Sunday, June 05, 2016

ဂျကာတာ အမှတ်တရ

အခုနောက်ပိုင်း ကျမက အလုပ်ဝင်နေပြီး အလုပ်ကလည်း စနေနေ့တစ်ဝက်ထိဆင်းရတယ်။ အလုပ်ပိတ်ရက်က တစ်ပတ်မှာ တစ်ရက်ခွဲရတယ်ဆိုပေမယ့် စနေနေ့ဝက်အလုပ်ပြန်လာလို့ အိမ်ရောက်ရင် နေ့လည် ၃ နာရီလောက်ဖြစ်သွားပြီ။ ဒီလိုဖြစ်နေတော့ တစ်ပတ်စာအိမ်အလုပ်တွေကို အဲ့ဒီ နှစ်ရက်မှာ သိမ်းကြုံးလုပ်နေတတ်တော့ သူ (ချစ်ခင်ပွန်း) က ပြောလာတယ်။ အလုပ်ပိတ်ရက်ကို တစ်ချိန်လုံး ဘာတွေလုပ်နေမှန်းမသိဘူး၊ အငြိမ်လည်းတစ်စက်မှ မနေဘူး။ အေးအေးဆေးဆေးနေတဲ့လေ။ ကျမကလည်း အင်းပါ ဒါလေးလုပ်လိုက်ဦးမယ် ဟိုဟာလေးလုပ်လိုက်ဦးမယ် ခဏလေးပဲဆိုပြီး ခဏလေးတွေပေါင်းသွားပြန်တယ်။
.
ကျမအလုပ်မဝင်ခင်ကဆို weekend သူအလုပ်ပိတ်ရက်မှာ အပြင်ကို အတူထွက်လည်ရမှာကို မျှော်နေတတ်ပေမယ့် အခုကျ သူက အပြင်ထွက်ဖို့ပြောရရင်တောင် ကျမက တစ်ခါတစ်ခါ စိတ်မပါသလို မသွားချင်သလိုဖြစ်ပြီး အိမ်ကိစ္စတွေပဲ လျှောက်လုပ်နေတတ်တော့တာလေ။
.
ဒါနဲ့ပဲ Public Holiday ကို စနေ ဒါမှမဟုတ် တနင်္ဂနွေ ဒါမှမဟုတ် တနင်္လာနေ့ ကျမှ ကျမအလုပ် ၂-၃ ရက်ဆက်ပိတ်ရင် ခရီးတိုတစ်ခုသွားဖို့ စဉ်းစားနေလေ့ရှိတယ်။
.
စနေနဲ့ public holiday တိုက်ဆိုင်သွားတာနဲ့ နှစ်ရက်ခရီးတိုသွားဖို့ မရောက်ဖူးသေးတဲ့ Jakarta ကို သွားကြဖို့ စဉ်းစားပြီး လေယာဉ်လက်မှတ်ဝယ်လိုက်တယ်။
ဂျကာတာက အထင်ကရနေရာတွေကို ထုံးစံအတိုင်း အွန်လိုင်းမှာရှာ။ ပြီးတော့ ဂျကာတာက သူ့သူငယ်ချင်းတချို့ကို ဒေသအကြောင်းမေးပြီး Jakarta Central မှာ တစ်ညအိပ်ပဲနေမယ့် ဟိုတယ်ကို စိတ်ကြိုက်ရွေး booking လုပ်လိုက်တာပေါ့။
သူ့သူငယ်ချင်းတွေကလည်း ဂျကာတာရဲ့ အားနည်းချက် အားသာချက်တချို့ကိုပြောပြပါတယ်။
.
ဒီလိုနဲ့ သွားမယ့်ရက်ကျတော့ ဖူးခက်သွားတုန်းကလို အချိန်ကပ်မှ လေယာဉ်ပေါ်ရောက်တာမျိုးမဖြစ်ရလေအောင် ခပ်စောစောသွား၊ breakfast စားပြီး လေယာဉ်ပေါ်စောစောရောက်သွားတယ်။ နှစ်ရက်တည်းခရီးမို့ အဝတ်အစားအပိုတစ်စုံစီပဲပါတော့ ကျောပိုးအိတ်တစ်လုံးရယ် ဘေးလွယ်အိတ်တစ်လုံးရယ်နဲ့ ပေါ့ပေါ့ပါးပါးရှိလှတယ်။
မနက်အစောကြီးကတည်းက မိုးရွာနေခဲ့တော့ လေယာဉ်စတက်ချိန်မှာ ရာသီဥတုက ကြည်ပေမယ့် ကောင်းကင်ထဲမှာ မိုးသားတိမ်မဲမဲတွေကြားမောင်းနေရတဲ့အတွက် လေယာဉ်က ခါပြီးမငြိမ်တာကိုလည်း ကြုံဖူးလိုက်ရတယ်။
.
ဂျကာတာလေဆိပ်ကနေ ကျမတို့သွားမယ့် ဂျကာတာအလယ်ပိုင်းကိုရောက်ဖို့ တက္ကစီဆို ၄၅ မိနစ်လောက်စီးရပြီး ဘတ်စ်ဆို ၂နာရီ နီးပါးလောက်ကြာမယ်ဆိုတာ သိထားရပေမယ့် ဘတ်စ်စီးရင် ဒေသန္တရဗဟုသုတ ပိုမြင်နိုင်တာကြောင့် ဘတ်စ်နဲ့ပဲ သွားလိုက်ကြတယ်။ Terminal တစ်ခုနဲ့တစ်ခု အလှမ်းဝေးတဲ့ လေဆိပ်ထဲမှာပင် ဘတ်စ်က နာရီဝက်လောက်ကြာသွားတယ်။ စုစုပေါင်း တစ်နာရီခွဲလောက် ဘတ်စ်စီးပြီးချိန်မှာ Gambir Station ကိုရောက်တယ်။
.
လမ်းတလျှောက်မှာ ကားတွေပေါများလှသလို ခုံးကျော်ကားလမ်းမကြီးတွေ များပြားလှပြီး ဗလီတွေအများကြီးကိုလည်း တွေ့ရတယ်။
Gambir Station ကို ရောက်တာနဲ့ ဟိုတယ်ကိုမသွားသေးပဲ မြို့ထဲတစ်ဝိုက် လျှောက်လည်ကြည့်တယ်။ လေဆိပ်မှာဝယ်လာတဲ့ ဖုန်းကတ်ကို Data on ထားပြီး သွားမယ့်နေရာကို Map မှာ Direction ကြည့်ပြီးသွားတယ်။
မြို့လယ် ပန်းခြံကြီးထဲက ကျောက်တိုင်ကြီးဘက်ဝင်ကြည့်ဖို့ ဝင်ပေါက်ရှာရင်း ဆိုင်တန်းတွေ့တော့ ဗိုက်ဆာလာတာနဲ့ နေ့လည်စာဝင်စားပြီး ကျောက်တိုင်ဆီအရောကိချီတက်တယ်။ အဝေးကကြည့်တော့ သာမန်ပဲ ထင်ခဲ့ပေမယ့် အနီးကပ်လာလေ လူတွေကို အပေါ်မှာလှမ်းမြင်ရလေဖြစ်တော့ ကျမတို့လည်းတက်ကြည့်ဖို့စဉ်းစားလိုက်တယ်။
ကျောက်တိုင်အောက်ခြေရောက်တော့ အထဲကိုဝင်ဖို့ လက်မှတ်ဝယ်ရတယ်။ ကျောက်တိုင်ဒုတိယထပ်ထိတက်မယ့်လက်မှတ်နဲ့ ထိပ်ဆုံးထိလက်မှတ် ရွေးချယ်လို့ရတော့ ကျမတို့က ထိပ်ဆုံးထိလက်မှတ်ဝယ်ပြီး အပေါ်တက်ဖို့အတွက် တစ်နာရီခွဲနီးပါးလောက် တန်းစီစောင့်လိုက်ရတယ်။ ကျောက်တိုင်ကြီးရဲ့အောက် Underground မှာတော့ Museum ကြီးရှိပြီး ဂျကာတာရဲ့သမိုင်းကြောင်းတွေကို ပန်းချီပန်းပုတွေနဲ့ စနစ်တကျသေသပ်စွာ ရှိနေတာကို အံ့သြစွာတွေ့ရတယ်။
.
အဲ့ဒီက ထွက်လာတော့ ညနေစောင်းနေပြီမို့ ဟိုတယ်ခဏပြန်နားဖို့ လမ်းလျှောက်လာတုန်း မိုးရွာလာတာနဲ့ တုတ်တုတ်ငှါးပြီး သွားလိုက်ရတယ်။ ဂျကာတာမှာ အခက်အခဲတွေ့ရတာက ဘာသာစကားပါပဲ။ သူတို့ပြောတာလည်း ကိုယ်နားမလည် eng လိုလည်း သူတို့နားမလည်တော့ တစ်ခုခုဆို သူတို့က ကျသင့်တဲ့ပိုက်ဆံကို ထုတ်ပြတယ်။ အဲ့ဒီတော့မှ အဆင်ပြေတယ်။ သွားချင်တဲ့နေရာမေးရင်လည်း ကိုယ်တွေမေးတာက အင်္ဂလိပ်လိုနာမည် သူတို့သိတာက အင်ဒိုနာမည်ဖြစ်နေတော့ ကိုယ်သွားချင်တဲ့နေရာကို map ပြပြီးမေးလည်း သူတို့အများစု လုံးဝမညွှန်းပေးတတ်ကြဘူး။
.
ဒီလိုနဲ့ ဟိုတယ်ရောက်တော့ ဖုန်းတွေအားသွင်းမယ်လုပ်တော့ plug တွေက လုံးဝအဆင်မပြေဘူး။ ကိုယ်တွေ Plug က 3pin, ဟိုတယ်မှာက 2 Pin ဆိုတာဖူးခက်သွားတုန်းက ကြုံဖူးပြီမို့ အဲ့တုန်းက ဝယ်ထားတဲ့ 2 Pin Extension Plug ယူသွားပေမယ့် ဂျကာတာက plugs တွေအားလုံးက 2 pin အလုံးတွေမှာမှ ခေါင်းတွေကလည်း အဝိုင်းတွေဖြစ်နေပြီး လေးထောင့် plus ဘယ်လိုမှတပ်မရဘူး။ Reception ကို မေးကြည့်တော့လည်း သူတို့မှာ extension မရှိဘူးတဲ့။ ဒါနဲ့ပဲ ယူသွားတဲ့ Power Bank ကို အားသွင်းပေးထားဖို့ ပြောလိုက်ရတယ်။
.
ခဏနားရင်း အိပ်ပျော်သွားတော့ နိုးတဲ့အချိန်မှာ ညဘက်ဖြစ်နေပြီ။ ဒါနဲ့ မြို့လည်ဘက် လမ်းလျှောက်ရင်း Skye Bar ၅၆ ထပ်မှာ ညစာစားရင်း ဂျကာတာညရှုခင်းကိုကြည့်ဖို့ သွားပေမယ့် မိုးရွာထားတော့ အပြင်ကို ကောင်းကောင်းမမြင်ခဲ့ရဘူး။
Google Map သုံးပြီး လမ်းလျှောက်လာရင်း Skype ရှိရာ BCA Tower မရောက်ခင်လမ်းဆုံမှာ ကားတွေပိတ်ကြပ်နေပြီး လူကူးလမ်းမတွေ့တာနဲ့ အနားမှာရှိနေတဲ့ ယာဉ်ထိန်းရဲကိုမေးတော့ ဒီကနေပဲဒီအတိုင်းကူးသွားဆိုတာကြောင့် ၁၅ မိနစ်နီးပါးစောင့်ပြီးမှ ကားတွေကြားထဲတိုးပြီး လမ်းကူးလိုက်ရတယ်။
.
နောက်တစ်ရက်မနက်စောစောမှာ ဟိုတယ်က breakfast စားပြီးတော့ တစ်နေကုန်လည်ပြီးတာနဲ့ ညနေဘက်မှာ Airport တန်းဆင်းမယ်လို့ စိတ်ကူးပြီး တစ်ခါတည်း checkout လုပ်ပြီး ထွက်လာလိုက်တယ်။
ပထမဆုံး Istiqlal Mosque ကိုရောက်ခဲ့တယ်။ ဝင်ဝင်ချင်းမှာပဲ မေးလိုက်တော့ ကျမတို့ကို ဧည့်သည်လားဆိုပြီး Information Counter ကိုခေါ်သွားပေးတယ်။ အဲ့ဒီက တာဝန်ရှိမိန်းကလေးတစ်ယောက်က Guest room ဆီခေါ်သွားပြီး ဖိနပ်ထားဖို့ပြတယ်။ ပြီးတော့ ဧည့်မှတ်တမ်းမှာ ဖြည့်ပေးရတယ်။ ဖြည့်နေရင်းကြည့်လိုက်မိတာ တစ်ခြားနိုင်ငံက တစ်ခြားသောဘာသာဝင်တွေလည်း လာရောက်လေ့လာထားတာတွေ့ရတယ်။
ကျမတို့ကို ထိုင်စောင့်ခိုင်းထားပြီး ခဏနေတော့ အမျိုးသားတစ်ဦးက လာခေါ်ပြီး ဗလီကြီးထဲနေရာအနှံ့လိုက်ပြပါတယ်။
၂၃ ဧကခွဲကျယ်တဲ့ ဝင်းကြီးထဲမှာ ၁၉၇၈ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Masjid Istiqlal က အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ ကမ္ဘာမှာ တတိယ အကြီးဆုံးဖြစ်ပြီး လူ ၂သိန်း ဆန့်ပါတယ်။ အမြင့်၇ မီတာနီးပါးရှိ Minaret (မျှော်စင်)တစ်ခုသာ ထားရှိပြီး အဓိပ္ပါယ်က အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း ရှိကြောင်းကိုရည်ရွယ်သလို ဗလီအတွင်းမှာ အထပ် ၅ ထပ်ရှိပြီး အစ္စလာမ့်မဏ္ဍိုင် ၅ ရပ်ကိုရည်ရွယ်ကြောင်း၊ တိုင်လုံးကြီးတွေ ၁၂ တိုင်ရှိခြင်းက တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)ရဲ့ မွေးရက် ၁၂ ရက်နေ့ကို ရည်စူးပြီး၊ ဗလီအမိုးခုံးအဝိုင်းမှာ ၄၅ မီတာရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးကြေညာတဲ့ ၁၉၄၅ ခုနှစ်ကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ Bedok (စည်) ကြီးကြီးတစ်ခုကိုလည်းတွေ့ရပြီး ရမသွာန် (ဝါတွင်း)ကာလတွေမှာ အာဇံသံ (ဝတ်ပြုရန်လာဖို့ ဖိတ်ခေါ်ခြင်း) မပေးခင် စည်တီးလေ့ရှိတယ်လို့လည်း သိရတယ်။ ဗလီအတွင်း စည်းခြားထားတဲ့ တစ်ဘက်တစ်ချက်စီမှာ ဝတ်ပြုနေကြတဲ့ အမျိုးသားအမျိုးသမီးတွေကို မြင်ရသလို ကျမတို့လျှောက်ကြည့်ရာ တလျှောက်မှာလည်း လဲလျောင်း နားနေကြတဲ့အမျိုးသားများကို တွေ့ရသလို တချို့နေရာတွေမှာ အမျိုးသမီးတွေ လဲလျောင်းနားနေသူ၊ အဖွဲ့လိုက်ထိုင်ပြီး ဆွေးနွေးနေကြသူတွေကိုလည်း တွေ့ရပါတယ်။ အာရဗီသင်ကျောင်း (မဒရ်ဆာရ်)ရှိတာလည်း တွေ့ရတယ်။
.
အင်ဒိုနီးရှားနိုင်ငံရှိ လူမျိုးစုတစ်ခုရဲ့ အကြီးအကဲတစ်ယောက်ရဲ့ အခမ်းအနားတစ်ခုကို ဟောကြောကျင်းပနေတာလည်း ဗလီပုရဝုဏ်မှာ တွေ့ခဲ့ရတယ်။ ဗလီကနေ ထွက်လာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ Katedral Church ဘက်ကို လေ့လာဖို့ ဝင်ခဲ့ပေမယ့် Sunday ဖြစ်နေတော့ ဘုရားကျောင်းတက်သူတွေနဲ့ ပြည့်ပြီး လူတအားများနေလို့ အတွင်းဘက်ကို မဝင်ဖြစ်တော့ပဲ ဘုရားကျောင်းပြင်ပကနေ ခဏကြည့်ပြီး ပြန်ထွက်လာလဲ့ပါတယ်။
Art Museum ကိုသွားတော့လည်း Sunday ဆိုတော့ ပိတ်ရက်ဖြစ်နေပြန်တယ်။ Jakarta မှာ နာမည်ကြီးတဲ့ ITC Mangga Dua Shopping Mall ကိုသွားဖို့ ဘတ်စ်ကားဂိတ်မှာ E-money Card ဝယ်ပြီး ကားစောင့်ရင်း နာရီဝက်ကြော်တဲ့အထိ မလာတာနဲ့ အဲ့ဒီအနားက Passer Baroe ဘက်ဝင်ပြီး ဈေးတန်းတလျှောက် လျှောက်ကြည့်ပြီးတာနဲ့ တုတ်တုတ်ငှါးပြီး Mangga Dua သွားပြီး ပတ်ကြည့်ပြန်တယ်။ ၇ ထပ်ရှိတဲ့ Mall ကြီးက လက်လီလက်ကားဆိုင်တွေနဲ့ ပြည့်နေတယ်။ အဲ့ဒီကထွက်တော့ Seafood စားရင်း Beach ဘက်သွားဖို့ တုတ်တုတ်ငှါးပြီးထွက်ခဲ့ပေမယ့် မောင်းသူကလည်း ကိုယ့်စကားနားမလည်တော့ ကိုယ်သွားချင်တဲ့နေရာမရောက်ပဲ တခြား beach တွေပဲ ရောက်နေတော့ နောက်ဆုံးတော့ ဗလီနဲ့ ဘုရားကျောင်းဘက်ပြန်သွားဖို့ပြောရင်း မြို့လည်ပန်းခြံကြီးရဲ့ ကိုယ်တွေမရောက်သေးတဲ့ဘက်အခြမ်း လျှောက်လည်ရင်း လေယာဉ်ကွင်းဆင်းဖို့ Bus Station ကို သွားလိုက်တော့တယ်။ ည ၉ နာရီခွဲလေယာဉ်ဆိုတော့ လေယာဉ်ချိန်က လိုသေးတာမို့ လေယာဉ်ကွင်းထဲလျှောက်လည်ရင်း Spa က Massage မှာ အပန်းဖြေရင်း အချိန်ကုန်ခဲ့ရတော့တယ်။
.
ဂျကာတာရဲ့ ရာသီဥတုက အလွန်ပူတယ်လို့ ခံစားရတယ်။ နေပူတာမျိုးမဟုတ်ပဲ အုံ့မှိုင်းမှိုင်းရာသီဥတုမှာ ပေါင်းခံစက်ထဲရောက်နေသလို လှောင်ပိတ်ပြီး ပူနေတာမျိုးပေါ့။
.
မြန်မာပြည်နဲ့တူတဲ့ ပုံစံလေးတွေလည်း အများကြီးတွေ့ရတယ်။ မြန်မာပြည် လမ်းဘေးမှာဖွင့်ထားတဲ့ ကွမ်းယာဆိုင်လိုပုံစံမျိုးနဲ့ အအေးဆိုင်, ဆေးလိပ်ဆိုင်လေးတွေ လက်တွန်းလှည်းနဲ့ရောင်းတဲ့ အသားလုံးခေါက်ဆွဲဆိုင်တွေ အအေးဆိုင်တွေ အကင်ဆိုင်တွေ မုန့်ပဲသရေစာမျိုးစုံဆိုင်တွေ ကလေးကစားစရာအရုပ်ဆိုင်တွေကိုလည်း တွေ့ရတယ်။
.
သွားလာရေးမှာ ဘတ်စ်တွေပေါလှသလို ရထားနဲ့လည်း အလွယ်တကူ သွားလာနိုင်တာကို တွေ့ရတယ်။
.
အင်ဒိုရဲ့ တခြားမြို့ကနေ ဂျကာတာကို လာလည်ကြဟန်တူတဲ့ လူတချို့ဆို မြန်မာပြည် ကျေးလက်က လူတွေရဲ့ ရုပ်သွင်ပြင်နဲ့ ပုံစံတူတွေရှိတာကိုလည်း တွေ့ရတယ်။
.
နှစ်ရက်တည်း ခရီးဖြစ်တာရယ် ဘာသာစကားအခက်အခဲရှိတာရယ်ကြောင့် သွားဖို့စီစဉ် ကြိုတင်ရွေးချယ်ထားတဲ့ နေရာအစုံကို မသွားခဲ့ရပေမယ့် မရောက်ဖူးတဲ့ဒေသ၊ အတွေအကြုံသစ်တွေရလို့ ပင်ပန်းပေမယ့်ကျမအတွက် ပျော်ရွှင်စရာနဲ့ အမှတ်တရ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။
‪#‎Waing2016‬ 2122may2016

Jakarta အမှတ်တရ Photos များ >> 

https://www.facebook.com/nectarflowernectar/media_set?set=a.1027676573987136&type=3

Sunday, May 29, 2016

ဖူးခက်​အမှတ်​တရ

ဖူးခက်အမှတ်တရ
****************

 'ခရီးတစ်ခုခုသွားချင်တယ်'လို့ သူ(ချစ်ခင်ပွန်း) ပြောလာတော့ ခရီးထွက်တာ ဝါသနာပါတဲ့ကျမက 'ကောင်းသားပဲ သွားလေ'လို့ မဆိုင်းမတွပြန်ပြောဖြစ်တယ်။ ဒီနှစ်ကုန်လို့ မြန်မာပြည်ပြန်တဲ့အခါမှာ တချို့နေရာလေးတွေသွားဖို့ စိတ်ကူးထားတာလည်းရှိတာရယ် ကိုယ်စီအလုပ်တွေက ခွင့်ရက်ရှည်ယူဖို့ အဆင်မပြေတာရယ်ကြောင့် တစ်ခါမှမရောက်ဖူးသေးတဲ့ နေရာဒေသအသစ်ကို သွားကြဖို့အတွက် အင်တာနက်မှာ နေရာတွေ ရှာဖွေမွှေနှောက်ရင်း နောက်ဆုံးမှာ ဖူးခက်ကိုသွားဖို့ ရွေးချယ်လိုက်တယ်။
.
Phuket ကို ရွေးချယ်ပြီး Air ticket ဝယ်လိုက်ပေမယ့် ဖူးခက်ဘယ်နေရာက ပိုမိုသင့်တော်မလဲဆိုတာကို youtube မှာ ကြည့်ရင်း Patong Beach ကို သွားဖို့ စိတ်ကူးလိုက်တယ်။ Patong ကို စိတ်ဝင်စားပေမယ့် ဖူးခက်ရဲ့ ဒေသန္တရအခြေအနေကိုသိဖို့ မကြာခင်ကမှ ဖူးခက်ကပြန်လာတဲ့ အစ်ကို Ko Min Than Win ကို မေးကြည့်တော့ ကိုမင်းသန်းကလည်း Patong ကို ဦးစားပေးပြောပြပြီး လည်စရာကျွန်းတွေနဲ့ Hotel နေရာကအစ Link တွေ ပို့ပေးတယ်။ ဒါနဲ့ Hotel တွေကို Agoda မှာရှာ၊ သဘောကျတဲ့ Hotel ကို booking လုပ်ပြီး ထိုင်းမှာ ကျောင်းတက်နေတဲ့ မောင်လေး Myo Htet Thu ကို ဖူးခက် Tour အကြောင်း ထပ်မေးကြည့်တယ်။ မောင်လေး မျိုးထက်က ကိုယ်တွေနေမယ့် ရက်အရေအတွက်ကိုမေးပြီး တစ်နေ့စီသွားလို့ရနိုင်မယ့် Day Tour, Sea Trip, သွားသင့်တဲ့နေရာလေးတွေ, အစားအသောက်စုံလင်မယ့် နေရာလေးတွေကို အသေးစိပ်ကိုပြောပြ ပေးပြန်တယ်။
.
ခရီးမသွားခင် (၁၀)ရက်လောက်အလိုမှာ နှစ်ယောက်ဆီက Information တွေ တော်တော်လေးစုံလင်စွာရပြီမို့ ကိုယ်တွေလည်း ရုံး (၃)ရက်ဆက်ပိတ်မယ့် May Day အမြန်ရောက်ဖို့ မျှော်နေမိတော့တယ်။ . ဒီလိုနဲ့ သွားမယ့်နေ့မှာ မနက် Flight ဆိုတော့ အိမ်ကနေ စောစောထွက် Checkin ဝင်ပြီး ဓာတ်ပုံရိုက်, Breakfast စားပြီး လေယာဉ်ပေါ်တက်ဖို့ Gate ကိုသွားနေတုန်း Wyut Yee ဆိုတဲ့ စာလုံးပေါင်းကို တခြားအသံထွက်နဲ့ အော်သံကြားတော့ 'အော်နေတဲ့ စာလုံးပေါင်းနဲ့ တရုတ်နာမည်ကလည်း ငါ့နာမည်နဲ့တူလိုက်တာလို့'တွေးနေတုန်း သူ့နာမည်ကိုပါ ဆက်အော်သံကြားတော့မှ သူက 'ဟာ ငါတို့နာမည်ခေါ်နေပြီ'ဆိုပြီး နာရီကြည့်တော့မှ လေယာဉ်ထွက်ဖို့ (၅)မိနစ်ပဲ လိုတော့တယ်။ ဒါနဲ့ ကိုယ်သွားရမယ့် Gate ကိုရောက်အောင် အသည်းအသန်ပြေးရတော့တယ်။ Gate ရောက်တော့ ကိုယ်တို့နှစ်ယောက်ပဲ ကျန်တော့တာ ဘာညာဆိုပြီး သူတို့တွေလည်း မကြည်တဲ့ပုံစံနဲ့ပေါ့။ ကိုယ်တွေကလည်း သွားရတော့မယ်ဆိုပြီး အပျော်လွန်သွားတယ်ထင်တယ်။ တစ်ခါမှမဖြစ်ဘူးတဲ့ အချိန်ကပ်မှ လေယာဉ်ပေါ်တက်ရတဲ့ကိစ္စဖြစ်သွားတယ်။ ဒါဟာလည်း အမှတ်တရခရီးစဉ်အစရဲ့ အမှတ်တရတစ်ခု ဖြစ်သွားခဲ့တယ်။
.
လေယာဉ်စီးချိန် တစ်နာရီလောက်ကြာပြီးတော့ ဖူးခက်လေဆိပ်ကိုလေယာဉ်ဆင်းတယ်။ Immigration မှာ လူတွေပြည့်ကြပ်နေပြီး တစ်နာရီကျော်ကျော်တန်းစီပြီးမှ Immigration ကနေ ထွက်ခဲ့ရတယ်။ တန်းစီနေတဲ့ခန်းမထဲမှာ ဘိုတွေ (အနောက်တိုင်းသား)ကို အများစုတွေ့ရတယ်။ လေဆိပ်အပြင်ထွက်လိုက်တော့ Taxi ကောင်တာလေးတွေ တွေ့ရတယ်။ ကိုယ်သွားမယ့် Patong Beach ကိုမေး, လက်မှတ်ဝယ်တော့ Beach တူသူတွေကိုစုပြီး Mini Bus လေးတွေ (၁၅-ယောက်စီး Townace) နဲ့ ထွက်ခဲ့ရတယ်။ နာရီဝက်လောက်ကားစီးပြီးတဲ့အခါ ကားလိုင်းရဲ့ ဂိတ်တစ်ခုမှာ ကားခဏရပ်ပြီး ကားပေါ်ပါသူ တစ်ဖွဲ့ချင်းစီကို ကားဂိတ်ဝန်ထမ်းတစ်ယောက်ချင်းစီက ကိုယ်နေမယ့်ဟိုတယ်ကိုမေးပြီး Sea-Trip အတွက်ရှင်းပြပြီး သူတို့ဆီက Tour Package ဝယ်လို့ရတဲ့အကြောင်း Marketing လုပ်တယ်။ ကျမတို့လည်း သူတို့ရှင်းပြတာကိုတော့ နားထောင်ပြီး Tour Package ကိုတော့ Patong ရောက်မှ စုံစမ်းမှာဖြစ်လို့ မဝယ်လိုက်တော့ဘူး။ ခဏနေ ကားပြန်ထွက်တော့ နောက်ထပ် နာရီဝက်လောက်အကြာမှာ Patong Beach ကိုရောက်ပြီး ဟိုတယ်အသီးသီးကို ပို့ပေးတယ်။ နေ့လည် ၁၂နာရီလောက်မှာ ဟိုတယ် check-in လုပ်ပြီးတဲ့အခါ ခဏနားပြီး နေ့လည်စာစားဖို့ ဆိုင်ရှာဖို့ရာ ထွက်ခဲ့လိုက်တယ်။
တည်းတဲ့ဟိုတယ်ကနေ တဘက်ကိုထွက်ရင် Beach ဘက်ကိုရောက်ပြီး တဘက်ကိုထွက်ရင် လမ်းမကြီးဘက်ဆိုတော့ အတော်လေး အဆင်ပြေသွားတယ်။ ဗိုက်ကလည်းဆာ ကိုယ်မသိသေးတဲ့နေရာဆိုတော့ အနီးဆုံးမှာလှမ်းမြင်နေရတဲ့ Indian ဆိုင် ဆိုင်းဘုတ်ရှိရာဆီ လျှောက်လာရင်း ဆိုင်တွေရှေ့မှာ Menu လေးတွေ ပြရင်း ကိုယ့်ဆိုင်မှာစားဖို့ ခေါ်နေကြသူတွေလည်း အများကြီးတွေ့ရတယ်။ . အာရပ်ဆိုင်တစ်ခုကိုတွေ့တော့ အိန္ဒိယန်းဆိုင် သွားမယ့်အစီအစဉ်ကိုဖယ်ပြီး မီနူးကြည့်ရင်း ဒီမှာပဲစားမလားလို့သူက ကျမကိုမေးလိုက်မှ မီနူးလေးပြနေတဲ့ ဆိုင်ဝန်ထမ်း ကောင်လေးက 'အာ ... အစ်ကိုတို့က မြန်မာလား၊ကျနော်က ဖော်ရိန်နာထင်နေတာ။ ကျနော်တို့လည်း မြန်မာပဲ။ လာ အစ်ကို စားချင်တာ ဝင်ကြည့်'လို့ ဝမ်းသာအားရ ကြိုတယ်။ . ဆိုင်ထဲမှာ ဝန်ထမ်းအများစုက မြန်မာတွေဖြစ်ပြီး တိုင်းရင်းသားသံဝဲဝဲနဲ့ ဖော်ရွေစွာခေါ်ပြောကြတယ်။ ဆိုင်က အာရဗ်ဆိုင်ဖြစ်ပေမယ့် စားသောက်ဖွယ်ရာတွေက အာရဗ်နဲ့ ထိုင်းစာတွေရပြီး ဆိုင်ဖွင့်တာ ရက်ပိုင်းပဲရှိသေးတယ်လို့သိရတယ်။ Patong Beach မှာ တခြားသော ဟလာလ်ဆိုင်တွေဖြစ်တဲ့ Egypt, Indian, Thai, Arab Restaurant တွေ အများကြီး တွေ့ပေမယ့် ဈေးနှုန်းလည်း သင့်တင့်ပြီး အရသာလည်းရှိတဲ့ အဲ့ဒီ Badawiya Restaurant မှာ ထိုင်းအစားအစာတွေကို တစ်ရက်တစ်နပ်တော့ ပုံမှန်သွားစားဖြစ်ခဲ့တယ်။ (ဈေးနှုန်းသင့်တင့်တယ်ဆိုတာက ကျမတို့အတွက် စားရတဲ့ပုစံရယ် အရသာရယ်နဲ့ တန်တယ်လို့ သတ်မှတ်လို့ပါ။)
.
ပထမတစ်ကြိမ်သွားစားကတည်းက ဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောဖြစ်တော့ နောက်အကြိမ်တွေ သွားစားတိုင်း သူတို့နဲ့ တရင်းတနှီးစကားပြောဖြစ်လာတယ်။ ဆိုင်မှာ မြန်မာဝန်ထမ်းတွေများပေမယ့် waiter လုပ်တာကအစ ဆိုင်ရှင်အာရဗ်တွေက ဝင်လုပ်နေတာတွေ့ရတယ်။ အာရဗ် ၅ ယောက်လောက်တွေ့ရပေမယ့် အင်္ဂလိပ်စကား ရေလည်အောင်ပြောတတ်သူက တစ်ယောက်ပဲတွေ့တယ်။ ဆိုင်ဝန်ထမ်းကောင်လေးတစ်ယောက်ကပြောတယ်။ 'ဆိုင်မှာ ရီရတယ်။ ကျနော်တို့ပြောတာ သူတို့နားမလည် သူတို့ပြောတာလည်း ကျနော်တို့နားမလည်ဘူး။ မှာချင်တာမှာ ပြောချင်တာပြောနေတာပဲ'တဲ့လေ။ ကံကောင်းစွာနဲ့ ကျမတို့မှာတဲ့အတိုင်းတော့ ရရှိစားသောက်ခဲ့ရပါတယ်။ တစ်ခုပဲ ထိုင်းစာဆိုတော့ ငရုတ်သီးအစပ်များလို့ ပထမဆုံးတစ်ရက်မှာ No Spices လို့ပြောတာကို More Spices နဲ့နားကြားလွဲသလားတော့ မပြောတတ်ဘူး။ စပ်လိုက်တဲ့ငရုပ်သီး, ဒါပေမယ့် အစားကအရသာရှိလို့ စားလို့တော့ ကုန်ခဲ့တယ်လေ။
.
ပထမဆုံးရက်မှာ ညနေဘက်မှ Beach မှာ လမ်းလျှောက်ပြီး နေ့လည်စာစားပြီးချိန်မှာတော့ Patong ထဲ လျှောက်ကြည့်ရင်း ဦးထုတ်တွေဝယ်လိုက်တယ်။ ကိုယ်တွေရဲ့ ဖုန်း Plus တွေက 3 Pin ဟိုတယ်မှာ ပလပ်ခေါင်းတွေက 2 Pin တွေပဲဖြစ်နေတော့ အဲ့ဒါလည်းရှာဝယ်ရသေးတယ်။ ဆိုင်တချို့ကိုဈေးမေးကြည့်ပြီးမှ ဝယ်သင့်ပါတယ်။ မဟုတ်ရင် ဈေးအများကြီးခေါ်ပြီး ဈေးဆစ်မှ ထက်ဝက်မက ဈေးလျှော့ပေးပါတယ်။ လမ်းဘေးဝဲယာတလျှောက်မှာ Tour Packages ဆိုင်ခန်းတွေ, စားသောက်ဆိုင်တွေ, အဝတ်အထည်ဆိုင်တွေ, Massage တွေ, Bar တွေ အလွန်ပေါများစွာ တွေ့ရတယ်။ Massage လည်း ဈေးတန်လို့ နှစ်ခါသွားခဲ့ပြီး Face Massage နဲ့ Fish massage လည်း လုပ်ဖူးတယ်ရှိအောင် တစ်ခါစီ စမ်းသပ်ခဲ့ပါတယ်။
.
Tour Package ကုမ္ပဏီတစ်ခုကိုဝင်ပြီး စုံစမ်းကြည့်တဲ့အခါ စကားပြောဖော်ရွေပြီး သိချင်တာတွေကို သေချာရှင်းပြတဲ့အပြင် ဈေးနှုန်းလည်းသက်သာမှန်ကန်တဲ့ Sea Pearl Andaman Tour and Travel ကနေ Sea Trip တွေ အများကြီးထဲကမှ Phi Phi Island Trip ကို ဝယ်လိုက်တယ်။ Ticket မှာ အမည်, တည်းတဲ့ဟိုတယ်, အခန်းနံပတ်ကအစ ရေးယူထားပြီး သွားမယ့်နေ့မနက် ၇ နာရီခွဲမှာ သူတို့ကားနဲ့ လာခေါ်တာကို Hotel Lobby ကနေ စောင့်နေရုံပါပဲ။ Phuket ဘယ် Beach မှာပဲနေနေ Tour က သွားတဲ့ခရီးစဉ်တွေကတော့ ဒီကျွန်းတွေ အတူတူပါပဲ။ ဖူးခက်မှာ Phi Phi Island လိုပဲ နာမည်ကြီးတဲ့ James Bond Island ဆိုတာလည်းရှိသေးတယ်။ James Bond ဇာတ်ကားမှာပါလို့ ဒီနာမယ်တွင်သွားတာတဲ့။ သူက ဖီဖီနဲ့မတူပဲ ကျောက်ဆောင်ကြီးတစ်ခုတည်း ရေလယ်မှာထိုးထွက်နေပြီး ကမ်းမရှိပဲ Boat ရပ်ထားပြီး ရေကူးတာ Snorkeling လုပ်တာမျိုးပဲဆိုတော့ ကျမတို့ မသွားခဲ့တော့ဘူး။ . Boat က အကြီးအသေးနှစ်မျိုးရှိပြီး အကြီးက အင်ဂျင်သုံးလုံးတပ်နဲ့ လူ ၄၀ ကျော်ဆန့်ပြီး ကျမတို့သွားတဲ့ boat အသေးက အင်ဂျင်နှစ်လုံးနဲ့ လူ ၂၀ ကျော်ဆန့်ပါတယ်။ Boat ပေါ်ရောက်တော့ Lifejacket တွေပေးထားပြီး Snorkeling လုပ်ဖို့အတွက်လည်း မျက်မှန်နဲ့ပိုက်တစ်စုံစီကို တစ်ယောက်ချင်းစီပေးပါတယ်။ Package မှာ မနက်အစောကြီးကားနဲ့ ဟိုတယ်ကိုလာခေါ်ပြီး Jetty Boat ရှိရာ, နောက် Island တွေသွားတဲ့ Boat အပြင် Buffet Lunch အပါအဝင် Boat ပေါ်မှာလည်း Juice တွေ Fruits တွေအပြင် Snacks တွေလည်း စားလို့ရအောင် စီစဉ်ပေးထားတဲ့အတွက် Sea Trip ပေမယ့် အရာအားလုံးက သက်တောင့်သက်သာရှိပါတယ်။Sea Trip မှာ Phi Phi Don နဲ့ Phi Phi Lae Island နဲ့ Khai Island, Viking Cave, Maya Bay, Monkey Island, Bamboo Island တွေပို့ပေးပြီး ရေကူးတာတို့ Snorkeling တို့ လုပ်ကြပါတယ်။ ရေကူးတတ်သူတွေက ရေနက်ပိုင်း သတ်မှတ်ထားတဲ့နေရာအထိ ရေကူး ရေငုပ်ကြပေမယ့် ရေမကူးတတ်တဲ့ကျမတို့ကတော့ Lifejack ဝတ်ပြီး ရေတိမ်ပိုင်းမှာပဲ လှိုင်းစီးတာနဲ့ Snorkeling လုပ်ပါတယ်။ ကိုယ့်ဘေးမှာတင် ရောင်စုံငါးလေးတွေသွားလာနေတာကို ရေထဲကနေကြည့်ရင်း Waterproof bag ထဲက Phone ကိုလည်း စိုးရိမ်စိတ်နဲ့ ရေအောက်မှာ movie ဆွဲရင်း ဓာတ်ပုံရိုက်ရင်းနဲ့ ကျမတစ်ယောက် အလုပ်တွေရှုပ်နေတာကလည်း ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံသစ်မို့ အတော်လေးကို ပျော်ရွှင်ကြည်နူးမိတယ်။ . ဖူးခက်မှာရှိနေစဉ် Trip တွေရယ်, ပြန်မယ့်ရက် Airport သွားဖို့ Taxi က အစ ကျမတို့အတွက် အစစအဆင်ပြေတဲ့ Sea Pearl Andaman Tour and Travel နဲ့ပဲ စီစဉ်ခဲ့ပါတယ်။ . Phuket က Beach တိုင်းဟာ အလွန်လှပပေမယ့် Karon Beach ရဲ့ တောင်ပေါ် view ကနေ Sunset ကို ခံစားဖို့ ပိုမိုလှပပြီး Promthep Beach က အေးအေးဆေးဆေး ရေကူးလို့ ပိုကောင်းတဲ့နေရာတစ်ခုပါပဲ။ Kamala Beach မှာ ညနေဘက်ဆိုရင် စားသောက်ဖွယ်ရာတွေစုံလင်လှတဲ့ လှည်းကလေးတွေနဲ့ မွတ်စလင်အများစုရောင်းချတဲ့ ဈေးဆိုင်တန်းကြီးရှိနေတာကလည်း ပျော်ရွှင်ဖွယ်ရာပါပဲ။
.
Phuket ဆိုတာ Beach တွေ အများကြီးရှိနေတာမို့ ကိုယ်နေတဲ့ beach ကနေ တခြား beach တွေကိုသွားဖို့ transportation လိုပါတယ်။ တောင်တွေတက်လိုက်ဆင်းလိုက်မို့ ကား, ဆိုင်ကယ်တို့နဲ့သွားမှသာ အဆင်ပြေပါတယ်။ ခြေလျင်ဆိုရင် ကိုယ်နေတဲ့ beach ဒေသတဝိုက်စုံလင်အောင်သွားနိုင်ဖို့က အလွန်လမ်းလျှောက်နိုင်တဲ့သူမှအပ သာမန်လျှောက်နိုင်သူတွေအတွက် မလွယ်ပါဘူး။ Beach ဒေသ တစ်ခုတစ်ခုက အလွန်ကျယ်ပြောပါတယ်။ ကားမောင်းတတ်သူတွေအတွက် ကိုယ်တိုင် ကိုယ်တိုင်မောင်းဖို့ ကားငှါးလို့ရသလို Car ရော Driver ပါ ငှါးလို့ရတာတွေရှိပါတယ်။ ဆီကတော့ ကိုယ့်ဘာသာဖြည့်ရပါတယ်။ လမ်းဘေးဝဲယာမှာတင် Taxi Taxi, Tuk Tuk - Tauk Tauk လို့ အော်နေကြတဲ့ အငှါးကား တွေလည်း ရှိပါတယ်။ Phuket Town နဲ့ Beach တွေကိုသွားနိုင်တဲ့ ခေတ်ဟောင်းစတိုင်လ်နဲ့ Bus တွေလည်းရှိပါတယ်။ ကားငှါးပြီးမောင်းနိုင်သလို ကိုယ်တိုင် ဆိုင်ကယ်မောင်းနိုင်တဲ့ ဆိုင်ကယ်ငှါးတာတွေလည်းရှိပါတယ်။ ဖူးခက်ရောက်ရင် ဆိုင်ကယ်ငှါးမောင်းပြီး လျှောက်လည်ဖို့စဉ်းစားထားတာကို မောင်လေးမျိုးထက်က ရိပ်မိသလားမသိဘူး။ မမ အဲ့ဒီရောက်ရင် ဆိုင်ကယ်ငှါးမောင်းတာမျိုး လုံးဝ မလုပ်ပါနဲ့။ မောင်းတာတွေက စည်းကမ်းတကျမရှိတော့ အန္တရာယ်များတယ်ဆိုပြီး ကြိုတားလိုက်တော့ ဆိုင်ကယ်ငှါးပြီးလည်မယ့်အစီအစဉ်ဖယ်လိုက်ရတော့တယ်။ နေ့ဘက်ကို ဆိုင်ကယ် ရှေ့မီးတွေဖွင့်မောင်းကြတာက ကျမအတွက်ထူး ဆန်းနေတယ်။ . ဖူးခက်က ဈေးဆိုင်တွေမှာဝယ်ရင် တစ်ဆိုင်တည်းမှာမေး တစ်ခါတည်းဝယ်တာထက် ဆိုင်တချို့ကို ဈေးမေးပြီးမှ ဈေးသက်သာတဲ့ဆိုင်မှာ ဝယ်သင့်ပါတယ်။ မဟုတ်ရင် ဈေးရောင်းသူတွေက ဈေးနှုန်းကပ်မထားပဲ သူတို့ပါးစပ်ထဲရှိတဲ့ ဈေးကိုပြောတတ်ကြလို့ ဈေးကြီးပေးဝယ်လိုက်ရတာတွေဖြစ်တတ်ပါတယ်။ သူတို့ကပြောသေးတယ် 'နင်ယူမယ်ဆိုရင် နင့်မို့ငါဈေးလျော့ပေးတာနော်'တဲ့။ တကယ်တမ်းက ထက်ဝက်မက ဈေးတင်ထားတာပါ။ ... :-)
.
Fanta Sea ဆိုတဲ့ Show ကိုသွားကြည့်တော့လည်း Tour Company ကပဲ ဟိုတယ်ကိုလာခေါ် ညဘက် Show ပြီးချိန်မှာ Hotel အထိ ပြန်ပို့ပေးပါတယ်။ Tour Companies တိုင်းက ဒီလိုအစီအစဉ်အတိုင်းနဲ့ ဈေးအနည်းအများသာ ကွာခြားသွားတယ်လို့လည်း သိရတယ်။ ဒီ Show က ည ၉ နာရီကနေ ၁၀ နာရီအထိ ကြည့်ရမှာဖြစ်ပေမယ့် ဘူဖေးအစီအစဉ်က ည ၇ နာရီမှာ ပါပြီးသားဖြစ်လို့ ကားက ဟိုတယ်ကို ၆ နာရီခွဲမှာလာခေါ်ပါတယ်။ ၇ နာရီလောက် ဟိုကိုရောက်တော့ ဝင်ရမယ့် ဂိတ်နားမှာ ကျမတို့အားလုံးဆင်းရပြီး ပြီးဆုံးရင် ကားပြန်စောင့်နေမယ့် ဂိတ်နံပတ်ကို ကားမောင်းသူက ပြောခဲ့ပါတယ်။ . ကျမလည်း မီးရောင်စုံထွန်းထားတဲ့ ရေတံခွန်ပုံစံရှုခင်းနဲ့ဝင်ပေါက်နားကို ငေးရင်း Photo တွေဆွဲနေတုန်း သူက Tick Counter ထဲဝင်သွားပြီး လက်မှတ်သွားထုတ်နေတာကို သူပျောက်လို့ အပြေးအလွှားရှာလိုက်ရသေးတယ်။ အထဲကိုဝင်သွားတဲ့အခါမှာလည်း ကစားဖွယ်အစုံအလင် ပစ္စည်းအရောင်းဆိုင်၊ အစုံအလင်၊ ရှေးဟောင်းအဆောက်အအုံကြီးသဏ္ဌာန်နဲ့ ကဇာတ်ရုံကြီးက ထယ်ဝါလှသလို ဘူဖေးစားသောက်ခန်းမအဆောက်အဦးကြီးကလည်း နန်းဆန်ပြီး ခမ်းနားလွန်းလှတယ်။ Buffet မှာ Sea Food ပါမှာပဲ လို့ ကျမတို့ထင်မှတ်ထားပေမယ့် တကယ်တမ်းမှာ အသားတွေပဲ ဖြစ်နေတယ်။ Sea Food Buffet အတွက်က တစ်ခြားတစ်ခန်းမှာမြင်နေရပြီး စားချင်ရင် ခန်းမကြီးထဲ အဝင်မှာ Ticket ကို Extension ထပ်လုပ်ရတယ်ဆိုတာ စားနေရင်းမှ သိရတော့ စားလက်စနဲ့ တင်းတိမ်လိုက်တော့တယ်။ အစားမရွေးတဲ့သူတွေအတွက် အမျိုးအစားတွေက စုံလင်လှပေမယ့် ဟလာလ်စားသူတွေအတွက် အမယ်မများလှဘူး။ မများလှတဲ့ ဟင်းလျာတွေကိုတောင် အစားနည်းတဲ့ကျမတို့နှစ်ယောက် စုံအောင်မစားနိုင်ခဲ့ကြပါဘူး။ ဘူဖေးဆိုပြီး ထူးဆန်းတာတစ်ခုက ရေတစ်ခွက်လာချပေးထားပြီး စားနေရင်း အီလာလို့ အအေးသောက်ချင်တော့ ကိုယ်တိုင်ယူလို့ရတဲ့နေရာမတွေ့တာနဲ့ အနားမှာရှိနေတဲ့ ဝန်ထမ်းလေးကို Cola နှစ်ခွက်လောက်လိုချင်တယ် ပြောလိုက်တာ လာချပေးပြီး အအေးအတွက် Bill ပါပေးလာလို့ အံ့သြစွာမေးလိုက်တော့ ဘူဖေးလ်က ကော်ဖီနဲ့ တီးပဲပါတာ အအေးအတွက်က သပ်သပ်ပေးရတယ်ဆိုတာနဲ့ ဘူဖေးလ်မှာ အအေးကို ပိုက်ဆံပေးသောက်ဖူးသွားခဲ့ရတယ်ပေါ့လေ။
.
၈ နာရီလောက်မှာ ဘူဖေးစားပြီးထွက်လာတော့ အတွင်းမှာ လျှောက်ကြည့်ရင်း ဓာတ်ပုံရိုက်ပြန်တယ်။ ဆင်စီးနေကြသူတွေ ကစားရုံမှာကစားနေကြသူတွေကို မြင်ရသလို ကျားဖြူထားရှိတဲ့နေရာကို ရောက်ဖို့ Adventure ပုံစံသွားရတာလည်း ရင်ခုန်ဖွယ်ပါပဲ။
 .
Show ကြည့်ဖို့ ရှေ့ပိုင်းထိုင်ခုံနေရာတွေအတွက်က လက်မှတ်ဝယ်ကတည်း သီးသန့်ထည့်ဝယ်ရတာဖြစ်ပြီး နောက်ပိုင်းခုံတွေက Free ကြည့်ခွင့်ပေးထားပါတယ်။ ကျမတို့က မနက်ပိုင်းလက်မှတ်ဝယ်ကတည်းက ထိုင်ခုံနေရာထည့်ဂယ်ထားတော့ Show ချိန်နီးမှ ခန်းမဘက်ကို ဝင်ခဲ့ပါတယ်။ ဒါတောင် လူအများကြီးတန်းစီစောင့်ဆိုင်းပြီးမှ ရောက်ပါတယ်။ အထဲကို ဖုန်းတွေ Camera တွေ လုံးဝယူခွင့်မပြုပဲ Security မှာ တိုကင်နံပတ်နဲ့ အပ်ထားခဲ့ရပါတယ်။ Show ပြီးမှ ကိုယ့်တိုကင်နံပတ်က အရောင်အတိုင်း သတ်မှတ်ထားတဲ့ အရောင်လိုင်းမှာ ဝင်တန်းစီပြီး ပြန်ရွေးယူရပါတယ်။ Show ပွဲမှာ ထည်ဝါလှနဲ့ ခန်းမကြီးနဲ့ လိုက်ဖက်တဲ့ စတိတ်အပြင် ဆင်တွေ, မြင်းတွေ, ကျွဲတွေ, ကြက်တွေ, ခိုတွေနဲ့ တခြား တိရစ္ဆာန်တွေအပြင် လူအင်အား အများကြီး အသုံးပြု ပြီး ဒွေးမယ်နော်ဇာတ်ဝင်ခန်း, ပြည်နယ်ထူထောင်နိုင်ခဲ့ပုံ, ကျေးလက်ရိုးရာ သရုပ်ဖော်, မျက်လှည့်, ဂျွမ်းဘားပြကွက်တွေကို Setting တွေလည်း စနစ်တကျနဲ့ အံ့မခန်းစီစဉ်ထားတာ ကြည့်ရတော ရင်သပ်ရှုမောဖွယ်ရာဖြစ်မိပြန်တယ်။
.
အဲ့ဒီက ပြန်လာပြီး ဟိုတယ်ရောက် ခဏနားပြီးတော့ Patong မှာ နာမည်ကြီးတဲ့ Bangalar Street ဘက်ကို လမ်းလျှောက်ခဲ့တယ်။ ဒီလမ်း ဘေးဝဲယာတလျှောက်မှာ Night Club တွေ Bar တွေနဲ့အပြည့်ဖြစ်ပြီး လမ်းမထက်မှာပင် Sexy Dance အတွက် ကြော်ငြာဘုတ်တွေနဲ့ ဆိုင်တွေကိုယ်စီ အပြိုင်အဆိုင် မိတ်ခေါ်နေသလောက် လမ်းမပေါ်က လှမ်းမြင်ရတဲ့ အတွင်းပိုင်းမှာပဲ လူတွေလည်း ပြည့်နေတာ တွေ့ရတယ်။ Bangalar Street မှာ လူတွေစည်ကားလှသလို တခြားသော လမ်းတွေပေါ်မှာလည်း စည်ကားစွာ သွားလာနေကြတယ်။ Beach ကတော့ တကယ့်ကို Night Life ပါပဲ။
.
ကျမတို့ရောက်ပြီးနောက်ရက်မှာ Breakfast ကို ဟိုတယ်က ကျွေးတာမစားပဲ အပြင်မှာဝယ်စားဖို့သွားတာ တီးဆိုင်လုံးဝ မရှိပဲ မနက် ၁၁ နာ ရီသာထိုးသွားတယ် တခြားဘယ်ဆိုင်မှ မဖွင့်တာနဲ့ ဟိုတယ်ပြန်ပြီး Breakfast စားလိုက်ရတယ်လေ။ သွားတဲ့နေရာတိုင်းမှာတော့ မြန်မာတွေကို တွေ့ရတယ်။ လမ်းလျှောက်သွားနေရင်လည်း လမ်းဘေးတလျှောက်ဆိုင်တွေက ဘယ်ကလာလဲဆိုတာ လှမ်းလှမ်းမေးတတ်ကြသလို မြန်မာကလို့ဖြေတာနဲ့ အာ မြန်မာအချင်းချင်းတွေပဲလို့လည်း တရင်းတနှီးနှုတ်ဆက်ကြပြန်တယ်။
.
တစ်ရက်မှာ ညနေဘက်ကျ ဆင်သွားစီးခဲ့တယ်။ ဆင်စီးဖို့လည်း Tour company မှာပဲ ticket ဝယ်လို့ရပြီး မိနစ် ၃၀, ၄၅ မိနစ်, ၁ နာရီ အစရှိသဖြင့် အချိန်တွေရှိပြီး တောလမ်း, ပင်လယ်ဘက်ရှုခင်းလမ်း ကြိုက်နှစ်သက်ရာ ရွေးပြီးဝယ်လို့ရပါတယ်။ ကျမတို့က ၄၅ မိနစ် Sea View စီးပါတယ်။ ကိုယ်စီးတဲ့ဆင်က ကိုယ်တွေလိုပဲ ပေကပ်ကပ်သမားထင်တယ်။ ဆင်ဦးစီးက သူ့ကိုတစ်ချိန်လုံး ပြောနေရတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်မယ့်အချိန်မှာတော့ သူက စတိုင်လ်လှလှလေးဖြစ်အောင် အိုက်တင်ပေးတတ်သေးတယ်။ ရင်ခုန်ဖွယ် ခရီးလေးပါပဲ။ . Jungceylon Mall ထဲကိုလည်း ဝင်ပြီးကြည့်တော့ Spa တွေ Message တွေ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ စားသောက်ဆိုင်တွေ အများကြီးကိုတွေ့ရတယ်။ အပြင်ဘက်ကမြင်ရတာ သာမန် Shopping Mall လို့ထင်ခဲ့ပေမယ့် အထဲကိုလျှောက်ကြည့်ချိန်မှာ Mall အကြီးကြီးဖြစ်နေတယ်။ 
.
ဒီ Mall ကြီးရဲ့ အနောက်ဘက်ဘေးမှာ လက်ဝှေ့ရုံရှိပြီး လက်ဝှေ့ရုံနဲ့ မျက်နှာချင်းဆိုင်မှာတော့ လတ်လတ်ဆတ်ဆတ် သားငါး သီးနှံအစုံအလင်ရတဲ့ Fresh Market ဈေးကြီးတစ်ခုရှိတယ်။ ညနေပိုင်းဆိုရင် အဲ့ဒီဈေးရှေ့ကွင်းပြင်ကြီးမှာ ဈေးဆိုင်တွေ အကင်ဆိုင်တွေ, စားသောက်ဖွယ်ရာအစုံအလင်ဆိုင်တွေနဲ့ ပြည့်နေတဲ့ ညဈေးလိုဖြစ်နေပြီး ဆိုင်တွေမှာ ဈေးရောင်းနေတဲ့ မြန်မာအများစုကိုတွေ့ရတယ်။ စားနေကျ စားသောက်ဆိုင်မှာ ငါးတွေတွေ့လို့မေးတော့ အကင်စားလို့ရပြီး လိုချင်တဲ့အကောင် ကင်ပေးကြောင်း ကျမတို့စားချင်ရင် ဈေးလျော့ပေးမယ့်အကြောင်း ဒါပေမယ့် ဈေးကိုသွားဝယ်ပြီးယူလာခဲ့ရင် ဈေးထက်ဝက်လောက်သက်သာကြောင်းနဲ့ ကျမတို့ဆန္ဒရှိသလို ချက်ချက်၊ ကင်ကင်လုပ်ပေးဖို့ ဆိုင်ရှင်ကိုပြောပြီး လုပ်ပေးမယ်လို့ မြန်မာဝန်ထမ်းလေးက ပြောပေမယ့် ညဈေးတန်းမှာထိုင်ပြီး အကင်စားရတဲ့ ခံစားချက်ကိုလိုချင်လို့ ညဘက်မှသွားစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီညဈေးတန်းမှာ ပင်လယ်စာအကင်သွားစားကြမယ်ဆိုပြီးထွက်လာရင်း လမ်းကဆိုင်တစ်ဆိုင်မှာ ဘူဖေးမီနူးတွေ့လို့ကြည့်နေတုန်း ဝန်ထမ်းက မားကတ်တင်းဆင်းတော့ မြန်မာလားလို့မေးလိုက်တော့ ဝမ်းသာစွာပြန်ဖြေရင်း သေချာရှင်းပြတယ်။ ကျမတို့စားချင်တာက ပင်လယ်စာ အဲ့မှာက အသားတွေပဲဖစ်နေတော့ 'ဒါဆို လက်ဝှေ့ရုံရှေ့က ဈေးတန်းမှာသွားစားပါ။ အဲ့ဒါ မြန်မာဈေးတန်းပဲ။ ကိုယ်လိုချင်တဲ့အကောင်နဲ့ အရွယ်အစားပေါ်ကြည့်ပြီး ဈေးဆစ်ပါ။ မဟုတ်ရင် ရိုက်စားလုပ်ခံထိလိမ့်မယ်။ ကျနော်ကိုယ်တိုင် အဲ့မှာ ဈေးရောက်းခဲ့ဖူးလို့ပြောတာ'ဆိုပြီး ပြောလာတော့ ညဈေးမှာ တကယ်ပဲ ဈေးဆစ်တော့ ထက်ဝက်မဟုတ်တောင် သုံးပုံတစ်ပုံလောက်တော့ ဈေးလျော့သွားတယ်။ ကျမလည်း ညဈေးတန်းက စားပွဲမှာ ပူလောင်အိုက် ချွေးစီးကျခံပြီး အကင်တွေကိုအားရပါးရ စားပစ်လိုက်တာ နောက်ရက်ပြန်လာတော့ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သွားခဲ့ရတယ်။ ဖူးခက်ခရီးကတော့ ကျမရဲ့ အမှတ်တရတွေထဲက အမှတ်တရတစ်ခုပါပဲ။

*************************
ဖူးခက်မှာ မြန်မာတွေကို တွေ့ရပြီး စကားပြောဖြစ်တော့ အဲ့ဒီမှာလာရောက် အလုပ်လုပ်နေသူအများစုက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားအများစုဖြစ်ပြီး လစာက အများဆုံး ဘတ်တစ်သောင်းရတယ်လို့ဆိုတယ်။ တစ်ယောက်ဆို သူ့အမျိုးသမီးက လစာ ဘတ်ရှစ်ထောင်ပဲရလို့ တစ်သောင်းတိုးတောင်းတာ ဆိုင်ရှင်က မပေးလို့ မကိုက်တဲ့အတွက် ရန်ကုန်ပြန်ခိုင်းလိုက်တော့မယ်လို့ပြောတယ်။ နောက်တစ်ယောက်ကျတော့လည်း လမ်းမှာတွေ့လို လာနှုတ်ဆက်ပြီး ကျနော်ဟိုဆိုင်ကထွက်လိုက်ပြီ သူဌေးမိန်းက အနိုင်ကျင့်လို့ အခုတော့ အလုပ်တစ်ခု ပြန်ရှာနေတယ်။ လမ်းမှာတွေ့လည်း ကျနော့်ကိုခေါ်နော်တဲ့လေ။ တချို့ကိုမေးကြည့်တော့ အလုပ်လုပ်နေပေမယ့် Work Permit မရှိကြပဲ တချို့ကလည်း ဒီအတိုင်းနေပြီး တချို့ကျလည်း ပတ်စ်ပို့ကို အလုပ်ရှင်ဆီအပ်ထားရတယ်တဲ့။ အလုပ်ရှင်က ရဲကို ပိုက်ဆံပေးထားတယ်တဲ့လေ။ သူတို့ပြောတာတွေ နားထောင်ပြီး လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ကျမ မွန်ပြည်နယ်က ရွာတချို့ရောက်စဉ်က ရွာကလူကြီးတွေ ပြောခဲ့တာလေးအမှတ်ရတယ်။ 'ဒီဘက်တွေမှာ လူငယ်တွေသိပ်မရှိကြတော့ဘူး။ ဒီမှာက အလုပ်အကိုင်လည်းရှားပါးတယ်၊ အလုပ်လုပ်ချင်သူတွေအတွက်လည်း အလုပ်ကမရှိဘူး။ ဒီတော့ လူငယ်တွေက ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်ကုန်ကြပြီ'တဲ့။ ဖူးခက်မှာ မြန်မာလူငယ်တွေအများအပြားကိုတွေ့မိတော့ ဆက်စပ်တွေးမိတာပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေကြရသူတွေရဲ့ ရင်ထဲမှာ ကိုယ့်တိုင်းပြည်ကို ကိုယ့်မိသားစုကို လွမ်းတဲ့စိတ်တွေ အပြည့်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာသာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမယ်၊ မိသားစုဝမ်းရေးအတွက် ထိုက်သင့်တဲ့လစာတွေ ရရှိလာမယ်ဆိုရင် ကျမအပါအဝင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူအများစုကြီးက နွေးထွေးတဲ့မိသားစု ရင်ခွင်ဆီကို ပြန်လည်ခိုလှုံကြမှာ အသေအခြာပါပဲ။ အဲ့ဒီတစ်နေ့ကိုလည်း မျှော်လင့်လျက် ....

 ဖူးခက်အမှတ်တရ ၁-၅ မေ ၂၀၁၆ Phuket Trip photos https://mobile.facebook.com/nectarflowernectar/albums/10179502149

Friday, January 22, 2016

စင်္ကာပူနိုင်ငံ GCE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မယွန်းရတီနိုင်နှင့် အင်တာဗျူး

နုရည်ထွန်း ဆက်သွယ် မေးမြန်းသည်။ 

စင်္ကာပူနိုင်ငံ GCE O-Level က ထူးချွန် မြန်မာကျောင်းသူလေး မယွန်းရတီနိုင်

အောင်စာရင်းကြေညာပြီး Certificate လက်ခံရယူနေသည့် ညီမငယ် ယွန်းရတီနိုင်
.
စင်္ကာပူနိုင်ငံ Westwood Secondary School မှာ ပညာသင်ကြားနေတဲ့ ညီမငယ် မယွန်းရတီနိုင်ဟာ ၂၀၁၆-ခု ဇန်န၀ါရီလ (၁၁)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းအရ GCE O-Level စာမေးပွဲကို ဘာသာစုံဂုဏ်ထူး (7-D)ထွက်ရှိပြီး တစ်ကျောင်းလုံးမှာ ပထမဆုရရှိခဲ့ပြီး တစ်ကျောင်းလုံးရဲ့ Top -1 ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ညီမငယ် ယွန်းရတီနိုင်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုမှတ်တမ်းတင်လိုတာရယ် တခြားသော မောင်ငယ်ညီမငယ်များ စံနမူနာယူနိုင်စေဖို့ရန် ရည်ရွယ်ပြီး ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါတယ်။
.
ညီမလေးရေ၊ ညီမလေးက စင်ကာပူ GCE O-Level ကို ဘာသာစုံ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့် ညီမလေး ထူးချွန်စွာအောင်မြင်ခဲ့သလို နောက်လာမယ့် မောင်ညီမငယ်တွေ စံနမူနာယူလို့ရအောင် ညီမလေးရဲ့ အောင်မြင်မှုလေးတွေ မေးမြန်းမယ့် အစီအစဉ်လေး စလိုက်ကြရအောင်နော်။

ဟုတ်ကဲ့ အစ်မ။
.
ညီမလေးရဲ့ နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။
သမီးရဲ့ မြန်မာအမည်က ယွန်းရတီနိုင်ပါ။ အာရဗီအမည်ကတော့ Rahila ပါ။
.
မိဘတွေကရော။
မိဘတွေက ဦးတင်ကိုနိုင်နဲ့ ဒေါ်သီတာကျော်ပါ။ အဖေက စင်္ကာပူမှာ Residential Technical Officer ရာထူးနဲ့ အလုပ်လုပ်ရင်း သမီးနဲ့ အတူ နေထိုင်ပါတယ်။ အမေကတော့ အခုလောလောဆယ်မှာ နယူးယောက်ခ်မှာ အလုပ်လုပ်ပါတယ်။
.
ညီမလေးအသက်နဲ့ မွေးသက္ကရာဇ်ပြောပြလို့ရမလား။
မွေးသက္ကရာဇ်က ၁၉၉၇-ခု၊ မေလ (၁၂)ရက်ဆိုတော့ အခုဆို သမီး အသက် (၁၈)နှစ်ရှိပါပြီ။
.
ညီမလေးရဲ့ ပညာရေးအခြေအနေနဲ့ ကျောင်းမှာ ထူးချွန်မှုလေးတွေကို ပြောပြပေးပါဦး။
မြန်မာပြည်မှာတုန်းက ဆဌမတန်းအထိ တက်ခဲ့ပါတယ်။ ဗိုလ်တစ်ထောင်()မှာတက်ခဲ့ပြီး ()တန်းနှစ် အလယ်မှာ ထွက်ခဲ့တာပါ။ မြန်မာပြည်မှာတုန်းကတော့ သမီးမှတ်မိသလောက်ဆိုရင် သမီးက ထူးထူးခြားခြား ထူးချွန်ခဲ့တာ သိပ်မရှိဘူး။ သမီးလိုက်နိုင်သလောက်ပဲ လုပ်ခဲ့တာ။ ဒီရောက်တော့မှ သမီးသေချာ ကြိုးစားဖြစ်ခဲ့တာ။

ဒီစင်္ကာပူကို ရောက်တော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ၅-တန်းက စပြီးတက်ရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ဒီက Public School ကို ၀င်ရတာ။ နည်းနည်းတော့ကြာတယ်။ တစ်နှစ်လောက်နေမှ တက်ရတာ။ ()တန်းကနေ စတက်ရတယ်။ Pioneer Primary School မှာ စတက်ခဲ့ပါတယ်။
.