မေမေသက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်မပြန်လည်အမှတ်ရမိရင်း မေမေ့အတွက် ဂုဏ်ယူမိတာတွေပါ မေမေ။ကျွန်မ ခဏခဏ ပြန်တွေးမိတဲ့ မေမေ့ရဲ့ အမှတ်တရလေးတွေထဲကနေ တစ်ချို့ကို အလွမ်းပြေ ရေးမိတယ်။
× × × × × ×
နောက်ပြီး သမီးတစ်ခုမှတ်မိပါသေးတယ်။ သမီး အသက် ၃-နှစ်နဲ့ ၅-လ အရွယ်မှာပေါ့။ တမန်တော်နေ့အထိမ်းအမှတ် သာသနာ့စာပေပြိုင်ပွဲ ကျင်းပပြုလုပ်တော့ သမီးကို အငယ်တန်း မြန်မာတေးကဆွီဒါပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့တာ။ သမီးအသက်က ၃-နှစ်ခွဲနီးပါးဆိုတော့ ကဆွီဒါဆိုတဲ့အခါမှာ ပီသအောင်မဆိုနိုင်ခဲ့ဘူး။ ဒါပေမယ့် စင်ပေါ်တက်ရဲပြီး လူမကြောက်အောင် အကျင့်ရအောင် လုပ်ပေးခဲ့တာပေါ့။ အဲဒီပြိုင်ပွဲလေးဟာ သမီးဘ၀အတွက် အမှတ်တရဖြစ်ခဲ့တာပါပဲ။ အဲဒီပြိုင်ပွဲလေးရဲ့ ဆုပေးပွဲမှာ သမီးက ဆုမရခဲ့ဘူးလေ။ သူများတွေဆုတက်ယူကြပြီး သမီးကဆုမယူရဘူးလေ။ ဆုပေးပွဲပြီးတဲ့အချိန် ပြန်ကြမယ့်အချိန်က သမီးက ‘အိမ်မပြန်ဘူး။ သမီးလည်း ဆုယူပြီးမှ ပြန်မယ်’ဆိုပြီး တအားအော်ငိုတယ်တဲ့။ ဘယ်လိုမှလည်း ချော့လို့မရဘူး။ ဒါနဲ့ပဲ အဲဒီနေ့တရားပွဲအစီအစဉ်မှာ အမှတ်တရလက်ဆောင်ပေးတဲ့ ပလပ်စတစ်ခြင်းလေးကို သမီးကဆုရတာဆိုပြီး စင်ပေါ်လာဆုယူဆိုပြီး စာပေပြိုင်ပွဲကျင်းပရေးကော်မတီက တစ်ယောက်ကခေါ်ပြီး ဆုပေးတယ်ဆိုလုပ်လိုက်ရတယ်တဲ့။ အဲဒီတော့မှ သမီးက အငိုတိတ်ပြီး အိမ်ပြန်ခေါ်လို့ရတယ်တဲ့။
အဲဒီကနေ နောက်နှစ်တွေကျ ဆက်တိုက် နှစ်စဉ် သမီးဆုတွေရခဲ့တယ်တဲ့။ အဲဒါလည်း မေမေ ခဏခဏပြန်ပြောလို့ သမီးမှတ်မိတာပါ။ မေမေက ဘယ်လိုစနောက်လဲ မေမေ မှတ်မိပါဦးမလားဟင်။ သမီးကတော့ မှတ်မိနေတယ်မေမေရယ်။ ‘သမီးလေးက ပထမဦးဆုံး စပြိုင်တဲ့နှစ်မှာ ဆုမရလို့ အော်ငိုတော့ စာပေပြိုင်ပွဲဆပ်ကော်မတီကလူတွေလည်း လန့်သွားတယ်ထင်တယ်။ ဒါနဲ့ပဲ နောက်နှစ်တွေမှာ ဆက်တိုက် ဆုတွေပေးလိုက်တာပဲဖြစ်မယ်’တဲ့။ သီချင်းဆိုရင် အသံတအားကောင်းတဲ့ မေမေဟာလည်း ဟိုးအရင်က ကဆွီဒါပြိုင်ပွဲတွေမှာ နှစ်စဉ် ပထမဆုကနေ မဆင်းလို့ ပထမဆု ၃-နှစ်ဆက်တိုက်ရပြီးတဲ့နောက် အထူးဆုရပြီး နောင်နှစ်တွေမှာ ကော်မတီက ယှဉ်ပြိုင်ခွင့်မပေးတော့ဘူးလို့ သိရတယ်။ အဲလို အသံတအားကောင်းတဲ့ မေမေရဲ့ သမီးဖြစ်ပေမယ့် သမီးတွေက မေမေ့လောက် အသံမကောင်းဘူးလေ။ ဒါလေးကို ပြန်မှတ်မိရင်း နောက်တစ်ခုလည်း သတိရတယ်မေမေ။ တစ်ခါတစ်ခါ မေမေက သမီးတို့ကို သီချင်းဆိုပြပြီးရင် ဖေဖေ့အလှည့်ဆိုတော့ ဖေဖေကပြောတယ်လေ မေမေကသာ အသံကောင်းတာ ဖေဖေကတော့ သီချင်းဆိုရင် “ကမ္ဘာမကြေ”(နိုင်ငံတော်သီချင်း)ကိုတောင် ဖြောင့်အောင်မဆိုတတ်ဘူးတဲ့။ အဲဒါလည်း တကယ်ပါပဲ။ အဲဒီအချိန်လေးတွေမှာ ပြုံးရီနေတတ်တဲ့ မေမေ့မျက်နှာကိုလည်း သမီးမှတ်မိနေတယ် မေမေ။
သမီးမူလတန်းကျောင်းစတက်တဲ့အချိန် (သူငယ်တန်း)မှာလည်း ကျောင်းမှာ ဆရာမက စာသင်သလို အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပေါ့။ အဲဒီအချိန်က လမ်းစဉ်လူငယ်ဆိုတာ ခေတ်စားနေတဲ့အချိန် ကျောင်းကနေ လမ်းစဉ်လူငယ် ပုံပြောကဗျာရွတ်ပြိုင်ပွဲအတွက် ကျောင်းအုပ်ဆရာမကြီးက သမီးကိုရွေးချယ်တော့ မေမေကပဲ သမီးကို ကဗျာရွတ်သင်ပေးခဲ့တယ်လေ။ ကျောင်းပေါင်းစုံမြို့နယ်အဆင့်၊ တိုင်းအဆင့်ထိ ယှဉ်ပြိုင်ခဲ့ရတာတွေကလည်း မေမေကျေးဇူးတွေပါပဲ။ အဲဒီမူလတန်းကျောင်းလေးမှာ သူငယ်တန်းတစ်နှစ်နေပြီးတဲ့အချိန် သမီးတို့အိမ်ပြောင်းကြတယ်နော်။
အိမ်နဲ့နီးတဲ့ အထက်တန်းကျောင်းမှာ သမီးကို ကျောင်းပြောင်းရွှေ့မယ်ဆိုတော့ မူလတန်းကျောင်းအုပ်ဆရာမကြီးက သူ့ကျောင်းက ထုတ်ခွင့်မပေးနိုင်ဘူးဆိုပြီး မေမေ့ကို စိတ်ဆိုးတယ်လေ။ အဲဒါကိုလည်း မေမေက မူလတန်းကျောင်းအုပ်ဆရာမကြီးကို နားလည်အောင်၊ စိတ်မဆိုးအောင် တောင်းပန်ပြီး သမီးကို ကျောင်းပြောင်းရွှေ့ခဲ့ရတယ်။ သမီးအတွက် မေမေပင်ပန်းဆင်းရဲခံခဲ့တာတွေကတော့ အများကြီးပဲနော်။
× × × × × ×
ဒီလိုနဲ့ သမီးကျောင်းတက်တဲ့တလျှောက်လုံး အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပဲပေါ့။ မှတ်မှတ်ရရ သမီး ၄-တန်း (စတုတ္ထတန်း) ကျောင်းသူဘ၀တုန်းကလေ။ အဲဒီတုန်းက ၁၉၈၈-ခုနှစ်၊ မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒတွေထုတ်ဖော်ပြလာကြတဲ့ ၈၈-အရေးခင်းဆိုတာ ဖြစ်ပေါ်တဲ့အချိန်ပေါ့။ သမီးတို့ကျောင်းတွေဖွင့်ပြီး သိပ်မကြာဘူး။ အရေးအခင်းဖြစ်တာကြောင့် ကျောင်းတွေပိတ်လိုက်တယ်လေ။ အဲဒီအချိန်တွေဟာ သမီးဘ၀အတွက် ပိုပြီးအမှတ်တရဖြစ်စေခဲ့တယ်။
မေမေရဲ့တိကျပြတ်သားခိုင်မာမှုနဲ့ ရဲရင့်တဲ့သတ္တိအပြည့်ရှိတဲ့စိတ်ဓါတ်တွေကို သမီးမြင်တွေ့ခဲ့ရတဲ့အချိန်ဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က သမီးတို့က အိမ်ငှားဘ၀နဲ့နေကြရတဲ့အချိန်လေ။ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှုတွေလုပ်ကြတော့ သမီးက လိုက်ကြည့်ရင်းနဲ့ အိမ်ကနေ မန္တလေးဘူတာကြီးရှေ့ ဆေးရုံကြီးနားအထိ ရောက်သွားခဲ့တယ်။ အဲဒီကနေမှ အိမ်ကိုပြန်လာတော့ မေမေက သမီးကို ဘာပြောခဲ့လဲ။ နောက်ကို အဲလိုအဝေးကြီးထိ လိုက်မသွားဖို့ကို သမီးနားလည်အောင်ပြောပြခဲ့ပြီး အဲလို သွားရကောင်းလားလို့ မဆူခဲ့ဘူးနော်။
နောက်ရက်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အချိန် မေမေက သမီးတို့ကို အစ်မ၀မ်းကွဲနဲ့အိမ်မှာထားခဲ့ပြီး အဲဒီဆန္ဒပြမှုတွေမှာ ဂီတအစည်းအရုံး(မန္တလေး)ရဲ့ စစ်ကြောင်းဆိုတာကနေ ပါဝင်တာကိုသမီးသိလာရတယ်။ မေမေကလည်း ဂီတအစည်းအရုံးအသင်းဝင်တစ်ယောက်ဖြစ်တော့ အဲဒီကနေ ပါဝင်ခဲ့တာပေါ့။ အဲဒီဆန္ဒပြပွဲတွေနောက်မှာ တရားဟောပွဲတွေပါရှိလာတယ်။ သမီးမှတ်မိတာက ညနေဘက်ဆို ဘုရားကြီး (၄၅-တာ)ကွင်းထဲမှာ တရားပွဲတွေလုပ်ကြတာလေ။ အရှေ့ (၄၅-တာ)၊ အနောက်(၄၅-တာ)မှာ လူတွေဆိုတာ ကွင်းအပြည့်ပဲ။ ညနေတိုင်း မေမေက သမီးကိုခေါ်သွားခဲ့တာ သမီးအမှတ်ရတယ်။ တစ်နေ့တော့ မေမေရယ် သမီးရယ် အရှေ့(၄၅-တာ)ကနေ အနောက်(၄၅-တာ)ကို ရောက်သွားတော့ မထင်မှတ်ပဲ ဖေဖေ့ကိုလည်း တွေ့လိုက်ကြရတယ်။ အဲဒီတော့မှ ဖေဖေရောမေမေရောဆုံပြီး ရီလိုက်ကြတာ။ ဖေဖေကလည်း အလုပ်ကနေလာတာ။ မေမေကလည်း အိမ်ကနေလာတာ ဟိုမှာ သွားဆုံနေကြတာလေ။
နောက်ပိုင်း သမီးပိုသိလာတဲ့အချိန်မှာ မေမေဟာ စင်မြင့်ထက်ပေါ်မှာ တရားဟောသူနေရာရောက်နေပြီ။ အဲဒီအချိန်မှ သမီးသိလာရတာက မေမေဟာ ဟိုးအရင်ကတည်းက နိုင်ငံအရေးတွေမှာ စိတ်ဝင်စားစွာပါဝင်နေခဲ့တယ်ဆိုတာကို သေချာသိရတော့တယ်။ ပထမပိုင်းကတော့ တရားပွဲစီစဉ်သူတွေက ဂီတအစည်းအရုံးကိုဖိတ်တယ်။ ဂီတအစည်းအရုံးကမှ တစ်ယောက်တစ်လှည့်စီလွှတ်တယ်။ နောက်ပိုင်းမှာတော့ တရားဟောပွဲစီစဉ်သူတွေက မေမေ့နာမည်တပ်ပြီးဖိတ်ကြတော့ မေမေက ပင်တိုင်ပြောဟောရတော့တယ်ဆိုတာလည်း သမီးသိခဲ့ရတယ်။ ဒါတွေအားလုံးမှာ မေမေရဲ့လက်ဦးဆရာကတော့ သမီးရဲ့ဖိုးဖိုး မေမေ့ရဲ့ချစ်ဖခင်ပဲပေါ့။ အဲဒီနောက်မှာတော့ ဖေဖေဟာလည်း မေမေရဲ့ပါရမီဖြည့်ဖက်ပီသစွာ မေမေရဲ့တရားပွဲမှန်သမျှကို လိုက်ပါပြီးအားပေးကူညီခဲ့တယ်။ မေမေနယ်တွေထိ တရားဟောသွားရရင် အိမ်မှာက အစ်မ၀မ်းကွဲရယ်၊ သမီးတို့ ညီအစ်မ(၂)ယောက်ရယ်ပဲရှိကြတော့ အဖွားရယ်၊ အဒေါ်တွေရယ်က တစ်လှည့်စီ လာနေပေးကြတယ်။ အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးက မလွယ်ကူသေးတော့ မေမေသွားရတဲ့ခရီးတွေက ကြမ်းတမ်းတယ်။ ဒါပေမယ့် မေမေကတော့ အပြုံးမပျက် အပင်ပန်းခံပြီး သွားလာနေတယ်။ ဖေဖေကလည်း ပါရမီဖြည့်ဖက် ပီသစွာ အပြုံးမပျက် မေမေ့ဘေးကနေ အားပေးခဲ့တာတွေကိုလည်း သမီးမှတ်မိပါတယ်မေမေရယ်။
မေမေဟောခဲ့တဲ့ တရားပွဲပေါင်း (၁၀၀)ကျော်မှာ သမီးလိုက်ခဲ့ဖူးတဲ့ ၃-ပွဲနဲ့ သွားကြည့်နားထောင်ခဲ့တာ ၁-ပွဲပဲရှိတယ်မေမေ။ မဟာမြတ်မုနိဘုရားကြီးရဲ့တောင်ဘက် တမ္ပ၀တီရပ်နဲ့ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရယ်၊ အ-ထ-က(၇)မှာ ဟောခဲ့တဲ့ မေမေ့ရဲ့ဟောပြောမှုတွေကိုတော့ သမီးလိုက်နားထောင် ကြည့်ခွင့်ရခဲ့ဖူးတယ်လေ။ နောက်တစ်ပွဲကတော့ သမီးတို့ရဲ့ ဘေးရပ်ကွက်မှာဟောတော့ အစ်မ၀မ်းကွဲနဲ့သမီးရယ်၊ သမီးတို့အိမ်ရှင် အန်တီကြီတို့မိသားစုရယ်နဲ့ လာကြည့်နားထောင်ဖူးခဲ့တာပါမေမေ။ စင်ပေါ်မှာ မာန်သတ္တိအပြည့်၊ ကြည်လင်ပြတ်သားနဲ့အသံ၊ မေမေ့ရဲ့ဟန်ပန်ကို သမီးအားကျခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုလက်ခုတ်သံတွေကိုလည်း မေမေ့အတွက် သမီးဂုဏ်ယူမိခဲ့ဖူးတယ်မေမေ။
အဲဒီထက် အမှတ်ရတာတွေလည်း ရှိသေးတယ်မေမေ။ မှတ်မှတ်ရရ စစ်အာဏာသိမ်းတယ်ဆိုတဲ့ညကပေါ့။ မေမေနဲ့ ဖေဖေက ခါတိုင်းလိုပဲ တရားဟောပွဲသွားတော့ အစ်မ၀မ်းကွဲရယ်၊ သမီးရယ်၊ ညီမလေးရယ်ပဲ အိမ်မှာရှိကြတာပေါ့။ အဲဒီအချိန်မှာ ၀ုန်းဒိုင်းနဲ့ ဆူညံတဲ့အသံတွေ ကြားရတယ်။ ပြီးတော့ တဒိုင်းဒိုင်းနဲ့ အသံတွေကြားရတယ်။ သမီးတို့လည်း ဘာတွေမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်အယ်လ်ကြီးနဲ့အန်တီကြီး(အားလုံးက အန်ကယ်လ်ကြီးနဲ့အန်တီကြီးပဲခေါ်ကြတယ်လေ)ရဲ့ သမီးက အိမ်ပေါ်ပြေးတက်လာပြီး သမီးတို့တွေကို ကလေးတွေ ကြမ်းပင်ပေါ်မှာ ငြိမ်ငြိမ်လေးဝပ်နေကြ။ စစ်တပ်အာဏာသိမ်းလို့ သေနတ်တွေပစ်နေပြီဆိုပြီး အဲဒီအန်တီက သမီးတို့နဲ့အတူ လာနေပေးခဲ့တယ်။ အဲဒီတော့မှ သေနတ်သံဆိုတာသမီးကြားဖူးခဲ့တယ်။ ဘာမှန်းတော့မသိဘူး စစ်တပ်အာဏာသိမ်းတယ်ဆိုတာလည်း ကြားဖူးလိုက်တယ်။ နောက်တော့ အဲဒီညမှာပဲ လမ်းတွေလည်း အားလုံးပိတ်လိုက်ကြတယ်တဲ့။ လမ်းတိုင်းလမ်းတိုင်းမှာ သစ်တုံးတွေ၊ သစ်ပင်တွေ၊ ပစ္စည်းတွေပုံပြီး လမ်းတွေမှာ ကားတွေ သွားမရအောင်ပိတ်လိုက်ပြီလို့ ကြားရတော့ အိမ်ပြန်မလာသေးတဲ့ ဖေဖေနဲ့မေမေအတွက် သမီးစိတ်ပူမိတယ်။ မိုးလင်းခါနီးအချိန်မှာတော့ အိမ်ရှေ့က ဆူဆူညံညံအသံတွေကြောင့် သမီးလည်း နိုးသွားခဲ့တယ်။ အိမ်ရှင်အန်တီကြီးတို့ကလည်း အိမ်ရှေ့မှာရပ်နေတာ တွေ့ရတယ်။ အဲဒီမှာ ဖေဖေနဲ့မေမေကိုလည်း အိမ်ပေါ်ကနေ သမီးလှမ်းမြင်လိုက်ရတယ်လေ။ ဖေဖေ မေမေတို့နဲ့အတူ တစ်ခြားသူ ၄-၅ ယောက်လည်းတွေ့ရတယ်။ ဘာတွေပြောနေလည်းတော့ သမီးမကြားရဘူး။ ခဏနေတော့ အိမ်ရှင်အန်တီကြီးက အဲဒီသူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောတာတော့ ကြားလိုက်တယ်။ သူတို့တွေလည်း ပြန်သွားတယ်။
ဖေဖေမေမေတို့လည်း အိမ်ပေါ်တက်လာကြတယ်။ အိမ်ရှင် အန်အယ်လ်ကြီးတို့လင်မယားရော၊ သူတို့သမီးရော၊ အိမ်အောက်ထပ်က အိမ်ငှားမိသားစုရော အကုန်လုံး အိမ်ပေါ်ရောက်လာကြတယ်။ အိမ်ပေါ်ရောက်တော့ မေမေ့ကို ၀ိုင်းဝန်းပြီးမေးကြတော့တာပေါ့။ ဖေဖေက အားလုံးကို ပြောပြနေတယ်။ အိမ်ရှင်အန်တီကြီးက မာမာရယ် ... စိတ်ပူလိုက်ရတာ လို့ပြောတာကိုတော့ မှတ်မိတယ်။ မာမာ ဆိုတာ မေမေ့နာမည်မှာ မာဆိုတာပါတော့ အားလုံးက မာမာလို့ခေါ်ကြတာလေ။ ဖေဖေပြောပြတာကိုလည်း သမီးနားထဲမှာ အခုထိစွဲနေတုန်းပဲ။ စစ်အာဏာသိမ်းလို့ သေနတ်စပစ်တဲ့အချိန်က မေမေက စင်ပေါ်မှာ တရားဟောနေတဲ့အချိန်။ သေနတ်လည်းပစ်ရော တရားပွဲနားထောင်သူတွေက ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးကြတော့မလိုဖြစ်ကုန်တဲ့။ မေမေကပြောတယ် ‘မပြေးကြပါနဲ့ မှန်စရာရှိရင် စင်ပေါ်က ကျွန်မကို အရင်မှန်မှာပါ’ပြောလိုက်တယ်။ အဲဒီမှာ လူတွေလည်း ပြန်ထိုင်ကုန်ကြတယ်တဲ့။ အဲလိုပြောလိုက်တဲ့အချိန်မှာပဲ ဟောပြောပွဲက တာဝန်ရှိ လူငယ် ၂-ယောက် စင်ပေါ်တက်သွားပြီး မေမေ့ရဲ့ ဘေးတစ်ဘက်စီကနေ ရပ်ပေးနေကြတယ်။ မေမေကလည်း တရားကို ပြီးဆုံးအောင်ဆက်ဟောခဲ့တယ်။ အဲဒီတရားပွဲပြီးတော့ လမ်းတွေ ပိတ်နေတော့ ခါတိုင်းလို စက်ဘီးနင်းပြီး ပြန်လာလို့မရတော့ဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ ပိတ်ဆို့မှုတွေနဲ့ လူငယ်တွေ ကင်းစောင့်နေကြတယ်။ အဲဒါ ကင်းစခန်း အဆင့်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် လိုက်ပို့တာကြောင့် စက်ဘီးတွန်းပြီး ခြေကျင်လျှောက်လာကြရတာကြောင့် အခုလိုနောက်ကျသွားကြကြောင်း၊ သမီးတို့တွေကို စောင့်ရှောက်ထားလို့ ကျေးဇူးတင်ကြောင်းပြောတယ်။ အိမ်ရှင်တွေ အောက်ထပ်က အိမ်ငှားတွေကလည်း ကိုယ့်မိသားစုတွေပဲ ဒါတွေပြောစရာမလိုဘူး။ မာမာ နောက်လှည့်မကြည့်နဲ့ ကိုယ်လုပ်စရာရှိတာဆက်လုပ်လို့ပြောတာကိုလည်း သမီးမှတ်မိပါတယ်မေမေ။ အဲဒါတွေက သမီးမျက်စိနဲ့မြင်ပြီး နားနဲ့ကြားခဲ့ရတဲ့ သမီးဂုဏ်ယူခဲ့တဲ့ မေမေ့ရဲ့ အကြောင်းတွေပေါ့။
နောက်ထပ် မှတ်မိတာတွေလည်း အများကြီးရှိသေးတယ်မေမေ။ မေမေ့ကို ဖမ်းဆီးဖို့ အိမ်မှာလာရှာကြတာတွေလည်း အခုထိ မျက်စိထဲမှာ ပြန်လည်မြင်ယောင်နေတုန်းပါပဲ။ အဲဒါတွေကိုလည်း သမီးမှတ်မိသလောက်ပြောဦးမယ် မေမေရယ် ……။
× × × × × ×
တစ်နေ့ …. ဖေဖေက အလုပ်သွားနေတဲအချိန် …. မေမေက အပြင်သွားနေတဲ့အချိန် … သမီးနဲ့ ညီမလေးက အိမ်ရှေ့ဝရန်တာမှာ ကစားနေကြတဲ့အချိန်ပေါ့။ အိမ်ရှေ့မှာ ကားတစ်စီးရပ်လာတယ်။ ကားပေါ်ကနေ ယူနီဖောင်းဝတ်ထားတဲ့လူတစ်စုဆင်းလားတယ်။ ယူနီဖောင်းကတော့ စစ်ယူနီဖောင်းလား ရဲယူနီဖောင်းလား သမီး မမှတ်မိဘူးမေမေ။ အဲဒါနဲ့ အိမ်ရှင်အန်တီကြီးက ဘာကိစ္စရှိလို့လဲလို့မေးတော့ ဒီအိမ်ကို ရှာချင်လို့တဲ့။ အိမ်ရှင်အန်တီကြီးက ဒီအိမ်က ကလေးတွေပဲရှိတယ် လူကြီးတွေ မရှိဘူးလို့ပြောတော့ သူတို့ကဘာမှ မပြောပဲ အိမ်ပေါ်ကို တက်လာကြတယ်။ အိမ်ရှင်အန်တီကြီးကလည်း နောက်ကနေလိုက်တာတယ်။ အဲဒီလူတွေက အိမ်ပေါ်တက်လာပြီး ဖိနပ်လည်းမချွတ်ကြပဲ အိမ်ထဲထိဝင်ပြီး သမီးတို့ အိပ်တဲ့နေရာတွေထိ ဖိနပ်တွေနဲ့တက်ကြတယ်။ အဲဒီမြင်ကွင်းကိုမြင်ရတော့ သမီးလေ အဲဒီလူတွေကို တစ်ခုခုလုပ်ပစ်ချင်စိတ်တွေဖြစ်ပေါ်လာတယ်။ သူတို့က တစ်အိမ်လုံးလည်း လျှောက်ရှာဖွေမွှေနှောက်လိုက်ကြတာ အလွန်ပဲ။
အဲဒါနဲ့ အစ်မကို မေးမိတယ်။ သူတို့က ဘာလုပ်တာလဲဆိုတော့ အစ်မကပြောတယ် အန်တီမာ့ကို ဖမ်းဖို့လာတာတဲ့။ မေမေ့ကိုဖမ်းဖို့လာတာဆိုတော့ မေမေပြန်လာလိုက်ရင် ဖမ်းမိသွားမှာလည်းစိုးရိမ်နေမိတယ်။ သမီးလေ သူတို့ကို ကြောက်တာလား၊ စိတ်ထဲမှာ ဘယ်လိုဖြစ်လည်းတော့ မမှတ်မိဘူးမေမေ။ သူတို့ကိုပဲ သေချာလိုက်ကြည့်နေမိတယ်။ ပြီးတော့ အိမ်ရှေ့ကိုကြည့်လိုက်နဲ့ပေါ့။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်ကယ်ကြီးက အိမ်ရှေ့မှာရပ်ထားတဲ့ စက်ဘီးလေးကို ဖျတ်ခနဲဆွဲပြီးထွက်သွားတာတွေ့လိုက်တယ်။ သိပ်မကြာပါဘူး အန်ကယ်ကြီးပြန်ရောက်လာတယ်။ အိမ်ပေါ်မှလည်း ပစ္စည်းတွေက ပွလန်ကြဲနေတာပဲ။ ခဏနေတော့ ဟိုလူတစ်စုပြန်သွားကြတယ်။ အန်တီကြီးကလည်း ကဲ … သမီးတို့ ဘာမှစိတ်မပူနေကြနဲ့။ ရှင်းစရာရှိတာ ရှင်းကြဆိုပြီး သူကိုယ်တိုင်လည်း ပစ္စည်းတွေကို စုစည်းရှင်းလင်းပေးတယ်လေ။ ဟိုလူတွေ ကားနဲ့ထွက်သွားမှ အန်ကယ်ကြီးလည်း အိမ်ပေါ်တက်လာတယ်။ ပြီးတော့ သူကပြောပြတယ်။ ခုနက မာမာ ပြန်လာတာ …. လမ်းထိပ်ကနေ ကွေ့ဝင်လာတာ။ ငါလည်း ချက်ချင်းလှမ်းမြင်လိုက်တာနဲ့ စက်ဘီးဆွဲပြီး ချက်ချင်းသွားပြောလိုက်တာ။ တော်သေးတယ်။ ‘မာမာ’ ချက်ချင်း ပြန်လှည့်ထွက်သွားတယ်။ သူတို့တွေ ဘယ်သူမှ မသိလိုက်ကြဘူးတဲ့။
အဲဒီနောက်ပိုင်းရက်တွေမှာလည်း သူတို့တွေ ခဏခဏလာကြတယ်။ ဒါပေမယ့် အမြဲတမ်းလိုလိုပဲ မေမေ ထွက်သွားတဲ့အချိန်၊ မေမေမရှိတဲ့အချိန်ပဲ ဖြစ်ဖြစ်နေတော့ မေမေ့ကို ဖမ်းမမိကြဘူး။ အဲဒီအချိန်က အဖမ်းအဆီးက တအားကြမ်းတယ်တဲ့။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းပြီးရင် နှိပ်စက်တာ တော်တော်ဆိုးဝါးတယ်တဲ့။ ကျင်းတူးပြီး ကျင်းထဲမှာရပ်ခိုင်းပြီး ခါးတစ်ဝက်လောက်ထိ အင်္ဂတေကိုင်ထားတာမျိုးထိ လုပ်တယ်တဲ့။ အဲဒီလိုအခြေအနေမျိုးတွေကြောင့် အဝေးတစ်နေရာမှာသွားပြီးရှောင်နေဖို့ မေမေ့ကို အားလုံးက တိုက်တွန်းကြတယ်။ ဒါပေမယ့် မေမေက မရှောင်ချင်ဘူးဆိုပြီး နေ့ခင်းဘက်ဆို အဲလိုကိစ္စတွေအတွက်သွား ညမိုးချုပ်မှအိမ်ပြန်အိပ်လုပ်ရတော့တယ်။
ဒီနေရာမှာ သမီးတစ်ခုမှတ်မိသေးတယ်မေမေ။ သမီးတို့နေတဲ့အိမ်ရဲ့နောက်က ဘုန်းကြီးကျောင်းဝင်းကြီးလေ။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း ဖေဖေမေမေတို့ကို တအားခင်တယ်။ ညပိုင်းဆို အိမ်အောက်ထပ်မှာ လူတွေအများကြီးပဲ ၀ိုင်းထိုင်ပြီးစကားတွေပြောကြတယ်။ ဘုန်းကြီးကျောင်းထဲက ဘုန်းတော်ကြီးတွေလည်းပါတယ်။ အဲဒီစကားတွေ ထိုင်နားထောင်တဲ့အထဲမှာ သမီးလည်းပါတယ်နော်မေမေ။ ဘုန်းတော်ကြီးတွေပြောတာလည်း သမီးမှတ်မိတယ်။ ‘ဒကာကြီးနဲ့ ဒကာမကြီး … ညရေးညတာအတွက် ဘာမှ မစိုးရိမ်နဲ့။ ညအချိန်မတော် တံခါးလာခေါက်ရင် ချက်ချင်းဖွင့်မပေးနဲ့။ ဒကာမကြီး အိမ်နောက်ဖေးကနေ ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ ခုန်ချလာခဲ့။ ဦးဇင်း ကျွန်မပါလို့သာပြောပြီး ကျုပ်တို့ဆီ တံခါးသာခေါက်လိုက်။ ဒကာမကြီးတို့နောက်ဖေးအုတ်တံတိုင်း ကျုပ်တို့ ဘုန်းကြီးကျောင်းထဲမှာ လှေကားထောင်ထားပေးမယ်။ ခုန်သာချလာခဲ့လိုက်၊ ဒီကောင်တွေ တကယ်သတ္တိရှိရင် ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ လာရဲ လာကြည့်ပါစေ’တဲ့ … တကယ်လည်း သူတို့ပြောသလို ဘုန်းကြီးကျောင်းဘက်မှာ လှေကားထောင်ထားပေးခဲ့တယ်။
အဲဒီနောက်ပိုင်းတွေမှာ အိမ်ကိုလာပြီး ရှာဖွေမှုတွေများလာတော့ အားလုံးကလည်း မေမေ့ကို အဝေးတစ်နေရာမှာ သွားနေကြဖို့တိုက်တွန်းကြတော့တယ်။ ဒါနဲ့ပဲ မေမေလည်း အိမ်ကနေ အဝေးကို ခဏသွားနေဖို့ လုပ်တော့တယ်နော်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဖေဖေရယ် သမီးရယ်က စက်ဘီးတစ်စီး၊ မေမေရယ် ညီမလေးရယ်က စက်ဘီးတစ်စီးစီနဲ့ သမီးတို့ထွက်ခဲ့ကြတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က သမီးတအားပျော်ခဲ့တယ်။ ဘာလို့လဲသိလားမေမေ။ ဖေဖေနဲ့မေမေက စက်ဘီးတွေကိုယ်စီနင်းပြီး သမီးတို့မိသားစုလေးယောက်လေ ပျော်ပွဲစားထွက်လာသလိုပဲ မန္တလေးကနေ ပုလိပ်ထိ စက်ဘီးနဲ့ သွားခဲ့ကြတာလေ … မြစ်ငယ်တံတားပေါ်စက်ဘီးဖြတ်နင်းကတော့ သမီးမှာပျော်လိုက်တာမေမေရယ်။ ပုလိပ်က ဦးလေးနဲ့အဒေါ်ဝမ်းကွဲအိမ်ရောက်တော့ သမီးတို့တွေကို ထားခဲ့ပြီး ဖေဖေကတော့ နောက်တစ်ရက်မှာ မန္တလေးကိုပြန်သွားတယ်လေ။ သမီးတို့ညီအစ်မ ၂-ယောက်ရယ် မေမေရယ်က ပုလိပ်မှာပဲ လနဲ့ချီပြီးနေကြတယ်။ ဖေဖေကတော့ မန္တလေးနဲ့ ပုလိပ်ကို သွားလိုက်ပြန်လိုက်ပေါ့။
အဲဒီအချိန်တွေမှာ သမီးတို့ညီအစ်မတွေကတော့ ဦးလေးနဲ့အဒေါ်ဝမ်းကွဲရဲ့ သမီးတွေနဲ့ ကစားလိုက်ဆော့လိုက်နဲ့ ပျော်လို့ကောင်းနေကြတာပေါ့။ အဲဒီမှာ တော်တော်ကြာကြာနေပြီးတဲ့နောက် သမီးတို့ မန္တလေးကိုပြန်လာကြတယ်။ သမီးတို့အိမ်ကို မပြန်ကြပဲ အဖိုးအဖွား(ဖေဖေ့ဘက်)အိမ်ကို သွားနေခဲ့ကြပြန်တယ်နော်။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလည်း သမီးမှတ်မိတယ်မေမေ။ မတော်တဆ အဲဒီနေရာအထိ မေမေ့ကို လာဖမ်းကြတယ်ဆိုရင် အိမ်ရှေ့ကလာနေတုန်း မေမေနောက်ဖေးကနေ ချက်ချင်းထွက်သွားလို့ရအောင်ဆိုပြီး အဖိုးတို့အိမ်နဲ့ ဘေးအိမ်ကို အပေါက်သေးသေးလေးဖောက်ထားပေးကြတယ်လေ။ အဲဒီမှာလည်း သမီးတို့က ဆော့လို့ကောင်းတုန်းပဲပေါ့။ အဲလိုနဲ့ နောက်ပိုင်း ဖမ်းဆီးမိရင် မကြမ်းတမ်းတော့ဘူးဆိုတာကြောင့် မေမေလည်း အိမ်ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက် သမီးတို့လည်း အိမ်မှာပဲ ပြန်လာနေကြတော့တယ်။ အိမ်ကတော့ အရင်အိမ်နေရာမဟုတ်တော့ပဲ အိမ်ပြောင်းလိုက်ကြတယ်လေ။ အဲဒီနောက်တော့ မေမေ့ကို လာရှာတာလည်း မရှိတော့ဘူး။ ရွေးကောက်ပွဲလုပ်မယ်ဘာညာဆိုတော့ လွတ်လပ်ခွင့်ပေးလိုက်တဲ့သဘောလို့ သိရတယ်လေ။ ဒါကြောင့် သမီးတို့မိသားစုလည်း အေးအေးဆေးဆေးပဲ နေလိုက်ကြတော့တယ်နော်။ ဒါတွေအားလုံးက သမီးရဲ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကိုပြန်မြင်မိနေတာတွေပါမေမေ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးအမြင်မှာ၊ သမီးအတွက်တော့ မေမေက သမီးရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ မေမေရယ် …………. ။
နောက်နှစ်မှာတော့ ကျောင်းတွေ ပြန်ဖွင့်တာကြောင့် သမီးလည်း ၄-တန်း (စတုတ္ထတန်း)ကျောင်းပြန်တက်ရတော့တယ်မေမေ။ သမီးမှတ်မိနေသေးတဲ့ မေမေ့ရဲ့ အကြောင်းတွေကို ဆက်ပြောချင်သေးတယ် မေမေ …….. ။
× × × × × ×
No comments:
Post a Comment