မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။
× × × × × ×
အဲဒါကြောင့် သမီးက မေမေ့ကိုပြောတယ်။ သမီးစာတွေ မလိုက်နိုင်ဘူး။ အတန်းပြောင်းချင်တယ်ဆိုတော့ မေမေကပြောတယ် ‘သမီးရယ် ဆရာက သမီးအတွက် သင့်တော်မယ့်နေရာထားပေးတာ၊ ဘာလို့ပြောင်းမှာလဲ’ဆိုတော့ သမီးက ‘’ဒါဆို သမီး ဆရာကြီးကို ပြောကြည့်မယ်’ လို့ပြောပြီး ဆရာကြီးကို ပြောလိုက်တဲ့အခါ ဆရာကြီးကလည်း ပြောခဲ့တယ်လေ ‘ညည်း လျှာမရှည်နဲ့ ငါထားတဲ့အတန်းမှာနေ၊ အခုမလိုက်နိုင်လည်း နောက်ပိုင်း လိုက်နိုင်လာလိမ့်မယ်’တဲ့။ အဲဒီအချိန်ကတော့ ဆရာကြီးကို ကြောက်လည်းကြောက် ချစ်လည်းချစ်တော့ ပြန်မပြောရဲခဲ့ဘူး။ စိတ်ထဲကတော့ သိပ်မကြည်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်း သမီးနားလည်ခဲ့ပါတယ်။ ဆရာကြီးက အခြား တန်းခွဲ (၂၊ ၃၊ ၄၊ ၅) တွေမှာမထားပဲ သူနဲ့အနီးကပ်ဆုံးဖြစ်တဲ့ အကောင်းဆုံးအတန်းမှာ နေစေခဲ့တာ။ နောက်ပြီးတော့ အဲဒီအချိန်က ကျူရှင်စရိတ်က ၃၀၀၀၀ိ/-လေ။ အဲဒါက တစ်နှစ်လုံးအတွက်ပေါ့ အဲဒီအချိန်က သုံးသောင်းဆိုတာလည်း မနည်းဘူးနော်။
ဒါပေမယ့် သမီးအတွက် ဆရာကြီးက ၅၀၀၀ိ/-ပဲ ယူခဲ့တာနော်။ ဒါဟာလည်း ဖေဖေမေမေတို့ရဲ့ သမီးဖြစ်လို့ပေါ့နော်မေမေ။ ကျောင်းက စာသင်ကြတဲ့ ဆရာဆရာမတွေလည်း တအားကောင်းတယ်၊ သမီးဆို စာတွေကို အိမ်မှာတအား ပြန်မကျက်ရတဲ့ အခြေအနေထိပဲလေ။ ညပိုင်းတွေ သမီးစာကျက်ရင် မေမေက ဘေးကနေ ထိုင်နေပေးတယ်။ သမီးစာကျက်ရင်းစားဖို့ လ္ဘက်၊ ကော်ဖီ အစုံပဲ လုပ်ပေးတယ်နော်။ သမီးကတော့ ကျောင်းစတက်ကတည်းက ဖေဖေမေမေတို့ကို ပြောခဲ့တယ်။ “သမီးကို ဆရာဝန်ဖြစ်ဖို့တို့ဘာတို့မတိုက်တွန်းနဲ့နော်၊ သမီးက အင်ဂျင်နီယာကို ၀ါသနာပါတယ်၊ ဒါပေမယ့် သမီးကို အဲဒါတွေဖြစ်ပါစေဆိုပြီးတော့တော့ ဖိအား မပေးပါနဲ့နော်။ သမီး နိုင်သလောက်ပဲကြိုးစားမယ်၊ ၁၀-တန်းကိုတော့ နှစ်ချင်းပေါက် အောင်မြင်အောင် လုပ်မယ်။ နောက်နှစ်ဆိုတာကြီးမှာ စာပြန်ကျက်ရမှာသမီးပျင်းတယ်။ မကျက်ချင်ဘူး။ တစ်နှစ်ထဲ နှစ်ချင်းပေါက် အောင်အောင်လုပ်မယ်နော်”ဆိုတော့ မေမေကလည်း အားပေးတယ်လေ။
မေမေပြောခဲ့တဲ့စကားလေး သမီးအမှတ်ရတယ်မေမေ “ကောင်းတယ်သမီး၊ မေမေတို့က ကိုယ့်သားသမီးကို ထူးချွန်စေချင်တာတော့ ဟုတ်တယ်။ ဒါပေမယ့် သမီးမလိုက်နိုင်တာကို ဖိအားပေးတာမျိုးတော့ မလုပ်ဘူး။ သမီးကိုလည်း မေမေယုံတယ်။ သမီးပြောတဲ့အတိုင်းလုပ်မယ်ဆိုတာ မေမေယုံတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ခြေချော် လက်ချော်ဖြစ်ခဲ့လည်း ဘာမှ စိတ်ဓါတ်ကျစရာမလိုဘူး။ သမီးပြောတဲ့အတိုင်းသာလုပ်”ဆိုပြီး သမီးရဲ့ ယုံကြည်ရပ်တည်ချက် ခိုင်မာအောင် အားပေးဆုံးမခဲ့တဲ့စကားလေးကို သမီးဘယ်တော့မှ မမေ့ဘူးမေမေ။ သမီးကလည်း သမီးပဲနော် မေမေ။ စာကျက်ရင်း မေမေလုပ်ပေးတဲ့လ္ဘက်တွေစားလို့ကုန်ရင်၊ ကော်ဖီသောက်လို့ကုန်ရင် အိပ်တော့တာပဲနော်။ ဘယ်တော့မှ ညနက်ထိ စာကြည့်တယ်ဆိုတာမရှိဘူး။
တစ်ခါတစ်ခါ ညနက်ထိ စာကြည့်ဖြစ်ရင်တော့ မေမေက ဘေးမှာ လာထိုင်နေပေးတာတို့ ဒါမှမဟုတ်ရင် သမီးစာကျက်သံကို နားစွင့်နေတာမျိုးလုပ်နေတတ်တယ်။ သမီး စာကျက်သံ မကြားတော့တာနဲ့ သမီး စာကျက်နေသေးတာလား၊ အိပ်ပျော်နေလားလို့ လှမ်းမေးတတ်တယ်လေ။ တစ်ခါတစ်ခါသမီးက စာမကျက်တော့တာမေမေ စာပြန်ရေးကြည့်နေတာလို့ပြောရင်တော့ မေမေက အင်းလုပ်နော်သမီးလေး။ မေမေ အိပ်မပျော်သေးဘူး သမီးလေးအသံကို နားထောင်နေတယ်လို့ပြောခဲ့တယ်နော်။ အဲလိုမှ မဟုတ်ပဲ သမီးက ဘာမှ ပြန်ပြောသံမကြားရရင် မေမေက ထလာပြီး လာကြည့်တတ်တယ်။ အဲဒီအခါ သမီးက စာကြည့်စားပွဲမှာ မှောက်ပြီး အိပ်ပျော်နေတတ်တဲ့အခါ ဆိုရင် မေမေက အသာအယာပဲနှိုးပြီး အိပ်ယာထဲ သွားအိပ်ခိုင်းလေ့ရှိတယ်နော်။ မေမေက သမီးအပေါ် အဲလောက်ထိအောင် ဂရုစိုက်ခဲ့သူပါမေမေရယ်။
နောက်ပြီး အိမ်နားဝန်းကျင်က သူငယ်ချင်းတွေက သမီးကို စာတွေလာမေးရင် သူတို့တွေကိုပါ မေမေက သမီးအတွက်လုပ်ပေးသလို လုပ်ပေးခဲ့တယ်နော်။ စာမေးပွဲဖြေရတဲ့ ရက်တွေမှာလည်း သမီးကို အားရှိစေမယ့်အစားအစာတွေကို ဂရုတစိုက်ကျွေးမွေးတယ်။ စာမေးပွဲဖြေပြီး ပြန်လာတာနဲ့ ဖြေခဲ့တာတွေအပေါ် ပြန်လည်မေးမြန်းတယ်။ သမီးကလည်း စာမေးပွဲခန်းထဲမှာကတည်းက တစ်ခါတည်း အမှတ်ပြန်တွက်လာခဲ့တယ်လေ။ အိမ်ရောက်ရင် မေမေ့ကို ဒီဘာသာကတော့ အမှတ်ဘယ်လောက်ရမယ် ဆိုတာ ပြောပြတယ်။ စာမေးပွဲဖြေခဲ့တာတွေကို ခဏပြောပြီးတာနဲ့ ခဏနား စားသောက်ပြီးတော့ အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားယူစေတယ်။ စာမေးပွဲရက်အတွင်း ညဘက်တွေမှာ သူငယ်ချင်းတွေက အိမ်မှာ လာစုပြီး သမီးကျူရှင်က သင်တာတွေလာယူတဲ့အခါမျိုးမှာ သမီးက ပုံမှန်စာကျက်ချိန်အတိုင်းပဲအိပ်တဲ့အခါ သူတို့က မိုးချုပ်ထိ အိမ်မှာ စာကျက်နေတတ်ကြရင် မေမေကပဲ သူတို့အတွက် ဒိုင်ခံ လုပ်ပေးတယ်နော်။ သမီး စာမေးပွဲဖြေတဲ့ရက်တွေမှာသမီးထက်တောင် မေမေ ပိုပင်ပန်းခဲ့တယ်နော်။
သြော် … သမီးပြောဖို့မေ့နေတယ်။ အဲဒီစာမေးပွဲက အစိုးရစစ်စာမေးပွဲဆိုတော့ သမီး ၄-တန်းနှစ်တုန်းကလိုပဲမို့ မေမေက ခါတိုင်းထက်လည်း ပိုပြီး ဂရုစိုက်ပေးခဲ့တယ်နော်။ ဒီလိုနဲ့ ဆယ်တန်း အောင်စာရင်းထွက်တဲ့နေ့မနက်အစောကြီးမှာ ဖေဖေရယ် သမီးရယ်က အောင်စာရင်း သွားကြည့်မယ်ဆိုတော့ မေမေက သမီးလိုက်မသွားပါနဲ့။ ဖေဖေပဲ ကြည့်လာလိမ့်မယ်လို့ပြောတယ်နော်။ သမီးက ဘာဖြစ်လို့လဲ မေမေရဲ့ သမီးရဲ့နာမည်ကို သမီးကိုယ်တိုင်ကြည့်ချင်တာပေါ့လို့ ပြန်ပြောတဲ့အခါမှာ မေမေက မတော်တဆ သမီးနာမည် မပါခဲ့ရင် သမီးခံစားပြီး တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့တဲ့။ ဒါပေမယ့် သမီးကလည်း ပြန်ပြောခဲ့တာပဲလေ မေမေရယ် သမီး ကိုယ့်ကိုယ်ကိုယုံပါတယ်။ သမီးအောင်မှာ သေချာတယ်လို့ပြောပြီး ဖေဖေနဲ့အတူတူ မြို့ထဲကကျောင်းမှာ အောင်စာရင်း သွားကြည့်ခဲ့တယ်လေ။ အောင်စာရင်းမှာပါတဲ့ သမီးနာမည်ကို သမီးမျက်စိနဲ့သေချာကြည့်ခဲ့ရလို့ သမီးပျော်ခဲ့တယ်မေမေ။ သမီးနဲ့ဖေဖေက မြို့ထဲက အဖိုးအဖွားတွေအိမ် ၀င်ပြောနေတဲ့အခါ သမီးတို့ပြန်မလာသေးပဲ ကြာနေတော့ မေမေ စိတ်တအား ပူပင်နေခဲ့တာကို သမီးအိမ်ပြန်ရောက်မှ သိရတယ်။ အမှန်ဆို သမီးက အိမ်ကိုအရင်ပြန်လာပြီး မေမေ့ကို အရင်ဆုံး ပြောပြသင့်ခဲ့တာ ပါနော်မေမေ။
မေမေ သမီးအတွက် အဲဒီလောက် စိတ်လှုပ်ရှားပြီးပူပင်နေခဲ့မှန်း သမီး သတိမထားလိုက်မိဘူးမေမေရယ်။ ဒါပေမယ့် သမီးပြန်လာတာကို အိမ်ရှေ့က ပူပင်နေတဲ့စိတ်နဲ့ ထွက်စောင့်ကြိုနေတဲ့မေမေဟာ ဖေဖေနဲ့သမီးရဲ့ ပြုံးပျော်ရွှင်တဲ့မျက်နှာတွေနဲ့ ပြန်လာတာကိုမြင်လိုက်ရတဲ့ ခဏမှာ ကြည်လင်ဝင်းပပျော်ရွှင်သွားတဲ့ မေမေ့မျက်နှာကိုလည်း သမီးမှတ်မိတယ်မေမေ။
× × × × × ×
အောင်စာရင်းထွက်ပြီးတဲ့အခါ သမီး GTI တက်ချင်တယ်မေမေဆိုတော့ မေမေက သမီးဝါသနာပါရင် တက်ပါလို့ပြောခဲ့တယ်နော်။ နောက်ပြီး အဲဒီအချိန်က GTI Diploma က ၂-နှစ်တက်လို့ရတဲ့အချိန်ပါ။ တက္ကသိုလ်တက်ဖို့က ၃-နှစ်စောင့်ရတယ်။ တက္ကသိုလ်မတက်ခင် GTI ၂-နှစ် အရင်တက်လိုက်လို့ရတယ်လေ။ ဒါနဲ့ သမီးတို့ ၁၀-တန်းအောင်စာရင်းမထွက်ခင်အချိန် သမီးက အိမ်မှာနေတာထက် အလုပ်တစ်ခုလုပ်ချင်တယ်မေမေလို့ပြောတော့။ မေမေက အလုပ်မလုပ်စေချင်ဘူးလေ။ ဒါပေမယ့် သမီးကပြောပြတယ် ဒီလိုအိမ်မှာပဲ နေရရင် အပြင်လောကအကြောင်း သမီးဘာမှသိလာမှာမဟုတ်ဘူးလို့ပြောခဲ့မိတယ်။ ဒါနဲ့ပဲ မေမေက ဦးလေးနဲ့အဒေါ်တို့ရဲ့ စက်ချုပ်(အော်ဒါချုပ်တွေချုပ်တာ)တဲ့ဆီပို့ပေးရမလားဆိုတော့ ဖေဖေပြောတဲ့စကားနဲ့ မေမေရဲ့ ဆုံးဖြတ်ချက်လေးကိုလည်း သမီးမှတ်မိပါတယ်မေမေ။ သမီးကလည်း ဦးလေးတို့ဆီမှာ စက်ချုပ်မသင်ချင်ခဲ့ပါဘူးမေမေ။ ဖေဖေက ပြောတယ် ‘ငါ့သမီးကို အဲဒီမှာပို့ပြီး စက်ချုပ်သင်ပေးရင် ငါ့သမီးက သူ့ဦးလေးအဒေါ်နဲ့အစ်မ၀မ်းကွဲကလွဲလို့ ဘယ်သူနဲ့မှသိလာမှာမဟုတ်ဘူး။ ငါ့သမီးကို အပြင်လောကထဲမှာ ၀င်ဆန့်သူဖြစ်စေချင်တယ်’တဲ့လေ။
ဒါနဲ့ မေမေက ဒီလိုဆိုရင် သမီးကို ပြင်ပလောကနဲ့ထိတွေ့ခွင့်ရမယ့်အလုပ်စဉ်းစားပေးမယ်ဆိုပြီး မေမေ့မိတ်ဆွေ အန်တီကြီးတစ်ယောက်ရဲ့ ညီမ၀မ်းကွဲဆိုင်မှာ သမီးအတွက် အလုပ်ပြောပေးခဲ့တယ်နော်။ ကွန်ပျူတာစာစီဆိုင်လေးမှာပေါ့။ သမီးက အလုပ်ဝင်ဝင်ချင်း ဘာမှလည်းမတတ်ဘူးလေ။ မေမေနဲ့ဖေဖေကလည်း သမီးအတွေ့အကြုံရအောင်သာ အလုပ်ထဲသွင်းပေးကြတာလေ။ အဲဒီ အန်တီကလည်း သမီးကို မေမေတို့ရဲ့သမီးဖြစ်နေတာကြောင့် ၀င်ဝင်ချင်း လစာကို ကျပ် ၁၀၀၀ စပေးခဲ့တယ်။ လုပ်ငန်းကျွမ်းကျင်ပြီးလုပ်နေတဲ့သူတစ်ချို့တောင် တစ်လမှ လစာ ၇၀၀ ပဲပေးတာ။ သမီးကိုတော့ မေမေတို့ရဲ့သမီးဆိုတာကြောင့် လစာပိုရခဲ့တာပေါ့။ အဲဒီဆိုင်လေးက စာရေးကိရိယာပစ္စည်းတွေပါရောင်းတဲ့ဆိုင်လေးနဲ့ တွဲထားတယ်လေ။ သမီးလည်း ကွန်ပျူတာသင်ရင်းနဲ့ မီးပျက်တဲ့အချိန်တွေဆို စာရေးကိရိယာဆိုင်ဘက်ပြေးကူရင်း သမီးစိတ်ဝင်စားတဲ့ စာရေးကိရိယာတွေကို ငေးတော့တာပေါ့။ GTI သုံးပစ္စည်းတွေဆိုတာလည်း သမီးငေးရတဲ့ပစ္စည်းတွေပေါ့မေမေရယ်။ အဲဒီပစ္စည်းတွေကလည်း ဈေးကြီးတယ်နော်။
သမီးက အလုပ်ပြန်လာလို့ အိမ်ပြန်ရောက်ရင် သမီးအလုပ်အကြောင်း၊ စာရေးကိရိယာတွေအကြောင်း၊ GTI သုံးပစ္စည်းတွေနဲ့ အဲဒီပစ္စည်းတွေဈေးကြီးကြောင်း အဲဒါတွေကို မေမေ့ကို အမြဲပြောပြလေ့ရှိတဲ့အခါမှာ မေမေက ပြုံးပြီးနားထောင်တယ်။ ပြီးရင် သမီးကို လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုတွေကို လမ်းညွှန်သင်ပြပေးတာတွေကိုလည်း သမီးမှတ်မိပါတယ်မေမေ။ ဒီလိုနဲ့ ၁၀-တန်း အောင်စာရင်းလည်းထွက်ပြီးရော အမှတ်စာရင်းတွေသိရဖို့လုပ်တယ်။ ဒီလိုနဲ့ အမှတ်စာရင်းက ရန်ကုန်ကိုလှမ်းတောင်းရတယ်လေ။ အဖိုးကပြောတယ် အဖိုးရန်ကုန်သွားမှာ အမှတ်စာရင်းတောင်းပေးမယ်တဲ့။ ဒါနဲ့ အဖိုးက လိုအပ်တဲ့စာရွက်စာတမ်းတွေယူသွားပြီး ရန်ကုန်မှာနေတဲ့ သမီးအစ်မ၀မ်းကွဲ အဖိုးမြေးကပဲ အမှတ်စာရင်းရအောင်လုပ်ပေးတယ်လေ။ အမှတ်စာရင်းရလာလို့ကြည့်လိုက်တော့ စာမေးပွဲခန်းထဲမှာ သမီးတွက်ခဲ့တဲ့ အမှတ်တွေနဲ့ ၁-မှတ် ၂-မှတ် ပဲ ကွာတယ်လေ။ ဒီတော့ မေမေက သမီးကို ချီးကျူးခဲ့တယ်နော်။ သမီးလေ ပျော်လိုက်တာမှ အလွန်ပါပဲ။ သမီးပျော်နေတာကို ပြုံးပြီးကြည့်နေတဲ့ မေမေ့မျက်နှာဝင်းပကြည်လင်နေတာကလည်း သမီးအတွက်အမှတ်တရပါပဲမေမေ။
၁၀-တန်းအောင်ပြီးပေမယ့် သမီးတို့တွေတက္ကသိုလ်ဆက်မတက်ရသေးဘူး။ တက္ကသိုလ် စတက်ဖို့ ၃-နှစ်တောင် စောင့်လိုက်ရတယ်လေ။ အဲဒီ ၃-နှစ်စောင့်ရတဲ့ကာလကပဲ သမီးကို ပြောင်းလဲသွားစေခဲ့တာပါနော် မေမေ။ တက္ကသိုလ်မတက်ခင် စောင့်ရတဲ့ကြားကာလမှာပဲ GTI တက်ဖို့ သမီးစဉ်းစားတာ မေမေ့ကိုပြောပြတော့ မေမေက အားပေးခဲ့တယ်နော်။ သမီး အဲဒီမှာ အလုပ်လုပ်နေတဲ့အချိန်မှာပဲ မေမေကျန်းမာရေးမကောင်းစဖြစ်လာတယ်လေ။ ဖေဖေရဲ့တစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့ သမီးတို့မိသားစုစားဝတ်နေရေးရယ်၊ မေမေ့ဆေးကုသစရိတ်တွေရယ်ကို သမီးစဉ်းစားမိလာတယ်။ GTI တွေဖွင့်လို့ တက်ရမယ့်အချိန်ရောက်လာတယ်။ အဲဒီအချိန်မှာ ကျောင်းအပ်ဖို့မေမေကပြောလာတော့ ‘သမီးကျောင်းတက်ရင် အလုပ်ထွက်ရတော့မှာ၊ အလုပ်မထွက်ချင်ဘူး၊ ပြီးတော့ GTI တက်ချင်စိတ်လည်း မရှိတော့ဘူး၊ ၀ါသနာလည်းမပါတော့ဘူး မေမေ’လို့ သမီးပြောခဲ့တယ်လေ။ မေမေသမီးကို ပြောခဲ့တဲ့စကားကိုလည်း အခုထိ မှတ်မိနေဆဲပါပဲမေမေရယ်။ ‘သမီး … သမီး ၀ါသနာကို မေမေသိတယ်၊ ကိုယ်တက်ချင်တဲ့ကျောင်းကို တက်ပါ၊ မေမေ့ကျန်းမာရေးကကောင်းသွားမှာ၊ ဖေဖေ့ဝင်ငွေနဲ့ လောက်ငအောင်လုပ်လို့ရပါတယ်၊ သမီးကျောင်းဆက်တက်ပါ။ ဘာမှ မငဲ့ပါနဲ့’တဲ့။ သမီး မေမေ့ရဲ့မေတ္တာကို နားလည်ခဲ့ပါတယ်မေမေရယ်။ သမီး ၀ါသနာနဲ့ဆန္ဒကို ဖြစ်စေချင်တဲ့ မေမေ မေတ္တာနဲ့ တွန်းအားပေးခဲ့ပေမယ့် အဲဒီတစ်ခါတော့ သမီးရဲ့ဝါသနာကို စွန့်လွှတ်လိုက်ပါတယ်မေမေရယ်။
မေမေ သမီးကို ဘာမှဆက်မပြောတော့ပဲ စိတ်မကောင်းစွာနဲ့အလျော့ပေးခဲ့တာကိုလည်း သမီးသိပါတယ်မေမေ။ အဲဒီနောက်မှာတော့ အလုပ်လုပ်ရင်းနဲ့ပဲ မေမေ့ရဲ့ပံ့ပိုးကူညီမှုနဲ့ သာသနာ့ရေးရာသင်တန်းတွေတက်ဖြစ်လာတယ်။ ၁၀-တန်းဖြေပြီးခါစ သင်တန်းတစ်ခုတက်တော့ သင်တန်းမှာ သမိုင်းကြောင်းနဲ့ပတ်သက်တာတွေကို ရှေ့ကသင်တန်းဆရာပြောသွားတော့ သမီးက စိတ်ထဲက မရှင်းလင်းတာကို လူငယ်ပီပီ ပွင့်ပွင့်လင်းလင်း ထမေးပြီး ထောက်ပြခဲ့တာတွေကြောင့် သင်တန်းအတူတူတက်ကြသူတွေကလည်း ချစ်ခင်ခဲ့ကြတယ်။ သမိုင်းဆိုလို့ပြောရဦးမယ်မေမေ။ သမီးက ငယ်ငယ်လေးကတည်းက နားထဲမှာ သမိုင်းနဲ့ပတ်သက်တာတွေနားထောင်လာခဲ့ရသူဆိုတော့ သမိုင်းကို စိတ်ဝင်စားတယ်လေ။ အဲဒါတွေကလည်း မေမေ ဖေဖေတို့ရဲ့ ကျေးဇူးတွေပါ မေမေရယ်။ ဒီလိုနဲ့ နောက်ထပ် သင်တန်းတွေတက်ရင်း သမီးတို့ စိတ်တူကိုယ်တူသူငယ်ချင်းတွေစုမိလာတယ်။ သမီးလည်း အဲဒီသူငယ်ချင်းတွေနဲ့အတူလက်တွဲပြီး သာသနာရေးလူမှုရေးတွေလုပ်ဆောင်တော့ မေမေရောဖေဖေရောက နားလည်မှုပေးပြီး ခွင့်ပြုပေးခဲ့တယ်နော်။
ဟိုးအရင်က မေမေနဲ့ဖေဖေရဲ့အနားမှာပဲကပ်ပြီး လူတောမတိုးရဲတဲ့သမီး ဖေဖေပြောခဲ့သလို ပြင်ပလောကနဲ့ ထိတွေ့ပြီးတဲ့နောက် အခုအချိန်မှာ သူငယ်ချင်းမိတ်ဆွေအပေါင်းသင်းတွေ များပြားလာခဲ့ပြီပေါ့။ သမီးသူငယ်ချင်းအပေါင်းအသင်းများလို့ မေမေနဲ့ဖေဖေက တားမြစ်တာလည်းမရှိဘူး၊ သမီးသူငယ်ချင်းအပေါင်းသင်းတွေအားလုံးကို မေမေရောဖေဖေကပါ သိပြီး ခင်မင်ကြတယ်လေ။ လူမှုပေါင်းသင်းဆက်ဆံရေးများပြားတဲ့သမီး လူမှုရေးလုပ်ငန်းတွေလည်းများလာခဲ့တယ်။ သမီးလည်း အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ရတဲ့အချိန်လေးကို HIV ပညာပေး NGO တစ်ခုမှာပဲ သမီးဝါသနာပါတဲ့ လူမှုရေးကိစ္စတွေအတွက် Volunteer ၀င်လုပ်ခဲ့တယ်။ ဒီတော့ အိမ်မှာသိပ်နေရတယ်မရှိပဲ အပြင်ပဲ ထွက်နေရတော့တာပေါ့။ တစ်ခါတစ်ခါ မနက်အိမ်ကထွက်ကတည်းက ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာ ပြောခဲ့ပေမယ့် တစ်ခါတစ်ခါ အစီအစဉ်မရှိပဲ အလုပ်ကအပြန် အခြားကိစ္စတွေသွားလိုက်ရတဲ့အခါ သမီးအိမ်ပြန်နောက်ကျရင် စိတ်ပူစွာနဲ့မျှော်နေတတ်တဲ့မေမေ့မျက်နှာကိုလည်း သမီးပြန်မြင်ယောင်နေဆဲပါ။
အဲလိုအခါမျိုးတွေမှာ မေမေပြောတတ်ခဲ့တာက ‘သမီးကို တစ်ခြားမေမေဘာမှ စိတ်မပူဘူး။ လမ်းမှာ ကားတို့ ဆိုင်ကယ်တို့တိုက်တာ ဘာညာဖြစ်မှာပဲ မေမေစိတ်ပူတာ’ဆိုတော့ သမီးကလည်း ‘စိတ်ပူတာတော့ပူပါမေမေရယ်။ တအားတော့စိတ်မပူပါနဲ့။ တစ်ခါတစ်ခါ အလုပ်ထဲရောက်လို့ နေ့ခင်းပိုင်းမှ သိလိုက်ရတဲ့အစီအစဉ်တွေကျ သမီးအိမ်ကိုပြန်လာပြောဖို့ခက်လို့ပါ’ဆိုတော့ မေမေက နားလည်မှုအပြည့်ပေးခဲ့တာပါပဲ။ တနင်္ဂနွေတစ်ရက် အလုပ်ပိတ်ရက်ဖြစ်ပေမယ့် HIV ပညာပေးကိစ္စတွေ၊ အခြားလူမှုရေးကိစ္စတွေအတွက် သမီးအပြင်ကို သွားရတဲ့အခါ ညနေ သမီးပြန်လာတာနဲ့ မေမေက အိမ်ရှေ့ကဆီးကြိုပြီး ‘မေမေ့သမီး ကင်းခြေများလေး ပြန်လာပါပြီ’ဆိုပြီး စနောက်ခဲ့တယ်နော်။ သမီးကလည်း ‘မေမေရယ် … သမီးဒီလိုတွေဖြစ်လာတာ မေမေနဲ့ဖေဖေကြောင့်လေ၊ မေမေတို့မကြိုက်ရင် သမီးမသွားတော့ဘူး’လို့ပြန်စနောက်တဲ့အခါ ‘ ‘မေမေက နောက်တာပါသမီးရယ်။ သမီး ဒီလိုမျိုးတွေလုပ်နေတာကို မေမေ၀မ်းသာပါတယ်။ ဆက်လုပ်ပါ’လို့ ပြောခဲ့စမြဲပဲလေ။ မေမေနဲ့သမီးတို့ ဒီလို စနောက်ခဲ့တာဟာ ခဏခဏပါပဲနော် မေမေ။ နောက်ပြီးတော့ မေမေ သမီးကို အမြဲဆုံးမနေကျ ဆုံးမစကားလေးတစ်ခွန်းတော့ အခုအချိန်ထိ သမီးမှတ်ထားမိတယ်မေမေ။ ‘သမီး … သမီးကို မေမေတို့က ယုံကြည်တယ်၊ ယုံကြည်တဲ့အတွက်လည်း ယုံကြည်မှုအပြည့်ပေးတယ်။ ဒီတော့ သမီးအပေါ်ထားရှိတဲ့ မေမေတို့ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ ရိုက်မချိုးမိပါစေနဲ့။ သမီးကို မေမေတို့ ယုံကြည်မှုပျက်တာနဲ့ သမီးဟာ ကိုယ့်လမ်းကိုယ်ပိတ်လိုက်တာပါပဲ’တဲ့။ မေမေရဲ့ ဆုံးမ စကားလေးက ရိုးရိုးရှင်းရှင်းလေးပါပဲနော်။ အဲဒီ ဆုံးမစကားလေးရဲ့နောက်ကွယ်က စကားလုံးတွေကိုလည်း သမီးနားလည်မိပါတယ်မေမေ။ အခုအချိန်ထိလည်း ရင်ထဲမှာစွဲနေဆဲပါမေမေရယ်။
သြော် ….. နောက်ထပ် စကားလေးတစ်ခွန်းကိုလည်း မှတ်မိပါတယ်မေမေ …… ‘သမီး ဘာပဲလုပ်လုပ် အိမ်ကို ပွင့်ပွင့်လင်းလင်းပြောပါ၊ မေမေ့ကို တိုင်ပင်လို့ရတယ်။ ဘယ်အရာကိုမှ အိမ်ကမသိအောင် ခိုးဝှက်မလုပ်ပါနဲ့။ အိမ်ကမသိအောင်ခိုးလုပ်ထားတာကို သူများပြောလို့သိရတာမျိုးလည်း မေမေ မလိုချင်ဘူး။ သူများပြောမှ သိရတာထက် သမီးကိုယ်တိုင်ပွင့်ပွင့်လင်းလင်းပြောတာကိုပဲ မေမေလိုချင်တယ်’တဲ့ ဒီစကားလေးတွေက ရိုးရှင်းလှပေမယ့် လူ့လောကအလယ်မှာ မားမားမတ်မတ်ရပ်တော့မယ် သမီးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်အ၀နဲ့ ရပ်တည်နိုင်အောင် ထောက်ပံ့ပေးခဲ့တဲ့ စကားတွေပါမေမေ။ ဒီစကားလေးတွေက သမီးရင်ထဲမှာ စွဲမြဲနေတဲ့ စကားတွေပေါ့။ သမီးဘ၀တလျှောက်လုံး လူတွေကြားထဲမှာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့တာ ဒီစကားလုံးတွေရဲ့ ထောက်ပံ့မှုတွေကြောင့်ပါ မေမေရယ်။ သမီးမမေ့နိုင်တဲ့ မေမေ့ရဲ့ ကျေးဇူးတွေပါ မေမေရယ်။
× × × × × ×
No comments:
Post a Comment