Sunday, December 18, 2011

MMSY ၅-နှစ်ပြည့်မွေးနေ့ (ရန်ကုန်တွေ့ဆုံပွဲ)

၁၈.၁၂.၂၀၁၁(တနင်္ဂနွေနေ့) - လှော်ကားဥယျာဉ်

MMSY ၅-နှစ်ပြည့်မွေးနေ့ အစီအစဉ်လေးတစ်ခု လုပ်ကြမယ်ဆိုတာနဲ့ ဘယ်နေရာမှာ ဘယ်လိုအစီအစဉ်လေးလုပ်ရင် ကောင်းမလဲဆိုတာကို မောင်နှမတစ်တွေစုပြီးတိုင်ပင်ကြတယ် …. ဒီနှစ်မှာလည်း ပုံစံတစ်မျိုးလုပ်ရင်ကောင်းမယ်လို့ဝိုင်းဝန်းတိုင်ပင်ကြပြီးနောက် လှော်ကားဥယျာဉ်မှာ တွေ့ဆုံမှုအစီအစဉ်လေးလုပ်ဖို့ အားလုံးသဘောတူလိုက်ကြတယ်။ ဒါနဲ့ပဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမယ့် မောင်နှမတတွေတက်ညီလက်ညီနဲ့ တာဝန်တွေခွဲဝေယူလိုက်ကြတယ်။ အစီအစဉ်လေးရဲ့ ပထမဆုံး အောင်မြင်မှုမြင်ကွင်းက Organizer များရဲ့ တွဲလက်ညီမှုရလဒ်အဖြစ် လှော်ကားဥယျာဉ်သွားမယ့်နေ့မှာ အစီအစဉ်အားလုံးက ချောမွေ့စွာပြီးမြောက်နေခဲ့တာပေါ့ …. ။

ဒီလိုနဲ့ ၁၈.၁၂.၂၀၁၁(တနင်္ဂနွေနေ့)မှာ လှော်ကားဥယျာဉ်ကို သွားကြမယ့်နေ့ရောက်လာပါတယ်။ ဆုံရပ်နေရာကို ကျွန်မရောက်သွားတော့ မောင်နှမတချို့လည်း ကျွန်မတို့ ထွက်ခွာမယ့်အချိန်နာရီထက် စောပြီးရောက်ရှိနေခဲ့ကြတယ်။ ကျွန်မလည်း အရောက် ကျွန်မတို့သွားမယ့် ကားကြီးကလည်း အရောက်ဆိုတော့ ကိုဂျွန်တစ်ယောက်ပြေးလာပြီး ကားမှာ MMSY Vinyl ကို အပြေးအလွှားလာချိတ်ပါတယ်။ တဘက်ကို လှမ်းကြည့်လိုက်တော့ ကိုသက်ကို၊ သစ်ဆန်းခန့်၊ အစ်မခင်မင်းဆက်တို့အဖွဲ့နဲ့ တစ်ခြားမောင်နှမတွေ အများအပြားရောက်နေကြပြီ။ ဒီလိုနဲ့ ပါဝင်ကြမယ့်သူတွေ တဖွဲဖွဲရောက်လာကြတယ်။ ကျွန်မတို့တွေ အားလုံးလည်း ကိုယ်တာဝန်ယူပြီး သယ်လာကြတဲ့ပစ္စည်းတွေကို ကားပေါ်တင်ပြီးတဲ့အချိန်နောက်ဆုံးရောက်လာသူကတော့ ကိုမြတ်သူပေါ့ …. သူ့ခမျာ ထမင်းဟင်းတွေကို သယ်ပြီးရောက်လာတာကြည့်လိုက်တော့ တော်တော်မောနေပုံပဲ။ သူလည်းရောက်လာရော တက္ကစီပေါ်က ထမင်းဟင်းတွေကို ချနေတုန်း လိုက်ပါကြမယ့် MMSY မိသားစုဝင်ထဲက ယောက်ျားလေးတချို့ ပြေးလာပြီး ထမင်းဟင်းတွေကို ကူသယ်ကြတယ်။



ကျွန်မမြင်တဲ့ ဒီမြင်ကွင်းလေးက ဒုတိယအကြိမ် အောင်မြင်မှုရလဒ်လို့ ပြောချင်ပါတယ်။ MMSY မောင်နှမတွေအချင်းချင်း ရိုင်းပင်ကူညီတတ်တဲ့စိတ်လေးရှိတာကို ဖော်ကျူးလိုက်ကြတာပါပဲ။ ကျွန်မတို့ ထွက်ခွာကြမယ့်အချိန်မှာပဲ ဖုန်းဝင်လာပါတယ်။ တညင်ကနေလာတဲ့ညီမလေးတွေ ရောက်ခါနီးပါပြီ ခဏလေးစောင့်ပေးပါဆိုလို့ ကျွန်မတို့ စောင့်လိုက်ကြတယ်။ စောင့်ရင်းနဲ့အချိန်လည်း တော်တော်ကြာသွားတယ်။ ကားပေါ်မှာအသင့်စောင့်နေကြသူတွေကလည်း ၇-နာရီ မခွဲသေးဘူးလားလို့လည်း မေးနေကြပြီ။ ကျွန်မလည်း စနောက်ရင်းနဲ့ ၇-နာရီ မခွဲသေးဘူး ၆-နာရီခွဲပဲ ရှိသေးလို့ စောင့်နေတာပါလို့ ရွှတ်နောက်နောက်ပြန်ဖြေရင်း ကျွန်မတို့တတွေရဲ့ဆုံရပ်ဖြစ်တဲ့ ၉၄-လမ်းxဗိုလ်မင်းရောင်လမ်းထောင့်၊ မဟာ၇န်ကုန်လ္ဘက်ရည်ဆိုင်ကနေ လှော်ကားဥယျာဉ်ကို စတင်ထွက်ခွာခဲ့ကြတယ်။ မင်္ဂလာဈေးနားအရောက်မှာ ညီမလေး(၃)ယောက်စောင့်နေတာကိုခေါ်၊ ပြီးတော့ ၈-မိုင်ကနေလိုက်မယ့်သူကိုခေါ်တယ်။ အဲဒီအချိန်မှာပဲ တစ်ယောက်က ဖုန်းဆက်လာပြန်တယ် လိုက်မလို့တဲ့ ကားက ထွက်သွားပြီလားတဲ့။ ကားထွက်သွားပြီ လိုက်ချင်ရင် အနီးဆုံးလမ်းမှာစောင့်ဖို့ပြောလိုက်တယ်။ သူ့ကိုလည်း အဲဒီနေရာမှာမတွေ့တော့ မစောင့်တော့ပဲ ဆက်ထွက်လာလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ ဖုန်းက ထပ်ဝင်လာတယ်။ ကားကကျော်သွားပြီလား သူ အခုမှ အဲဒီနေရာကိုရောက်လို့ပါဆိုတာနဲ့ သူ့ကို မှီရာဘတ်စ်ကားနဲ့လိုက်လိုက လိုက်ခဲ့နိုင်ကြောင်းပြောပြီး ဘယ်လိုလာခဲ့လို့ရနိုင်ကြောင်းသေချာရှင်းပြလိုက်တယ်။ ဒီလိုနဲ့ ထောက်ကြံ့မှာစောင့်နေသူတစ်ယောက်ကို ထပ်ခေါ်ပြီးတဲ့နောက်မှာတော့ လှော်ကားဥယျာဉ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိပါတော့တယ်။

လှော်ကားဥယျာဉ်ထဲကို ၀င်လိုက်တယ်ဆိုတာနဲ့ လမ်းတလျှောက်မှာ မျောက်တွေအရွယ်စုံကို တွေ့ရတော့တယ်။ နောက် သမင်၊ ဒရယ်၊ ဂျီ၊ ဆင် (တခြားဘာရှိသေးလဲ မမှတ်မိတော့ပါ) အဲဒီ တိရိစ္ဆာန်တွေကို တွေ့ကြရတော့ ကားပေါ်က မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း အော်နေကြတယ်။ ဒီမြင်ကွင်းလေးကိုမြင်ရပြန်တော့ တတိယအကြိမ်မြောက်အောင်မြင်မှုလေးပေါ့။ MMSY မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုလေးကို တွေ့ရလို့ပါ။

ဒီလိုနဲ့ ကျွန်မတို့တွေ စတည်းချမယ့်နေရာကိုလည်းရောက်ရော ပစ္စည်းတွေချသူတွေချ၊ နေရာထားသူထား၊ အိမ်သာပြေးသူပြေးပေါ့။ အိမ်သာက နည်းနည်းလှမ်းတော့ ပထမတစ်ပတ်ကတည်းက ရက်ကြိုပြီး နေရာသွားကြည့်ထားတဲ့ ကျွန်မတို့ထဲက တစ်ယောက်က အိမ်သာသွားချင်သူအားလုံးကိုဦးဆောင်ပြီး အိမ်သာဆီ ချီတက်ကြတယ်။ ကျွန်မတို့တွေလည်းနေရာထိုင်ခင်းအားလုံးပြီးစီးသွားတဲ့အချိန် လူလည်း ပြန်စုံတဲ့အချိန်မှာတော့ ၁၀-နာရီထိုးနေပြီ။ ဒါနဲ့ပဲ ကျွန်မတို့တွေလည်း နောက်ထပ် အချိန်ထပ်ကုန်မခံတော့ပဲ အစီစဉ်လေးကို စလိုက်ကြတယ်။

အစီအစဉ်စစချင်းမှ ကိုသက်ကိုကနေ တစ်နေ့တာအစီအစဉ်ကို ပြောပြပေးပါတယ်။ အဲဒီနောက်မှာတော့ မိသားစုဝင်အားလုံး တစ်ယောက်ချင်းမိတ်ဆက်ကြတယ်။ မိတ်ဆက်ကြပုံလေးက ဒီလိုပါ။ ကျွန်မတို့တွေ လက်မှတ်ပေးစဉ်အခါက လက်မှတ်မှာ အပိုင်း ၂-ပိုင်း ပါတယ်။ တစ်ပိုင်းက လှော်ကားဥယျာဉ်သွားမယ့်နေ့ရက်၊ အချိန်၊ ဆုံရပ် ဘာညာရေးထားပြီး နောက်တစ်ပိုင်းမှာတော့ အမည်၊ မေးလ်လိပ်စာ၊ ပညာရေး၊ MMSY ကိုပြောချင်တဲ့ ရင်တွင်းစကား ဆိုပြီး ကွက်လပ်လေးတွေထားပေးထားတယ်။ ကားပေါ်ရောက်တော့ ဘးက တစ်ခြမ်းကို ညီမလေး ဇင်မာသက်၊ နီလာနဲ့ နာရူတိုတို့အဖွဲ့က ပြန်ယူလိုက်ကြတယ်။  အဲဒီ နာမည်တွေပါတဲ့ ကတ်လေးတွေကို တစ်ယောက်ချင်းစီကို ဝေပေးပြီး ကိုယ့်လက်ထဲမှာရှိတဲ့ ကတ်လေးမှာနာမည်ပါသူကို အဲဒီထဲက အကြောင်းအရာများအတိုင်း မိတ်ဆက်ပေးတဲ့ပုံစံလေးပါ။ မိတ်ဆက်တဲ့အစီအစဉ်ကို ခါတိုင်းနဲ့မတူ တမူထူးပြီး လှနေတဲ့ ကျွန်မတို့ရဲ့ အစ်မကြီး မမီဇာန်က Organize လုပ်ပြီး မိတ်ဆက်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးချစ်ခင်စွာ စနောက်ကြရင်း ပျော်ပျော်ပါးပါးနဲ့ မိတ်ဆက်လိုက်ကြတဲ့အစီအစဉ်လေးကလည်း တကယ့်ကို ကြည်နူးစရာပါ။

နောက် ဒုတိယအစီအစဉ်အနေနဲ့ MMSY ဆိုတာဘာလဲ …. ? MMSY က ဘာတွေလုပ်နေလဲ ဆိုတာကို ညီမလေး ငြိမ်း(Aroma)က ရှင်းလင်းပြောပြပါတယ်။ MMSY ရဲ့ ပြီးစီးသွားသော Project အချို့ဖြစ်တဲ့ MMSY Gtalk ကုရ်အာန် ဘာသာပြန်၊ ထင်ရှား ကျော်ကြားခဲ့သောမြန်မာမွတ်စလင်မ်များ EBook-1၊ MMSY သတင်းဆိုဒ်၊ MMSY-Gtalk Dictionary9/11 ရဲ့အဓိကတရားခံဘယ်သူလဲ? video clip မြန်မာစာတန်းထိုးခြင်း၊ MMSY Online Library တို့ကို သေချာရှင်းလင်းပြောပြသွားသလို ကြိုးစားနေသော Project များဖြစ်တဲ့ 'မြန်မာမွတ်စလင်မ်' တို့နှင့် သက်ဆိုင်တဲ့ သမိုင်းဝင် ဓာတ်ပုံများစုဆောင်းခြင်း၊ တက္ကသိုလ်နဲ့ scholarship လမ်းညွှန် EBook Project၊ Non Formal Education Project (သာကေတကျောင်း)၊ Islamic Calendar Days [မြန်မာ]၊ MMSY Publisher Masjid in MyanmarMemorial Boulevard,မြန်မာဘာသာပြန် ကုရ်အာန် websiteဟစ်ဂျရီ-ခရစ်နှစ် ပြက္ခဒိန် widgetပညာစွမ်းဖြင့် မြင်လင်းစေရန် အစ္စလာမ့်လူငယ်များ၏ အသံမြန်မာမွတ်စလင်မ် ဟလာလ်ဆိုင်များ ဆိုတဲ့ Project တွေအကြောင်းကိုလည်း ဥပမာတွေနဲ့တကွ သေချာရှင်းပြောပြပေးခဲ့ပါတယ်။ MMSY Android Project#1
“ဂုဏ်တော် ၉၉ ပါး၏ ထွတ်မြတ်မှုများ” ဆိုတဲ့ New Project အဖြစ် ဆောင်ရွက်နေဆဲ Project လေးအကြောင်းကိုလည်း သစ်ဆန်းခန့်က ထပ်မံဖြည့်စွက် ရှင်းလင်းပြောပြပေးပါတယ်။

အဲဒီနောက်အစီအစဉ်ကတော့ ဂိမ်းကစားကြပါတယ်။ ဂိမ်းအစီအစဉ်ကိုတော့ ကိုဂျွန်နဲ့ ထိုက် တို့က ဦးဆောင်ပြီး ကစားပေးကြပါတယ်။ ထမင်းစားချိန်ရောက်ခါနီးနေလို့ ဗိုက်ဆာနေကြတာကြောင့် အဖွဲ့တွေခွဲပြီး ပဟေဠိဂိမ်းကစားခြင်းနဲ့ အဖွဲ့လိုက် လူတန်းအရှည်ဆုံးပြိုင်တဲ့ ဂိမ်းလေးပဲ ကစားပြီး ထမင်းစားမယ့်အစီအစဉ်ကို စတင်အကောင်ထည်ဖော်ကြတော့တယ်။ အဲဒီအချိန်မှာပဲ မနက်က ကားနဲ့လိုက်ဖို့ မမီလိုက်တာကြောင့် ဘတ်စ်ကားနဲ့လိုက်လာတဲ့ (၃)ယောက်လည်း ရောက်လာခဲ့ပါတယ်။

ထမင်းစားမယ်ဆိုတော့ မိသားစုဝင်အားလုံး ထမင်းဗူးကိုယ်စီယူပြီး အလယ်နားမှာ ၀ိုင်းနေတာကိုမြင်ရလို့ ဘာလုပ်နေကြလဲလို့ အပြေးအလွှားသွားကြည့်တော့ ကိုမြတ်သူကို အလည်မှာထားပြီး ၀ိုင်းကြီးပတ်ပတ်ကစားနေကြသလိုပါပဲ။ ကိုမြတ်သူလည်း ဇွန်းကြီးကိုင်ပြီး ပဲဟင်းတွေခပ်ထည့်ပေးနေတာ စိတ်ရှည်လက်ရှည်ပါပဲ။ မိသားစုအားလုံးကိုယ်စီ ထမင်းဗူးတွေကိုင်ပြီး စားနေကြတော့မှ ကိုမြတ်သူလည်း ထမင်းဗူးလေးယူပြီး ၀ါးတီးဖွင့်ရှာပါတယ်။ တချို့(မိန်းကလေးတွေ)ကလည်း အားလုံးအတွက် စားစရာတွေ ယူလာပေးကြတယ်လေ။ မိသားစုဝင်အားလုံးကလည်း ရင်းရင်းနှီးနှီးပဲ အားလုံးကုန်အောင် စားပေးကြပါတယ်။  ဒီမြင်ကွင်းလေးကိုတော့ ကျွန်မက စတုတ္ထအကြိမ် အောင်မြင်မှုလို့ တင်စားချင်ပါတယ်။ စည်းလုံးညီညွတ်မှုရဲ့ ရလဒ်မြင်ကွင်းလေးပါပဲ။

တစ်နေ့တာ အစီအစဉ်အရ ထမင်းစားပြီးရင် ခဏနားရင်း ဓါတ်ပုံရိုက်ရင်း အနီးတ၀ိုက်ကို လျှောက်ကြည့်နိုင်အောင် ၁-နာရီနီးပါးအချိန်ပေးထားတော့ အားလုံးလည်း လွတ်လွတ်လပ်လပ် ချစ်ခင် ရင်းနှီးစွာ စကားထိုင်ပြောသူပြော၊ ဓါတ်ပုံရိုက်သူရိုက်၊ မုန့်စားသူစား လုပ်နေကြတုန်းမှာပဲ ကင်မလာကိုင်ပြီး အလုပ်ရှုပ်နေသူတချို့လည်းတွေ့ရတယ်။ သူတို့တွေက ဘာလုပ်နေကြလဲဆိုတော့ အင်တာဗျူးလိုက်လုပ်နေတာပါ။ မိတ်ဆက်ရင်းမေးရင်း၊ ဒီနေ့လာရတဲ့ခံစားချက်၊ မွတ်စလင်မ်တစ်ယောက်ဖြစ်ရတဲ့အပေါ် ကိုယ့်ရဲ့ခံယူချက်၊ MMSY အပေါ်ခံစားချက်နဲ့ ပြောချင်တာ အကြံပေးချင်တာများကို မေးမြန်းနေကြတယ်။ ကိုလတ်(တောင်ကြီး)ကိုလည်း ဆိုက်စတင်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်လေးကို မေးမြန်းနေတာလည်း သိရပါတယ်။ လျှပ်တပြက်ရိုက်ချက်အနေနဲ့ Movie ရိုက်ပါတယ်။ ဒီအစီအစဉ်လေးက လျှပ်တပြက်ရိုက်ချက်အစီအစဉ်ပုံစံလေးဖြစ်လို့ ကြိုတင်ပြောကြားထားခြင်းမရှိပဲ တစ်ယောက်က အင်တာဗျူးနေတာကို ဘေးကနေတစ်ယောက်က Movie ရိုက်ပေးနေတာပါ။ ဒီအစဉ်လေးကို တာဝန်ယူလုပ်ဆောင်ပေးကြသူတွေက ကိုတိမ်မိုးလွင်၊ ကိုဂျွန်၊ ငြိမ်း၊ ဝေဟင်၊ ထိုက်၊ ၀ိုင်း တို့ပေါ့။

အဲဒီလိုနဲ့ နားဖို့ သတ်မှတ်ပေးထားတဲ့အချိန်ကုန်လို့ အားလုံးပြန်စုံကြတဲ့အချိန် ၁-နာရီ ၁၅-မိနစ်မှာ Workshop အစီအစဉ်လေးစတင်ပါတယ်။ Workshop မှာ ကိုသက်ကိုက Lead လုပ်ပြီး အဖွဲ့(၅)ဖွဲ့ခွဲကာ Group discussion ပြုလုပ်ကြတယ်။ အဲဒီနောက် တစ်ဖွဲ့ချင်းစီ Presentation ပြန်လုပ်ကြပါတယ်။ Workshop ပြုလုပ်တဲ့နေရာမှာ (၁) Discrimination - ခွဲခြားဆက်ဆံခံရခြင်း၊ (၂) အလုပ်အကိုင်နှင့်လူငယ်၊ (၃) Unity စည်းလုံးညီညွတ်မှု၊ (၄) ဆင်းရဲနွမ်းပါးမှု ပြဿနာ၊ (၅) နိုင်ငံရေးအပြောင်းအလဲနှင့် မြန်မာမွတ်စလင်မ် ဆိုတဲ့ ခေါင်းစဉ် (၅)ခုကို တဖွဲ့ချင်းစီ Discussion ပြုလုပ်ကြပါတယ်။ အဖွဲ့တွေ နေရာခွဲပြိး Discussion ပြုလုပ်နေချိန်မှာ ကျွန်မလည်း အဖွဲ့တိုင်းကို ရောက်သွားတဲ့အချိန် အဖွဲ့အားလုံးက အားတက်သရောဝိုင်းဝန်းဆွေးနွေးနေကြတာတွေ့ရတော့ ကျွန်မ ၀မ်းသာမိတယ်။

ကျွန်မတို့ လူငယ်တွေရဲ့ ရင်ထဲမှာ ကိုယ့်သာသနာ၊ ကိုယ့်အမျိုးသားထုအတွက် သောကတွေရှိနေကြတာကို တွေ့ရတယ်။ Discussion ချိန်ပြိးတော့ နောက် Presentation လုပ်ကြချိန်မှာလည်း ဆွေးနွေးသွားကြတဲ့အကြောင်းအရာတွေဟာ လက်တွေ့ကျကျလုပ်နိုင်မယ့်နည်းလမ်းလေးတွေ ဆွေးနွေးနေကြတာ ကျွန်မတို့တွေအတွက် ဗဟုသုတအများကြီးရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းမျှဝေဖလှယ်ဆွေးနွေးကြတာရော၊ Presentation လုပ်သွားကြတာတွေရောကို မြင်ရတော့ ကျွန်မလေ ကိုယ့်မောင်နှမတွေကို မချီးကျူးပဲကို မနေနိုင်အောင်ဖြစ်မိပါတယ်။ ကျွန်မတို့ မွတ်စလင်မ်လူငယ်တွေမှာ ကိုယ်စီအရည်အချင်းတွေရှိတာကို ကျွန်မမြင်တွေ့ရပါတယ်။ ကျွန်မတို့တွေ အဲဒီအရည်အချင်းတွေကို ထုတ်သုံးကြရမယ်ဆိုတာကိုလည်း ထင်ထင်ရှားရှားသိလာမိတယ်။ ဒီ Workshop လေးမှာ မျှဝေဆွေးနွေးခြင်းကြောင့် ရလာတဲ့ အတွေးအခေါ်အသိအမြင်တွေ၊ စည်းလုံးညီညွတ်မှုတွေကိုမြင်ရတော့ ပဉ္စမအကြိမ် အောင်မြင်မှုလို့ပဲ ကျွန်မ တွေးမိပြန်ပါတယ်။

Workshop အစီအစဉ်ပြီးတော့ ကိုလတ်(တောင်ကြီး)မှ ကျေးဇူးတင်စကားနဲ့အားပေးစကားကို အသံဝဲ၀ဲလေးနဲ့ ပြောပေးသွားပါတယ်။ ကိုလတ်ပြောပြီးတော့ ကျွန်မတို့တတွေစာသင်နေတဲ့ကိစ္စနဲ့ တခြားအကြောင်းလေးနည်းနည်းနဲ့ တစ်နေ့တာအစီအစဉ်မှာ ညီညွတ်စွာပါဝင်ကြလို့ ကျေးဇူးတင်ဝမ်းသာကြောင်းကို ကျွန်မက နည်းနည်းလေး ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ကျွန်မတို့ Workshop လေး ပြီးတဲ့အချိန်မှာတော့ Group Photo ရိုက်ကြပြီး ကားထွက်တော့မယ့် အချိန်ရောက်မှ လူ (၂)ယောက်ပျောက်နေလို့ အော်ခေါ်ပြီး စောင့်နေလိုက်ကြရတယ်။ အဲဒီ (၂)ယောက်ကလည်း အနားဝန်းကျင်မှာ မရှိဘူးထင်ပါတယ်။ ဘယ်လိုမှ အော်မကြားခေါ်မကြားဖြစ်နေတာ။ ဒါနဲ့ (၂)ယောက်လုံးရဲ့ ဖုန်းနံပါတ်ကိုသိတဲ့ ကိုအောင်သူက ဖုန်းလှမ်းဆက်တော့ သူတို့က အိမ်သာမှာရောက်နေတယ်တဲ့လေ။ ဒါနဲ့ မြန်မြန်လာဖို့ ပြောလိုက်တော့ သူတို့ ပြေးလာနေပါပြီဆိုပြီး တစ်လှမ်းချင်းလျှောက်လာတာကို တွေ့ရတယ်။ ကိုသက်ကိုနဲ့ ကျွန်မလည်း မြန်မြန်လာပါလို့ အော်ခေါ်လိုက်တော့ သူတို့ပြေးလာကြပြီး ကားပေါ်ရောက်တာနဲ့ ကျွန်မတို့ကားကြီးလည်း ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

ရန်ကုန်ကိုရောက်တော့ စပြီးဆုံခဲ့ကြတဲ့ စုံရပ်နေရာမှာပဲ ကားရပ်တော့ အသီးသီး နှုတ်ဆက်လမ်းခွဲပြီး တစ်နေ့တာ အစီအစဉ်လေးကို အောင်မြင်စွာပဲ ရပ်နားလိုက်ကြပါတယ်။ ကျွန်မထင်ပါတယ် ပါဝင်ခဲ့ကြသူအားလုံးလည်း ပျော်ပျော်ရွှင်ရွှင် တက်ကြစွာ ပါဝင်ခဲ့ကြတယ်။ စီစဉ်ကြသူတွေလည်း မောပန်းမှုတွေကြားကပဲ အောင်မြင်မှုလေးတွေကို ပီတိဖြစ်နေမယ်ဆိုတာ ကျွန်မ သေသေချာချာကို ပြောနိုင်ပါတယ်။ MMSY ၅-နှစ်မွေးနေ့ အစီအစဉ်လေးမှာ ပြုလုပ်လိုက်တဲ့ Workshop လေးဟာ ကျွန်မတို့တတွေအတွက် အလွန်ကို အကျိုးရှိလှပါတယ်။ ကျွန်မအတွက်တော့ မမေ့နိုင်စရာ MMSY ၅-နှစ်မွေးနေ့ အထိမ်းအမှတ်လေးပါပဲ။
MMSY ၅-နှစ်ပြည့် အစီအစဉ်လေး အောင်မြင်စွာ ပြီးစီးခဲ့ပါတယ် ............ စုစုပေါင်း (၆၄)ယောက်ပါဝင်ခဲ့ကြတယ် ...... ။

  • Organizer များဖြစ်တဲ့ ကိုသက်ကို၊ ကိုတိမ်မိုးလွင်၊ ကိုဂျွန်၊ ငြိမ်း၊ မမီဇာန်၊ ကိုမြတ်သူ၊ နီလာ၊ သစ်ဆန်းခန့် ...... ၀ိုင်းဝန်းကူညီကြတဲ့ ကိုမြတ်သူ၊ ကိုစိုးမိုးဦး၊ ထိုက်၊ ဝေဟင်၊ နာရူတို နဲ့ တစ်ခြားမောင်နှမများ .... တွေ့ဆုံပွဲလက်မှတ်တွေ အများကြီးရောင်းပေးပြီး အစီအစဉ်နေ့မှ မပါဝင်ဖြစ်လိုက်တဲ့ ကိုစိန်အောင် …. တွေ့ဆုံပွဲစီစဉ်မှုတွေအတွက် တောက်လျှောက်ပါဝင်ခဲ့ပြီး အစီအစဉ်နေ့မှ မပါဝင်ဖြစ်လိုက်တဲ့ အလင်းရောင် ….. မုန့်တွေယူလာပေးတဲ့ ညီမလေးများနဲ့ MMSY ၅-နှစ် မွေးနေ့ အစီစဉ်တစ်လျှောက်လုံးမှာ အတူတူပူးပေါင်းပါဝင်ခဲ့ကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးမှတ်တမ်းတင် ဂုဏ်ယူမိပါတယ် ..........
  • ဆွေးနွေးထားတဲ့ အကြောင်းအရာ Note လေးတွေကို Flip chart များမှနေ ကွန်ပျူတာ ပြန်စီပေးနေတဲ့ ညီမလေး ငြိမ်း၊
  • အမည်နဲ့ ရင်တွင်းခံစားချက်လေးတွေကို စာပြန်စီပေးနေတဲ့ မောင်လေးသစ်ဆန်းခန့် တို့ကိုလည်း ကျေးဇူးအထူးပါ …………..
  • ဒီအစီအစဉ်တစ်ခုလုံးအတွက် အဝေးကနေ စိတ်ပူပေးကြတဲ့ မောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးပါ .........
  • အစီအစဉ်တလျှောက်လုံးမှာ movie မှတ်တမ်းတင်ထားရှိခဲ့ပါတယ်။ Workshop လုပ်ခဲ့တဲ့ အစီအစဉ် Presentation အားလုံးကိုလည်း movie မှတ်တမ်းထားရှိခဲ့တာကြောင့် အခြေအနေ(connection)ကောင်းခဲ့ရင် MMSY မှာ တင်ပေးဖို့လည်း ကြိုးစားနေပါတယ်။
  • အလ္လာဟ်အလိုတူခဲ့ရင် VCD မှတ်တမ်းခွေလေးပါ ထုတ်ဖို့ စဉ်းစားထားပါတယ်။

No comments:

Post a Comment