MMSY ၃-နှစ်ပြည့်မွေးနေ့ တောင်ကြီး မန်ဘာတွေ့ဆုံပွဲသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရလေးပေါ့ …
တောင်ကြီးမန်ဘာတွေ့ဆုံပွဲ ရှိတယ်ဆိုတော့ တအားသွားချင်ခဲ့တယ်။ ဒါနဲ့ပဲ တောင်ကြီးကိုရောက်အောင် သွားခဲ့တယ်။ ၃၀-ရက်နေ့ညနေ (၇း၀၀)နာရီကားနဲ့ မန္တလေးကနေ တောင်ကြီးကို ကားနဲ့သွားခဲ့တယ်။ အဲကွန်းကားဆိုတော့ တော်တော်လေးအေးတယ်။ အောင်ပန်းရောက်လို့ ကားပေါ်က ခဏဆင်းတာနဲ့ အအေးဒဏ်ကို တော်တော်လေးခံလိုက်ရတယ်။ ချမ်းလွန်းလို့ ခုန်နေရတယ်။
အဲဒီကနေ ဆက်သွားတော့ တောင်ကြီးကို မနက် ၅း၀၀ နာရီလောက်မှာ ရောက်သွားတယ်။ တောင်ကြီးမှာလည်း ကားပေါ်ကဆင်းဆင်းချင်း ခုန်နေရတယ် ချမ်းလွန်းလို့လေ။ အဲဒီကနေ တည်းတဲ့နေရာကို ရောက်တော့ ကိုလတ်လာခေါ်မယ့်အချိန်က လိုသေးတာကြောင့် ခဏနားရင်း အိပ်ပျော်သွားခဲ့တယ်။ နောက် ၈း၃၀ လောက်မှာ ကိုလတ်လာခေါ်တယ် ယာဆင်းနဲ့အတူတူ။ မန်ဘာတွေ စုရပ်နေရာကို သွားကြတယ်။ ကိုလတ်က ကျွန်တော့်ကို ကားရှေ့ခန်းမှာထိုင်ဖို့ပြောတယ်။ ကျွန်တော်က ရှေ့ခန်းကထိုင်ရင် အသက်ကြီးလို့ထိုင်နေမှန်းသိကုန်လိမ့်မယ် မထိုင်ဘူး နောက်မှာပဲထိုင်မယ်ဆိုတော့ အသက်ကြီးတဲ့ မန်းတလေးက အဘတစ်ယောက် ရှေ့ခန်းမှာ သွားထိုင်ရတော့တယ်။
စုရပ်ရောက်တော့ တောင်ကြီးက မောင်နှမတွေရဲ့ နွေးထွေးဖော်ရွေတဲ့ခင်မင်မှုကြောင့် စိတ်ထဲမှာ ကြည်နူးဝမ်းသာမိတယ်။ အားလုံးစုံကြတော့ ကားတစ်စီးရယ် ဆိုင်ကယ်(၄)စီးရယ်နဲ့စုပြီး အေးသာယာဂေါက်ကွင်းကို သွားကြတယ်။ အားလုံး (၂၈)ယောက်။ အဲ ပထမ တည်းတဲ့နေရာကနေ စုရပ်ကို သွားကြတော့ ကားက မိုးကာကို တစ်ခြမ်းဖွင့်ထားတယ်။ လေတိုက်တော့ ကျွန်တော်က တအားအေးတာပဲဆိုတာနဲ့ ဂေါက်ကွင်းကို သွားကြတော့ မိုးကာကို နှစ်ဖက်လုံး ပိတ်ပေးကြတယ်။ မိန်းကလေးတွေက ကားထဲမှာထိုင်ပြီး ယောက်ျားလေးတစ်ချို့ ကားထဲမှာ ကားနောက်မှာ ပိတ်ထိုင်ကြတယ်။ အဲဒီမှာ အလုံပိတ်ထားသလိုဖြစ်ပြီး လေမ၀င်တော့ ကျွန်တော် ခေါင်းတော်တော်လေးမူးလာတယ်။ ညက ကားစီးလာတော့ မအိပ်လိုက်ရတဲ့ အရှိန်လည်းပါမယ်ထင်တယ်။
အေးသာယာဂေါက်ကွင်းရောက်တော့ စပြီး မိတ်ဆက်ကြတဲ့အချိန်မှာ ကျွန်တော် အမူးမပြေသေးဘူး။ ကိုလတ်ကလည်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုပဲ “မ၀ိုင်းကစပြော၊ မ၀ိုင်းကစရေး၊ မ၀ိုင်းက စရွေး၊ မ၀ိုင်းကစ”ဆိုတာချည်းပဲ။ (အဲဒီအတွက် ကိုလတ်ကို တော်တော်လေးထုချင်တယ်။ ကျွန်တော့်ကို အသက်ကြီးမှန်း အားလုံးသိအောင် နေရာတကာ ဦးစားပေးနေလို့ … :P :P) ကျွန်တော်လည်း စပြီး မိတ်ဆက်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း မိတ်ဆက်သွားကြတဲ့အားလုံးကို ကျွန်တော် မမှတ်မိလိုက်ဘူး။ အဲဒီနောက် ဂိမ်းကစားကြတယ်။ အဖွဲ့ခွဲပြီး ဥာဏ်စမ်းမေးခွန်းတွေဖြေကြတယ်။ ပထမရတဲ့ အဖွဲ့ကို ဆုငွေတစ်သောင်း ဆုချတယ်။ နောက် တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပစ္စည်းလဲကြတယ်။ အဲဒါလည်း ကိုလတ်က ကျွန်တော်တို့ကို ကြိုမပြောတော့ မန္တလေးအဖွဲ့က လက်ဆောင်တွေ မပါကြဘူး။ အဲဒါကိုလည်း မရဘူး လက်ဆောင်လဲရမယ် အခုမပါရင် အကြွေးဆိုတော့ ကျွန်တော်တို့လည်း လက်ဆောင်လဲဖို့ မဲနှိုက်ရတာပေါ့။
ခုနက ပြောသလိုပဲ ကျွန်တော်ပဲ အရင်ဦးဆုံး စရတာပေါ့။ ဖြစ်ချင်တော့ ကျွန်တော်နဲ့လက်ဆောင်လဲရမယ့် မဲပိုင်ရှင်က အဘစွာတဲ့။ ကျွန်တော်က အဘစွာနဲ့ မလဲချင်ဘူး။ သူ့ဆီကဆို ကျွန်တော် အဲဒီအကြွေးရဖို့မလွယ်တော့ဘူး။ ဒါကြောင့် သူနဲ့ မလဲဘူးဆိုတော့ တစ်ခါပြန်ပြီးမဲနှိုက်ရတယ်။ ဒီတစ်ခါ ပြန်ပြီးမဲနှိုက်တော့ မဲလိပ်ပိုင်ရှင်က တောင်ကြီးက။ သူ့ဆီက လက်ဆောင်ကိုတော့ လက်ငင်းယူခဲ့ပြီး ကျွန်တော်ပေးရမှာတော့ အကြွေးချန်ခဲ့တယ်။ အဲလိုပဲ ကျန်တဲ့ မန်းတလေးမန်ဘာတွေလည်း မန်းတလေးအချင်းချင်းကျရင် ပြန်ပြီးမဲနှိုက်ရတယ်။ ဒီတော့ မန်းတလေးမန်ဘာတွေက လက်ဆောင်လေးတွေကိုင်ပြီး ခရီးဆက်နိုင်ပေမယ့် တောင်ကြီးကမန်ဘာတွေကတော့ လက်ဆောင်အကြွေးနဲ့ပဲ ခရီးဆက်ကြရတယ်။ နောက် ဂေါက်ကွင်းမှာ ဓါတ်ပုံစုရိုက်ကြတယ်။
ဂေါက်ကွင်းက ပြန်ပြီး အင်းလေးကို ခရီးဆက်ကြတယ်။ အင်းလေးကို စက်လှေနှစ်စီးနဲ့သွားကြတယ်။ တောင်ကြီးမန်းလေး လူမျှပြီး စက်လှေနှစ်စီး မဲခွဲတော့ ကျွန်တော်နဲ့ ကြယ်စင်ချိုက စက်လှေတစ်စီး ကျန်သူတွေက စက်လှေတစ်စီး။ ကျွန်တော်လည်း စက်လှေပေါ်ရောက်မှ တစ်ယောက်ချင်းစီကို သိအောင် ပြန်မိတ်ဆက်ရတယ်။ ကျွန်တော်တို့လှေပေါ်မှာ တောင်ကြီးအဖွဲ့က ဂီတာတီးပြီး သီချင်းဆိုကြတယ်။ သူတို့တွေက ခင်လည်းခင်တတ်တယ်။ ရီစရာတွေလည်း တအားပြောတော့။ ခဏလေးအတွင်းမှာပဲ ဟိုးအရင်က သိကျွမ်းခဲ့ကြတဲ့သူငယ်ချင်းတွေလို ဖြစ်သွားတယ်။ လမ်းတစ်လျှောက်မှာ ဇင်ယော်လေးတွေက လှေပေါ်မှာဝဲပြီး ပျံလိုက်လာကြတဲ့ မြင်ကွင်းလေးက အရမ်းကို ကြည်နူးပြီးချစ်စရာကောင်းတယ်။ အဲဒီမြင်ကွင်းလေးတွေကိုလည်း ဓါတ်ပုံရိုက် movie ဆွဲတယ်။ ဇင်ယော်တွေကိုမြင်တော့ ကျွန်တော်တို့ရဲဘော်ကြီး ကိုဇင်ယော်ကို သတိရမိတယ်။ နောက် အင်းလေးထဲရောက်တော့ ထမင်းစုပြီးစားကြတယ်။ လျှောက်ကြည့်ကြတယ်။ ဓါတ်ပုံတွေ ရိုက်ကြတယ်။ နောက် ရိုးရာပစ္စည်းလေးတွေရောင်းတဲ့ ရေပေါ်က ဆိုင်လေးကိုသွားကြတယ်။ လျှောက်ကြည့်ကြတယ်။ မှတ်မှတ်ယယ ပဒေါင်ရုပ်ထုလေးတစ်ခု ၀ယ်လာခဲ့တယ်။
အဲဒီကနေ ထွက်လာတော့ညနေ ၃း၃၀ နာရီကျော်ပြီ။ ကိုလတ်က ဘယ်သွားချင်သေးလဲမေးပေမယ့် အားလုံးကို အားနာတာကြောင့် မသွားတော့ဘူး ဆိုပြီး အင်းလေးကနေ ပြန်လာကြတယ်။ တောင်ကြီး ပြန်ရောက်တော့ ကိုလတ်က အားလုံးကို တစ်ယောက်ချင်းစီ ပြန်လိုက်ပို့ပေးတယ်။ ကျွန်တော်တို့ကိုတော့ နောက်ဆုံးမှ ပို့တယ်။ ကျွန်တော်တို့လည်း တောင်ကြီးတစ်မြို့လုံး အနှံ့ရောက်ဖူးသွားတာပေါ့။ ညပိုင်း တောင်ကြီးညဈေးတန်းဘက် လျှောက်လည်ကြတယ်။ အဲဒီမှာပဲ လက်ဆောင်အကြွေးပေးရမယ့်သူတွေအတွက် လက်ဆောင်တွေဝယ်ကြတယ်။
နောက်ရက်မှာတော့ ကျွန်တော်တို့အဖွဲ့ တောင်ကြီးဈေးထဲကို လျှောက်လည်ပြီး လျှောက်ကြည့်ကြတယ်။ ၀ယ်ချင်တာတွေ လျှောက်ဝယ်ကြတယ်။ နေ့လည်ပိုင်းမှာ တဂျီးအစ်မနဲ့ဆုံဖြစ်တယ်။ ကိုလတ်တို့လည်းရောက်လာပြီး ညနေ ၆-နာရီလောက် လာခေါ်မယ်။ လျှောက်လည်ကြမယ်ဆိုတော့ ဘာပြောကောင်းမလဲ လည်တာပေါ့။ တောင်ကြီးမြို့ထဲ ရှုခင်းကောင်းတဲ့နေရာတွေ လျှောက်သွားတယ်။ အဲဒီကနေ ၀ါးတီးသွားဖွင့်ကြတယ်။ ၀ါးတီးဖွင့်နေတုန်း ယာဆင်းက သီချင်းဆိုပွဲရှိတယ် ကြည့်ချင်လားလို့မေးတော့ ကိုလတ်ကလည်း ကြည့်ချင်လားလို့မေးတာနဲ့ မိုက်ခဲအဖွဲ့ ၀ါသနာပါပြီးသားပဲဆိုတာနဲ့ အားလုံး သီချင်းဆိုပွဲနေရာကို ချီတက်ကြတယ်။ ကျွန်တော်ပြောတယ် ကိုလတ်ရယ် သီချင်းဆိုပြဦးတော့ ဒီပေါ်မှာဆိုပြမယ်တဲ့။ ကျွန်တော်က ကိုလတ်ကတော့ နောက်ပြီလို့။ အဲလိုနဲ့ ဆက်ကြည့်နေကြတုန်း သီချင်းဆိုဖို့ အလှည့်ကျသူက ကိုလတ် ဆိုတော့ ကျွန်တော်တို့ အံ့သြသွားကြတယ်။ ငါတို့ကို ကြိုလည်းမပြောဘူးဆိုပြီ။ အဘစွာက ကိုလတ်ကို ပန်းကုံးစွပ်လိုက်ဦးလို့ပြောပြီး ကိုလတ်နောက်အပြေးလိုက်ပြီး movie ဆွဲတော့တာပေါ့။ ကျွန်တော်လည်း ကိုလတ်ရဲ့ဆိုသံရယ်၊ သီချင်းရယ်မှာ စီးမြောသွားပြီး ပန်းကုံးစွပ်မယ့်အစီအစဉ်မေ့သွားတယ်။ အဲဒီပွဲပြီးတော့မှ ကိုလတ်နဲ့ယာဆင်းက ကျွန်တော်တို့တွေကို တည်းတဲ့နေရာလိုက်ပို့ပြီး ပြန်သွားတယ်။
နောက်နေ့မနက်ကို တောင်ကြီးတက္ကသိုလ်ကို သွားလည်မယ်လို့ အစီအစဉ်ဆွဲခဲ့တယ်။ ၃၁-ရက်ညဆိုတော့ new year ညပေါ့။ မအိပ်ကြနဲ့ဦးဆိုပြီး သူငယ်ချင်း ၃-ယောက်က လ္ဘက်သုတ်ရယ် မုန့်တွေ၊ အကင်တွေသွားဝယ်လာတယ်။ ကျွန်တော်တို့ ၇-ယောက် စုပြီး TV ထိုင်ကြည့်ရင်း မုန့်တွေစားကြ စကားတွေပြောကြနဲ့ ၁၂-နာရီတိတိမှာ Happy new year ဆိုတဲ့ အသံက တောင်ကြီးတစ်မြို့လုံး ဟိန်းနေအောင် ပေါ်ထွက်လာတယ်။ မီးရှူးမီးပန်းတွေ ဖောက်ကြ သီချင်းတွေ အော်ဆိုကြနဲ့ အသံတွေကို ဆူညံနေတော့တာပဲ။ ကျွန်တော်တို့လည်းဝရန်တာထွက်ပြီး ကြည့်ကြတယ်။ တောင်ကြီးမြို့ရဲ့ New Year ညကတော့ အမှတ်တရတစ်ခုပါပဲ။ နောက်တစ်ရက်မှာတော့ တောင်ကြီးတက္ကသိုလ်ကို သွားလည်ကြတယ်။ ကိုလတ်က လိုက်ပို့မယ်ပြောထားပေမယ့် သူအလုပ်ကိစ္စတစ်ခုပေါ်လာတာကြောင့် ကျွန်တော်တို့ လိုင်းကားစီးသွားကြတယ်။ လိုင်းကားမှာ ယာဉ်နောက်လိုက်မပါဘူး ယာဉ်မောင်းကပဲ ပိုက်ဆံကောက်။ အဲဒီမှာ အဘစွာက ဂွင်တွေ့သွားတာပဲ သူက ယာဉ်နောက်လိုက်လုပ်လိုက်တယ်။ ဟိဟိ သူ့ကို လိုင်းကားခပိုက်ပိုက်လာပေးတဲ့သူက ပေးတယ်။
တောင်ကြီး တက္ကသိုလ်ထဲရောက်တော့လည်း မန်းတလေး ရတနာပုံ တက္ကသိုလ်နဲ့ ကွာခြားတာတွေ အများကြီးပဲတွေ့ရတယ်။ တက္ကသိုလ်ထဲ လျှောက်ပတ်ပြီးတော့ ကင်တင်းန်မှာ ထိုင်ကြတယ်။ အဲဒီနောက် တက္ကသိုလ်က ပြန်လာတော့ တောင်ကြီးဈေးဘက်ကို တစ်ခေါက် ထပ်သွားကြတယ်။ တည်းခိုတဲ့နေရာရောက်တော့ တဂျီးအစ်မက ခေါပုတ်လက်ဆောင်သွားပေးသွားတယ်တဲ့လေ။ ကျေးဇူးတင်မိတယ်။ နေ့လည်ပိုင်းမှာ CD-OK သွားဆိုကြဖို့ ကိုလတ်နဲ့ပြောထားကြတော့ ကိုလတ်လာခေါ်တာနဲ့ သီချင်းဆိုဖို့ ချီတက်ကြတယ်။ ဆိုင်ရောက်တော့ ကိုယ်တွေအလှည့်မရောက်နိုင်သေးဘူးဆိုတာနဲ့ ကိုလတ်က ရှုခင်းကောင်းတွေ ဓါတ်ပုံသွားရိုက်ကြမယ်ဆိုတော့ ချီတက်ကြပြန်ရော။ အဲဒီကနေပြန်လာပြီး CD ဆိုင် ပြန်ဝင်ပြီးတော့ ဘာပြောကောင်းမလဲ ဟဲကြတော့တာပေါ့။ ကျွန်တော်တို့ရဲ့ rocker ကိုလတ်က အဆိုတော်တယ်ဗျ။ ထိုင်းသီချင်းရော၊ အင်္ဂလိပ်သီချင်းရော၊ မြန်မာသီချင်းရောပဲ။ အဲဒီနောက် တောင်ကြီးသား ယာဆင်းနဲ့ မန္တလေးက မိုက်ခဲအဖွဲ့ကလည်း ဟဲတာပဲ။ သီချင်းဆိုပြီးကတော့ ကျွန်တော်တို့ ကားဂိတ်ဆင်းရမယ့်အချိန်နီးလာပြီလေ။ ကိုလတ်က ကျွန်တော်တို့ကို ပြန်လိုက်ပို့ပေးတယ်။ အခုနေများ တစ်ယောက်ယောက် လာခေါ်ရင် မန္တလေး မပြန်ပဲနေခဲ့ဦးမယ်ဆိုတဲ့ အဘကလည်း ရှိသေးတယ်။ ကျွန်တော်တို့လည်း သူ့ကို ဘယ်သူမှ မတားဘူး နေခဲ့လို့ ၀ိုင်းပြီး သြဘာပေးကြတယ်။
အဲဒီကနေ ကားဂိတ်ဆင်းပြီး တောင်ကြီးကို တာ့တာလုပ်ပြီး မန္တလေးကို ပြန်လာခဲ့ရတယ်။ တောင်ကြီးမန်ဘာတွေ့ဆုံပွဲမှာ ဆုံတွေ့ခဲ့ရတဲ့ မောင်နှမတွေအားလုံးက ကျွန်တော့်အတွက် ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရတွေပါပဲ။
အစစအရာရာအားလုံးအဆင်ပြေချောမွေ့အောင် ချစ်ခင်ရင်းနှီးခင်မင်စွာနဲ့ ဦးဆောင်ပေးခဲ့ ကိုလတ်နဲ့ အတူတူလိုက်ပို့ပေးခဲ့ ယာဆင်းရယ် ရင်းနှီးဖော်ရွေစွာခင်မင်ခဲ့ကြတဲ့ တောင်ကြီးမောင်နှမအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
ဒီနေ့မနက်ပဲ တောင်ကြီးကပြန်ရောက်တယ်။
လွမ်းတော့ လွမ်းမိသား တောင်ကြီးမြို့ရေ ………….
January 2, 2010

No comments:
Post a Comment