အရွယ် (၂၅)တွင် ချမ်းသာသော မုဆိုးမတစ်ဦးနှင့် ထိမ်းမြားခဲ့ချိန်ကျမှသာ တိုးတက်မှုရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပါသော်လည်း သူ့အသက်(၄၀)ပြည့်ခါနီးအချိန်ကျမှသာ သူသည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဆိုသည်ကို အရိပ်အယောင်များပြစရှိလာခဲ့သည်။” [မိုက်ကယ် အိပ်ခ်ျဟတ်၏ The 100: The most Influential Persons in History]
ပြောင်းလဲခြင်းမရှိ ပကတိရိုးသားသော တမန်တော်
“ဘ၀အခြေအနေအထွေထွေက အဘယ်မျှထိ ကွာဟချက်ကြီးမားနေလင့်ကစား မုဟမ္မဒ်၏စိတ်အခြေအနေက ပြောင်းလဲမသွားခဲ့ခြင်းအချက်ကပင် ကျွန်ုပ်တို့အဖို့ အံ့သြစရာဖြစ်ရပါသည်။
သဲကန္တာရအတွင်း သိုးကျောင်းသားလေးဘ၀၊ ဆီးရီးယားသို့ ကုန်သည်အဖြစ် သွားလာခဲ့ရသောဘ၀၊ ဟီရာလိုဏ်ဂူတွင် တစ်ကိုယ်တော်တရားရှာခဲ့စဉ်ဘ၀၊ အာရဗ်တစ်မျိုးသားလုံးအား အမှောင်မှအလင်းသို့ ပြောင်းလဲပေးခဲ့သော အထီးကျန်ပြုပြင်ရေးသမားဘ၀၊ မဒီနာမြို့၌ ခိုလှုံသူတစ်ဦးအဖြစ်နေရသည့်ဘ၀၊ အောင်နိုင်သူအဖြစ် အများတကာ၏ ချီးမြှင့်မြှောက်စားခံရသည့် သရဖူဆောင်းဘ၀၊ ပါရှားဘုရင်၊ ဂရိနိုင်ငံဘုရင်တို့နှင့် အဆင့်တူ ယှဉ်နိုင် စံနိုင်သည့်ဘ၀ဟူ၍ ဘ၀မျိုးစုံကို ဖြတ်ကျော်လာခဲ့ရသော သူ့ဘ၀ကို လေ့လာပါမူ ပကတိပြောင်းလဲခြင်းမရှိသည်ကိုသာ တွေ့ရသည်။
ဤသို့ ဘ၀အခြေအနေ အမျိုးမျိုးပြောင်းလဲခဲ့သည့် တစ်ပါးသူတစ်ဦးဆိုပါမူ မုဟမ္မဒ်ကဲ့သို့ သူ့စိတ်သဘောထားက မပြောင်းပဲနေနိုင်စရာမရှိပေ။ မပြောင်းပါဟုဆိုလေငြားလည်း ကျွန်ုပ်အနေနှင့် အမှန်ပင်သံသယ၀င်တော့မည်သာ။ သို့ရာတွင် မုဟမ္မဒ်နှင့်ပတ်သက်၍မူ ပြောင်းလဲတတ်သူတစ်ဦးဟူ၍ ကျွန်ုပ်ဘယ်သောအခါမှ မထင်မိမည်က အမှန်ပါ။” [အရ်ဘော့စ၀ါသ်စမစ်(သ်)အမ်အေ၏ Mohammed and Mohammedinisim, စာ-၆၃]

“ပရောဖက်မုဟမ္မဒ်သည် အလွန်ကောင်းမွန်သော စာရိတ္တမဏ္ဍိုင်ရှင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် လောကီပကာသနကို လုံးဝအရေးစိုက်လေ့မရှိပါ။ သူ့ထံတွင် ဆင်းရဲသားနှင့် ဓနရှင်ဆိုသော အတန်းအစား ခွဲခြားမှုလုံးဝမရှိ။ တစ်မျိုးတစ်စားတည်းမြင်တတ်ပေသည်။ ဤပုဂ္ဂိုလ်သည် အဓိပ္ပါယ်ကင်းမဲ့သော ကိုးကွယ်မှုများကို ပယ်ဖျက်ခဲ့သည်။ တစ်ပါးတည်းသောအရှင်ရှေ့တွင် ဦးညွတ်ရန် သဘာဝကျသော အစ္စလာမ်ကို လိုက်နာကျင့်သုံးရန် ကြွေးကြော်တိုက်တွန်းခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးသည်ကား မှန်ကန်တည်ကြည်သူတစ်ဦးဖြစ်ပေသည်။” [စာရေးဆရာကြီး ဒေါက်တာမေ့စ်ဒေါအမြင်]
“မုဟမ္မဒ်ကား ဟန်ဆောင်သမားလောဟူသည့်ပြဿနာရပ်ကို ပွင့်လင်းသောစာရှုသူအနေနှင့် ကိုယ်ပိုင်ရှုမြင်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ သူ့ဘ၀မှတ်တမ်းကို ကြည့်ရုံနှင့်ပင် ဤသို့ထင်ရက်စရာ မရှိပုံက အခိုင်မာဆုံးဖြစ်ချေမည်။ အချို့သောစာရေးဆရာတို့က သူ့အား ဟန်ဆောင်လိမ်ညာသူဟု စွဲချက်တင်ခဲ့ကြခြင်းကို မိမိအယူဝါဒ၏ အမှန်တရားအပေါ် သူက မတုန်မလှုပ်ယုံကြည်ချက် မြဲမြံခဲ့ခြင်း၊ သစ္စာမပျက်၊ တုန်လှုပ်ခြင်းမရှိပဲ သူ့အပေါ် ယုံကြည်ချက်မပျက်ရှိခဲ့ကြသော အပေါင်းအပါများရှိနေခြင်း၊ ပကတိရိုးသားမှုကိုအရင်းတည်ပြီး မြောက်မြားလှသော အခွင့်အလမ်းကောင်းများကိုရယူကာ အင်မတန်မှ ကြီးမားကျယ်ပြန့်လှသော လုပ်ငန်းကြီးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း ရလဒ်တို့ကို ကြည့်ခြင်းအားဖြင့်ပင်လျှင် ဤစွဲချက်အပေါ် အကောင်းဆုံးချေပသွားနိုင်ပါသည်။ ဟန်ဆောင်သမားမှန်ပါက ဤမျှကြီးကဲသော လုပ်ရပ်ကြီးကို အထမြောက်အောင် စွမ်းနိုင်စရာအလျဉ်းမရှိနိုင်။ တစ်ဦးတစ်ယောက်၏ ထောက်ခံမှုကို မရရှိချိန်မှသည် နှစ်ရှည်လများ ဆန့်ကျင်တွန်းလှန်ခံနေရသောအချိန်မှာရော အောင်လံထူသည့်နေ့နှင့် အရှုံးရင်ဆိုင်သည့်နေ့တွင်သာမက အာဏာကို အမြင့်ဆုံးပိုင်စိုးထားနိုင်သည့်နေ့မှသည် ကွယ်လွန်ချိန်အခါအထိတိုင် ပကတိပြောင်းလဲခြင်းကင်းစွာနှင့် ပတ်ဝန်းကျင်အမျိုးမျိုးအောက်ဝယ် တစ်သတ်မတ်တည်း ထာဝရရှင်သန်နေရစ်သော ယုံကြည်ချက်အယူဝါဒကို တည့်မတ်ထားနိုင်သော သူ၏အကြောင်းတရားကောင်းခြင်းနှင့် မပြောင်းမလဲ နေခြင်းတို့ကို ယုံကြည်ခြင်းဖြင့် သိသာပါသည်။” [ဂျေဒဗလျူအိပ်ခ်ျစတိုဘတ်၏ အစ္စလာမ်အင်န်အိစ်ဖောင်းဒါး၊ စာ-၂၃၁၊ ၁၈၇၆-ခု]
တမန်တော်မြတ်၏ထိမ်းမြားမှု
“တမန်တော်မြတ်ပြုခဲ့သမျှ ထိမ်းမြားမှုများမှာ သနားကရုဏာကို အဓိကထားပြီး ပြုရခြင်းကသာ များပါသည်။ ထိမ်းမြားသမျှ ကြင်ယာတော်များမှာ မုဆိုးမများဖြစ်နေသည်ကများပြီး ရုပ်ဆင်းကြန်အင်ကလည်း အချောအလှကြီးများမဟုတ်ကြသလို အများစုမှာ ဥစ္စာဓနချမ်းသာကြွယ်ဝခြင်းလည်းမရှိချေ။ ကြင်ယာတော် ဇိုင်နဗ်သခင်မကို လက်ဆက်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း မဖွယ်မရာပြောကြဆိုကြသည်။ ဇိုင်နဗ်သခင်မမှာ တမန်တော်၏ညီမ၀မ်းကွဲဖြစ်ပေရာ ယူမည်ဆိုပါက သူတို့နှစ်ဦးစလုံး ပျိုမြစ်နုနယ်သည့်အရွယ်ကတည်းက ယူလိုက်၍ရသည်ပင်။ သို့ပါလျက် မိမိကမယူခဲ့ပဲ မိမိ၏ သူကောင်းပြုခံကျွန်နှင့် ပေးစားခဲ့ခြင်းကပင် မဖွယ်မရာစွပ်စွဲသူတို့၏ စွပ်စွဲချက်က မရေရာပုံကို ပြနေပါသည်။”
[မုဟမ္မဒ်အင် မုဟမ္မဒ်နစ်ဇင်၊ ဘော့စ၀ပ်စမစ်သ်၊ စာ-၁၃၆]
[မုဟမ္မဒ်အင် မုဟမ္မဒ်နစ်ဇင်၊ ဘော့စ၀ပ်စမစ်သ်၊ စာ-၁၃၆]
“ခတီဂျဟ်သခင်မကွယ်လွန်ခဲ့ပြီးနောက်ပိုင်း၌ မုဟမ္မဒ်သခင်၏ အိမ်ထောင်ဆက်များခဲ့ခြင်းကိုကြည့်ပြီး ဥရောပသားတို့က ရာဂကြီးသည်ဟု စွပ်စွဲခဲ့ကြသည်။ ဘာညာ ထောက်ထားခြင်းမရှိပဲ အရမ်းကာရောပြောရက်ခဲ့ကြသည်။ ဤလက်ဆက်မှုအများစုကို နိုင်ငံရေးရည်ရွယ်ချက်အရ ပြုခဲ့ခြင်းက ပိုများသည်။ တမန်တော်မြတ်အနေနှင့် မိမိ၏နောက်လိုက်ကြီးများနှင့် ပိုပြီး တရင်းတနှီးရှိရေးကိုလည်း အမြဲသောကထားခဲ့သည်။ ဤအချက်ကြောင့် အဘူဗကရ်နှင့် အုမရ်တို့၏ သမီးများနှင့်လက်ဆက်ခဲ့ရခြင်းကိုမူ သံသယ၀င်ဖွယ်ရာမရှိပါ။ နိုင်ငံရေးအရပြုခဲ့ရခြင်းများကမူ မိမိအား ဆန့်ကျင်ဘက် နိုင်ငံရေးသမားကြီးများ သို့တည်းမဟုတ် အရေးနိမ့်သွားသော ရန်သူများ၏ သမီးများနှင့် လက်ဆက်ခဲ့ရခြင်းပင်ဖြစ်သည်။ အောင်နိုင်သူ၏အဆောင်ဝယ် ရန်သူ၏ သမီးတော်ခစား ရောက်ရှိလာချိန်ကျမှသာလျှင် ရန်သူတစ်ဦးအပေါ် အခိုင်အမာအောင်နိုင်ရာဟု ဆိုနိုင်ပါသည်။ သားတော်တစ်ပါး ထွန်းကားလိုစိတ်ပြင်းပြခဲ့ခြင်းကလည်းပါသေးသည်။ ဤကား တမန်တော်မြတ်အပေါ် ဆိုးဆိုးဝါးဝါး ဝေဖန်ချက်တစ်ခုကို ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ရာ အလားတူ ဆိုးဆိုးဝါးဝါး ဝေဖန်ချက်များအတွက် ယခုချေပချက်ကလည်း အဖိုးတန်နေသည်သာ။”
[A.S Margoliouth ၏ Mohammed and The Rise of Islam, ၁၉၀၅-ခု၊ စာ-၁၇၆၊ ၁၇၇]
[A.S Margoliouth ၏ Mohammed and The Rise of Islam, ၁၉၀၅-ခု၊ စာ-၁၇၆၊ ၁၇၇]
ငြိမ်းချမ်းရေးတမန်တော်
“အကယ်၍ မုဟမ္မဒ်ကဲ့သို့သော ပုဂ္ဂိုလ်ကသာ ယနေ့ကမ္ဘာကြီးအား အုပ်ချုပ်မင်းလုပ်သွားမည်ဆိုပါမူ သူက ကမ္ဘာ့ပြဿနာအားလုံးကို အမှန်ပင်အောင်မြင်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး တကယ့်ငြိမ်းချမ်းရေးနှင့် တကယ့် ပျော်ရွှင်သုခကို ရစေမည်ကား အမှန်ပင်။” [ဂျော့ဘားနပ်ရှော၊ စစ်မှန်သောအစ္စလာမ်ကျမ်း]
“မိမိ၏အမျိုးသားများနှင့် စစ်မက်ပြုရမှာထက် ပြောင်းရွေှ့ခိုလှုံရခြင်းကို သူက ပိုလိုလားခဲ့သည်။ အဆုံး၌လည်း သည်းခံစရာအတိုင်းအတာထက် တစ်ဖက်ကလွန်လွန်းလှတော့၍သာ မလွဲမကင်းသာ သူက ဓားကိုကိုင်စွဲခဲ့သည်။ အချို့ ဓားမိုးပြီးသာသနာဖြန့်သည်ဟူသောစွဲချက်ဖြင့် မိမိတို့ကိုယ်မိမိတို့ မာန်မာန၀င့်ကြွားနေခြင်းကား တကယ်ဆိုလျှင် သူတို့သည်သာ အမှန်တရားနှင့် ဝေးလွန်းခြင်းမက ဝေးလွန်းနေကြခြင်းကြောင့်ဖြစ်သတည်း။” [ဆစ်(ခ်) သတင်းစာဆရာတစ်ဦး။ ဂျဝါန်းဟင်ဒွတ်စတန်(ဒေလီ)သတင်းစာ၊ ၁၉၄၇-ခု၊ နိုဝင်ဘာလ(၁၇)ရက်]

ဥပဒေရှင်တမန်တော်
“လင်ကွန်းအင်း ဥပဒေသိပံကျောင်းကြီး၏အ၀င်ဝမှာ ကမ္ဘာမှာဥပဒေကို ချပြသွားသည့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ရေးထိုးထားရာ၌ မြတ်တမန်၏နာမတော်ကိုပါ ဤစာရင်းတွင် တွေ့ရှိခဲ့ခြင်းကြောင့် ကျွန်တော့်အနေနှင့် ဥပဒေကညာကို ဆည်းပူးသင်ကြားခဲ့ရခြင်းပါ။”[ပါကစ္စတန်နိုင်ငံ ဗိသုကာကြီး မုဟမ္မဒ်အလီဂျင်းနား၏ ကရာချိမြို့ရှေ့နေအသင်းတွင် မိန့်ကြားသည့် မိန့်ခွန်းမှ-၁၉၄၇ ခု]
“ကမ္ဘာ့သမိုင်းတွင် အုပ်ချုပ်သူတစ်ဦးက ရေးဆွဲခဲ့သော ပထမဦးဆုံးသော နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တမန်တော်မြတ်က စတင်ခဲ့ခြင်းဟု ဆိုရပါမည်။”
[၀ါးခယ်မ မောင်မင်းနိုင်၊ ကမ္ဘာ့စံပြတမန်တော်၊ စာ-၃၈၅]
ဘ၀နဲ့ရင်းပုံဖော်ခဲ့သည့် တမန်တော်မြတ်၏သာသနာရေးဆောင်ရွက်ချက်
“ကမ္ဘာပေါ်၌ လူနှစ်ဦးအနက် တစ်ဦးသည်မုဟမ္မဒ်၏နောက်လိုက်ဖြစ်နေ၏။ မွတ်စလင်မ်တို့၏ အဇာန်ကိုနေ့စဉ်နှင့်အမျှ (၂၄) နာရီကာလပတ်လုံး ကြားပြီးရင်း ကြားနေရ၏။ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို ယှဉ်တွဲပြီး ဥရောပအရှေ့တောင်ပိုင်း၊ အာဖရိကမြောက်ပိုင်း၊ အာရှအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ ထောင်ပေါင်းများစွာသော မီနာရာစင်မြင့်များထက်မှ တစ်နေ့လျှင် ငါးကြိမ်မှန်မှန် အမြဲလိုလို ကျူးရင့်နေသည်ကို ကြားနေရ၏။” [ပါမောက္ခဖီးလစ်ကေဟစ်တီ]
“တစ်ဦးသောပုဂ္ဂိုလ်က ဘာသာတရားတိုင်းကို လေးစားသောအလင်းရောင်ပြပုဂ္ဂိုလ်အားလုံးကို လေးစားမှုရှိသောဝါဒ အခြေခံစည်းမျဉ်းတွေကကောင်းပြီး ယုတ္တိဗေဒနည်းလည်းကဲသော ခေတ်သစ်သိပံနှင့်သာမက ဒဿနိကဗေဒနှင့်ပါ ချိန်ထိုး၍ရသော ပရာမိုဆမာဂ်ျ (ခေါ်) အယူဝါဒမှာ ကမ္ဘာပေါ်တွင် ဘာကြောင့် မအောင်မြင်ရသနည်းဟု မေးလာပါသည်။ ဒီဝါဒမှေးမှိန်ရတာဟာ ဒီဝါဒနှင့်ပတ်သက်ပြီး လက်တွေ့ကျင့်သုံးပြသပေးမယ့်သူ စံနမူနာပြပြီး လူထုကြီးကို သိမ်းသွင်းစည်းရုံးခေါ်ယူပေးသွားမယ့်သူမရှိလို့ဘဲ။ ဘယ်ဘာသာတရားကမှ Gifted Teacher ခေါ် လင်းဝင်းတဲ့ စံနမူနာရှင်မပါလို့ကတော့ ဘယ်တော့မှအောင်မြင်မှမဟုတ်ဘူး”ဟု က၀ိကြီးရာဗင်ဒြာနတ်တဂိုးက သင်္ဘောတစ်စီးတည်းတွင် အတူစီးလာခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မေးမြန်းချက်ကို ထိမိစွာဖြေသွားခဲ့ပါသည်။ [အလ္လာမာဆဟဒ် ဆုလိုင်မန်နဒ၀ီ၏ “တမန်တော်မြတ်၏ ဘ၀နှင့်သတင်းစကား”]
တမန်တော်အဆူဆူနှင့် ဘာသာတရားအသီးသီးကို ပို့ချခဲ့သူများအနက် တမန်တော်မြတ်သည် အအောင်မြင်ဆုံးသောသူပင်ဖြစ်၏။ [ဗြိတိသျှစွယ်စုံကျမ်း၊(၁၁) ကြိမ်မြောက် တည်းဖြတ်မှု၊ စာ-၈၉၈]
စည်းရုံးမှုပေးခဲ့သော တမန်တော်
“မုဟမ္မဒ်သည် တိုတောင်းသည့်အချိန်အတွင်းမှာပင် ယခင်က စည်းရုံးမှုမရှိခဲ့သည့် အမျိုးသားထုကို ကောင်းစွာစည်းရုံးပေးနိုင်ခဲ့၏။ ပထ၀ီအနေအထားအရ ယနေ့ထိတည်တံ့နေသောနိုင်ငံတစ်ခုကို တည်ထောင်ပေးနိုင်ခဲ့၏။ နေရာအတော်များများတွင် အီစာအီနှင့် မူစာအီဘာသာကို လွှမ်းမိုးနိုင်ခဲ့သည့် သာသနာတစ်ခုကို တည်ဆောက်ပေးခဲ့၏။ သူ၏ ဘာသာတရားကို လက်ခံလာခဲ့သည့် အမျိုးသားများ၏ အင်ပါယာတစ်ရပ်ကို ကမ္ဘာတွင် အယဉ်ကျေးဆုံး အကောင်းဆုံးဒေသတစ်ခုဖြစ်စေခဲ့၏။” [ပါမောက္ခ ဖီးလစ် ကေဟစ်တီ]“လုံးဝစည်းလုံးခြင်းမရှိခဲ့သည့် လူသားများကို စည်းလုံးညီညွတ်လာစေရန်ပြုနိုင်မည့် နည်းလမ်းကိုမတွေ့ခဲ့သည်မှာ အံ့ဖွယ်တစ်ပါးပေါ်လာသည်အထိပင်ဖြစ်သည်။ ယင်းတို့အကြားတွင်ပုဂ္ဂိုလ်တစ်ပါးပေါ်ပေါက်လာခဲ့ပြီး သူ၏ကိုယ်ကျင့်တရား၊ ကောင်းကင်ကျလမ်းညွှန်မှုဖြင့် ယခင်က လုံးဝမဖြစ်နိုင်ခဲ့သည့် စစ်သွေးဆာသော အမျိုးသားများ၏ စည်းလုံးရေးကို စွမ်ေးဆာင်ပေးနိုင်ခဲ့၏။” [အင်နဲ(စ)အဲန်အော့(က်)(စ)အော့ဖ် မက်စပေါ့]
တမန်တော်၏ယုံကြည်ချက်
“မုဟမ္မဒ်က ဒုက္ခကြုံချိန်၌လည်း မျှော်လင့်ရာကို စိတ်တွင်စွဲမြဲစေခဲ့သည်။ အောင်မြင်ချိန်၌လည်း နှိမ့်ချမှုကိုရှိစေခဲ့သည်။ စိုးပိုင်ရာအရှင်က အမှန်ပင်ရှိနေကြောင်း ထိုအရှင်ကလူသားကို အစဉ်စိုးမိုးမပျက်ရှိနေကြောင်း လူသားကိုယ်တိုင်ကသိမထားသည့် လူသားအတွက်က ဘာအကောင်းဆုံးဆိုသည်ကိုလည်း သိတော်မူကြောင်း အရှင်၏ စွမ်းအားတော်နှင့် အလိုတော်ကို ဖန်ဆင်းခံဖြစ်သောလူသားက ကျော်လွှားခြင်းငှာမစွမ်းရာဟု ဆိုသည်။ သို့သော် သူ၏သွန်သင်ချက်ကို ဤမျှနှင့်ပိုင်းခြားထားလိုက်ခြင်းမရှိပေ။ သူကဆက်ဆိုသည်မှာ လူသားတွင် လွတ်လပ်ခွင့်ရှိသည်။ အရှင်၏သတင်းစကားကိုပင် လက်ခံလိုမှ လက်ခံခွင့်ပြုထားသည်။ မိမိ၏လုပ်ရပ်နှင့်အညီ အကျိုးအပြစ်ထိုက်ရာကိုရမည်။ မိမိ၏အနာဂတ်ကား မိမိ၏လက်တွင်း၌သာရှိသည်။ မုဟမ္မဒ်သခင်က လူသားအနေနှင့် မိမိ၏ အခွင့်အရေးများကို အသုံးချရန် အစဉ်နှိုးဆော်တိုက်တွန်းခဲ့သည်။ ကြိုးစားလည်း အလကားဘဲ အလ္လာဟ်အရှင်၏အလိုတော်က လွတ်မြောက်ခြင်းမရှိဟူ၍ဆိုသူကား အယူပြန်ခြင်းသာဖြစ်သည်ဟု အလီသခင်က ဆိုခဲ့ဖူးသည်။” [အရ်ဘော့စ၀ါသ် စမစ်(သ)၏ မုဟမ္မဒ်နှင့် မုဟမ္မဒ်ဝါဒကျမ်း၊ စာ-၁၉၃-၉၄]
“မြတ်တမန်မှာ စကားအရာ၌ပင်လျှင် မခံချိမခံသာဖြစ်အောင် ထေ့ထေ့ငေါ့ငေါ့မရှိတတ်ခြင်းကို ကောင်းစွာတွေ့ကြရသည်။ အုဟုဒ်စစ်ပွဲတွင် အလူးအလဲရခြင်းက ဗဒရ်စစ်ပွဲတွင် အောင်ပွဲခံရမှုထက် ပိုပြီးလိုလားဖွယ်ရာကို ဖြစ်စေခဲ့သည်။
မြတ်တမန်၏လက်တုန့်ပြန်မှုကား မည်သို့ဆိုခြင်းကိုပြသည့်ဖြစ်ရပ်တစ်ခုကို ကြည့်ပါ။ တစ်နေ့ သစ်ပင်အောက်ဝယ် သူကအိပ်စက်နေသည်။ မိမိ၏စခန်းနှင့် အနည်းငယ်လှမ်းရာနေရာ၌ဖြစ်သည်။ မိမိနိုးခိုက်တွင် ဒုရ်သာဆိုသူ ရန်သူတစ်ဦးက မိမိအား အပေါ်မှ ဓားဖြင့်မိုးထားခြင်းခံလိုက်ရသည်။ “အခု မင်းကို ဘယ်သူက ကူညီမှာလဲ မုဟမ္မဒ်ရယ်” ဟု ရန်သူကဆိုလာရာ တမန်တော်မြတ်ကြီးက “အလ္လာဟ်အရှင်မြတ်ပေါ့” ဟု ဖြေဆိုလိုက်သည်။ ဤစကားကြောင့် အံအားသင့်ပြီး ဒုရ်သာမှာ လက်ကဓားလွတ်ကျသွားသည်။ တမန်တော်မြတ်ကြီးက သူ့ဓားကိုကောက်ယူပြီး “ဒုရ်သာ အခု မင်းကို ဘယ်သူကကယ်မှာလဲ” ဟုမေးရာ သူက “ကယ်မည့်သူမရှိပါ” ဟုဖြေခဲ့သည်။ ဤတွင် “ငါ့ထံပါးမှ သနားကြင်နာခြင်းကို သင်ခန်းစာအဖြစ်ခံယူလှည့်” ဟု မိန့်ဆိုရင်းက သူ့ဓားကိုပြန်ပေးပြီး တမန်တော်မြတ်က ဒုရ်သာကို ခွင့်လွှတ်ခဲ့သဖြင့် ရန်သူအဖြစ်မှ ချစ်မိတ်ဆွေအဖြစ် ရောက်ခဲ့ရသည်။”
[အရ်ဘော့စ၀ါသ်စမစ်(သ)၏ မုဟမ္မဒ်နှင့် မုဟမ္မဒ်ဝါဒကျမ်း၊ စာ-၁၅၃]

တမန်တော်၏သစ္စာတရား
“ကမ္ဘာပေါ်တွင် လူတစ်ဦးအနေဖြင့်ထာဝရအရှင်ကို ဖူးတွေ့ခဲ့ရသည်ဆိုလျှင် လူတစ်ဦးအနေဖြင့် ထာဝရအရှင်၏တာဝန်ကို အကောင်းဆုံးနှင့် သစ္စာရှိရှိအင်နှင့်အားနှင့် ထမ်းရွက်ခဲ့သည်ဆိုလျှင် ထိုကဲ့သို့သောလူသားမှာ အာရေဗျမှ တမန်တော် (မုဟမ္မဒ်)ပင် ဖြစ်ပေမည်။ လူ့အဖွဲ့အစည်းအတွင်း၌ ပေါ်ထွန်းခဲ့သမျှသောလူသားများအနက် မုဟမ္မဒ်သည် အကြီးအကဲဆုံးနှင့် အမှန်ကန်ဆုံးပင်ဖြစ်၏။” [၀ီရီခရက်ဘိုက်(စ)]
“မုဟမ္မဒ်သခင်၏ စဉ်းစားဆင်ခြင်မှု၊ ပြုမှုဆောင်ရွက်မှုအ၀၀ကို လေ့လာလျှင် ထိုပုဂ္ဂိုလ်သည် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်သူ၊ မာနတရားကင်းမဲ့သူ၊ ကတိသစ္စာစောင့်ထိန်းသူ၊ ကြင်နာတရားရှိသူ၊ တည်ကြည်သူ၊ အမှန်တရားနှစ်မြို့သူ၊ အသိဥာဏ်နှင့်ပြည့်စုံသူဟူ၍ မည်သူမဆို ၀န်ခံရမည်အမှန်ပင်ဖြစ်သည်။ [လက်ဖတင်နင်ကာနယ် စိန်ကာစ်]
“တမန်တော်မြတ်၏ အတ္ထုပတ္တိဒုတိယတွဲကိုဖတ်ရှုရပြီးသည့်နောက်ဝယ် နောက်နောင် ဤကဲ့သို့ ကြီးကျယ်သောဘ၀သမိုင်းတစ်ခုကို ဖတ်ရှုခွင့်မရရှိခဲ့၍ ကျွန်ုပ်အနေနှင့် များစွာ ၀မ်းနည်းမိပါသည်။ အစ္စလာမ်သည် ဓားမိုး၍ သာသနာပြုခဲ့ခြင်းမဟုတ်သည်ကို ကျွန်ုပ် အကြွင်းမဲ့ယုံကြည်ပါ၏။ တမန်တော်မြတ်၏ ကိုယ်ကျိုးစွန့်မှု၊ ခိုင်မာသောရိုးသားမှု၊ ကတိသစ္စာ တည်ကြည်မှု၊ သူ၏နောက်လိုက်များနှင့် မိတ်ဆွေများအပေါ် ကြီးစွာသော သစ္စာထားမှု၊ ထာဝရရှင်ကို လုံးဝယုံကြည်မှုနှင့် သူ၏ကိုယ်ပိုင်သာသနာပြုမှုကြောင့်သာ အစ္စလာမ်ပြန့်ပွားခဲ့ခြင်း ဖြစ်ပါသည်။” [ကွယ်လွန်သူအိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ]
တမန်တော်မြတ်၏နှလုံးရည်
“တမန်တော်မြတ်မုဟမ္မဒ်၏ မူလဗီဇ၌ပင် ကျူးကျော်စော်ကားမှုသည် အလျဉ်းမပါရှိခဲ့ချေ။” [ပညာရှိကြီး လိန်းပိုးလ်]
တမန်တော်မြတ်သည် မိမိတစ်သက်တာပတ်လုံး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိလက်ဖြင့် ရိုက်နှက်ပုတ်ခတ်ထိပါးခြင်း မပြုခဲ့ပေ။ တစ်ဦးတစ်ယောက်က လာရောက်လက်ဆွဲနှုတ်ဆက်သည့်အခါ တမန်တော်မြတ်သည် ဘယ်သောအခါမျှ မိမိလက်ကို ဦးစွာပြန်ရုပ်သိမ်းလေ့မရှိခဲ့ပေ။ တမန်တော်မြတ်သည် နူးညံ့သိမ်မွေ့သာယာချိုအေးစွာ ပြောဆိုတော်မူလေ့ရှိသည်။” [စာရေးဆရာကြီး ဗာစ်ဝရ်သ်စမစ်သ်]
“မုဟမ္မဒ်သခင်နှင့်ပတ်သက်၍ မည်သို့မျှ ဒွိဟသံသယတစ်စုံတစ်ရာဖြစ်ရန်မရှိ။ သူသည် မှန်ကန်သောခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူနှင့်တကွ သူ၏ တင်ပြချက်များ မမှန်ကန်ခဲ့ပါလျှင် ထိုပုဂ္ဂိုလ်သည် သဘာဝကျလှသော အစ္စလာမ်သာသနာတော်ကို မည်သည့်နည်းနှင့်မျှ အောင်မြင်ခြင်းပန်းတိုင်သို့ အရောက်ပို့ဆောင်နိုင်မည်မဟုတ်သည်မှာ သေချာလှသည်။” [အီးအေဖရီးမင်း]
“ကျွန်ုပ်သည် မုဟမ္မဒ်ကို သူ တမန်တော်အဖြစ် မကြွေးကျော်မီ ကုန်သည်ဘ၀ကပင် တွေ့ခဲ့ဖူးသည်။ ရောင်းဝယ်မှုက မပြတ်သေးသဖြင့် ကျွန်ုပ်က ပြန်လာဦးမည်ဟု ကတိပေးခဲ့ပြီးမှ မေ့လျော့ပြီး မလာဘဲနေခဲ့မိသည်။ သုံးရက်ကြာပြီးမှ ဤနေရာသို့ ကျွန်ုပ်ရောက်သွားခဲ့ရာ သူက ကျွန်ုပ်ကို ဤနေရာတွင် စောင့်နေသည်ကိုတွေ့ခဲ့ရသည်။ ကျွန်ုပ်၏ ပေါ့လျော့မှုအပေါ် ဘာတစ်ခွန်းမှ အပြစ်မဆိုခဲ့ပေ။” [အဗ်ဒုလ္လာဟ်ဗင်အဗီအလ်ဟမ်ဆာ]
“ဒဿနိကဗေဒပညာရှင်လည်းဖြစ်၊ တရားဟောဆရာလည်းဖြစ်၊ တမန်တော်လည်းဖြစ်၊ ဥပဒေပြုသူလည်းဖြစ်၊ သဘာဝတရားကို အောင်နိုင်သူလည်းဖြစ်၊ ရုပ်ပွားဆင်းတုကိုးကွယ်မှုမပါသည့် ဆင်ခြင်တုံတရားနှင့်ပြည့်စုံသောဘာသာတရားကို ထူထောင်ခဲ့သူလည်းဖြစ်ပြီး အင်ပါယာနှစ်ဆယ်ကျော်ကို တစ်သွေးတစ်သံတစ်မိန့် အင်ပါယာအဖြစ် တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးကား မုဟမ္မဒ် (ဆွ) ပင် ဖြစ်ချေသည်။ လူသား၏ ကြီးကဲမှုကိုစံထားရာ စံအ၀၀နှင့် တိုင်းတာကြည့်မည်ဆိုလျှင် မုဟမ္မဒ် (ဆွ) ထက် ကြီးကဲသူတစ်စုံတစ်ဦးတစ်လေမျှရှိပါ၏လောဟု ကျွန်ုပ်အနေနှင့် ကောင်းစွာဆိုနိုင်ပေမည်။”
[ပြင်သစ်သမိုင်းသုတေသီ လာမာတင်]
တမန်တော်၏ခေါင်းဆာင်ကောင်း ပီသမှု
“ခေါင်းဆောင်ဟူသည် ကဏ္ဍသုံးရပ်ကို ဖြည့်ဆည်းပေးနိုင်ရမည်။ ပါစချာနှင့် ဆော့(လ်)တို့က ပထမကဏ္ဍကိုသာ ဖြည့်ဆည်းပေးနိုင်သော ခေါင်းဆောင်များဖြစ်ကြသည်။ တစ်ဖက်တွင် ဂန္ဒီနှင့် ကွန်ဖြူးရှပ်(စ) နှင့် နောက်တစ်ဖက်တွင် အလက်ဇန္ဒား၊ ဆီဇာနှင့် ဟစ်တလာတို့ကား ဒုတိယကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ကြသူများဟု ဆိုနိုင်ကြသလို တတိယကဏ္ဍပိုင်းကို ဖြည့်စွမ်းပေးနိုင်သူများဟုလည်း ဆိုမည်ဆိုပါက ဆိုနိုင်ကောင်းပါသည်။ ဤကဏ္ဍသုံးထွေစလုံးကို တစ်ဦးတည်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်သူကား ခေတ်အဆက်ဆက်တွင် အကြီးအကဲဟုဆိုရမည့် မုဟမ္မဒ်ပင်ဖြစ်သည်။ မောရှေ (မူဆာတမန်တော်)ကမူ သူ့နောက် နှာတစ်ဖျားစာ ခွာပြီးကပ်လိုက်ပါသည်။” [အမေရိကန် စိတ်သရုပ်ခွဲပညာရှင်ကြီး ဂျူးလ်(စ်)ဆာမင်း]
“မုဟမ္မဒ်သည် လူသားထုအပေါ်၌ သြဇာလွှမ်းမိုးနိုင်ဆုံးသောသူတစ်ဦးဖြစ်၏။” [ဒရက်ပါ၏ အင်တယ်လက်ကျူးအဲလ်အဗလုပ်မဲ့န့်အော့(ဖ)ယူရုပ်၊ စာ-၃၂၉]
“ကျွန်ုပ်သည် မုဟမ္မဒ်ကို အင်အားအကြီးကဲဆုံးသော သူရဲကောင်းတစ်ပါးပမာ အလေးအမြတ်ပြုပါ၏။ မုဟမ္မဒ်တွင် များစွာသောလူသားများကို မြှင့်တင်ပေးနိုင်စွမ်းသည့် ကြီးမားသော စွမ်းအားမှာ ကမ္ဘာကြီးတမျှရှိနေ၏။” [ဆာဒူးတီအဲလ်ဝါစ်ဝါနီ]
“မုဟမ္မဒ်ကို ကမ္ဘာက ထိပ်တန်းအကြီးအကဲအဆင့်အရာ၌ ထားရှိသတ်မှတ်ခဲ့သူများနှင့် အတူယှဉ်တွဲကြည့်မည်ဆိုလျှင် သူသည် ယင်းတို့၏ထိပ်တန်းတွင်ရှိပြီး ရှေ့တန်းမှပြေးနေသူပင်ဖြစ်၏။” [ဘော့စ၀ါသ်စမစ်သ်]
“ကမ္ဘာကမွေးထုတ်ပေးလိုက်တဲ့သူတွေထဲမှာ သူဟာ အကြီးကဲဆုံးပါဘဲ။ သူ့ရဲ့နေ့စဉ် နေမှုထိုင်မှု၊ စားမှုသောက်မှုစတဲ့ ဘ၀နေဟန်ဟာ အင်မတန်ကို ပကာသနလည်းကင်း၊ ရိုးကလည်း ရိုးရှင်းလွန်းလှတာကြောင့် ကမ္ဘာ့လူသားသန်းပေါင်းများစွာရဲ့ နှလုံးသားကို ဒီပုဂ္ဂိုလ်ကြီးက ကြီးစိုးလွှမ်းမိုးခဲ့တယ်ဆိုတာ ဟုတ်မှဟုတ်ပါလေစဆိုပြီးတော့တောင် ထင်မိလောက်အောင် ဖြစ်ခဲ့ရပါတယ်။” [မဟတ္တမဂန္ဒီ]
“၁၉၃၆ ခုနှစ် ရွေးကောက်ပွဲကြီးအပြီးမှာ ကျုပ်က ကွန်ဂရက်အဖွဲ့ဝင်တွေကို ခင်ဗျားတို့အားလုံး ခလီဖွာကြီးအုမရ်ရဲ့ စံနမူနာကိုယူကြသူဟာ တမန်တော်မြတ်မုဟမ္မဒ်ရဲ့ စံနမူနာကို ဖ၀ါးထပ်ချပ်မကွာလိုက်တဲ့သူပဲ။ ဒီတော့မှ ခင်ဗျားတို့ဟာ ပြည်သူတွေရဲ့အကျိုးကို ကောင်းကောင်းထမ်းရွက်ပေးနိုင်ကြမှာဖြစ်တယ်လို့ခေါ်ပြီးပြောခဲ့တယ်။”
[၁၉၇၆ ခုနှစ်၊ အောက်တိုဘာ၊ Freedom စာစဉ်မှ မဟတ္တမဂန္ဒီကြီး၏ အဆိုအမိန့်]
“တမန်တော်မုဟမ္မဒ်ဟာ တကယ်ပဲ ကမ္ဘာ့လူသားထုကြီးရဲ့ ခေါင်းဆောင်ကြီးပါ။ အာရဗ်အမျိုးသားတွေအကြားမှာ သွေးစည်းညီညွတ်ရေးကို သူကဟောကြားတင်ပြခဲ့ပါသည်။ ဒီအာရဗ်တွေဟာ အလျင်တုန်းကဆို သိပ်ပြီး အာဃာတကြီးမားလွန်းကြတယ်။ သွေးချောင်းစီးစစ်ပွဲတွေကို ဆင်နွှဲခဲ့ကြတယ်။ အဲ့ဒီလိုနိမ့်ကျနေတဲ့ သူတို့တစ်တွေကို သူက လူအဖြစ်မြှင့်တင်ပေးခဲ့တယ်။ ခဏတာအချိန်ကလေးအတွင်းမှာပဲ သူ့ရဲ့နောက်လိုက်တွေဟာ ကမ္ဘာတစ်ဝက်ကို အောင်နိုင်သွားခဲ့ကြတယ်။ ဒီပုဂ္ဂိုလ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ သူတို့ရရှိခဲ့တဲ့ စည်းကမ်းကလနားက အံ့သြစရာပါပဲ။ သူတို့တစ်တွေဟာ မိမိရဲ့ခေါင်းဆောင်ကြီးကတစ်ဆင့် သွန်သင်မှုကို ရရှိခဲ့ကြတဲ့ သူတို့တစ်တွေဟာ တကယ့်စစ်သည်တော်ကြီးတွေဖြစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာ ပေါ်ခဲလှတဲ့ သံမဏိစိတ်ဓာတ်ရှင် တိုက်ပွဲကျော်တွေပါပဲ။
၁၅နှစ်တာကာလအတွင်းမှာပဲ ဒီသဲကန္တာရသားပျိုရဲ့ အံ့မခန်းစွမ်းဆောင်နိုင်မှုစွမ်းပကားကို ကျုပ်အတော်ပဲ အံ့သြမိပါရဲ့ဗျာ။
ဒီကြီးကဲတဲ့ပုဂ္ဂိုလ်ကြီးကို ကျုပ်အလေးထား ဂါရ၀ပြုပါတယ်။ သူ့ရဲ့နှလုံးသားနဲ့ ဦးနှောက်အရည်အချင်းတွေကိုပါ ကျုပ်က တလေးတစား ဂါရ၀ပြုမိပါတယ်ဟု ပြင်သစ်စစ်ဗိုလ်ကြီး နပိုလီယံက ပြောကြားခဲ့ပါတယ်။” [Lancelo Tlauston ၏ The sphere စာအုပ်၊ ၁၉၂၈ ခုနှစ်]
“လူ့သမိုင်းဝယ် တမန်တော်မုဟမ္မဒ်က လွှမ်းခြုံထားသော ထိရောက်သော သြဇာအာဏာအဟုန်ကို တစ်စုံတစ်ဦးအနေနှင့် မည်သို့တန်ဖိုးဖြတ်ယူနိုင်မည်နည်း။” [မိုက်ကယ်အိပ်ခ်ျဟာတ်၏ The 100: The most Influential Persons in History]
“လူသားအားလုံးအနက် မုဟမ္မဒ်(ဆွ)သည်သာလျှင် လူသားနွယ်တစ်ရပ်လုံးအပေါ်တွင် အကြီးအကဲဆုံးသြဇာလွှမ်းမိုးသူဖြစ်သတည်း။ [ဒရက်ပါး]
“လူ့ယဉ်ကျေးမှုအတွက် ဖြည့်စွမ်းပေးခဲ့သော မုဟမ္မဒ်(ဆွ)၏ မဟာစွမ်းဆောင်ချက်ကြီးကို မည်သို့ပင်တိုင်းတာစေကာမူ သမိုင်း၏ ထူးကဲပြောင်မြောက်သော စွမ်းဆောင်ချက်ကြီးအဖြစ် ကျန်ရှိနေပေသည်။” [လားလ်လာ အိပ်(ချ)ဒါယလို၊ အမ်အေပီ၊ အိပ်(ချ)ဒီ]
ဆင်နွှဲခဲ့သောစစ်ပွဲများ
ဗြိတိသျှစွမ်စုံကျမ်းကို စီစဉ်သူများက “ဗဒရ်စစ်ပွဲမှာ မွတ်စလင်မ်တို့ မေ့ပျောက်မရကောင်းသော စစ်ပွဲများအနက် အထူးခြားဆုံးသော စစ်ပွဲဖြစ်သည်သာမက သမိုင်းအရလည်း အမှန်တကယ်ပင် အရေးကြီးလှပေသည်။ ဤစစ်ပွဲက တမန်တော်မြတ်၏ အခြေအနေကို များစွာပင်ခိုင်မာတောင့်တင်းမှုရှိသွားစေခဲ့သည်။ ဤအခါမှစပြီး မဒီနာတွင် တမန်တော်မြတ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖို့အရေးက ခဲယဉ်းသွားခဲ့ရသည်။ သူ့သြဇာကိုခံပါက အသတ်ခံရမည်ဟု ခြိမ်းခြောက်ရုံသာမက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံ၊ သတ်ဖြတ်ခံရသူတို့၏ မိသားစုဝင်များမှာ သူ၏အယူဝါဒကို ယခုအခါ ရဲရဲဝံ့ဝံ့ပင် လက်ခံရဲလာကြသည်။ သူ့အနေနှင့် ဂျူးတို့၏ အုပ်ချုပ်ရေးသြဇာအဟုန်ကိုလည်း ချိုးဖျက်နိုင်ခြေရှိလာခဲ့သည်။ [ဗြိတိသျှစွမ်စုံကျမ်း၊ အင်ဆိုက်ကလိုပေဒီးယား၊ ဗြိတိန္နိက၊ အတွဲ (၁၆)၊ န၀မအကြိမ်၊ စာ-၅၅၅]
လက်နက်အင်အားအပေါ် ယုံကြည်သူဟု စွပ်စွဲခံရသူ တမန်တော်ကြီးကမူ သူကွယ်လွန်သည့်တိုင် ကျဆုံးမသွားရုံသာမက ကမ္ဘာ့လူသားအမျိုးမျိုးက ကြည်ညိုယုံကြည်ခဲ့ရသည့် နှစ်ပေါင်း ၁၃၀၀ ထိတိုင် အဓွန့်ရှည်မပျက်ရှိနေသော အယူဝါဒကြီးကို လမ်းညွှန်ပေးသွားနိုင်ခဲ့သည်။ ဤအယူဝင်တို့ကို နေ့စဉ်တိုးသထက်တိုးပြီး များပြားမပျက်ရှိနေအောင်လည်း စွမ်းဆောင်သွားနိုင်ခဲ့သည်။ အာဏာကို လက်ကိုင်ထားသည့် တစ်လမ်းသွားများအနေဖြင့် ဤသို့ နောင်လာနောက်သားအစဉ်အဆက်ကို သြဇာလွှမ်းမိုင်းနိုင်ခြင်း မရှိကြပေ။ ပုဂ္ဂိုလ်ရေးအရ ဆွဲဆောင်မှုဖြင့် နောင်လာနောက်သား သားစဉ်မြေးဆက်များအားသြဇာခံအဖြသ် မသိမ်းသွင်းနိုင်ကြပေ။ မုဟမ္မဒ်သခင်ကမူ သူကွယ်လွန်သွားလင့်ကစားလည်း သြဇာသက်ရောက်အောင်နိုင်ခြင်းတကာတို့တွင် ဥဒါန်းတွင် မဆုံးရှိနေရလောက်အောင် အထူးခြားဆုံး သြဇာအာဏာသက်ရောက်နိုင်မှုတစ်ရပ်ကို အထင်အရှား ပေါ်ပေါက်စေခဲ့သည်ကိုကား ကမ္ဘာကြီးက မျက်ဝါးထင်ထင် တွေ့မြင်နေကြရပေသည်မဟုတ်ပါလော။ [ဆဲလ၀င်းဂါနီး အမ်ဒီနှင့် ဒေါ်ရိုသီရှော့တို့၏ ရီးဒင်းဖရော(မ်)ဝေါ့လ်(ဒ)ရီလေးဂျင်း၊ စာ-၂၅၄]
တမန်တော်မြတ်အစစ်အမှန်
မုဟမ္မဒ်သည်ား အစမှသည် ကွယ်လွန်ချိန်ထိတိုင် တမန်တော်ဟုသာလျှင် မိမိကိုယ်ကို ကျူးရင့်ခဲ့သည်။ ဤသည်ကား အမြင့်မားဆုံးဒဿနပင်။ တစ်နေ့ အစစ်မှန်ဆုံး အီဆာအီအဖြစ် ထင်ပေါ်လာစရာလည်းဖြစ်၏။ ကျွန်ုပ်အနေနှင့် ရဲရဲဝံ့ဝံ့ယုံကြည်သည်က သူဆိုခဲ့သည့်အတိုင်း သူသည် တမန်တော်တစ်ပါးအမှန်ဖြစ်ခြင်းကိုပင်။ သူသည် ထာဝရအရှင်၏ တမန်တော်ဧကန်စင်စစ် ဖြစ်ပါချေ၏။
[အရ်-ဘော့စ၀ါသ် စမစ်(သ)၏ မုဟမ္မဒ်နှင့် မုဟမ္မဒ်ဝါဒကျမ်း၊ စာ-၃၀၆]
[အရ်-ဘော့စ၀ါသ် စမစ်(သ)၏ မုဟမ္မဒ်နှင့် မုဟမ္မဒ်ဝါဒကျမ်း၊ စာ-၃၀၆]
“ကျွန်ုပ်သည် မုဟမ္မဒ်သခင်၏ မြင့်မြတ်၍ စံနမူနူယူလောက်သော သက်တမ်းရာဇ၀င်ကို လောကဓာတ်အမြင်ဖြင့် သုံးသပ်မိပါသည်။ ဤသို့ သုံးသပ်ရာတွင် မုဟမ္မဒ်သခင်သည် တမန်တော်အစစ်အမှန်ဖြစ်ကြောင်း တွေ့ရသည်။” [ရုရှားပညာရှိကြီး ဆန်တယ်လ်စတိလ်]
“ပရောဖက်မုဟမ္မဒ်သည် ဧကန်မုချထာဝရဘုရားရှင်၏ တမန်တော်ဖြစ်သည်။ ကျွန်တော်တစ်ချိန်က ပရောဖက်အား အထင်မှား၍ စွပ်စွဲခဲ့သည်များကို ယခု ၀န်ချတောင်းပန်ပါသည်။ ဤကမ္ဘာပေါ်မှာ မည်သူမျှ ဤပုဂ္ဂိုလ်၏ မြင့်မြတ်သောစိတ်ပေါ်မှာ အမဲကွက်လေးတစ်ခုပင် (၀ါ) ချို့ယွင်းချက်ကလေးတစ်ခုပင် မမြင်နိုင်ကြောင်း ကျွန်တော် ကြေငြာပါသည်။” [မစ္စတာ ဘိအက်စ်ကာရှာလီယားအမြင်]
Muhammad was a Prophet Not a Theologian Maurice Gaudetroy opines
“Muhammad was a prophet, not a theologian, a fact so evident that one is loath to state it. The men who surrounded him and constituted the influential elite of the primitive muslim community, contended themselves with obeying the law that he had proclaimed in the name of Allah and with following his teaching and example. They had a simple, robust faith that was satisfied with a small number of formulas and few rites.” (Demombynes, Muslim Institutions, London 1950, p-20)

တမန်တော်မြတ်၏ “မုအ်ဂျေဇာ” တန်ခိုးတော်များ
“မုဟမ္မဒ်သည်ကား အစဉ်သဖြင့်လိုလိုပင် မိမိတွင် အံ့ဖွယ်များကို ပြနိုင်စွမ်းရှိသည်ဟု ကြွေးကြော်ခဲ့ခြင်းမရှိခဲ့ချေ။ မိမိကား အလ္လာဟ်အရှင်၏ တမန်တော်တစ်ပါး၊ သတိပေးဆိုဆုံးမသူတစ်ဦးနှင့် အလ္လာဟ်အရှင်၏ အလိုတော်ကို လူသားတို့နှင့် ဆက်ပေးရာ တစ်ခုသာ ယင်းထက်ပို၍ထူးသော ဂုဏ်အင်မရှိပါဟု ဆိုခဲ့လေသည်။ ဤရိုးသားသော အပြုအမှုက သူ့အား အကောင်းဆုံး အမွှမ်းတင်ပေးထားသည်။ မိမိတရား၏ကောင်းခြင်းကို မှီတည်ပြီးသာ ရပ်တည်ခဲ့သူလည်းဖြစ်သည်။
သူ၏ အယူဝါဒမှန်ကန်ကြောင်းကို သက်သေထူသည့်အနေနှင့် အံ့ဖွယ်တစ်ခုကိုပြပါဆိုတိုင်း စာပေသင်ကြားခြင်းမရှိခဲ့သည့် သူ့ထံကျခဲ့သည့် ကုရ်အာန်ကိုသာ ပြညွှန်လေ့ရှိသည်။ ဤသည်ပင် အကြီးကဲဆုံးသော အံ့ဖွယ်ပါဟုလည်း ဆိုလေ့ရှိသည်။ ဤကျမ်းကိုမှ ယုံကြည်ခြင်းရှိလျှင်ဆိုလျှင်မူ မည်မျှကြီးကဲသော အံ့ဖွယ်လက္ခဏာကို ပြလင့်ကစားလည်း သူတို့၏ ယုံကြည်ချက်အား ပြောင်းလဲနိုင်စွမ်းပြုနိုင်မည်မဟုတ်ပါဟု ဆန့်ကျင်သူများအား အခိုင်အမာဆိုခဲ့သည်။”
[Islam and its founder, First Published 1929]

တမန်တော်မြတ်၏ လမ်းညွှန်ချက်
“မုဟမ္မဒ်ဟာ ကဗျာဆရာလည်းမဟုတ်၊ ပြုစားတတ်သူတစ်ဦးလည်း မဟုတ်ဘူးဆိုတာကို လူတိုင်းရဲ့အသိဥာဏ်က အထင်အလင်းကြီးသိနေကြပါပြီ။ သူဆိုသမျှ၊ မိန့်သမျှဟာ စကြ၀ဠာခပ်သိမ်းရဲ့အရှင်သခင်ရဲ့အာယတ်တော်များသာဖြစ်ပါတယ်။ အသိဥာဏ်ရှိတဲ့သူမှန်လျှင် သူ့ကို လိုက်နာကြမှာပဲ။” [ကုရိုက်စစ်သည်များ၏ စစ်ဦးစီး ခါလိဗ်ဗင်ဝလီဒ်]
“မုဟမ္မဒ်သခင်ဖြန့်ချိခဲ့သည့် အစ္စလာမ်သာသနာသည် ရက်အနည်းငယ်အတွင်း ယခုကဲ့သို့ ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့သွားသည်မှာ အစ္စလာမ်သာသနာတွင် ပါရှိသမျှသောအချက်များကို မိမိတို့၏အသိဥာဏ်ဖြင့် လုံးဝလက်ခံနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။” [ကမ္ဘာကျော်စာရေးဆရာကြီး မစ္စတာဆေး]
ရှဖာအတ်ပေးမည့်တမန်တော်
“သူ၏သြ၀ါဒစကားရပ်များကို မျိုးဆက်သစ်များစွာ အစဉ်အဆက်ယုံကြည်ချက်ထားပြီး ဘ၀၏ လမ်းညွှန်ချက်အဖြစ်နှင့်သာမက တမလွန်အတွက် လိုက်နာအပ်ရာများအဖြစ်ပါ စံထားနေကြရသည်အထိ စိုးမိုးမင်းမူနိုင်ခဲ့သည်။ ၀တ်ကျောင်းတော်ပေါင်း ထောင်သောင်းများစွာမှ သူ့အပေါ် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ကြီးအဖြစ်လည်းကောင်း၊ နောက်ဆုံးတမန်တော်ကြီးအဖြစ်လည်းကောင်း၊ မိမိတို့အတွက် အနန္တဂရုဏာတော်ရှင် အလ္လာဟ်ရှင်ထံပါးဝယ် အသနားခံချွတ်ကယ်ပေးမည့်သူအဖြစ် ခံယူပြီး မေတ္တာပို့ ခွန်းဆက်သံက ဘ၀ဂ်ထိတိုင် ဟိန်းနေပေသည်။
[Islam and its founder by J.W.H-stobert- စာ-၂၂၈]
[Islam and its founder by J.W.H-stobert- စာ-၂၂၈]
အလင်းရောင်ရှင်တမန်သခင်
“ကမ္ဘာတည်စကတည်းက သဲကန္တာရအလယ်တွင် ခြေသလုံးအိမ်တိုင်ဘ၀ဖြင့် ကျင်လည်နေခဲ့ကြသော သနားဖွယ်ရာ သိုးကျောင်းသား အာရဗ်ကျေးတောသားများကို မည်သူကမျှ အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။ ယင်းတို့အလယ်၌ တမန်တော်တစ်ပါးပွင့်ပေါ်လာခဲ့ပြီး တစ်ခွန်းတည်းသောတစကား (ကလီမာ)ကို ယုံကြည်ကြရန် ညွှန်ကြားခဲ့သည်မှစပြီး ကမ္ဘာကတစ်ချိန်က လစ်လျူရှုခြင်းခံခဲ့ရသည့် လူသားများမှာ ကမ္ဘာက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခြင်းခံရသည့်လူသားများ ဖြစ်လာခဲ့၏။ တစ်ရာစုအတွင်းဝယ် အာရေဗျသည် ဂရီနေဒါမှသည် အခြားတစ်ဘက်တွင် ဒေလီထိတိုင် ရဲစွမ်းသတ္တိနှင့် ခမ်းနားမှုအရာ၌ သူမတူအောင် အရောင်အ၀ါထွန်းတောက်လာခဲ့ရ၏။ အာရေဗျမှ လင်းရောင်ခြည်မှာ ကမ္ဘာကြီး၏ ဒေသများစွာကိုပင် ကာလကြာရှည်စွာ လင်းဝင်းစေခဲ့သည်။” [သောမတ်စ် ကာလိုင်း၏ သည်ဟီးရိုး(စ်)]
- ၂၀၀၀-ခုနှစ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စာတမ်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် စာမူမှ ပြန်လည် ကောက်နှုတ်တင်ပြပါသည်။
No comments:
Post a Comment