Thursday, April 19, 2012

ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ

"ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ" (မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ)


နွေရာသီအစ္စလာမ့်ဗဟုသုတရရှိရေးအစီအစဉ်မှာပါဝင်ခဲ့ကြသူများအားလုံးအပေါ်သို့ အလ္လာဟ် အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေ ………..

“ အတ်စလာမုအလိုင်ကွမ်း …. ၀ရဟမ္မာသွလ်လားဟေ့ ၀ဘရကသုဟူ ”

ဒီနွေရာသီအစီအစဉ်လေးမှာ ကျွန်မဆွေးနွေးမျှဝေပေးမယ့်ခေါင်းစဉ်က ‘မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ)’ ဆိုတဲ့ ခေါင်းစဉ်လေးပါ။

ကျွန်မတို့အစ္စလာမ်သာသနာဝင်များဟာ အသက်ရှင်နေစဉ်ကာလမှာ မဏ္ဍိုင်ကြီး (၅)ခုနှင့်တကွ ကျင့်ရန် ကျဉ်ရန်၊ ဆောင်ရန်ရှောင်ရန်တို့ကို လိုက်နာမှသာ နောင်အာခေရသ်အတွက် အာမခံချက် ကောင်းမှာဖြစ်သလို ယခုလက်ရှိနေထိုင်ရာ လောကကြီးတွင်လည်း တိုင်းရင်းသားပီသမှ အနာဂတ်အာမခံချက် ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ မွတ်စလင်မ်ပီသသော မွတ်စလင်များအဖြစ်နဲ့ တိုင်းရင်းသားပီသအောင်နေထိုင်ရန်မှာ တိုင်းရင်းသားအစ္စလာမ်သနာဝင်တိုင်းအတွက် ကြီးမားသော တာဝန်တစ်ရပ်ပါ။

ကျွန်မပြောမှာက သမိုင်းကြောင်းတစ်စိတ်တစ်ဒေသပါ။ သမိုင်းဆိုတာ ပျင်းစရာ အိပ်ငိုက်စရာလို့ သဘောထားရုံမက အိပ်မောကျခဲ့လို့ လက်ရှိအခြေအနေမှာ တိုင်းရင်းသားအစ္စလာမ်ဝင်တို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြရတယ်။ အတိတ်ကိုမေ့နေလို့ အနာဂတ်မှာ လမ်းပျောက်ရသူတွေ မဖြစ်ရအောင် ဒီနေ့ပြောပြမယ့် သမိုင်းတစ်စိတ်တစ်ဒေသကို ရရှိတဲ့ အချိန်အတိုင်းအတာအရ အလွန်ကိုအကျဉ်းချုံးပြီး ပြောပြရမှာဖြစ်လို့ အိပ်မငိုက် မပျင်းမရိ နားထောင်ပြီးဆွေးနွေးကြဖို့ ပထမဆုံးပြောချင်ပါတယ်။