ရောက်ခဲ့ဖူးသည် ဗန်းမော်၊ မံစီ ..... (မြစ်ကြီးနား) (အပိုင်း-၃)
ဒီလိုနဲ့ ကျွန်မတို့စီးလာတဲ့ကားလေးက ညနေစောင်းလောက်မှာ မြစ်ကြီးနားမြို့ကို ဆိုက်ရောက်တော့တာပေါ့။ မြစ်ကြီးနား ကားကွင်းရောက်တယ် ဆိုရင်ပဲ မန္တလေးသွားမယ့်ကားကို စုံစမ်းပြီး ကားလက်မှတ်ဝယ်ဖို့ပြေးတာပေါ့။
ကားဂိတ်လည်းရောက်တော့ ကျွန်မတို့ ၂-ယောက်မှာ ငိုအားထက် ရီအားသန်ရမလား ရီအားထက် ငိုအားသန်ရမလား ကြုံတွေ့ရတော့တာပဲလေ။ မန္တလေးပြန်မယ့်ကားအတွက် လက်မှတ်တွေကရတယ်။ ဒါပေမယ့် ကားတွေက ဗန်းမော်လမ်းကနေ သွားတာတဲ့လေ။ မြစ်ကြီးနားကနေ ဗန်းမော်ကိုသွား ဗန်းမော်ကမှ မန္တလေးကို သွားတာတဲ့။ ဒီတော့ ကျွန်မတို့ ၂-ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သေပြီ … ရုံးကိုတော့ ကိုယ်တွေပဲ ဒီလမ်းခရီးကို ကျွမ်းကျင်သလိုနဲ့ ခပ်တည်တည်ပဲ မြစ်ကြီးနားလမ်းက ပတ်ပြန်မယ်ပြောလိုက်ပြီ။ အခု မြစ်ကြီးနား ရောက်ပြီးမှ ဗန်းမော်လမ်းက ပြန်ရင်လည်း အော်ခံထိတော့မယ်၊ ရထားနဲ့ပဲ ပြန်ကြစို့လို့ ဆုံးဖြတ်ပြီး တည်းမယ့်ဟိုတယ် (ဗန်းမော်က တိမွေးကုဆရာဝန်မလေးက Booking လုပ်ပေးထားလို့ အဆင်ပြေသွားတာပေါ့။)ကို အရောက်သွားကြတယ်။
ဟိုတယ်လည်းရောက်တော့ Reception က အန်တီကြီးက ဖုန်းပြောနေသံကြားရတယ်၊ မီးကငြိမ်းသွားပြီလား၊ ဟုတ်လား ဆိုင်ခန်းတွေ အကုန်ကုန်ပြီပေါ့ ဘာညာဆိုတော့၊ စူးစမ်းတတ်တဲ့ကျွန်မတို့ ၂-ယောက်လည်း အန်တီ ဘယ်မှာ မီးလောင်တာလဲဆိုတော့ မန္တလေးမှာလေတဲ့။ ကြားလိုက်ရတော့ ချက်ချင်း ခေါင်းထဲမှာထိန်းကနဲဖြစ်သွားတယ်။ ဒါနဲ့ ဘယ်မှာလောင်တာလဲဆိုတော့ ရတနာပုံဈေးကြီးလေ မီးလောင်နေတာ မနက် ၈-နာရီလောက်ကတည်းက အခုထိ မီးမငြိမ်းသေးဘူး၊ ဆိုင်ခန်းတွေလည်း ကုန်ပြီတဲ့ ဆိုတော့ ကျွန်မတို့လည်း အိမ်တွေကို အပြေးအလွှား ဖုန်းတွေဆက်ကြတော့တာပေါ့။ အိမ်တွေနဲ့ ဖုန်းပြောပြီးတော့ လူက စိတ်မောနေတာ နည်းနည်းလျှော့သွားတယ်။
ဒါနဲ့ ပစ္စည်းတွေထားပြီး ရထားလက်မှတ်အတွက် ဟိုတယ်ပိုင်ရှင်အန်တီကြီးကို မေးမြန်းပြီး မြစ်ကြီးနားဘူတာရုံဘက် ထွက်လာလိုက်တယ်။ ဘူတာရုံရောက်တော့ လက်မှတ်က မရောင်းတော့ဘူး။ မနက်ဖြန် နေ့လည် ရထားရှိတယ်၊ မနက်အစောကြီးထပြီး လက်မှတ်တန်းစီဝယ်ရမယ်။ တကယ်လို့ လက်မှတ်မရရင် နောက်တစ်ရက်ဆက်ပြီး မြစ်ကြီးနားမှာ နေဖို့ပဲ စီစဉ်ရတော့မယ်။ အခုတော့ လက်မှတ်ရုံတွေလည်း ပိတ်ထားပြီဆိုတော့ ကျွန်မတို့လည်း စိတ်မောလူမောနဲ့ ဟိုတယ်ပြန်လာခဲ့တယ်။ ဟိုတယ်ရောက်တာနဲ့ ငါတို့ဟာ မြစ်ကြီးနားလည်း ရောက်နေပြီဆိုတော့ မထူးဘူး ရောက်ဖူးတယ်ရှိအောင် မြစ်ဆုံကို သွားကြရအောင် …. ပြောလိုက်တော့ သူငယ်ချင်းကလည်း နှစ်ခွန်းမပြောရဘူး။ very good ! တဲ့လေ။ ဟိုတယ်မှာ ခဏနားနေရင်းနဲ့ မြစ်ကြီးနားမှာရှိတဲ့ ကျွန်မ ဆရာနှစ်ယောက်ကို သတိရလိုက်တယ်။ Interfaith Workshop တက်စဉ်က Lead လုပ်ကြတဲ့ ဆရာတွေပေါ့။ ဆရာတွေကို ဆရာလို့ခေါ်ပေမယ့် ကျွန်မနဲ့က မောင်နှမလို ခင်မင်ရင်းနှီးခဲ့ကြတာ။ အဲဒါနဲ့ သူတို့ဆီ ဖုန်းလှမ်းဆက်လိုက်တယ်။ မရှိကြဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း မှာထားခဲ့လိုက်တယ်။ ခဏနေတော့ Rectption က ပြောတယ် ကျွန်မနာမည်နဲ့ ဖုန်းလာတယ်ဆိုတာနဲ့ ဖုန်းသွားကိုင်တော့ ခုနက ဆရာက ဖုန်းပြန်ဆက်တာဖြစ်နေတယ်။ ဆရာကလည်း ၀မ်းသာအားရပါပဲ ကြိုဆိုပါတယ်၊ လာမယ်ဆိုလည်း ကြိုပြောပေါ့ သူတို့စီစဉ်ပေးမှာပေါ့တဲ့။ ကျွန်မကလည်း အစီအစဉ်မရှိပဲလာဖြစ်တာကြောင့် ကြိုတင်အကြောင်းမကြားဖြစ်ကြောင်းပြောလိုက်တယ်။ ဆရာက အခု ညနေစာစားပြီးကြပြီလား သူလာခေါ်မယ်ဆိုတာကြောင့် ကျွန်မတို့လည်း စောင်နေ့လိုက်တယ်။
ခဏနေတော့ ဆရာတစ်ယောက် ရောက်လာပြီး ဆရာတစ်ယောက်က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ရှိလို့ မနေ့ကပဲ မံစီသွားတဲ့အကြောင်း၊ မနက်ဖြန် ပြန်လာမယ့်အကြောင်းပြောတယ်။ ပြီးတော့ ညနေစာ ဘာစားချင်လဲ မေးပြီး ညဈေးတန်းဘက် လိုက်ပို့မယ်ဆိုတာကြောင့် ညဈေးတန်းဘက်သွားပြီး အမဲလုံးခေါက်ဆွဲသွားစားလိုက်ကြတယ်။ မန္တလေးပြန်မယ့်ကိစ္စဆရာ့ကို ပြောပြတော့ ဆရာကလည်း ကျွန်မတို့ကို ရီလိုက်တာမှတအားပဲ။ အဲဒါများ စောစောစီးစီး လှမ်းပြီး မေးပါတော့လားတဲ့လေ။ ကျွန်မကလည်း ကျွန်မပါပဲ မေးဖို့ သတိမှမရတာကိုး။ မနက်ဖြန်မနက်မှ လက်မှတ်တန်းစီဝယ်ရမယ့်အကြောင်းပြောရင်း မြစ်ဆုံလည်းရောက်ဖူးချင်တာကြောင့် သုံးဘီးဆိုင်ကယ်ငှားပြီး မြစ်ဆုံသွားမယ့်အကြောင်းလည်း ပြောပြလိုက်တယ်။ ဒါနဲ့ ဆရာကပြောတယ် မြစ်ဆုံကို သုံးဘီးဆိုင်ကယ်ငှားပြီး ၂-ယောက်တည်းသွားမယ် ဟုတ်လား၊ တစ်လမ်းလုံး ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်သလိုဖြစ်နေမယ်။ ပြန်လာရင် တစ်ကိုယ်လုံးကိုက်ခဲပြီး လှုပ်လို့တောင် ရမှာမဟုတ်ဘူး။ သုံးဘီးဆိုင်ကယ်နဲ့မသွားနဲ့ ဆိုင်ကယ်နဲ့ပဲသွား လိုက်ပို့ပေးမယ်တဲ့။ အဲလိုလည်း ကြားရော ကျွန်မတို့မှာ ၀မ်းသာကြတာပေါ့။ ဒါဆိုရင် မနက်ဖြန် မနက်စောစောလက်မှတ်ဝယ်ပြီးတာနဲ့ ဆရာတို့ဆီကို ဖုန်းလှမ်းဆက်လိုက်မယ်လို့ပြောလိုက်တယ်။ ခေါက်ဆွဲစား ခဏစကားထိုင်ပြောပြီး ဆရာက ကျွန်မတို့ကိုဟိုတယ်ပြန်လိုက်ပို့ပြီး ပြန်သွားတယ်။
ဒါနဲ့ပဲ ကျွန်မတို့ ၂-ယောက်လည်း နောက်တစ်နေ့ မနက်အစောကြီးထပြီး လက်မှတ်ဝယ်ဖို့ ဘူတာရုံကို ထွက်ခဲ့လိုက်တယ်။ ဘူတာရုံရောက်တော့ ဆရာက ရောက်နှင့်နေတယ်။ ကျွန်မ ၂-ယောက်တည်း အဆင်မပြေဖြစ်နေမှာကြောင့်ဆိုပြီး လက်မှတ်ကိစ္စအစအဆုံးကူညီပေးတယ်။ ရထားလက်မှတ်ရတော့မှ ကျွန်မတို့ နှစ်ယောက်လည်းဝမ်းသာကြရတယ်။ ရထားလက်မှတ်ယူပြီးတော့ မြစ်ဆုံကိုသွားမယ် ဒါပေမယ့် ဆရာ့ဆိုင်ကယ်တစ်စီးတည်းနဲ့ ၃-ယောက်ဆို အဆင်မပြေဘူး၊ ဆိုင်ကယ်တစ်စီးငှားလိုက်မယ်ဆိုပြီး ကျွန်မတို့ ဆိုင်ကယ်တစ်စီးငှားလိုက်တယ်။ ဆရာပြောခဲ့သလိုပါပဲ ဆိုင်ကယ်နဲ့သွားလို့သာတော်သေးတာပေါ့။
လမ်းကတော့ ခင်းထားပါရဲ့ ဒါပေမယ့် လမ်းပေါ်မှာကျောက်တုံးတွေနဲ့ဆိုတော့ ဆိုင်ကယ်တောင် မောင်းရတာ အဆင်မပြေဘူး။ လမ်းရဲ့ဘစ်ဘက်တစ်ချက်မှာ ၈-လက်မ နီးပါးလောက်ရှိတဲ့ အုတ်တစ်ချပ်စီနဲ့ ဘောင်ကွပ်ထားတယ်။ ဆရာကလည်း ဆိုင်ကယ်ကို အဲဒီအုတ်ချပ်တွေပေါ်ကနေ မောင်းတယ်။ နောက်ကထိုင်တဲ့ကျွန်မမှာတော့ ကျွန်မလှုပ်လိုက်လို့ ဆိုင်ကယ်က ဟန်ချက်ပျက်ပြီး လမ်းဘေးပြုတ်ကျသွားမှာကြောက်လို့ အသက်တောင်ရဲရဲမရှူဝံ့ဘူး။ ဆရာကတော့ ဆိုင်ကယ်မောင်းကျွမ်းကျင်သူပီပီ အခက်အခဲမရှိ အေးအေးဆေးဆေးမောင်းပါတယ်။ သူငယ်ချင်းစီးလာတဲ့ ဆိုင်ကယ်မောင်းသူကလည်း ဆရာမောင်းသလိုလိုက်မောင်းတော့ ဆိုင်ကယ်က လမ်းဘေးချော်ချော်သွားတယ်။ ကျွန်မတို့လည်း လမ်းဘေးချော်သွားတဲ့ဆိုင်ကယ်ကို ပြန်စောင့်လိုက် မောင်းလိုက်နဲ့ တော်တော်ကြာတော့ တောင်ပေါ်ကနေ မြစ်ဆုံကို လှမ်းမြင်ရတဲ့နေရာကို ရောက်တော့ လမ်းတလျှောက်လုံးပူပင်နေခဲ့တဲ့ စိတ်တွေအေးပြီး အမောပြေသွားတော့တယ်။
မေခ-မလိခ မြစ်ဆုံလည်းရောက်ရော မုန့်ဆိုင်တန်းတွေရှိတဲ့နေရာမှာ ဆိုင်ကိုယ်ကို ရပ်ထားခဲ့ပြီး ဟိုးမြစ်ကမ်းခြေကို ဆင်းသွားလိုက်ကြတယ်။ မြစ်ကမ်းကိုရောက်တယ်ဆိုရင်ပဲ စက်ရုံကထုတ်တဲ့ ကျောက်တုံးလေးတွေကို စီပြီး ချထားသလို အလုံးညီညီအရွယ်အစားတူ ကျောက်တုံးလေးတွေပေါ်မှာ လမ်းလျှောက်ရင်း မေခဘက်လျှောက်လိုက်၊ မလိခဘက်လျှောက်လိုက်နဲ့ လမ်းလျှောက်ရင်း ကျောက်ခဲလေးတွေကောက်ရင်း စိတ်လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားနေမိတယ်။ သြော် … ဓါတ်ပုံလည်းရိုက်ကြတာပေါ့။ ကျွန်မက သွားလေရာ Camera ယူတတ်သူဖြစ်တော့ မျက်စိထဲမှာမြင်ရတဲ့ လျှပ်တပြက်လေးတွေကိုလည်း မှတ်တမ်းတင်မိသေးတယ်လေ။ တော်တော်လေးမောသွားတော့မှ မြစ်ဆုံ ရေစပ်နားမှာဖွင့်ထားတဲ့ဆိုင်လေးမှာထိုင်ပြီး အအေးသောက်ရင်း မုန့်စားရင်း စကားတွေပြောဖြစ်ကြတယ်။ အမောပြေပြီးနောက် ကျွန်မတို့လည်း မြစ်ကြီးနားကို ပြန်လာခဲ့လိုက်ကြတယ်။ မြစ်ကြီးနားရောက်တော့ ထမင်းသွားစားကြပြီး ဟိုတယ်ပြန်သွားပြီး နေ့လည် ရထားနဲ့ ပြန်ကြဖို့ပြင်ဆင်ရတော့တယ်။ ဆရာကလည်း ဘူတာဆင်းချိန်ကျမှ ပြန်လိုက်ပို့မယ်ဆိုပြီး အိမ်ခဏပြန်သွားတယ်။ ဒါနဲ့ ကျွန်မတို့လည်း ဟိုတယ်မှာ အေးအေးဆေးဆေးအနားယူပြီး ဘူတာဆင်းရမယ့်အချိန်ကို စောင့်နေလိုက်တယ်။
ခဏနေတော့ ဆရာ ရောက်လာပြီးလာခေါ်တယ်၊ မံစီကို သွားနေတဲ့ဆရာလည်း ပြန်ရောက်နေပြီ၊ ကျွန်မရောက်နေတာကို ပြောလိုက်တယ် အဲဒီဆရာလည်း ဘူတာကို လိုက်လာလိမ့်မယ်ဆိုတာကြောင့် ကျွန်မလည်း ၀မ်းသာသွားမိတယ်။ ဆရာက ကျွန်မတို့ကို ဘူတာထဲ ရထားပေါ်အထိလိုက်ပို့ပြီး ပြန်သွားတယ်။ ဘူတာကို လိုက်လာမယ်ဆိုတဲ့ဆရာလည်း ရောက်မလာတာကြောင့် ကျွန်မလည်း စိတ်မကောင်းဖြစ်သွားတယ်။ ရထားထွက်ရန် မိနစ်အနည်းငယ်သာ လိုပါတော့တယ်ဆိုတဲ့ ကြေငြာသံကိုကြားလိုက်ရတယ်။ ဒီအချိန်မှာပဲ ဂျပ်ဖာတစ်ဖာပိုက်ပြီးပြေးလာတဲ့ မံစီကိုသွားနေတယ်ဆိုတဲ့ ဆရာ့ကိုတွေ့လိုက်ရတော့ ၀မ်းသာသွားတယ်။ ဆရာကလည်း ရထားတွဲပေါ်အထိတက်လာပြီး မုန့်သွားဝယ်နေလို့နောက်ကျသွားလို့ အမြန်ပြေးလာရကြောင်း၊ သင်တန်းပြီးလို့ ပြန်ဆုံတွေ့ရတာဝမ်းသာကြောင်းနဲ့ သင်တန်းအတူတက်ခဲ့ကြသူတွေအကြောင်းပြောရင်း သင်တန်းအတူတက်ကြသူတွေထဲမှာမှ မန္တလေးက ကျွန်မတို့သူငယ်ချင်းတစ်စု စုပြီး Interfaith Youth Desk ဆိုတဲ့ လှုပ်ရှားမှုလေးလုပ်နေတဲ့အကြောင်းတွေကို ၀မ်းသာအားရပြောကြတာပေါ့။ ပြီးတော့ သူယူလာတဲ့ ဂျပ်ဖာကြီးကိုပေးပြီး ရော့ … ဒါက ဆားမုန့် ငါလည်း ဘာဝယ်ရမှန်းမသိလို့ ကျန်တဲ့သူတွေရောစားဖို့ နင်လည်း စားလို့ရအောင် ၀ယ်လာတာဆိုပြီးပေးခဲ့တယ်။ ဒါနဲ့ ဆရာနဲ့ စကားတွေဆက်ပြောနေရင်း ရထားဘီးစလှိမ့်ပြီး ထွက်မှ ဆရာလည်း ပြန်ဆင်းသွားတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့လည်း မန္တလေးမြို့တော်ကြီးဆီ ပြန်ဦးတည်ခဲ့ကြတော့တာပေါ့။
ရထားပေါ်မှာ ကျွန်မတို့ ၂-ယောက်က ဘေးချင်းယှဉ်ထိုင်ခုံရပြီး မျက်နှာချင်းဆိုင်မှာက အမျိုးသမီးတစ်ယောက်၊ သူ့ဘေးခုံမှာက အမျိုးသားတစ်ယောက်ရယ် အတူတူကျတယ်လေ။ ညနေပိုင်း ရထားစထွက်လာကတည်းက အေးအေးဆေးဆေးပါပဲ ဘာအခက်အခဲမှမရှိဘူး။ အဲ …. ညနေ မှောင်ရီပျိုးတာနဲ့ ဇာတ်လမ်းက စတော့တာပဲ။ ဟို … ကိုယ်တော်ချောက အရက်ပုလင်းထုတ်သောက်တယ်။ တစ်ပုလင်းလုံးကုန်အောင်သောက်ပြီး ရေချိန်တက်တော့တယ်။ အရက်တစ်ပုလင်းလည်းကုန်ရော လူက လူမှန်းမသိလောက်တဲ့ အခြေအနေထိမူးပြီး ကို့ရို့ကားယားလုပ်တော့တာပဲ။ ခြေရားယားလက်ကားယားလုပ်ပြီး ခူးခူးခေါခေါနဲ့ အိပ်နေလိုက်တာ သူကတော့ နတ်ပြည်ရောက်နေတယ်ထင်နေလား အောက်မေ့ရတယ်။ သူ့ဘေးက အမျိုးသမီးကလည်း ပထမပိုင်းတော့ သည်းခံရှာပါတယ်။ နောက်တော့ သူလည်း တော်တော်နေရခက်လာတယ်။ သူ့ကြည့်ရတာ တော်တော်လည်း စိတ်ညစ်နေတဲ့ပုံဖြစ်လာတယ်။ လမ်းရဲ့ ဟိုဘက်ဘေးခုံက ကောင်လေးတစ်ယောက်က အဲဒီအမျိုးသမီးကို နေရာချင်းလဲပေးလိုက်လို့ အဲဒီအစ်မလည်း စိတ်ညစ်တာ သက်သာသွားပုံပဲ။
အဲဒီနောက်တော့ အခြေအနေက တော်တော်ဆိုးလာတယ်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျွန်မတို့နှစ်ယောက်ကို ထိုင်ရတာ ခက်ခဲလာတယ်။ ကျွန်မနဲ့ သူငယ်ချင်းကလည်း ရထားတွဲထိန်းကိုသွားခေါ်ပြီးပြောတယ်။ တွဲထိန်းရောက်လာပြီး ဟိုလူကိုပြောတယ်။ အဆင်ပြေသွားတယ်။ နောက်တစ်ကြိမ်ပြန်ဖြစ်ပြန်ရော၊ တွဲထိန်းသွားခေါ်တော့ ရောက်လာပြီးပြောသွားပြန်ရော။ နောက်တစ်ခါဖြစ်တော့ ကျွန်မတို့လည်း တွဲထိန်းကိုရှာမတွေ့တော့ဘူး။ အဲဒီအချိန်မှာပဲ ကျွန်မတို့ခုံရဲ့နောက်ဘက်မျက်စောင်းထိုးလောက်မှာထိုင်နေတဲ့ လူတစ်ယောက်က ညီမလေးတို့ အစ်ကိုတို့နေရာမှာသွားထိုင်လိုက်၊ အစ်ကိုတို့ နေရာလဲပေးမယ်ဆိုတာကြောင့် ကျွန်မတို့လည်း ကျေးဇူးတင်ကြောင်းပြောပြီး နေရာရွှေ့ထိုင်လိုက်တော့မှ စိတ်ချလက်ချ သက်ပြင်းချနိုင်တော့တယ်။ တအိအိခုတ်မောင်းလာတဲ့ရထားကြီးက ၀န်းသိုဘူတာကိုကျော်ပြီးလို့ သိပ်မကြာဘူး ထိုးရပ်သွားတယ်။ ကျွန်မလည်း နာရီကိုကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေပြီ။
ရထားကရပ်သွားတော့ ဘာဖြစ်တာလဲ ဘာညာစူးစမ်းကြတော့ ရထားပျက်သွားတယ်တဲ့။ စိတ်ထဲက ဒုက္ခပါပဲ တစ်မျိုးပြီးတစ်မျိုးပါလား လို့ ထင်လိုက်မိတယ်။ ဒါနဲ့ ဘယ်နေရာရောက်နေလဲ စပ်စုကြည့်လိုက်တော့ နဘားဘူတာနားရောက်ခါနီးနေပြီတဲ့လေ။ ရထားပေါ်မှာ မိုးလင်းထိ ထိုင်နေရတယ်။ မိုးလင်းတော့မှ ရထားက ပြန်ကောင်းသွားတယ်။ ပြန်ကောင်းသွားတဲ့ ရထားကြီးကလည်း ပြန်ပြီးတရွှေ့ရွှေ့ခုတ်မောင်းတော့တာပါပဲ။ ဒီလိုနဲ့ နာရီပေါင်း(၃၀)ကျော် ရထားပေါ်မှာ အချိန်ကုန်လွန်ခဲ့ပြီးနောက် မန္တလေးရွှေမြို့တော်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်ခဲ့ပါတော့တယ်။ ကျွန်မကို လာကြိုနေတဲ့ ဖေဖေ့ကိုတွေ့လိုက်ရမှ ကျွန်မလည်း တစ်လမ်းလုံးမောလာခဲ့တဲ့ အမောတွေ ပြေသွားတော့တာပေါ့ ………….. ။
ဒီခရီးစဉ်လေးက ကျွန်မရဲ့ဘ၀မှာ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုအားကိုးမှု ယုံကြည်မှုများစွာဖြည့်တင်းပြီး စတင်ခဲ့ရတဲ့ မှတ်မှတ်ရရခရီးစဉ်လေးတစ်ခုပါပဲ ……………. :)
No comments:
Post a Comment