Thursday, May 30, 2013

ရဲရဲတောက်မီးလျှံနဲ့ ပြာပုံကြားက တချိန်က ငြိမ်းချမ်းတဲ့ လားရှိုး ...

Lashio

လားရှိုးမြို့ဆိုတာ ဒီလောက် အေးချမ်းတဲ့ မြို့လေးတစ်ခုပါ .... လားရှိုးမြို့ရဲ့ အကွေ့အကောက်လမ်းတွေနဲ့ အိမ်တွေ ဆောက်လုပ်ထားပုံက ကိုရီးယား(TV မှာ မြင်ဖူးတာ)က နေရာဒေသလေးတွေတူတယ် ....

လားရှိုးမြို့အနှံ့ ရောက်ဖူးခဲ့နေရာတွေထဲကမှ ... ဂျာမေ့ဗလီကြီးရှေ့၊ အဲ့ဒီရှေ့က ပန်းသေးထမင်းဆိုင်၊ ဗလီကြီးရှေ့ ကမ္ဘောဇဘဏ်ဘေးလမ်းထဲက အမဲသားလုံးခေါက်ဆွဲဆိုင်၊ လားရှိုးသွားတိုင်း အမြဲတည်းတဲ့ ရထိုက်ဟိုတယ်နဲ့ သူ့ရှေ့က ဆိုင်လေးတွေ၊ အာရဗီစာသင်ကျောင်းကြီးနဲ့ ကျောင်းကြီးအကြောင်းမေးဖူးခဲ့တဲ့ ကျောင်းက တာဝန်ရှိဆရာနဲ့ ကလေးတွေရဲ့ စာသင်ရာနေရာတွေ၊ ရမသွာန်လကြုံတိုင်း ညနေ ဥပုသ်ဖြေလေ့ရှိတဲ့ ရပ်ကွက်(၇)ထဲက ချစ်ညီမများလေးရဲ့ အိမ်၊ မြို့လုံးကျွတ် တမန်တော်နေ့အခမ်းအနားနဲ့ တိုက်ဆိုင်လို့ မြို့လုံးကျွတ်ထမင်းကျွေးတဲ့အချိန် သွားစားဖူးတဲ့ ရပ်ကွက်(၇)က ဗလီနဲ့ အာရဗီစာသင်ကျောင်း၊ ကလေးတစ်ယောက်အိမ်လိုက်ရှာရင်းနဲ့ ရောက်ဖြစ်လိုက်တဲ့ ဘူတာရပ်ကွက်မှာ မြင်ဖူးလိုက်တဲ့ ဗလီနဲ့ မွတ်စလင်မ်အိမ်တချို့၊ တောင်ပေါ်ဘုရားလေးကို သွားရင်း ဖြတ်သွားဖူးတဲ့ မောသီရိတိုးချဲ့ရပ်ကွက်၊ လမ်းပေါ်နေကလေးတချို့နဲ့ ထိုင်စကားပြောဖူးခဲ့တဲ့ သာသနာ့ဗိမာန်ဘေးက ဇရပ်ကြီး၊ လူငယ်သင်တန်းကျောင်းသွားတိုင်း အမြဲဖြတ်သွားနေကျ မြို့တော်ခန်းမ၊ ဆရာတစ်ယောက် brakefast လိုက်ကျွေးဖူးတဲ့ ရပ်ကွက်(၂-၃)ထဲက ခေါက်ဆွဲဆိုင်လေးများ၊ လားရှိုးရောက်ရင် အမြဲတမ်းသွားစားလေ့ရှိတဲ့ အထက်တန်းကျောင်းရှေ့က မာလာဟင်းနဲ့ အကင်ဆိုင်၊ .............

Saturday, May 04, 2013

ကလေးတွေရဲ့အနာဂတ်ကို ဘယ်လိုကြောင့်မှ ရိုက်မချိုးမိပါစေနဲ့



လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ဆရာ၊ ဆရာမတွေလေ။ အစိုးရကျောင်းက ဆရာမ၊ ဆရာမတွေတော့ မဟုတ်ဘူး။ တချို့ကလည်း ပုဂ္ဂလိကကျောင်းမှာ၊ တချို့ကလည်း ကိုယ်ပိုင် ကျူရှင်လေးဖွင့်ထားတယ်၊ တချို့ကလည်း မူလတန်းကြိုက စပြီးသင်ကြားတာ၊ တချို့ကလည်း guide သဘောမျိုးပေါ့။

အဲဒီမှာ သူငယ်ချင်းတစ်စုပြောရင်း စကားစပ်မိမိစပ်ရာရောက်သွားတာက အခု ၂၀၁၃-ခုနှစ် မတ်လနဲ့ ဧပြီလ အတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ ရောက်သွားတယ်။ ဆရာ၊ ဆရာမတွေလည်း ဖြစ်နေတော့ သူတို့ကလေးတွေ (တပည့်လေးတွေပေါ့ ကျွန်မတို့တွေက စကားပြောရင် ငါ့ကလေး သူ့ကလေးလို့ပြောကြတယ်လေ)အကြောင်းရောက်သွားတယ်။

သူငယ်ချင်းတစ်ယောက်က သူစာသင်ပေးနေတာက မူလတန်းအရွယ်ကလေးတွေလေ။ အခုက နွေရာသီဖြစ်တော့ နွေရာသီစာသင်ဝိုင်းလေးဖွင့်ထားတာ။ တစ်နေ့ကျ ကလေးတွေ ကစားချိန်မှာ ကစားခွင့်ပေးတော့ ကလေးတွေက အချင်းချင်းကစားကြမယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကစားနည်းတွေရွေးရင်း အများသဘောတူသွားတာက ‘ဖိုက်တင်ပလေးတမ်းကစားမယ်၊ အဖွဲ့လိုက် ချကြမယ်၊ ကုလားနဲ့ဗမာ ချတမ်းကစားမယ်၊ ကုလားဘက်က သေကြ’တဲ့လေ။ အဲဒီစကားကြားလိုက်ရတော့ ကျွန်မသူငယ်ချင်းလည်း ချက်ချင်းပဲ ကလေးတွေကို အဲလိုနည်းလမ်းမကစားရကြောင်းနဲ့၊ ကုလားနဲ့ဗမာ အဲလိုဖြစ်စရာမလိုပဲ အချင်းချင်းအတူတူ ညီညွတ်ကြဖို့ဆိုတာတွေကို ကလေးတွေ နားလည်အောင် ပြောပြရင်းတစ်ခြား ကစားနည်းကို ပြောင်းစေလိုက်ရတယ်။ အဲဒီမှာ ကျွန်မတို့ ပြောဖြစ်ကြတယ်။ အခုဖြစ်နေတဲ့ အကြမ်းဖက်ခံကိစ္စတွေဟာ ကလေးတွေရဲ့ သိစိတ်မှာရော မသိစိတ်မှာပါ စွဲထင်သွားခဲ့ပြီ။