Sunday, September 18, 2011

မေမေ … ကျွန်မရဲ့ မေမေ (အပိုင်း-၁)

မေမေ … ကျွန်မရဲ့ မေမေ


မေမေ ….. မေမေကွယ်လွန်ခဲ့တာ မကြာခင်ကာလမှာ ဆယ်စုနှစ် တစ်ခုကို ရောက်တော့မယ် မေမေ။ အခုလို ဆယ်စုနှစ်တစ်စုနီးပါး ရှိလာခဲ့ပေမယ့် ကျွန်မ မေမေ့ကို တစ်ရက်မှ မေ့မရဘူးဆိုရင် ကြားရသူတွေအတွက် ပိုလွန်းတယ်လို့ ပြောစရာဖြစ်နေမလားပဲ မေမေ။ ဒါပေမယ့် သေချာပါတယ် မေမေရယ်။ မေမေဆုံးပါးသွားတဲ့အချိန်ကနေ အခုချိန်ထိ ကျွန်မလေ မေမေ့ကိုတစ်ရက်မှ မမေ့သေးပါဘူး။ အဲလို မမေ့သေးဘူးဆိုလို့ ကျွန်မ မေမေ့အတွက် ၀မ်းနည်းပူဆွေးပြီး တသသဖြစ်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာတော့ သတိရလို့ မျက်ရည်လည်တဲ့အခါလည်းဖြစ်ဖူးပါတယ်။ ကျွန်မ တစ်ရက်မှ မမေ့နိုင်တာတွေက မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။
ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။

× × × × × ×

မေမေ … ကျွန်မက ကော်ဖီကို ကြိုက်နှစ်သက်စွာသောက်တတ်တဲ့အကျင့်ကြောင့် တစ်ခါတရံ ကျွန်မပြန်လာခါနီး မေမေ ဖျော်ပေးထားတဲ့ ကော်ဖီက ကျွန်မပြန်လာရင် အေးနေလို့ မေမေအသစ်ပြန်ဖျော်ပေးတော့ အဒေါ်ကပြောတယ်။ ဒါလည်း ကော်ဖီပဲ သောက်ပေါ့အေဆိုတော့ မေမေက ဘာပြန်ပြောတတ်လေ့ရှိလဲ။ မေမေ အမှတ်ရဦးမယ်ထင်ပါတယ် … မေမေ ပြောခဲ့တဲ့စကား မရိုးနိုင်တဲ့စကားလေးကို သမီးကတော့ အမှတ်ရနေသေးတယ် မေမေ ….



“သမီးက ငယ်ငယ်လေးကတည်းက အပူဆို ပူနေမှ အအေးဆိုလည်း အေးနေမှ သောက်တတ်တာ။ သူ ငယ်ငယ် နို့စို့အရွယ်တုန်းက မေမေက နို့သိပ်မထွက်လို့ သမီးကို နို့ဗူးတိုက်ရတယ်။ အဲလို နို့ဗူးတိုက်ရတဲ့အခါ ညဆို မေမေ အိပ်ရေးတအားပျက်ရတယ်။ သူများကလေးတွေဆို ညကတည်းက နို့ဗူးဖျော်ထားပြီး ကလေးငိုတာနဲ့ နို့ဗူးလေး ပါးစပ်ထဲ ထည့်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် မေမေ့သမီးက အဲလိုမရဘူး။ သမီးနိုးလို့ ‘အဲ့’ … လို့ အော်တာနဲ့ ချက်ချင်း နို့မှုန့်ထဖျော်ရတယ်။ အဲလိုချက်ချင်းဖျော်ပြီး နို့ဗူးထဲထည့်။ နို့ဗူးကို မှောက်ကြည့်လိုက်လို့ နို့က ပူကျက်နေတာနဲ့ နို့ဗူးရဲ့နို့သီးခေါင်းကနေ နို့ရည်တွေ ပန်းထွက်လာတယ်၊ အဲဒါမျိုးမှ သမီးက စို့တာ။ အဲလို မဟုတ်ရင် သမီးက အဲဒီနို့ဗူးကို မစို့ဘူး။ အဲဒါ ငယ်ငယ်ကတည်းက သူ့အကျင့်”တဲ့ … အဲဒါ မေမေ အမြဲပြောတတ်တဲ့စကားလေးပေါ့ …. ဖေဖေကလည်း ကျွန်မကို ပြောပြတာကြောင့် ကျွန်မကြောင့် မေမေ ဘယ်လောက်ထိ အိပ်ရေးပျက်ခဲ့ရလဲဆိုတာ တွေးမိတယ်မေမေ ……. ။

နောက် ကျွန်မ အသက်(၆-၇)လ အရွယ်ရောက်လာတော့လည်း …. မေမေ ဘယ်လို အပင်ပန်းခံပြီး သမီးကို ပြုစုခဲ့သလဲ … အဘိုးအဘွား၊ အဖေနဲ့ အဒေါ်တွေ ပြောပြလို့ သမီးသိရတယ်။ မေမေက နို့သိပ်မထွက်လို့ မိခင်နို့မစို့ရတဲ့ သမီးလေး အားရှိစေဖို့ သမီးလေးစားဖို့အတွက် အာလူးကိုပြုတ်၊ ခါကြက်ဥကိုပြုတ်၊ ထမင်းကို ဆံပြုတ်ပုံစံ အရည်ခမ်းအောင်လုပ် ….. ပြီး အဲဒီ ၃-မျိုးကို ရောကျို၊ စွတ်ကျယ်အဖြူအသစ်ထဲမှာထည့်ပြီး ညှစ်ချတယ်။ အဲဒီက ထွက်လာတဲ့အရည်နဲ့အဖက်ကို ပြန်ကျို၊ ဖက်ထဲမှာ ထုတ်လို့ရတဲ့အဆင့်ရအောင်လုပ်တယ်။ ပြီးရင် ငှက်ပျောဖတ်နဲ့ထုတ် ပေါင်းပြီး သမီးလေးကိုကျွေးတယ်။ ထုံးစံအတိုင်းပဲ သမီးလေးစားတဲ့အချိန် ပူပူလေးဖြစ်နေစေဖို့အတွက် အိမ်ဘေးက လက်ဖက်ရည်ဆိုင်က မီးဖိုထဲမှာ ထည့်ပေါင်းထားပေးတယ်။ (အဲဒီအချိန်က လက်ဖက်ရည်ဆိုင်က သစ်စက်က လွှစာမုန့်တွေနဲ့ မီးဖိုလုပ်တော့ တစ်နေကုန် တငွေ့ငွေနဲ့ အပူရှိန်ထားလို့ရတယ်လေ) အဲဒီမှာ ပေါင်းထားပေးပြီး သမီးလေးဆာလောက်မယ့်အချိန်တိုင်း ခွံ့ပေးခဲ့တာလည်း သမီး မမေ့ဘူးမေမေ။ အဲဒါတွေဟာ သမီးအတွက် အချိန်တွေ အများကြီးမေမေပေးခဲ့ရတာတွေပါ။ တစ်ခါတစ်ခါ သမီးလေးကနေမကောင်းတဲ့အခါ ညပိုင်းတွေ မအိပ်တဲ့အခါမှာ အဖိုးရယ်၊ ဖေဖေရယ် က သူတို့ ပုခုံးပေါ် သမီးလေးကို တလှည့်စီထမ်းပြီး ချော့ခဲ့ကြတာတွေ။ မေမေကလည်း ညမအိပ် နေ့မနားသမီးလေးကို ပြုစုခဲ့တာ။ အဲဒါတွေ သမီးလေးပြန်သိရတဲ့အချိန်မှာ ကျေးဇူးတင်မိပါတယ်။

သမီး မူကြိုတက်တဲ့အရွယ်မှာ သမီးကို နေ့တိုင်းမူကြိုလိုက်ပို့ ကြိုလေ့ရှိတဲ့မေမေ။ အဲဒီမူကြိုက ဖေဖေ သူငယ်ချင်းဖွင့်ထားတဲ့ မူကြိုလေ။ ဆရာမတွေက ဖေဖေ့သူငယ်ချင်းရဲ့ ညီမတွေ။ သမီးကလည်း မူကြိုသာတက်သာ နည်းနည်းတော့ဆိုးတယ်။ မူကြိုမှာ တစ်ခြားကလေးတွေလို စာသင်ခန်းထဲလည်း သိပ်မနေဘူး။ ဖေဖေသူငယ်ချင်းနဲ့က အရင်ကတည်းကသိနေတော့ အဲဒီဦးလေးအနားပဲကပ်နေတယ်။ ထမင်းစားချိန်မှာဆိုလည်း အဲဒီဦးလေးနဲ့အတူတူစားတယ်။ တစ်ချိန်လုံး အဲဒီဦးလေးအနားမှာပဲနေတယ်။ ဒီဦးလေးကပဲ စာသင်ပေးရတယ်ဆိုပဲ။ အဲဒါတွေကို ညနေ မေမေလာကြိုတဲ့အချိန် မူကြိုဆရာမတွေက ပြောပြလို့ မေမေက သိခဲ့ရတယ်တဲ့။ သမီးကိုတော့ မေမေ ပြန်ပြောပြလို့ သမီးသိရတာပေါ့မေမေ။

× × × × × ×

ကျောင်းပိတ်ရက်တွေမှာ နေ့ခင်းဘက်ဆို သမီးတစ်ရေးတစ်မောအိပ်ရေးဝစေဖို့ မေမေ ချော့သိပ်တတ်တာကိုလည်း မှတ်မိနေတယ်မေမေ။ မေမေက မြန်မာ့အသံမှာလည်း သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သီချင်းဆိုရင် အသံတအားကောင်းတယ်။ ပြီးတော့ သီချင်းတွေလည်း ရေးတတ်တယ်။ တစ်ခါတစ်ခါ မေမေကိုယ်တိုင်စပ်ထားတဲ့သီချင်းလေးတွေဆိုပြီးသမီးကို ချော့သိပ်တတ်တယ်။  မေမေကိုယ်တိုင်ရေးစပ်ထားတဲ့ သာသနာ့ရေးရာကဆွီဒါလေးတွေ (တမန်တော်မြတ်အတ္ထုပ္ပတ္တိ၊ မုအ်ဂျေဇာ(တန်ခိုးတော်)များအကြောင်းတွေ) ဆိုပြီးသိပ်ရင် သမီးတအားပျော်ခဲ့တာ။ အဲဒါလေးတွေက သမီးငယ်ငယ်ကတည်းက နားထဲမှာစွဲနေခဲ့တော့ တမန်တော်မြတ်အကြောင်းကို အထူးတလည် စာအုပ်ဖတ်နေစရာမလိုပဲ ငယ်ငယ်ကတည်းက သိနေခဲ့ရတာပေါ့မေမေ။ ဒါဟာလည်း မေမေကျေးဇူးပါမေမေ။ 

တစ်ခါတစ်လေမှာတော့ မေမေက သမီးတို့မောင်နှမ၀မ်းကွဲတွေရဲ့ နာမည်တွေကို သီချင်းတစ်ပုဒ်ရဲ့သံစဉ်ထဲမှာထည့်ပြီး လက်တမ်းစပ်ပြီး ဆိုသိပ်လေ့လည်းရှိတယ်လေ။ အဲလိုသီချင်းမျိုးဆိုလည်း သမီးကြိုက်နှစ်ခဲ့တာပဲလေ။ တစ်ခါတစ်ခါမှာ သမီးက ‘မေမေ သမီးကို နာမည်တွေနဲ့သီချင်းဆိုပြ’လို့ပြောရင်လည်း မေမေက ဆိုပြခဲ့တယ်။ အဲဒါတွေဟာ နောင်တစ်ချိန်မှာတော့ သမီးထက် ၁၀-နှစ်ငယ်တဲ့ ညီမလေးကို သမီးက ပုခက်လွှဲပြီးချော့သိပ်တဲ့အခါ ညီမလေးချော့တေးတွေဖြစ်လာခဲ့တာလည်း သမီးမှတ်မိတယ်မေမေ။

နောက်ပြီး သမီးတစ်ခုမှတ်မိပါသေးတယ်။ သမီး အသက် ၃-နှစ်နဲ့ ၅-လ အရွယ်မှာပေါ့။ တမန်တော်နေ့အထိမ်းအမှတ် သာသနာ့စာပေပြိုင်ပွဲ ကျင်းပပြုလုပ်တော့ သမီးကို အငယ်တန်း မြန်မာတေးကဆွီဒါပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့တာ။ သမီးအသက်က ၃-နှစ်ခွဲနီးပါးဆိုတော့ ကဆွီဒါဆိုတဲ့အခါမှာ ပီသအောင်မဆိုနိုင်ခဲ့ဘူး။ ဒါပေမယ့် စင်ပေါ်တက်ရဲပြီး လူမကြောက်အောင် အကျင့်ရအောင် လုပ်ပေးခဲ့တာပေါ့။ အဲဒီပြိုင်ပွဲလေးဟာ သမီးဘ၀အတွက် အမှတ်တရဖြစ်ခဲ့တာပါပဲ။ အဲဒီပြိုင်ပွဲလေးရဲ့ ဆုပေးပွဲမှာ သမီးက ဆုမရခဲ့ဘူးလေ။ သူများတွေဆုတက်ယူကြပြီး သမီးကဆုမယူရဘူးလေ။ ဆုပေးပွဲပြီးတဲ့အချိန် ပြန်ကြမယ့်အချိန်က သမီးက ‘အိမ်မပြန်ဘူး။ သမီးလည်း ဆုယူပြီးမှ ပြန်မယ်’ဆိုပြီး တအားအော်ငိုတယ်တဲ့။ ဘယ်လိုမှလည်း ချော့လို့မရဘူး။ ဒါနဲ့ပဲ အဲဒီနေ့တရားပွဲအစီအစဉ်မှာ အမှတ်တရလက်ဆောင်ပေးတဲ့ ပလပ်စတစ်ခြင်းလေးကို သမီးကဆုရတာဆိုပြီး စင်ပေါ်လာဆုယူဆိုပြီး စာပေပြိုင်ပွဲကျင်းပရေးကော်မတီက တစ်ယောက်ကခေါ်ပြီး ဆုပေးတယ်ဆိုလုပ်လိုက်ရတယ်တဲ့။ အဲဒီတော့မှ သမီးက အငိုတိတ်ပြီး အိမ်ပြန်ခေါ်လို့ရတယ်တဲ့။ အဲဒီကနေ နောက်နှစ်တွေကျ ဆက်တိုက် နှစ်စဉ် သမီးဆုတွေရခဲ့တယ်တဲ့။ အဲဒါလည်း မေမေ ခဏခဏပြန်ပြောလို့ သမီးမှတ်မိတာပါ။ မေမေက ဘယ်လိုစနောက်လဲ မေမေ မှတ်မိပါဦးမလားဟင်။ သမီးကတော့ မှတ်မိနေတယ်မေမေရယ်။ ‘သမီးလေးက ပထမဦးဆုံး စပြိုင်တဲ့နှစ်မှာ ဆုမရလို့ အော်ငိုတော့ စာပေပြိုင်ပွဲဆပ်ကော်မတီကလူတွေလည်း လန့်သွားတယ်ထင်တယ်။ ဒါနဲ့ပဲ နောက်နှစ်တွေမှာ ဆက်တိုက် ဆုတွေပေးလိုက်တာပဲဖြစ်မယ်’တဲ့။ 

သီချင်းဆိုရင် အသံတအားကောင်းတဲ့ မေမေဟာလည်း ဟိုးအရင်က ကဆွီဒါပြိုင်ပွဲတွေမှာ နှစ်စဉ် ပထမဆုကနေ မဆင်းလို့ ပထမဆု ၃-နှစ်ဆက်တိုက်ရပြီးတဲ့နောက် အထူးဆုရပြီး နောင်နှစ်တွေမှာ ကော်မတီက ယှဉ်ပြိုင်ခွင့်မပေးတော့ဘူးလို့ သိရတယ်။ အဲလို အသံတအားကောင်းတဲ့ မေမေရဲ့ သမီးဖြစ်ပေမယ့် သမီးတွေက မေမေ့လောက် အသံမကောင်းဘူးလေ။ ဒါလေးကို ပြန်မှတ်မိရင်း နောက်တစ်ခုလည်း သတိရတယ်မေမေ။ တစ်ခါတစ်ခါ မေမေက သမီးတို့ကို သီချင်းဆိုပြပြီးရင် ဖေဖေ့အလှည့်ဆိုတော့ ဖေဖေကပြောတယ်လေ မေမေကသာ အသံကောင်းတာ ဖေဖေကတော့ သီချင်းဆိုရင် “ကမ္ဘာမကြေ”(နိုင်ငံတော်သီချင်း)ကိုတောင် ဖြောင့်အောင်မဆိုတတ်ဘူးတဲ့။ အဲဒါလည်း တကယ်ပါပဲ။ အဲဒီအချိန်လေးတွေမှာ ပြုံးရီနေတတ်တဲ့ မေမေ့မျက်နှာကိုလည်း သမီးမှတ်မိနေတယ် မေမေ။

သမီးမူလတန်းကျောင်းစတက်တဲ့အချိန် (သူငယ်တန်း)မှာလည်း ကျောင်းမှာ ဆရာမက စာသင်သလို အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပေါ့။ အဲဒီအချိန်က လမ်းစဉ်လူငယ်ဆိုတာ ခေတ်စားနေတဲ့အချိန်  ကျောင်းကနေ လမ်းစဉ်လူငယ် ပုံပြောကဗျာရွတ်ပြိုင်ပွဲအတွက် ကျောင်းအုပ်ဆရာမကြီးက သမီးကိုရွေးချယ်တော့ မေမေကပဲ သမီးကို ကဗျာရွတ်သင်ပေးခဲ့တယ်လေ။ ကျောင်းပေါင်းစုံမြို့နယ်အဆင့်၊ တိုင်းအဆင့်ထိ ယှဉ်ပြိုင်ခဲ့ရတာတွေကလည်း မေမေကျေးဇူးတွေပါပဲ။ အဲဒီမူလတန်းကျောင်းလေးမှာ သူငယ်တန်းတစ်နှစ်နေပြီးတဲ့အချိန် သမီးတို့အိမ်ပြောင်းကြတယ်နော်။ အိမ်နဲ့နီးတဲ့ အထက်တန်းကျောင်းမှာ သမီးကို ကျောင်းပြောင်းရွှေ့မယ်ဆိုတော့ မူလတန်းကျောင်းအုပ်ဆရာမကြီးက သူ့ကျောင်းက ထုတ်ခွင့်မပေးနိုင်ဘူးဆိုပြီး မေမေ့ကို စိတ်ဆိုးတယ်လေ။ အဲဒါကိုလည်း မေမေက မူလတန်းကျောင်းအုပ်ဆရာမကြီးကို နားလည်အောင်၊ စိတ်မဆိုးအောင် တောင်းပန်ပြီး သမီးကို ကျောင်းပြောင်းရွှေ့ခဲ့ရတယ်။ သမီးအတွက် မေမေပင်ပန်းဆင်းရဲခံခဲ့တာတွေကတော့ အများကြီးပဲနော်။

× × × × × ×

No comments:

Post a Comment