Monday, November 14, 2011

ကြည်နူးခဲ့ရပြန်တာ တခဏမှာ

MMSY လေးနှစ်ပြည့်အထိမ်းအမှတ် (၁၃.၁၁.၂၀၁၁ - တနင်္ဂနွေနေ့)

မိသားစုအသိုင်းအ၀ိုင်းပန်းဝန်းကျင်ရဲ့ နွေးထွေးမှုမရှိဂရုစိုက်ခြင်းမခံရတဲ့ကလေးတွေထက် မိသားစုနဲ့အတူ ကြီးပြင်းလာရတဲ့ကလေး၊ နွေးထွေးမှုရတဲ့ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ကလေး၊  အလေးပေးဂရုစိုက်မှုရှိတဲ့ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးတွေရဲ့ စိတ်နေသဘောထားတွေဟာပျော့ပျောင်းနူးညံ့ပြီး သူတို့ရဲ့ ဘ၀တလျှောက်လုံးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ကလေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့တွေဟာ မိသားစုနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေကို ပိုပြီးဂရုစိုက်အလေးထားပေးဖြစ်ခဲ့ကြပါတယ်။

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်က စတင်ပေါက်ဖွားခဲ့တဲ့ အစီအစဉ်လေးအဖြစ် သာကေတကျောင်းလေးမှာ NFE (Non Formal Education) သင်ကြားမှုလေးကအစပြုခြဲ့ကတယ်။ ရမသွာန်လမှာ စာသင်ကြားမှု ခဏရပ်နားခဲ့ပြီး ကျောင်းပြန်ဖွင့်တဲ့အခါ ကိုသက်ကိုရဲ့ ချိတ်ဆက်ပေးမှုနဲ့ IYCAP ကပေးတဲ့သင်တန်းလေးကို MMSY မိသားစုဝင်ဖြစ်တဲ့ ကျွန်မတို့အစ်မကြီး မမီဇာန်က တက်ရောက်ခဲ့တယ်။ မမီဇာန်က သင်တန်းတက်ရောက်ပြီးတဲ့အခါမှာ IYCAP က သင်တန်းမှာအတူတက်ရောက်ခဲ့တဲ့ စေတနာ့ဝန်ထမ်းများနဲ့လက်တွဲပြီး ကလေးတွေကို Life skills ပုံစံလေးကို တစ်ပတ် (၃)ရက်နဲ့ ၂-လတာ သင်ကြားပေးတဲ့ Program လေး လုပ်ဖြစ်ကြတယ်။ သင်ကြားမှုမှာ အဓိက ဦးဆောင်ပေးနေတာက အစ်မမီဇာန်ပါ။ (ကလေးတွေအတွက် စိတ်ရှည်သည်းခံပြီး အချိန်များစွာပေးဆပ်နေတဲ့ အစ်မမီဇာန်ကို ကျေးဇူးအထူးတင်ပါတယ်။)



MMSY က ကျွန်မတို့မောင်နှမတစ်စုကတော့ ၂-ပတ်ခြားတစ်ခါ တနင်္ဂနွေနေ့တိုင်း သာကေတကျောင်းလေးကို သွားရောက်လေ့ရှိကြတယ်။ အဲလို သွားတဲ့အချိန်မှာလည်း ရှေ့က ဆရာ/ဆရာမတွေ စာသင်ကြားနေရင် ကျွန်မတို့တစ်တွေက ကလေးတစ်ဦးချင်းစီရဲ့ စာရေးစာဖတ်ခြင်းကို အနီးကပ်ကြည့်ပေးရင်း ကလေးတွေနဲ့ တရင်းတနှီးနေခဲ့ကြတာပေါ့။

အဲလို ၂-ပတ်ခြားတစ်ခါ သွားရတာဟာလည်း သာကေတဟာဖိဇ်ကျောင်းလေးက မိဘမဲ့ကလေးတွေ၊ ဆင်းရဲချို့တဲ့လို့ကျောင်းမှာလာနေရတဲ့ကလေးတွေကို ကျွန်မတို့ MMSY က မောင်နှမတစ်စုဟာ ကိုယ်ပိုင်ရှိတဲ့အချိန်လေးတွေကနေဖဲ့ပြီး ကလေးတွေအတွက် ချစ်ခင်ရင်းနှီးတဲ့နွေးထွေးမှုလေးတွေကို (၁)နာရီရရ (၂)နာရီရရ အချိန်ပေးခဲ့ကြတာပါ။

ဒီနေ့လည်း ကျွန်မတို့ သာကေတကျောင်းကို သွားကြမယ့်ရက်ရောက်လာတော့ ကျွန်မတို့မောင်နှမတွေ (လိုက်ချင်ပေမယ့် အလုပ်တွေမအား၊ ကျောင်းမအားလို့ မလိုက်နိုင်ကြတဲ့မောင်နှမတစ်ချို့ကလွဲရင်) သွားခဲ့ကြပြန်တယ်။ ဒီနေ့အစီအစဉ်လေးက ကလေးတွေကို ပုံပြင်တွေလိုက်ပြောနေတဲ့ Story tellers လို့ခေါ်တဲ့ အဖွဲ့လေးကကျောင်းကိုလာပြီး ကလေးတွေကို ပုံပြင်ပြောပြကြမှာလေ။ Story tellers အဖွဲ့ရောက်လာပြီး ကလေးတွေကို ပုံပြင်လေးတွေပြောပြတယ်။ သူတို့ သာမန်လို ပုံပြောပြတာမျိုးမဟုတ်ပဲ Role play ပုံစံလေးနဲ့ သင်ခန်းစာ၊ ဗဟုသုတရမယ့် ပုံပြင်လေးတွေပြောသွားတော့ ကလေးတွေ အလွန်ကို သဘောကျကြတယ်။ ကလေးတွေ ၀မ်းသာပျော်ရွှင်နေကြတာကို မြင်ရတော့ ကျွန်မတို့တွေလည်း ၀မ်းသာပျော်ရွှင်မိကြတယ်။ ပုံပြင်ပြောတဲ့အစီအစဉ်ပြီးတဲ့အခါ ကျွန်မက ကလေးတွေကို မေးကြည့်မိတယ်။

ဒီနေ့အစီအစဉ်လေးမှာ ဘယ်လို ခံစားရလဲဆိုတော့ ကလေးတွေအားလုံးက အားတက်သရောပဲ ပျော်တယ်၊ ဗဟုဟုတရတယ်တဲ့။ အဲဒီအစီအစဉ်လေးမှာ ကလေးတွေရဲ့အပျော်က ကျွန်မတို့ မောင်နှမတစ်စုရဲ့ရင်ထဲကိုလည်း စီဆင်းခဲ့ပါတယ်။ အစီအစဉ်ပြီးတဲ့အခါမှာ  MMSY မောင်နှမတွေက ကလေးတွေအတွက် ယူလာတဲ့မုန့်တွေပေးကြတော့ ကလေးတွေ တအားကို ပျော်ကြတယ်။ ကလေးတွေနဲ့အတူ MMSY မောင်နှတွေလည်း မုန့်တွေကို အတူဝင်စားကြတယ်လေ။ မုန့်တွေဝေပြီးတဲ့အခါ ကလေးတွေရယ်၊ MMSY က မောင်နှမတစ်စုရယ်၊ IYCAP က စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ ၃-ယောက်ရယ်၊ Story tellers အဖွဲ့ရယ် အတူတူစုပေါင်းပြီး အမှတ်တရ ဓါတ်ပုံလေးရိုက်ပြီးတဲ့နောက် ပြန်လာခဲ့ကြတယ်။ ကလေးတွေရဲ့ စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်ရီမောနေကြတဲ့ ရီသံလေးတွေရယ်၊ မျက်နှာလေးတွေရယ်ကို မြင်ရတော့ ကျွန်မရင်ထဲက ကြည်နူးဝမ်းသာမှုပီတိက ဖော်မပြတတ်အောင်ပါပဲ ………………… ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ ကြည်နူးခဲ့ရတဲ့ တခဏတာ အချိန်လေးပါပဲ ………… ။

No comments:

Post a Comment