မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။
× × × × × ×
သမီးကိုကျောင်းပို့ကျောင်းကြိုလုပ်ရင်း မေမေလည်း အမာကြီးသန်းနဲ့ တအားခင်သွားတယ်လေ။ မေမေကလည်း အမာကြီးသန်းကို ချစ်ခင်ခဲ့သလို အမာကြီးသန်းကလည်း မေမေ့ကို ‘၀ိုင်းရဲ့မေမေ …. ၀ိုင်းရဲ့မေမေ’နဲ့ချစ်ခဲ့တယ်လေ။ အမာကြီးသန်းမှမဟုတ်ပါဘူး … သမီးဘ၀တလျှောက် တစ်ခြားသောဆရာမတွေအားလုံးကလည်း မေမေ့ကိုဆို ချစ်ခင်ကြတယ်လေ။ သမီးတို့ ၄-တန်းနှစ်က အစိုးရစစ်စာမေးပွဲပေါ့။ ဒီတော့ အမာကြီးသန်းက သမီးတို့ တစ်တန်းလုံးကို စနေ-တနင်္ဂနွေတွေမှာလည်း ကျောင်းမှာ အချိန်ပို စာခေါ်သင်ပေးမယ်။ တစ်ခါတစ်လေဆို သူ့အိမ်မှာ ခေါ်သင်တယ်။ အဲလိုအချိန်တွေမှာဆိုရင် မေမေကလည်း သမီးနဲ့အတူတူ လိုက်ပါပေးခဲ့တယ်လေ။ သမီးတို့ စာသင်နေကြချိန်မှာ မေမေဟာ စာဖတ်ရင်းနဲ့ သမီးကို စောင့်ခေါ်ပေးတာပေါ့။ နောက်ပြီးတော့ သမီးစားချင်တာ မှန်သမျှကို ဖေဖေက၀ယ်ပေးတယ်။ မေမေက အချိန်နဲ့ စည်းကမ်းတကျကျွေးပေးတယ်လေ။ မှတ်မှတ်ရရ အဲဒီအချိန်က ဂျယ်လီတွေစပြီးခေတ်စားလာတဲ့အချိန် …. တိရ စ္ဆာန်အရုပ်ပုံလေးတွေနဲ့ ဂျယ်လီအရည်လေးတွေ သမီးစားချင်တယ်ဆိုတော့ ဖေဖေက၀ယ်ပေးလာတယ်။ မေမေက သမီးကို ထမင်းစားကျောင်းဆင်းလို့ ထမင်းစားပြီးရင် တစ်ခုကျွေးတယ်။ ညနေ ကျောင်းကပြန်လာရင်တစ်ခုကျွေးတယ်။ သမီးစားချင်တာကို စည်းကမ်းစနစ်တကျကျွေးတယ်လေ။ အဲဒီအချိန်ထိ မေမေက သမီးကို တစ်ခါတစ်ခါ ထမင်းခွံ့ကျွေးတုန်းလေ။
သမီးမှတ်မိသေးတယ်မေမေ သမီး ၃-နှစ်သမီးအရွယ်လောက်ကတည်းကပေါ့။ ငါးဟင်းချက်တဲ့နေ့ဆို မေမေက ငါးအရိုးကို သေချာနွှင်တယ်။ ပြီးရင် ငါးအရိုးသေးသေးလေးတွေ ရှိမရှိဆန်းကြည့်ရင်း ငါးကို သေးသေးလေးတွေ လုံးလိုက်တယ်။ ပြီးရင် ထမင်းပန်းကန် ပတ်ပတ်လည်မှာ အလုံးလေးတွေ တန်းစီပြီးတင်ပေးထားတယ်။ မေမေက ထမင်းတစ်လုပ်ကျွေးလိုက်၊ သမီးက ငါးတစ်လုံးယူစားလိုက်နဲ့ပေါ့။ သမီး ၄-တန်းကျောင်းသူဘ၀ရောက်တဲ့အချိန်ထိ အဲလိုပဲနော်။ ဒီလိုနဲ့ အမာကြီးသန်းရဲ့ စာသင်ကောင်းမှုရယ် မေမေရဲ့ ဂရုတစိုက်ကြပ်မတ်ပေးမှုတို့ကြောင့် အစိုးရစစ်စာမေးပွဲကို သမီး နှစ်ချင်းပေါက်လွတ်လွတ်ကျွတ်ကျွတ်အောင်ခဲ့တယ်မေမေ ….. ဖေဖေ … မေမေ နဲ့ အမာကြီးသန်းတို့ရဲ့ ကျေးဇူးတွေပါ မေမေ။ သြော် …. သမီး တစ်ခုမေ့နေသေးတယ်မေမေ။ သမီးလေ မူလတန်းကျောင်းကနေပြောင်းလာပြီးတဲ့နောက် အ.ထ.က-၁၃ ရောက်စ ၁-တန်းနှစ်ကတည်းက သမီးနဲ့ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်နော်။ သူ့နာမည်က နန်းချိုတဲ့လေ။ သူနဲ့သမီးနဲ့က ကျောင်းမှာခင်ပြီး ညီအစ်မ အရင်းလိုချစ်ခင်ခဲ့ကြတယ်။ ရုပ်ချင်းကလည်း ခပ်ဆင်ဆင်ဆိုတော့ တစ်ချို့ဆိုရင် သမီးတို့ကို ညီအစ်မလို့တောင် ထင်ကြတယ်လေ။ သမီးသူ့အကြောင်းထည့်ပြောတာက သမီးသူငယ်ချင်းအပေါ်မှာလည်း မေမေဟာ ကိုယ့်သားသမီးလိုသဘောထားခဲ့တာကို သမီးမှတ်မိလို့ပါမေမေ။ ဖေဖေနဲ့မေမေက သမီးအတွက် မုန့်တစ်ခုထည့်ပေးရင် နန်းချိုအတွက်လည်း တစ်ခုထည့်ပေးတယ်လေ။ သမီးချစ်တဲ့သူငယ်ချင်းကို ဖေဖေမေမေတို့ကလည်း သမီးချစ်သလို ချစ်ကြတယ်နော်။ နန်းချိုရဲ့ အဖွားဆိုလည်း သမီးကိုချစ်သလို မေမေ့ကိုလည်း တအားချစ်ခဲ့တာနော်။ သမီးဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေ၊ သူငယ်ချင်းတွေရဲ့ အဖေအမေ၊ ဦးလေးအဒေါ်၊ အဖွား သူတို့မိသားစုတွေကလည်း မေမေ့ကို ချစ်ကြတယ်နော်။ ဘာကြောင့် မေမေ့ကို အဲလိုချစ်ကြတာလဲဆိုတာတော့ အဲဒီအချိန်က သမီး မသိခဲ့ဘူးမေမေ။
ဒါပေမယ့် ဘယ်နေရာရောက်ရောက် ဘယ်သူကပဲဖြစ်ဖြစ် မေမေ့ကို ချစ်ကြတာမြင်ရတော့ သမီးပျော်တယ်မေမေ …… ။ မေမေ သမီးကို ဂရုစိုက်ခဲ့တာတွေ စောင့်ရှောက်ခဲ့တာတွေက သမီးတစ်ယောက်တည်းမို့ မေမေက အချစ်တွေပုံအောပြီး ဂရုစိုက်ခဲ့တာပဲမဟုတ်ပါဘူး။ သမီး ကျောင်းစနေတဲ့အရွယ်မှာ သမီးမှာ ညီမလေးတစ်ယောက်ရှိခဲ့ပြီလေ။ မေမေဟာ သမီးကိုငယ်ငယ်က ပြုစုစောင့်ရှောက်ခဲ့သလို ညီမလေးကိုလည်း ပြုစုစောင့်ရှောက်ခဲ့တယ်လေ။ ညီမလေးကို ပြုစုစောင့်ရှောက်တာနဲ့တစ်ပြိုင်တည်း သမီးကို ပြုစုပျိုးထောင်မှုကိုလည်း မလျော့ခဲ့ဘူးနော်။ ဖေဖေအပေါ်မှာလည်း ၀တ္တရားမပျက်၊ သမီးငယ်တွေကိုလည်း ပြုစုပျိုးထောင်၊ လူမှုရေးလုပ်ငန်းတွေမှာလည်း လစ်ဟင်းမှုမရှိအောင် လုပ်ဆောင်နိုင်ခဲ့တာတွေအတွက်လည်း သမီး လေးစားချီးကျူးမိပါတယ်မေမေ။
နောက်ပြီးတော့ သမီး ၅-တန်းနှစ်မှာတုန်းကပေါ့။ သမီးရဲ့ ညာဘက်လက်သူကြွယ်မှာ လက်စွယ်ငုပ်ရာကနေ အနာဖြစ်ပြီး ဆေးရုံတက်ပြီးခွဲရတယ်လေ။ ဆေးရုံတက်ရတော့ ဖေဖေနဲ့မေမေ့ရဲ့အသိ သူနာပြုဆရာမလေး(အန်တီသီတာ)က သမီးအတွက် ခွဲခန်းထဲအထိ အစအဆုံးလိုက်လုပ်ပေးခဲ့တယ်။ မေမေက အပြင်မှာစောင့်ရင်း သမီးအတွက် စိတ်ပူခဲ့တာလေ။ သမီးလက်ကိုခွဲတော့လည်း မေ့ဆေးထိုးရတယ်လေ။ ဆေးထိုးနေတဲ့မေ့ဆေးတောင်မကုန်မသေးဘူး သမီးက သတိမေ့သွားခဲ့တယ်တဲ့။ အဲဒါကို မေမေက ခွဲခန်းအပြင်ကနေသိရတော့လည်း မေမေစိတ်တအားပူပင်ခဲ့တာလေ။
သမီးခွဲခန်းထဲက ထွက်လာပြီး မေ့ဆေးပြယ်စ သတိရရချင်း မေမေက သမီးဘာလိုချင်လဲမေးတော့ သမီးက BMX နဲ့ Racket (ကြက်တောင်ရိုက်တာ) လိုချင်တယ်လို့ပြောခဲ့တယ်။ BMX ဆိုတာ အဲဒီအချိန်ကမှ စပြီးခေတ်စားလာကာစ စက်ဘီးလေးတွေပေါ့။ အဲဒီတော့ ဖေဖေနဲ့မေမေက ပြောခဲ့တယ်လေ။ သမီး ဆေးရုံကဆင်းရရင် ၀ယ်ပေးမယ်တဲ့။ နောက် ၃-ရက်ကြာတော့ သမီး ဆေးရုံကဆင်းရတယ်။ အိမ်ပြန်ရောက်ပြီးနောက်ရက်ပဲ ဖေဖေနဲ့ မေမေက သမီးကိုခေါ်သွားပြီး စက်ဘီးတွေရောင်းတဲ့ဆိုင်မှာ BMX စက်ဘီးလေး လိုက်ဝယ်ပေးခဲ့တယ်နော်။ သမီးကြိုက်တဲ့အရောင်ယူဆိုတော့ သမီးက BMX အပြာရောင်လေး ယူခဲ့တယ်လေ။ အပြန်မှာတော့ သမီးက စက်ဘီးအသစ်လေးကို နင်းလို့ပေါ့။ အိမ်နားရောက်ခါနီးမှာတော့ လမ်းဘေးမှာရပ်ထားတဲ့ ဂျစ်ကားတစ်ဦးကို သမီးက ၀င်တိုက်လိုက်တယ်လေ။ တော်သေးတာပေါ့ ဂျစ်ကားလည်း ဘာမှ မပွန်းမပဲ့သွားလို့။ ဖေဖေနဲ့မေမေကတော့ သမီးကိုကြည့်ပြီး ရီလိုက်ကြတာ သမီးမှတ်မိသေးတယ်။
နောက်တော့ Racket လိုချင်တာဝယ်ပေးဖို့ပြောတော့ သမီးရဲ့လက်က အဲလို ရိုက်လို့မရသေးဘူး၊ ဒါကြောင့်ဝယ်မပေးသေးတာဆိုတော့ သမီးက ပြောခဲ့တယ်လေ သမီး ညာလက်နဲ့မရိုက်ဘူး။ ဘယ်လက်နဲ့ရိုက်မှာလေလို့ပြောခဲ့တယ်လေ။ အဲဒါနဲ့ပဲ သမီးကို ၀ယ်ပေးခဲ့ကြတယ်လေ။ သမီးကလည်း ညာသန်ဖြစ်ပေမယ့် ဘယ်လက်နဲ့ ရအောင်ရိုက်ခဲ့တာပဲ။ ဒါပေမယ့် ကြက်တောင်ရိုက်တိုင်း သမီးဘက်ပဲကျတော့သမီးပဲ ကောက်နေရတာပေါ့။ အဲဒါကိုလည်း မေမေက သဘောကျနှစ်ခြိုက်စွာ ရီနေတတ်တဲ့ မေမေ့ရဲ့မျက်နှာကိုလည်း သမီးအခုထိ အမှတ်ရတုန်းပါ မေမေ ….. ။
× × × × × ×
အဲဒီ ၆-တန်းနှစ် ကျောင်းပြန်မဖွင့်ခင် နွေရာသီမှာပဲ သမီးတို့လည်း အိမ်ပြောင်းကြရပြန်တယ်။ သမီးသူငယ်ချင်း နန်းချိုလည်း အိမ်ပြောင်းသွားတယ်။ ဒီကြားထဲ သမီးတို့သူငယ်ချင်းတွေ အဆက်သွယ်ပြတ်နေကြတယ်လေ။ ကျောင်းပြန်ဖွင့်တော့ နန်းချိုလည်းကျောင်းမှာမရှိတော့ဘူး။ သူ့ မေမေရှိတဲ့ လားရှိုးကို ပြောင်းသွားတယ်လို့ပဲ သိလိုက်ရတယ်။ သမီးလေ သူငယ်ချင်းနဲ့ခွဲရလို့ငိုလိုက်တာအလွန်ပဲ။ ဖေဖေရောမေမေရာ သမီးကို ၀ိုင်းဝန်းချော့မော့ပြီး နန်းချိုတို့နေခဲ့တဲ့ ရပ်ကွက်မှာ သွားပြီးစုံစမ်းပေးကြတာကို သမီးမှတ်မိတယ်မေမေ။ ဒါပေမယ့် သူတို့ရပ်ကွက်ထဲကလည်း လားရှိုးပြောင်းသွားတယ်ပဲ သိကြပြီး လိပ်စာအတိအကျ ဘယ်သူမှမသိကြဘူးလေ။ ဒါပေမယ့် နောက်ပိုင်းတွေမှာလည်း ဖေဖေရောမေမေရော နန်းချိုလိပ်စာကို အမြဲတမ်း စုံစမ်းပေးနေကြတယ်နော်။ အဲဒီအထိက သမီးတို့ အိမ်ငှားဘ၀နဲ့ မြို့ထဲမှာ ဟိုပြောင်းလိုက် ဒီပြောင်းလိုက်ပေါ့။ နောက်တော့ မေမေက ပြောတယ် မြို့ထဲမှာ ဟိုပြောင်းဒီပြောင်း အိမ်ငှားဘ၀နဲ့ မနေချင်တော့ဘူး။ ကိုယ့်ဝန်းကိုယ်ခြံလေးနဲ့ အတည်တကျနေချင်တော့တယ်နော်။ ဒါပေမယ့် မြို့ထဲမှာ အိမ်ပိုင်ဝယ်ရလောက်တဲ့ ငွေကြေးကလည်း မေမေတို့မှာမရှိဘူးလေ။
ဒါနဲ့ ဖေဖေနဲ့ မေမေက မြို့သစ်မှာ မြေကွက်ဝယ်လိုက်ကြတယ်။ အခုလို မြေကွက်ဝယ်လိုက်နိုင်တာကလည်း မေမေ့ရဲ့စုဆောင်းတတ်မှုကြောင့်ပါမေမေ။ ဖေဖေက စီးပွားရှာဖွေပေးတယ်။ ရှာဖွေရတဲ့ငွေအားလုံး(နီးပါး) မေမေ့ကို အပ်တယ်။ [ဖေဖေရှာဖွေရတဲ့ငွေအားလုံး(နီးပါး)လို့ပြောရတာက ဖေဖေ အကြောင်းရေးတဲ့အချိန်မှ ထည့်ပြောတော့မယ်။] မေမေက ဖေဖေပေးတဲ့ငွေကြေးကို စည်းစနစ်တကျသုံးစွဲတယ်။ စုဆောင်းတယ်။ ရွှေဝယ်တယ်။ မေမေ အမြဲပြောတဲ့စကားလေး သမီးမှတ်မိတယ်မေမေ။ ဒီရွှေဝယ်တာဟာ မြေ၀ယ်ဖို့တဲ့။ တကယ်လည်းမြေကွက်ဝယ်တဲ့အချိန် အဲဒါတွေနဲ့ပဲဝယ်ခဲ့တယ်လေ။ မေမေ့ရဲ့ စည်းစနစ်ကျမှုနဲ့ မြော်မြင်တတ်မှုကို သမီးချီးကျူးပါတယ်မေမေ။ ဒါနဲ့ပဲ သမီးတို့လည်း မြို့သစ်ကို ပြောင်းရွှေ့လိုက်ကြတော့တယ်။ အဲဒါက သမီး ၆-တန်းနှစ်ဖြေပြီးတဲ့ နွေရာသီမှာပေါ့။
၇-တန်းနှစ်ကျောင်းပြန်ဖွင့်တော့ သမီးလည်း ကျောင်းပြောင်းရပြန်တယ်။
အိမ်နဲ့နီးတဲ့ အလယ်တန်းကျောင်းလေးကို ပြောင်းလိုက်ရတယ်လေ။ အဲဒီမှာ ကျောင်းစစတက်ချင်း ကျောင်းသူအသစ်တစ်ယောက်အနေနဲ့ သူငယ်ချင်းလည်းမရှိတော့ သမီးစိတ်လည်းညစ်တယ်။ ဒီတော့ မေမေက သမီးရဲ့အတန်းပိုင်ဆရာမကို လိုက်တွေ့ပြီးဆရာမကိုသေချာအပ်ပေးတယ်လေ။ သမီးရဲ့အတန်းပိုင်ဆရာမဒေါ်ခင်ထားဆွေ ကလည်း သမီးကို ဂရုစိုက်တယ်။ သူငယ်ချင်းတွေလည်း ရလာတော့ သမီးကျောင်းမှာပျော်ခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနှစ်ကစတယ်ထင်တယ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ စလာတယ်။ အဲဒီမှာ ကျောင်းတွေကလည်း ကိုယ်စားပြုတွေ ၀င်ပြိုင်ရတယ်။ တစ်ကျောင်းလုံးအနေနဲ့ ဆရာမက သမီးကိုရွေးချယ်ခဲ့တယ်။ ဒီတော့ မေမေကပဲ သီချင်းရွေးပေးပြီး သမီးကို လေ့ကျင့်ပေးခဲ့တယ်လေ။ သမီး ဆုမရခဲ့ပါဘူး။ ဒီတစ်ခါ ဆုမရပေမယ့် သမီး မငိုတော့ဘူးနော်မေမေ။
သြော် …. တစ်ခု မှတ်မိပြန်ပြီ မေမေ။ ဆုမရလို့ မငိုတော့ဘူးဆိုမှလေ။ ငယ်ငယ်ကတည်းကနေ တမန်တော်နေ့တိုင်း ပြိုင်ပွဲတွေမှာ သမီးက နှစ်စဉ်ပြိုင်တယ်လေ။ အဲဒါ တမန်တော်နေ့ပြိုင်ပွဲအတွက် သမီးက ကျောင်းကနေခွင့်ယူတယ်။ ဆရာမမေးတော့ မေမေက တမန်တော်နေ့ပြိုင်ပွဲတွေအကြောင်းပြောပြတယ်လေ။ အဲဒါကိုသိသွားတော့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအတွက် သမီးကို ရွေးချယ်လိုက်တာလေမေမေ။ နောက် ၈-တန်းနှစ်ရောက်တော့လည်း ဆရာမ ဒေါ်ခင်ထားဆွေကပဲ သမီးတို့အတန်းပိုင်ဆရာမ ဖြစ်လာပြန်ရော။ ၈-တန်းနှစ်မှာ အီဂျစ်ကနေ ဖိတ်ခေါ်ပန်းချီပြိုင်ပွဲရှိတော့ ဆရာမကပဲ မေမေ့ဆီ ခွင့်တောင်းပြီး သမီးကိုဝင်ပြိုင်စေခဲ့တယ်။ အဲဒီအတွက် လိုအပ်တဲ့ ဆေးတွေကိုလည်း ဖေဖေနဲ့မေမေက သမီးအတွက် အပြည့်အစုံဝယ်ပေးခဲ့ကြတယ်နော်။
သမီး အခုလို ပန်းချီဆွဲဖြစ်တာတွေကလည်း ဖေဖေနဲ့မေမေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ နွေရာသီကျောင်းပိတ်ရက် နေ့ခင်းတွေမှာ တစ်ခါတစ်ခါ သမီးတအားပျင်းတယ် ပုံတွေဆွဲချင်တယ်လို့ပြောတော့။ ဖေဖေက သမီးကို ပုံတွေဆွဲဖို့ ကြည့်ပြီးလေ့ကျင့်လို့ရမယ့်စာအုပ်တွေ၊ အမေကြီး(ဖေဖေရဲ့မေမေ)စက်ပန်းထိုးတုန်းက စာအုပ်တွေ အဲဒါတွေကိုသမီးကိုပေးခဲ့တယ်။ ပြီးတော့ ၁၅-လက်မ နဲ့ ၂၄-လက်မ ပတ်လည်လောက်ရှိပြီး ရေဆေးသုံးလို့ရတဲ့ စက္ကူအထူကြီးတွေကို မိုးကာစအထူကြီးနဲ့အဖုံးလုပ်ပြီးချုပ်ထားတဲ့ စာအုပ်ကြီးကိုပေးခဲ့တယ်လေ။ ပြီးတော့ ရေဆေးဗူးတွေ၊ ဖယောင်းရောင်စုံတွေ၊ ခဲရောင်စုံတွေ ၀ယ်ပေးခဲ့တယ်နော်။ အဲဒါတွေလည်းရရော သမီးက လက်စွမ်းပြတော့တာပဲနော်။ ခုနက စာအုပ်တွေထဲက ကြည့်ပြီးဆွဲတဲ့အပြင် အိမ်ထဲကနေပြီး အိမ်ရှေ့ရှုခင်းတွေ၊ စိတ်ကူးထဲပေါ်လာတဲ့ ရှုခင်းတွေ အသားကုန်ဆွဲတော့တာပဲ။ အဲဒါတွေကို ဒိုင်ခံပြီးအားပေးတာက မေမေပါပဲ။ အဲဒီအချိန်တွေမှာ သမီးသိလာရတာတစ်ခုက မေမေက မဂ္ဂဇင်းတစ်ချို့မှာ စာတွေရေးနေပြီနော်။ သမီးကတော့ သမီးလုပ်ချင်တာတွေလုပ်ရင်းနဲ့ ဖေဖေဖတ်ခိုင်းတဲ့ စာအုပ်တွေလည်း ဖတ်ရတဲ့အချိန်ပေါ့။ သမီးတို့ ၈-နှစ်မှာပဲ အစိုးရစစ်စာမေးပွဲကနေ ကျောင်းစစ်ကို ပြောင်းသွားတယ်။
ပထမစစချင်းကတော့ အစိုးရစစ်ပဲဖြစ်မလိုလိုဆိုတော့သမီးနှစ်ချင်းပေါက်အောင်မြင်စေဖို့ မေမေကပံ့ပိုးပေးတာပဲပေါ့။ နောက်တော့ အစိုးရစစ်မဟုတ်တော့ဘူး ကျောင်းစစ်ပဲဖြစ်သွားတယ်။ ဒါပေမယ့် ကျောင်းကတော့ အစိုးရစစ်ပုံစံအတိုင်းပဲ လုပ်တယ်။ ထူးချွန်အောင်မြင်ရင် ဂုဏ်ထူးပေးတယ်။ သမီးက ဂုဏ်ထူး(၃)ခုပါတော့ ဆုတက်ယူရတဲ့အခါက မေမေ့ရဲ့ မျက်နှာမှာ ပီတိတွေဖြာလို့ပေါ့။ ကျောင်းပညာရေးနဲ့ပတ်သက်ပြီး ဆုယူဖူးတာ သမီးအတွက် ဒါဟာ ပထမဦးဆုံးအတွေ့အကြုံပါပဲနော်မေမေ။ ကျောင်းစာနဲ့ပတ်သက်ပြီး တစ်ခါမှ ဆုမရဖူးပေမယ့် ဖေဖေမေမေတို့ကလည်း သမီးကို ဆုရစေဆိုတဲ့ပုံစံမျိုးတစ်ခါမှ ဖိအားမပေးဖူးကြဘူးနော်။ အဲဒါတွေကို အရင်က နားမလည်ပေမယ့် အခုနောက်ပိုင်းစဉ်းစားတတ်တဲ့အရွယ်ရောက်လာတော့ ကျေးဇူးအထူးတင်ပါတယ်မေမေရယ်။
နောက်တစ်နှစ်ရောက်တော့ သမီးကျောင်းရွှေ့ရပြန်တယ်။ ၉-တန်းနှစ်ဆိုတော့ အထက်တန်းကျောင်းကို ပြောင်းရတော့တာပေါ့။ ကျောင်းက နေ့တစ်ဝက်ကျောင်းလေ။ သမီးတို့ ၈-တန်းနှစ်က အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း အထက်တန်းကျောင်းရောက်တော့ အားလုံးတစ်ကွဲစီပေါ့။ အတန်းတွေကွဲသွားကြတာလေ။ ကျောင်းက မုန့်စားဆင်းချိန်ရောက်တာနဲ့ သမီးက အိမ်ပြန်ပြန်ရောက်လာတတ်တာ။ ကျောင်းမှာက ဆရာဆရာမတွေက စာသင်ချိန်တွေ မ၀င်ကြဘူး။ ဆရာ ဆရာမတွေ မ၀င်ရင် သမီးကလည်း အတန်းထဲမှာ ထိုင်စောင့်မနေဘူး အိမ်ပြန်တာ။ သမီးတို့သူငယ်ချင်း ၅-ယောက်အဖွဲ့မှာ သမီးရယ် နောက်တစ်ယောက်ရယ်က အိမ်ပြန်တယ်။ နောက် ၂-ယောက်က တစ်ခြားသူငယ်ချင်းတွေနဲ့ လျှောက်လည်ကြတယ်လေ။ တစ်ယောက်ကတော့ ဘယ်ဆရာ/ဆရာမ လာလာ မလာလာ သူက အချိန်ပြည့် ကျောင်းတက်သူတစ်ယောက်ပါ။ သူက ဟိုးအလယ်တန်းကျောင်းမှာကတည်းက စာတအားတော်တဲ့သူငယ်ချင်းပေါ့။
ဒီကျောင်းရောက်တော့လည်း ဆရာဆရာမတွေသင်တာထက် သူ့ဘာသာသူလေ့လာကျက်မှတ်တာလည်းများတယ်။ သမီးတို့အဖွဲ့က သူ့ကျေးဇူးကြောင့် အတန်းထဲမှာ ဆရာဆရာမချစ်ခင်ခြင်းခံကြရတယ်လေ။ သမီးတို့ အိမ်ပြန်ကြတယ်ဆိုတာလည်း ကျောင်းက ပေးပြန်တာမဟုတ်ပါဘူး။ သမီးတို့ကျောင်းက ရှေ့ဝင်းတံခါးကြီးက သော့ခတ်ပိတ်ထားတာ။ သမီးက စက်ဘီးနဲ့ကျောင်းတက်တာလေ။ မနက်ဆို ကျောင်းကို စောစောသွားတယ်။ စက်ဘီးထားရတဲ့နေရာက ၀င်းထရံတွေပဲကာထားတာပါ။ စက်ဘီးကို ၀င်းထရံနားရောက်အောင်ထားတဲ့နေရာမှာထားတယ်။ ဒီတော့ မုန့်စားဆင်းလို့ အိမ်ပြန်မယ်ဆို။ သူငယ်ချင်းယောက်ျားလေး ၂-ယောက်က စက်ဘီးကို ထုတ်ပေးရတယ်။ တစ်ယောက်က ကျောင်းဝင်းထဲကနေ စက်ဘီးကို မ ပေးပြီး တစ်ယောက်က ဟိုဘက်ကနေ စက်ဘီးကို ချပေးကြတယ်။ သမီးကတော့ ဘေးပေါက်ကနေ ခဏဆိုပြီးခပ်တည်တည်နဲ့ထွက်ပြီး အိမ်ပြန်လာတာပဲလေ။ ဒါကိုမေမေကသိတော့ သမီးကို အိမ်မပြန်ဖို့ပြောတယ်လေ။
သမီးကလည်း မေမေရယ် ကျောင်းမှာ စာမှမသင်တာ သမီးပျင်းတယ် ထိုင်မနေချင်ဘူး။ အိမ်မှာပြန်လာပြီးစာဖတ်တာကမှ သမီးအတွက် အကျိုးရှိဦးမယ်လို့ပြောတော့ မေမေက ဘာပြန်ပြောခဲ့လဲ။ ဟုတ်ပြီလေ သမီး ဒါဆို သမီးဆရာမကို မေမေလိုက်တွေ့ပြီးပြောမယ်။ သမီးတို့အတွက် အကျိုးတစ်ခုခုရှိမှာပါ လို့ပြောခဲ့တယ်နော်။ မေမေက ပြောတဲ့အတိုင်းပဲ သမီးရဲ့အတန်းပိုင်ဆရာမနဲ့သွားတွေ့ခဲ့တယ်။ စကားတွေလည်း အများကြီးပြောကြတယ်နော်။ ဘာတွေပြောကြမှန်းတော့ သမီးမမှတ်မိတော့ဘူးမေမေ။ သမီးတို့အတန်းပိုင်ဆရာမကတော့ သမီးကိုတအားချစ်တယ်။ ပြီးတော့ ဆရာမက တပည့်တွေဘက်က အမြဲရပ်တည်ပေးတယ်။ ကျောင်းမှာ မနက်ဆို အတန်းပိုင်ဆရာမက အတန်းချိန်နေ့တိုင်းပုံမှန်ဝင်တာပဲ။ အခြား ဆရာဆရာမတွေ မ၀င်တာတွေကိုလည်း အတန်းပိုင်ဆရာမက မကြိုက်ဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းတော့မသိဘူး ကျောင်းစာကိုသေချာမသင်တာတော့သေချာတယ်။ နောက်မှာ ကျောင်းက မိန်းကလေးဘော်လီဘောအသင်းဖွဲ့တော့ ဆရာမက သမီးကို ရွေးချယ်ပြီးပါဝင်စေခဲ့တယ်။ အရင်က မုန့်စားဆင်းချိန် အိမ်ပြန်ပြန်ရောက်လာတတ်တဲ့သမီး အဲဒီအချိန်ကတည်းက အိမ်မပြန်ဖြစ်တော့ဘူး ဘော်လီဘောကစားတာပဲ လုပ်နေရတော့တာလေ။ တဖြေးဖြေးနဲ့ စာသင်ချိန်လည်း စာသင်ခန်းထဲမရှိတော့ပဲ ဘော်လီဘောကစားတဲ့နေရာ၊ ညနေဆို Training ဆင်းရတယ်။ ဘော်လီဘော training ဆရာမက ယောက်ျားလေးတွေရော မိန်းကလေးတွေရောကို အတူတူရောပြီး အသားကုန်မောင်းတာ။
နောက်တော့ ကျောင်းရဲ့ selection အဖြစ် ရွေးချယ်တဲ့ မိန်းကလေး ၂-ယောက်ထဲမှာ သမီးက တစ်ယောက်အပါအ၀င်ဖြစ်ခဲ့တယ်။ အဲဒါကိုလည်း မေမေအားပေးခဲ့တယ်နော်။ လိုအပ်တဲ့ အားကစားပစ္စည်းတွေကိုလည်း လိုလေသေးမရှိ မေမေက ဖြည့်ဆည်းပေးခဲ့တာပဲနော်။ ကျောင်းစာကတော့ စာမေးပွဲအောင်တယ်ဆိုရုံလေးပဲ ကျက်ဖြစ်တော့တယ်။ ဒီလိုနဲ့ တစ်နှစ်လုံး ဘော်လီဘောကစားနေတဲ့သမီးလည်း အောင်စာရင်းထွက်တဲ့အချိန် ၉-တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပြန်တယ်။ အဲဒီအချိန်က မေမေပြောခဲ့တာကိုလည်း သမီးမှတ်မိပါသေးတယ်။ ‘ငါ့သမီးလေး စာမေးပွဲအောင်တာ စာတွေကျက်ပြီးအောင်တာမဟုတ်လောက်ဘူး။ ဘော်လီဘောကစားတဲ့အမှတ်ကြောင့် အောင်တာဖြစ်မယ်။
နောက်နှစ် ၁၀-တန်း၊ သမီးအတွက်တစ်ခုခုစီစဉ်ရမယ်’ဆိုပြီး ပြောခဲ့တယ်လေ။ အောင်စာရင်းထွက်ပြီး နောက်နေ့မှာပဲ သမီးတို့အတန်းပိုင်ဆရာမက အိမ်ရောက်လာတယ်။ မေမေနဲ့စကားတွေ အများကြီးပြောကြတယ်။ ဆရာမ ပြောသွားတဲ့စကားလေးလည်းမှတ်မိပါတယ်။ ‘သမီးကို နောက်နှစ် ဒီကျောင်းမှာ ဆက်မထားစေချင်ဘူး။ ကလေးက နှစ်ချင်းပေါက်အောင်နိုင်တဲ့အရည်ချင်းရှိတယ်။ ဒီကျောင်းမှာဆို ကျောင်းအခြေအနေရယ် အားကစားလုပ်နေတာရယ်နဲ့ မအောင်ပဲနေလိမ့်’တဲ့။ ဒါနဲ့ပဲ မေမေက ဖေဖေနဲ့တိုင်ပင်ပြီး သမီးကို အဲဒီကျောင်းမှာ မထားတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်နော်။ သမီးတိုးတက်မြင့်မားဖို့ စဉ်းစားပေးခဲ့ကြတဲ့ ဖေဖေနဲ့မေမေရဲ့ ကျေးဇူးကြောင့် သင်္ကြန်ပြီးပြီးချင်းမှာပဲ VEC ပညာ့ရိပ်သာမှာ ၁၀-တန်းအတွက် သမီးကျောင်းစတက်ရတော့တယ်။
× × × × × ×
No comments:
Post a Comment