ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ (အပိုင်း-၂)
ကျွန်မတို့လည်း ပစ္စည်းတွေကို ကားနဲ့ထည့်ပေးလိုက်ပြီး ကျွန်မတို့ကတော့ ဗန်းမော်ကနေ မံစီကို ဆိုင်ကယ်နဲ့ ထွက်လာခဲ့ကြတော့တယ်။ လမ်းတလျှောက်လုံးမှာတော့ ဆိုင်ကယ်နောက်က ထိုင်ရင် လမ်းမှာမြင်ရတဲ့ ရှုခင်းတွေကို ငေးလိုက်၊ ဆိုင်ကယ်မောင်းတဲ့ဆရာဝန်လေးကို ကျွန်မသိချင်တဲ့အကြောင်းအရာတွေလိုက်နဲ့ပေါ့။ ကျွန်မကလည်း ဗန်းမော်နဲ့ မံစီတလျှောက်ဒေသအကြောင်းအရာတွေကို သိချင်တာအကုန်မေးတာပဲ။ ဆရာဝန်လေးက ဒေသခံလည်းဖြစ်နေတော့ ကျွန်မမေးသမျှကို စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။ ဒီလို စကားတွေပြောငေးလာရင်းနဲ့ပဲ မံစီမြို့ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကျွန်မလှမ်းမြင်လိုက်တယ်။
အဲဒီဆရာဝန်လေးကပဲ ကျွန်တော်တို့ တိမွေးကုဆရာဝန်လေးကပဲ ‘ကျွန်တော်တို့တွေ တိမွေးကုရုံးကို အရင်သွားလိုက်ကြမယ်။ ဟိုမှာ တွေ့ရမယ့်လူကြီးတွေနဲ့တွေ့ပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်ကြမယ်လေ။ ပြီးမှ ဆရာမတို့ တည်းရမယ့်နေရာလိုက်ပို့မယ်၊ ဆရာမတို့ အိတ်တွေနဲ့ကားက တော်တော်နဲ့ရောက်ဦးမှာ မဟုတ်ဘူး’ ဆိုတာကြောင့် ကျွန်မတို့လည်း စီစဉ်စရာရှိတာတွေ စီစဉ်၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးမှ တည်းရမယ့် နေရာကိုပြန်ခဲ့ကြတယ်။ လမ်းဘေး တစ်နေရာရောက်တော့ ဆရာဝန်လေးက ဆိုင်ကယ်ကိုရပ်လိုက်ပြီး အိမ်ရှေ့မှာရှိနေတဲ့ အဖိုးတစ်ယောက်နဲ့စကားလှမ်းပြောနေတာကြောင့် ကျွန်မလည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။ ဆရာမ ကားကရောက်မလာသေးဘူး ခဏစောင့်ရဦးမယ်ဆိုတာကြောင့် ကျွန်မလည်း ရပါတယ် စောင့်ကြတာပေါ့။ ဒီရှေ့ကပဲ စောင့်ကြရမယ်မဟုတ်လားဆိုတော့။ အထဲကပဲ စောင့်လိုက်ပါ ဆရာမတို့ နားလိုက်ပေါ့ ကားက ဒီရှေ့မှာ ရပ်ပေးလိမ့်မယ်ဆိုတာနဲ့ ဒါဆို ကျွန်မတို့တည်းရမှာက ဘယ်နေရာမှာလဲ ဆိုတော့ ဒီမှာပဲလေ ဆရာမ၊ ဒါ ဆရာမတို့ တည်းရမယ့် တည်းခိုခန်းပဲလေတဲ့။
အဲဒီတော့မှ ကျွန်မလည်း သြော် ဟုတ်လား၊ မသိပါဘူး ကျွန်မက ဆရာတို့အသိမို့လို့ ခဏရပ်စကားပြောတယ် ထင်နေတာ ဆိုတော့ သူတို့က ရီရင်း ဟုတ်တယ် ဆရာမရေ ကျွန်တော်တို့ မံစီမှာက ဒီတည်းခိုခန်းတစ်ခုပဲရှိတာ။ မကြာသေးခင်ကပဲ ဒီတည်းခိုခန်းက မီးလောင်ထားတယ်။ ဒါကြောင့် အခုလို ပုံစံလေးပဲ ပြန်လုပ်ထားနိုင်သေးတာတဲ့လေ။ ဒါနဲ့ ကျွန်မက သြော် - ရပါတယ်။ ကျွန်မက ဆက်သွားရဦးမယ်ထင်လို့ပါ၊ ရတယ်ဆိုပြီး အိမ်ထဲဝင်လိုက်တယ်။ အိမ်လေးက သွပ်မိုးထရံကာ မြေစိုက်တစ်ထပ်အိမ်လေးမှာ။ ကျွန်မ အိမ်ထဲဝင်လိုက်တာနဲ့ အခုနက အိမ်ရှေ့မှာထိုင်နေတဲ့အဖိုးက သော့လေးလာပေးတယ်။ ဒါက သမီးတို့နေရမယ့်
အခန်းသော့တဲ့။ဒါနဲ့ ကျွန်မလည်း အိမ်ထဲကို တစ်ချက်ကြည့်လိုက်တော့ အိမ်ရဲ့ တစ်ဘက်ခြမ်းမှာ အခန်း(၃)ခန်း၊ နောက်တစ်ခြမ်းမှာ (၂)ခန်း သော့ခတ်ထားတာတွေ့ရတယ်။ အခန်းက မြေပြင်ကနေ ၆ပေခွဲလောက်အထိကို ထရံကာထားတယ်။ အပေါ်ပိုင်းမှာတော့ ဘာမှ ကာထားတာမတွေ့တော့ နေရမှာ လုံခြုံမှုမရှိသလို ခံစားရမိတာနဲ့ ကျွန်မ နည်းနည်းတော့စိတ်ရှုပ်သွားတယ်။ ဒါနဲ့ အဖိုးရေ … ဒီမှာ တစ်ခြားတည်းတဲ့သူတွေ မရှိဘူးလားလို့မေးလိုက်တယ်။ အဲဒီ အဖိုးကလည်း ရှိတယ်။ သမီးတို့ ဟိုဘက်ခန်းမှာ လင်မယား၂-ယောက်တည်းတယ်။ ဟိုဘက်တစ်ခြမ်းက တစ်ခန်းမှာ ၃-ယောက်ရှိတယ်။ သမီးတို့ ၂-ယောက်တည်း မဟုတ်ပါဘူးတဲ့။ အဖိုးကတော့ ကျွန်မကို အားပေးစကားပြောလိုက်တာဖြစ်ပေမယ့်။ ကျွန်မမှာတော့ ပိုပြီးစိတ်ညစ်သွားမိတယ်။ ဒါပေမယ့်လည်း သြော် … ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာပဲ လို့ အားတင်းပြီး စိတ်ညစ်တာကို ဖျောက်လိုက်တော့တယ်။
ညနေရောက်တော့ ညစာစားမယ်ဆိုပြီး ထမင်းဆိုင်လိုက်ရှာကြတယ်။ ထမင်းဆိုင်တစ်ဆိုင်မှ မတွေ့ရဘူး။ ခေါက်ဆွဲရောင်းတဲ့ဆိုင်တွေ ပဲတွေ့တယ် ဒါနဲ့ ကျွန်မတို့လည်း ခေါက်ဆွဲစားပြီး ပြန်လာခဲ့ကြတော့တယ်။ ညဘက်ရောက်တော့ လမ်းပေါ်မှာ ဆိုင်ကယ်တွေ မောင်းသွားကြတဲ့အသံတွေ ဆူညံနေတယ်။ ဆိုင်ကယ်သံတွေက တစ်ညလုံးကြားနေရတာရယ်၊ နေရတဲ့ အခန်းနေရာကို စိတ်ထဲက မလုံခြုံတာရယ်ကြောင့် ကျွန်မလည်း တစ်ညလုံး အိပ်မပျော်တော့ဘူး။ မနက်မိုးလင်းတော့ ကျွန်မမေးကြည့်မိတယ်။ ဒီလမ်းက အသွားအလာများတယ်နော် ခရီးသွားကြတာတွေက ညမှ သွားကြတာထင်တယ်ဆိုတော့ တစ်ယောက်ကပြောတယ်။ မဟုတ်ဘူး အဲဒါ ကယ်ရီသမားတွေ။ ဆိုင်ကယ် ကယ်ရီသမားတွေရော၊ တစ်ခြားပစ္စည်းကယ်ရီသမားတွေရောလေ နေ့ဆို သူတို့သွားလို့ မရဘူး။ အဲဒါ ညမှ အချိန်ရတုန်း အကြမ်းမောင်းကြတာ။ ဒါကြောင့် ဆူညံနေတာတဲ့။ ကျွန်မလည်း သြော် … လို့သာ ပြောမိတယ်။ သူကပဲ ဆက်ပြောတယ်။ ဆရာမတို့က မမြင်ဖူးလို့ ဒီဘက်က ဆိုင်ကယ်သမားတွေက တအားကျွမ်းတာ သစ်လုံးတွေကယ်ရီလုပ်ရင် ဆိုင်ကယ်နောက်မှာ သစ်လုံး ၁၅-လုံးလောက်က အသာလေးတင်နိုင်တယ်တဲ့။
ဒါနဲ့ ကျွန်မက သစ်လုံးဆိုတာ ဘယ်လိုသစ်လုံးလဲ ဆိုတော့ လုံးပတ်က ၃ပေ လောက်ရှိတယ်။ အရှည်က ၅-ပေ လောက်ပေါ့။ အဲဒါတွေကို ဆိုင်ကယ်နောက်မှာ တင်ပြီးမောင်းကြတာ။ အံမယ် အဲလိုမောင်းတာ လမ်းမကြီးက မောင်းတာမထင်နဲ့ တောလမ်းတွေကနေမောင်းကြရတာ။ ကွေ့ပတ်ပြီး မောင်းကြတာ။ တစ်ခါတစ်ခါ တောထဲမှာတင် ဆိုင်ကယ်မှောက်လို့ သေတာတွေရှိတယ်။ ဒါကြောင့် သူတို့တွေက တစ်ယောက်ချင်းစီမသွားကြဘူး။ အုပ်စုလိုက်သွားကြတာ ဒါကြောင့် ညဆို ဆိုင်ကယ်တွေ အုပ်စုလိုက် မောင်းသံတွေက ဆူညံနေတာလို့ပြောပြတာကြောင့် မံစီမြို့လေးရဲ့ အခြေအနေကို သိလိုက်ရတယ်။
နာက်ရက်သင်တန်းပေးတော့ သင်တန်းပြုလုပ်တဲ့နေရာနဲ့ နီးနီးမှာ လ္ဘက်ရည်ဆိုင်လေးတစ်ဆိုင်တွေ့တယ်။ ကျွန်မလည်း အဲဒီလ္ဘက်ရည်ဆိုင်လေးမှာပဲ မုန့်တစ်ခုခုစားမယ်စိတ်ကူးနဲ့ဝင်သွားမိတယ်။ ၇၈၆ ဆိုင်းဘုတ်တပ်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်နေပြီး ထမင်းဖြူနဲ့ လ္ဘက်သုပ်ရတယ်ဆိုတာကြောင့် အဲဒီဆိုင်လေးမှာပဲ ထမင်းစားလိုက်တော့တယ်။ မံစီမြို့ကနေ မပြန်မချင်း အဲဒီဆိုင်လေးမှာပဲ နေ့တိုင်း ထမင်းစားဖြစ်တော့တယ်။ သင်တန်းပြီးလို့ ညနေပိုင်း ခဏနားပြီးရင် မံစီမြို့ထဲခဏလျှောက်ကြည့်မိတယ်။ မံစီမြို့ငယ်လေးထဲမှာ ဘယ်နေရာသွားစရာသိပ်မရှိပါဘူး။ ဒါနဲ့ ကျွန်မတို့ သင်တန်းပြီးရင် မံစီကနေ ဗန်းမော်ကနေ ပြန်ရမယ်။ ဗန်းမော်ကနေမှတဆင့် မန္တလေးကိုပြန်ရမယ်ဆိုတော့ ကျွန်မတို့ ၂-ယောက် တိုင်ပင်ဖြစ်ကြတယ်။ ငါတို့ လာတုန်းက ဗန်းမော်လမ်းကနေ လာခဲ့တယ်။ အခု အပြန်ကျ တစ်ခြားလမ်းက ပြန်ကြရင်ကောင်းမယ်ဆိုတော့ ဟုတ်တယ် မြစ်ကြီးနားဘက်က ပတ်ပြန်မယ်လို့ စိတ်ကူးပြီး ရုံးကို ဖုန်းလှမ်းဆက်တယ်။ ဗန်းမော်လမ်းက ခရီးကြမ်းတယ်၊ အန္တရာယ်များတယ် ဒါကြောင့် မြစ်ကြီးနားလမ်းဘက်က ပြန်လာမယ်ဆိုတော့ ရုံးကလည်း ခွင့်ပြုပေးခဲ့တယ်။
ဒါနဲ့ပဲ ကျွန်မတို့ ပြန်မယ့် မနက်စောစောမှာ ဆိုင်ကယ်နဲ့ မံစီကနေ ဗန်းမော်ထိ ပြန်လာခဲ့ကြတယ်။ တိမွေးကုဆရာဝန်လေးတွေက ဗန်းမော်ရောက်တော့လည်း ကားကွင်းကို ထိလိုက်ပြီး မြစ်ကြီးနားသွားမယ့် အဆင်ပြေမယ့်ကားကို ရအောင် စီစဉ်ပေးတယ်။ ကံကောင်းစွာပဲ မီနီဘတ်စ်လေးမှာ ကျွန်မတို့ ၂-ယောက်စာ နေရာရခဲ့တယ်။ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့ ဆရာဝန်လေးတွေကလည်း ကျွန်မတို့ ကားထွက်တဲ့အထိစောင့်ပေးပြီးမှ ပြန်သွားကြတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ဗန်းမော်ကနေ မြစ်ကြီးနားကို ခရီးဆက်နှင်ခဲ့ကြတာပေါ့။ ကားပေါ်မှာ ဓါတ်ဆီပေပါပုံးတွေတင်ထားတာလည်းတွေ့ရတယ်။ ကားထွက်ပြီး သိပ်မကြာခင်ပဲ အဲဒီဓါတ်ဆီပေပါပုံးနားမှာထိုင်တဲ့ ခရီးသည်တစ်ယောက်က ဟန်းဖုန်းထုတ်ပြီးပြောပါလေရော။ သူလည်း ဖုန်းပြောရော ကားပေါ်ကလူတွေအကုန်လုံးက ‘ဟာ … ဟိုလူ ဘာလုပ်တာလဲ ကားတစ်စီးလုံးပြာကျကုန်တော့မှာပဲ’ ဆိုပြီး ၀ိုင်းအော်လိုက်ကြတာ ကမ္ဘာပျက်သွားသလားအောက်မေ့ရတယ်။ ဓါတ်ဆီထည့်ရင်း ဖုန်းပြောလို့၊ ဓါတ်ဆီပုံးနား ဖုန်းပြောလို့ ထပေါက်ကွဲပြီး မီးလောင်မှုတွေ ခဏဏဖြစ်တတ်တာကြောင့် အားလုံးကလည်း လန့်ပြီး အော်မိသွားကြတာပေါ့။ အဲလိုလည်းအော်လိုက်ကြရော ဟိုလူခမျာလည်းသနားပါတယ် ဖုန်းလေးကို အသာပြန်သိမ်းပြီးအားလုံးကို တောင်းပန်ရှာတယ်။ ဒီလိုနဲ့ ခရီးတော်တော်လည်းရောက်ရော ကားလမ်းက ကတ္တရာလမ်းမဟုတ်တော့ပဲ ပြောင်းသွားတာ သတိထားမိလိုက်တယ်။ ကားလမ်းက အရွယ်အစားတူကျောက်တုံးကလေးတွေကို စီနေတာပဲခင်းထားတာ၊ လမ်းကလည်း ဖြောင့်တန်းနေတာပဲ။ ဒါနဲ့ ကျွန်မကလည်း ဘေးနားကတစ်ယောက်ကို ဒီကျောက်တွေက ကချင်ပြည်နယ်က ကျောက်တွေလား ညီနေတာပဲ လှလည်းလှတယ်နော်ဆိုတော့ ဟုတ်တယ် ဒီလမ်းက အခု တရုတ်က လမ်းဖောက်ထားတာ။ တရုတ်နယ်စပ်အထိလေ၊ လမ်းကလည်း ဖြောင့်ဖြူးပြီ ချောနေတာပဲတဲ့။ ကျွန်မလည်း သြော် …. နယ်စပ်အထိ လမ်းဖောက်ထားတာလား လို့ပဲ ပြောပြီး လမ်းတလျှောက် ထပ်ငေးတော့တာပေါ့။ ကျွန်မတို့ စီးလာတဲ့ကားလေးကလည်း ကချင်ပြည်နယ်ရဲ့ မြို့ငယ်လေးတွေ တစ်မြို့ပြီးတစ်မြို့ကို ဖြတ်ကျော်ပြီး ဆက်မောင်းနေတာပေါ့။ ၀ိုင်းမော်မြို့အရောက်မှာ ကျွန်မတို့ နေ့လည်စာ စားဖြစ်ခဲ့ကြတယ်။ အဲဒီကနေ ဆက်ထွက်လာတော့ လွိုင်ဇာမြို့လို့ရေးထားတဲ့နေရာကို ရောက်လာတယ်။ အဲဒီနေရာမှာ တော်တော်စည်တယ်။ မုခ်ဦးအ၀င်ဝကလည်း တော်တော်ခမ်းခမ်းနားနားလုပ်ထားတယ်။ ကျွန်မလည်း အဲဒါတွေကို ကြည့်ပြီး သြော် … တရုတ်ပြည်နယ်စပ် နာမည်ကြီးတဲ့ လွိုင်ဇာဆိုတာ ဒီနေရာပဲ။ လွိုင်ဇာကိုရောက်ပြီ၊ ငါတို့သာ အချိန်တစ်ရက်လောက် ထပ်ရသေးရင် လွိုင်ဇာထဲ ၀င်လည်ကြရင် ကောင်းမှာပဲလို့ စိတ်ကူး မိတာကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းကလည်း ဟုတ်တယ် အချိန်ရရင် ကောင်းသားနော် လို့ ပြောပြီး ပြိုင်တူ ရီဖြစ်ကြတယ်။
ဒီလိုနဲ့ ကျွန်မတို့စီးလာတဲ့ကားလေးက ညနေစောင်းလောက်မှာ မြစ်ကြီးနားမြို့ကို ဆိုက်ရောက်တော့တာပေါ့။ မြစ်ကြီးနား ကားကွင်းရောက်တယ် ဆိုရင်ပဲ မန္တလေးသွားမယ့်ကားကို စုံစမ်းပြီး ကားလက်မှတ်ဝယ်ဖို့ပြေးတာပေါ့။
(အပိုင်း-၃) ဆက်ရေးပါဦးမယ် ......
No comments:
Post a Comment