Thursday, April 19, 2012

ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ

"ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ" (မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ)


နွေရာသီအစ္စလာမ့်ဗဟုသုတရရှိရေးအစီအစဉ်မှာပါဝင်ခဲ့ကြသူများအားလုံးအပေါ်သို့ အလ္လာဟ် အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေ ………..

“ အတ်စလာမုအလိုင်ကွမ်း …. ၀ရဟမ္မာသွလ်လားဟေ့ ၀ဘရကသုဟူ ”

ဒီနွေရာသီအစီအစဉ်လေးမှာ ကျွန်မဆွေးနွေးမျှဝေပေးမယ့်ခေါင်းစဉ်က ‘မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (ဂုဏ်ယူဖွယ်ရာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ)’ ဆိုတဲ့ ခေါင်းစဉ်လေးပါ။

ကျွန်မတို့အစ္စလာမ်သာသနာဝင်များဟာ အသက်ရှင်နေစဉ်ကာလမှာ မဏ္ဍိုင်ကြီး (၅)ခုနှင့်တကွ ကျင့်ရန် ကျဉ်ရန်၊ ဆောင်ရန်ရှောင်ရန်တို့ကို လိုက်နာမှသာ နောင်အာခေရသ်အတွက် အာမခံချက် ကောင်းမှာဖြစ်သလို ယခုလက်ရှိနေထိုင်ရာ လောကကြီးတွင်လည်း တိုင်းရင်းသားပီသမှ အနာဂတ်အာမခံချက် ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ မွတ်စလင်မ်ပီသသော မွတ်စလင်များအဖြစ်နဲ့ တိုင်းရင်းသားပီသအောင်နေထိုင်ရန်မှာ တိုင်းရင်းသားအစ္စလာမ်သနာဝင်တိုင်းအတွက် ကြီးမားသော တာဝန်တစ်ရပ်ပါ။

ကျွန်မပြောမှာက သမိုင်းကြောင်းတစ်စိတ်တစ်ဒေသပါ။ သမိုင်းဆိုတာ ပျင်းစရာ အိပ်ငိုက်စရာလို့ သဘောထားရုံမက အိပ်မောကျခဲ့လို့ လက်ရှိအခြေအနေမှာ တိုင်းရင်းသားအစ္စလာမ်ဝင်တို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြရတယ်။ အတိတ်ကိုမေ့နေလို့ အနာဂတ်မှာ လမ်းပျောက်ရသူတွေ မဖြစ်ရအောင် ဒီနေ့ပြောပြမယ့် သမိုင်းတစ်စိတ်တစ်ဒေသကို ရရှိတဲ့ အချိန်အတိုင်းအတာအရ အလွန်ကိုအကျဉ်းချုံးပြီး ပြောပြရမှာဖြစ်လို့ အိပ်မငိုက် မပျင်းမရိ နားထောင်ပြီးဆွေးနွေးကြဖို့ ပထမဆုံးပြောချင်ပါတယ်။


သနားကြင်နာတော်မူ၍ မဟာကရုဏာတော်နှင့်ပြည့်စုံတော်မူသော ဖန်ဆင်းရှင် အောက်လာဟို့ အရှင်မြတ်ဟာ လူသားတို့ရဲ့ခေါင်းဆောင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကိုယ်တော်သခင်အား သတ္တလောက လူ့ကမ္ဘာသို့ စေလွှတ်ရာ၌ နှစ်ဘ၀သခင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်စေခဲ့တာကြောင့် တမန်တော်မြတ်ကြီးဟာ တမျိုးသားလုံး၏ အခက်အခဲများကို ဖြေရှင်းပေးခဲ့သလို ဆင်းသက်လာသော အာလေ့ဗိုတ်အနွယ်တော်များကိုလည်း တန်ဖိုးထားပြောကြားလေ့ရှိပါတယ်။

ဒါဟာ ကိုယ့်ရဲ့ ဆင်းသက်လာတဲ့မျိုးနွယ်စုကို သိနားလည်မှ ကိုယ့်အမျိုးသားဂုဏ်ကို ထွန်းပြောင်စေမယ် ဆိုတဲ့ လမ်းပြမှုပါ။

ဖန်ဆင်းရှင်အောက်လာဟို့အရှင်မြတ်က လူသားတို့ကို သွားလာနိုင်ရန် ခြေနှစ်ချောင်း၊ ကိုင်နိုင်ရန် လက်နှစ်ဘက်၊ ကြည့်နိုင်ရန် မျက်စေ့နှစ်လုံး၊ ကြားနိုင်ရန်နားနှစ်ဘက်ဖြင့် နှစ်ချောင်း၊ နှစ်ဘက်၊ နှစ်စုံ၊ နှစ်ဋ္ဌာနတို့ဖြင့် ဖန်ဆင်းဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါကြောင့် ဒွန္နယာ အာခေရသ် (၂)ဋ္ဌာနစလုံးအတွက် စိတ်ဝင်စားသင့်ပါတယ်။ တစ်ခု တည်းအတွက်သာ အားသန်နေရင် ခြေတစ်ချောင်းကျိုး၊ လက်တစ်ဘက်ပြတ်၊ မျက်စိတစ်လုံးကန်း၊ နားတစ်ဘက် လေးနေသူကဲ့သို့ဖြစ်နေမှာပါ။

သမိုင်းကြောင်းနဲ့ပတ်သက်လို့ ကုရ်အာန်ကျမ်းတော်မြတ် (၃း၁၃၇)မှာ ကမ္ဘာကို လှည့်ကြည့်ကြလို့ ဆိုထား ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် သမိုင်းကို လေ့လာခိုင်းတာပါ။ တစ်ခါ ကုရ်အာန် (၇း၁၇၆)မှာ ဘာဆိုထားပြန် သလဲဆိုရင် “အတိတ်ကဖြစ်ရပ်များကို ရေလည်အောင် ပြောကြသူတို့ စဉ်းစားသုံးသပ်ချင့်ချိန်နိုင်ခြင်းငှာ”လို့ ဆိုထားတဲ့ ကုရ်အာန်အာယသ်တွေကိုကြည့်ခြင်းအားဖြင့် သမိုင်းဟာ အလွန်အရေးပါလေးနက်ကြောင်း သိနိုင်ပါတယ်။

သမိုင်းဟာ သိစရာ၊ ပြောစရာမလိုပါဘူးလို့ လက်ခံယူဆသူဟာ အင်မတန်မှ သေးသိမ်ညံ့ဖျင်းသူဖြစ်သွား နိုင်ပါတယ်။ (ဒီနေရာမှာ တစ်ခုသတိရလို့ ပြောချင်ပါတယ်။ စာရေးဆရာမောင်သာရက သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကို ‘သမိုင်း ဘာကြောင့်သင်ရတာလဲ’လို့မေးတဲ့အခါ ဒေါက်တာသန်းထွန်းက ‘မ-အ အောင်လို့’ လို့ ပြန်ဖြေခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လည်း သမိုင်းဟာ အရေးကြီးကြောင်း သိနိုင်ပါတယ်။) ဒါကြောင့် ခိုင်မာတဲ့အတိတ်သမိုင်းကြောင်းနဲ့အတူ တိုင်းရင်းသားပီသရေး ဆိုတာကိုပါ ပြောပြချင်ပါတယ်။
ဒီကနေ့ မျက်မှောက်ကာလမှာ ‘ကုလား’ဆိုတဲ့ ခေါ်ဝေါ်သုံးစွဲမှုနဲ့အတူ အတိတ်ဆိုးများစွာ ကြုံတွေ့နေရပါ တယ်။ တချို့ဟာ လူမျိုးနဲ့ဘာသာ မကွဲပြား မခွဲခြားတတ်တာ တွေ့ရတယ်။ အစ္စလာမ်သာသနာဝင်တိုင်း ကုလား မဖြစ်သလို ကုလားတိုင်းလည်း အစ္စလာမ်သာသနာဝင်မဖြစ်နိုင်ပါဘူး။ (ပြီးတော့ ကုလားဆိုတဲ့လူမျိုးက ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိပါဘူး။) ကုလားဆိုတဲ့အသုံးအနှုန်းဟာ ပါဠိလို ကုလပုတ္တရ ဆိုတဲ့စကားလုံးကနေ ခေတ်ကာလ ကြာတာနဲ့အမျှ ကုလားလို့ပြောင်းလဲလာခဲ့တယ်။ ကုလပုတ္တရဆိုတာ မြင့်မြတ်သောလူမျိုးလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကနေမှတဆင့် ကူးလာကြသူတွေလို့်ခေါ်ဝေါ်ကြရာကတဆင့် ကုလား ဖြစ်သွား ဟန်ရှိပါတယ်။

ကျွန်မတို့ မြန်မာတိုင်းရင်းသား အစ္စလာမ်သာသနာဝင်တွေဟာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယ စတဲ့ တိုင်းရပ်ဋ္ဌာနေက ကူးလာကြသူတွေလည်းမဟုတ်ပါဘူး။ ဖန်ဆင်းရှင်ကိုယ်တိုင်က မြန်မာပြည်အတွင်း ဖန်ဆင်းထားခြင်းခံရသူတွေပါ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီးမှာ သန္ဓေတည် မွေးဖွားကြီးပျင်း၍ အတိတ်သမိုင်းကြောင်းပြောင်မြောက်ခဲ့သော တိုင်းရင်းသား စစ်စစ်များဖြစ်ပါတယ်။ ဒါဟာ ကျွန်မရဲ့ ထင်မြင်ချက်မဟုတ်ပါဘူး။ ငြင်းပယ်လို့မရအောင် ခိုင်မာတဲ့ သမိုင်းစာမျက်နှာပေါ်က ထွက်လာတဲ့အဖြေပါ။

ဒီတော့ ပထမဦးဆုံးလေ့လာရမှာက မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာဆက်နွယ်လာပုံပါ။ ဒီတော့ အစ္စလာမ်သာသနာ ဘယ်အချိန်က ဘယ်လိုနည်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာသလဲဆိုတာ လေ့လာကြည့်ကြ ရအောင်။

ကျွန်မတို့ရဲ့ လူသားခေါင်းဆောင် တမန်တော်မြတ်ကြီး ၀ဖသ်ဖြစ်ပြီး နှစ်(၁၀၀)အတွင်းမှာ အစ္စလာမ်သာသနာဟာ ကမ္ဘာကို နေရောင်ခြည်ပမာ တရှိန်ထိုးပျံ့နှံ့ခဲ့တယ်။ မြန်မာနိုင်ငံကိုလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀)ကျော်က စတင်ရောက်ရှိခဲ့ပါတယ်။

ခရစ်သက္ကရာဇ် (၇၀၀)ကစပြီး (၁၅၀၀)အထိ အင်္ဂလန်နိုင်ငံမှာ War of rose လို့ခေါ်တဲ့ နှင်းဆီစစ်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလမှာ အာရပ်၊ ပါရှင်း၊ ရောမကုန်သည်တွေဟာ ပင်လယ်ခရီးကိုအသုံးပြုပြီး ပသျှူးကျွန်းဆွယ်ကို ကူးသန်းသွားလာရာမှ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာ အာရပ်သင်္ဘောတစ်စီးပျက်ခဲ့ပြီး အာရပ်တွေဟာ ရမ်းဗြဲကျွန်းမှာ အခြေစိုက်နေထိုင်ခဲ့ကြတယ်။

အေဒီ ၆၅၂-၆၆၀ ပုဂံခေတ်အစောပိုင်းမှာ မင်းဖြစ်တဲ့ ပိဿုံမင်းလက်ထက်မှာ အာရပ်သင်္ဘောတွေဟာ အရှေ့အိန္ဒိယကျွန်းစုများကိုဖြတ်ပြီး တရုတ်ပြည်ထိ ကူးသန်းသွားလာရာမှ သထုံ - မုတ္တမဆိပ်ကမ်းတို့ကို ၀င်ရောက် ခဲ့ကြတယ်။ မြန်မာနိုင်ငံက အစ္စလာမ်သာသနာဝင်တွေကို ပသီလို့ သတ်မှတ်ခဲ့တာဟာ ရှေးခေတ် ကျောက်စာများမှာ အခိုင်အမာတွေ့ရှိပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံက တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေ အများစုဟာ ကိုယ့်ကိုယ်ကို မြန်မာမွတ်စလင်မ်လို့ခံယူထားကြပါတယ်။ ပသီ ဒါမှမဟုတ် မြန်မာမွတ်စလင်မ်တွေပေါ့။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ပသီလို့ လက်ခံပါတယ်။ ဟုတ်ပါပြီ အဲလို အဆက်မပြတ်ဝင်ရောက်လာတဲ့အထဲမှာ ပါရှင်းတွေလဲပါလာကြတယ်။ မြန်မာနိုင်ငံတောင်ပိုင်းမှာလဲ အိန္ဒိယသား မွတ်စလင်မ်တွေ မဂိုတွေ အီရန်တွေ အဆက်မပြတ် ၀င်ရောက်ခဲ့ကြပြန်တယ်။

(၇)ရာစုမှာ အစ္စလာမ်သာသနာဟာ အာရပ်တွေနဲ့အတူ ရခိုင်ဒေသကို ရောက်ခဲ့ပါပြီ။ အေဒီ ၁၅၃၀-၁၅၅၀ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်မှာလည်း ဟံသာဝတီမှာ အစ္စလာမ်သာသနာဝင်တွေ ၀င်ေ၇ာက်နေခဲ့ကြပြီ ဖြစ်ပါတယ်။

ပုဂံခေတ် အနော်ရထာမင်းနန်းမတက်ခင်မှာ သမိုင်းမတင်နိုင်ခဲ့ပေမယ့် အနော်ရထာမင်းနန်းတက်လာတဲ့ အခါမှာ အစ္စလာမ်သာသနာဝင်များ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ကြပြီဆိုတာ သမိုင်းစာမျက်နှာတွေမှာ အထင်အလင်းရှိခဲ့ပါပြီ။

ပုဂံခေတ်ရဲ့နောက် တောင်ငူခေတ် ဘုရင့်နောင်ကျော်ထင်နော်ရထာလက်ထက်မှာ အစ္စလာမ်သာသနာဝင် များ မြန်မာနိုင်ငံအတွင်းမှာ အစုလိုက်အဝေးလိုက် နေထိုင်နေကြပါပြီ။

၁၆၀၅-ခုနှစ်မှာ နန်းတက်တဲ့ အနောက်ဘက်လွန်မင်းတရားကြီးနဲ့ တောင်ငူဘုရင် နတ်သျှင်နောင်တို့ စစ်ဖြစ်ပွားရာ နတ်သျှင်နောင်ဟာ သန်လျင်စား ဒီဗရစ်တို ခေါ် ငဇင်ကာနဲ့ပေါင်းခဲ့တယ်။ ငဇင်ကာက အိန္ဒိယမှ စစ်သင်္ဘော(၅)စီးကို ငှားရမ်းပြီးစစ်ကူပေးခဲ့ပေမယ့် နတ်သျှင်နောင်အရေးနိမ့်ပြီး ငဇင်ကာပါ ကွက်မျက်ခံရတယ်။ စစ်သင်္ဘော(၄)စီးကို လက်ရဖမ်းမိခဲ့တယ်။ အဲဒီအထဲမှာ အစ္စလာမ်သာသနာဝင်တွေပါခဲ့တယ်။ အနောက်ဘက် လွန်မင်းတရားကြီးက သုံ့ပန်းများကိုမသတ်ရလို့ အမိန့်ထုတ်ပြီး အင်းဝရဲ့မြောက်ဘက်အရပ်ဒေသ မြစ်သာမြို့မှာ အစုခွဲပြီးနေရာချထားနေထိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံအတွင်း အစ္စလာမ်သာသနာဝင်တွေ များပြားလာခဲ့ ပါတယ်။

ညောင်ရမ်းခေတ် သာလွန်မင်းတရားကြီးအုပ်စိုးတဲ့ ၁၆၂၈-၁၆၄၆ မှာဆိုရင် ရွှေဘိုနယ်၊ ကျောက်ဆည်နယ်၊ စစ်ကိုင်းနယ်တွေမှာ အစ္စလာမ်သာသနာဝင်များကို စုဝေးနေထိုင်စေပြီး အတည်တကျနေထိုင်ရန် မြေနေရာများ၊ လုပ်ကိုင်စားသောက်ရန် မြေနေရာများ ချပေးသတ်မှတ်ခဲ့ပါတယ်။

တတိယအကြိမ် စနေမင်းလက်ထက် ၁၆၉၈-၁၇၁၄ မှာ မြို့ကြီး(၁၂)မြို့မှာ ခွဲဝေနေရာချထားပေးခဲ့ပါတယ်။ (၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော်၊ (၅) မိတ္ထီလာ၊ (၆) ပင်းယ၊ (၇) တဘက်စွဲ၊ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀) စည်ပုတ္တရာ၊ (၁၁) မြေဒူး (၁၂) ဒီပဲရင်း စတဲ့ မြို့ကြီး (၁၂)မြို့မှာ နေရာချပေးခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း(၁၀၀၀)ကျော်မှ ၀င်ရောက်လာကြပြီး ဘုရင်အဆက်ဆက် အတည်တကျနေထိုင်လာကြတဲ့ လူ့အစုအဝေးရဲ့ အစ္စလာမ်သာသနာကိုးကွယ်မှုကို ဘုရင်က အသိအမှတ်ပြုလိုက်တာပါ။
အစ္စလာမ်သာသနာဝင်များကို တိုင်းရင်းသားများလို့ အဆင့်ဆင့်အုပ်ချုပ်သူ အကြီးအကဲတို့က ဘာကြောင့် အသိအမှတ်ပြုကြသလဲ?

မည်သည့်အတိုင်းအတာနှင့် တိုင်းရင်းသားဟု သတ်မှတ်ခဲ့ကြသလဲ? ဒီမေးခွန်းရဲ့အဖြေကို အစ္စလာမ်သနာဝင် တိုင်းရင်းသားများ အထူးသိထားရန်မှာ အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံအတွင်း တစ်စတစ်စရောက်လာကြတဲ့ အစ္စလာမ်သာသနာဝင်များဟာ တိုင်းပြည်အုပ်ချုပ်သူ မြန်မာရှင်ဘုရင်များလက်ထက်မှာ အမှုထမ်းအရာထမ်းများဖြစ်ခဲ့ကြတယ်။ တိုင်းပြည်အပေါ် သစ္စာ သမာဓိ စောင့်သိ ရိုသေမှုရှိခဲ့တာကြောင့် မြန်မာမင်းများရဲ့ ယုံကြည်ကိုးစားမှုများကို ခံခဲ့ကြရပြီး ချီးမြှင့်မြှောက်စားမှုများ ခံခဲ့ရတဲ့အပြင် အတည်တကျနေထိုင်လုပ်ကိုင်ရန်မြေနေရာများလဲ ပေးအပ်ခြင်းခံခဲ့ရတယ်။ ဒါကြောင့် အစ္စလာမ်သာသနာဝင်တွေ ဟာ မြေနဲ့အတူ တွဲဖက်မိလာကြတယ်။

လူ့အဖွဲ့အစည်းတစ်ခုဟာ ကိုယ်ပိုင်ဆိုင်ရာမြေနဲ့မတွဲဘက်မိသေးရင် တည်တည်ငြိမ်ငြိမ်ရှိပြီလို့ မဆိုနိုင် ပါဘူး။ မြေနဲ့လူ့အဖွဲ့အစည်းတွဲမိပြီး မျိုးဆက်ပျံ့ပွားလာ၍ တည်ငြိမ်စွာ ရပ်တည်လာသောသူများကို နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား တစ်နည်းအားဖြင့် တိုင်းရင်းသားများဖြစ်တယ်လို့ ကမ္ဘာမှာ လူ့သမိုင်းကိုပြုစုတဲ့ သမိုင်း ပညာရှင်ကြီးများရဲ့ အတိအလင်းအဓိပ္ပါယ်ဖွင့်ဆိုမှုကို ကမ္ဘာ့လူသားအားလုံးက လက်ခံအတည်ပြုထားခဲ့ပါတယ်။

ဒါကြောင့် သမိုင်းတင်နိုင်သောခေတ်မှ ယနေ့မျက်မှောက်ခေတ်ကာကို တွက်ဆလျှင် နှစ်ပေါင်း (၁၀၀၀) နီးပါး သမိုင်းတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ လုပ်မြေ၊ နေမြေများနှင့်အတူတွဲမိပြီး တိုင်းရင်းသားချင်း သွေးနှောကာ တည်ငြိမ်တိုးတက်လျက် မျိုးဆက်ပျံ့ပွားခဲ့ရသော အစ္စလာမ်သာသနာဝင်များဟာ တိုင်းရင်းသားများ ဖြစ်ကြသည်ကို မည်သို့မျှ ငြင်းပယ်၍ မရတော့ပါ။ တိုင်းရင်းသားများဖြစ်ခဲ့ကြသည့်နည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီး၏ ရေမြေတောတောင် သဘာဝအခြေအနေအရပ်ရပ်တို့နှင့် လိုက်လျော ညီထွေဖြစ်စေမယ့် ယဉ်ကျေးမှုကိုအခြေခံကာ တူညီသော စိတ်နေစိတ်ထားများနှင့် တပေါင်းတစီးနေပြီး တူညီတဲ့ နယ်မြေတွေမှာ အခြေချကြတယ်။ တူညီတဲ့ ယဉ်ကျေးမှုကိုအခြေခံ၍ တိုင်းရင်းသားအချင်းချင်း ဆက်သွယ် ပေါင်းသင်းရာမှာလည်း တူညီတဲ့စကား(မြန်မာစကား)ကို သုံးစွဲခဲ့ကြတဲ့အပြင် တူညီတဲ့စီးပွားရေး (ဥပမာ - ကုန်သည်၊ ပွဲစား၊ စာရေး၊ အမှုထမ်း … စသည်ဖြင့်)ကို လုပ်ကိုင်စားသောက်ပြီး အတူတကွ ပူးပေါင်းနေထိုင်လာခြင်းဖြင့် အစ္စလာမ်သာသနာဝင်များမှာ တိုင်းရင်းသားစစ်စစ်ဖြစ်ကြောင်း သိသာထင်ရှားပါတယ်။ အခုလက်ရှိကာလနဲ့ တွက်ရင် နှစ်ပေါင်း (၄၀၀)၀န်းကျင်ရှိပါပြီ။
တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေဟာ ဂုဏ်ရောင်ပြောင်မြောက်စွာနဲ့ တိုင်းပြည်တာဝန် ဘာတွေ ထမ်းရွက်ခဲ့သလဲ ?

ဘိုးတော်မင်းတရားကြီး နန်းစံသက် (၂၆)နှစ်အရမှာ အစ္စလာမ်သာသနာနဲ့ပတ်သက်တဲ့ ထူးခြားမှုတစ်ရပ် ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ဘုရင်က အစ္စလာမ်သာသနာကို အသိအမှတ်ပြုတဲ့ အမိန့်တော် ပြန်တမ်း တစ်စောင်ကိုထုတ်ပြန်ခဲ့ပြီး အစ္စလာမ်သာသနာနဲ့ပတ်သက်လို့ အဆုံးအဖြတ်ပေးနိုင်ရန် အာဗစ်ရှာဟိုစိုင်နီသခင်ကြီး (ယခု အမရပူရ လင်းဇင်းကုန်းဒါရ်ကာသခင်ကြီး)အား အာဏာအပ်နှင်းခဲ့ပါတယ်။ အဲဒီအချိန်က အလွန်ထင်ရှား ကျော်ကြားခဲ့တဲ့ ရေစကြိုခုံတော်ကပါ အစ္စလာမ်သာသနာရဲ့ အရေးကိစ္စတွေကို သာသနာရဲ့ အဆုံးအဖြတ်ယူတဲ့ အထိ သမိုင်းကြောင်းထင်ရှားခဲ့ပါတယ်။

တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တစ်ဦးဖြစ်တဲ့ မုဟမ္မဒ်ကာစင်ခေါ် ဆရာကြီးဦးနုဟာ သာသနာ့စာပေကို တိုင်းရင်းသားအားလုံး မြန်မာစာပေဖြင့် ပြုစုခဲ့သည်မှာ အစ္စလာမ်သာသနာဝင်တွေအတွက် ယနေ့အထိအကျိုးပြု လျက်ပါ။ အနာဂတ်မှာလဲ အကျိုးရှိဦးမှာပါ။ ဆရာကြီးရဲ့ ဘင်္ဂလားသွား ၅၅-ပိုဒ်လင်္ကာ၊ ၃၅-ခန်းကျမ်း၊ ၁၁-ခန်းကျမ်း၊ ၁၁၆-ပိုဒ်လင်္ကာ၊ သံတော်ဦးတင်လွှာကျမ်းတွေဟာ ချီးကျူးလို့မကုန်လောက်ပါဘူး။ ဆရာကြီးဦးနုဟာ မင်းမှုထမ်း မဟုတ်ခဲ့ပေမယ့် ထင်ပေါ်လို့စင်တော်ကောက်ဆိုသလို ရွှေတောင်သာဂသူဘွဲ့ချီးမြှင့်ခံရပြီး ရမ္မာဝတီမြို့ဝန်အဖြစ်ပါ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒီသမိုင်းကြောင်းကိုကြည့်ရင် အဲဒီကာလမှာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေဟာ နိုင်ငံခြားယဉ်ကျေးမှုကင်းခဲ့ကြောင်း ခန့်မှန်းနိုင်ပါတယ်။
တစ်ခြားထင်ရှားတဲ့စာဆိုတော်တွေက ဟာဂျီမှန်၊ ဦးရွှေတောင်၊ ဦးရွှေဖြူနဲ့ ဦးကာလူတို့ဖြစ်ပါတယ်။
အင်္ဂလိပ်နယ်ချဲ့ကြောင့်ဖြစ်ခဲ့ရတဲ့ ရာမူးပန်းဝါစစ်ပွဲမစခင်က မြင်းစီးတပ်ကို ဦးဆောင်သူဟာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် နေမျိုးဂုဏ္ဏရပ်ဘွဲ့ရ အဗဒူလ်ကရင်ခန်ဖြစ်ပါတယ်။ နေမျိုးဂုဏ္ဏရပ်ဘွဲ့ရ အဗဒူလ် ကရင်ခန်ဟာ ယွန်းကြီးပြည်လို့ခေါ်တဲ့ အင်ဒိုချိုင်းနားကို မြန်မာဘုရင်ရဲ့ သံကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရ သူပါ။

ဘကြီးတော်(၁၈၃၇-၁၈၄၆) ကွယ်လွန်ပြီး ကုန်းဘောင်ဆက်ရဲ့မင်းဖြစ်တဲ့ သာယာဝတီမင်းလက်ထက် (၁၈၄၁)မှာ ဥက္ကလာပကို ချီတက်တိုက်ခိုက်ရာမှာ အစ္စလာမ်သာသနာဝင်အမြှောက်တပ်သား (၁၀၀)ကျော်တို့ ပါဝင်ခဲ့ကြတယ်။ မြန်မာ့သမိုင်းမှာ အစ္စလာမ်သာသနာဝင်တွေဟာ မြင်းတပ်သား၊ အမြှောက်တပ်သား၊ ခြေကျင်တပ်သားတွေအဖြစ် နေရာတိုင်းမှာ ပါဝင် တာဝန်ကျေခဲ့ကြပါတယ်။

မင်းတုံးမင်းတရားကြီးလက်ထက်မှာလည်း ကုလားပျိုသေနတ်အစုသားများအဖြစ် ပါဝင်ခဲ့ကြတယ်။ မင်းတုန်းမင်းတရားကြီး ဘုရင်ဖြစ်လာပြီး ရတနာပုံ မန္တလေးမြို့တည်ရန်အတွက် မြို့ကွက်တွေ ရှင်းလင်းရာမှာလည်း ဗိုလ်မင်းမင်းထင်ရာဇာဦးဆောင်ပြီး အစ္စလာမ်သာသနာဝင် အမျိုးသား (၄၀၀)ကျော်တို့ ပါဝင်ခဲ့ကြတယ်။ မန္တလေးမြို့ကိုတည်ထောင်တဲ့အခါမှာ အစ္စလာမ်သာသနာဝင် ဦးဘိုးဟာ ဂျွန်းဗလီကြီးကို တည်ဆောက်ခွင့်ရပြီး တိုင်းရင်းသားအစ္စလာမ်သာသနာဝင် ဦးရွက်ကတော့ ဘုရင်ကို စားတော် ဆက် ရတဲ့ မုန့်တော်ခေါင်းမင်းအဖြစ် တာဝန်ယူခဲ့ရတယ်။

မင်းတုန်းမင်းတရားကြီးလက်ထက်မှာ နိုင်ငံခြားကို ကူးသန်းရောင်းဝယ်မှု နိုင်ငံခြားသံတမန်ဆက်သွယ်မှု ပညာတော်သင်များစေလွှတ်မှုပြုခဲ့ရာ ယမ်းချက်ပညာကိုသွားရောက်သင်ယူရန် စေလွှတ်ခြင်းခံရသူမှာ အစ္စလာမ် သာသနာဝင် တိုင်းရင်းသားကြီး ဦးပွင့်ဆိုသူဖြစ်ပါတယ်။ အစ္စလာမ်သာသနာဝင်များဟာ တိုင်းရင်းသားပီသစွာ နေထိုင်၍ တာဝန်ကျေပွန်စွာအမှုတော်ထမ်းရွက်မှုကြောင့် ဘိုးတော်မင်းတရားကြီးလက်ထက်ကကဲ့သို့ အစ္စလာမ် သာသနာဝင်တို့ရဲ့ အရေးအခင်းကို သာသနာ့ကျင့်စဉ်အရ အဆုံးအဖြတ်ပေးရန် ကာဘူလ်မော်လ၀ီကြီးကို ဓမ္မသတ် အဆုံးအဖြတ်ပေးနိုင်သူအဖြစ် ခန့်အပ်ခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၁၉-ခုမှာ မြို့တည်ပြီးတိုင်းရင်းသားလူမျိုးပေါင်းစုံကို နေရာအသီးသီးချထားပေးခဲ့ရာ တိုင်းရင်သားအစ္စလာမ်သာသနာဝင်များအတွက် - (၁) စစ်ကိုင်းတန်း (၂) ကုန်းရိုးတန်း (၃) တောင်ဘလူ (၄) အိုးဘို (၅) စကြနွယ်စဉ် (၆) ဂျွန်းတန်း (၇) ၀လီခန် (၈) တိုက်တန်း (၉) ကိုယ်ရံတော် (၁၀) အချုပ်တန်း (၁၁) ကုလားပျို စသည်ဖြင့် နေရချမှတ်ပေးပြီး ဗလီကြီးများဆောက်လုပ်နေထိုင်စေခဲ့ပါတယ်။ ဘုရင့်အနီးအနားမှာ ရွေးချယ်ထားပြီး တာဝန်ပေးအပ်ခြင်းခံရသည့် ရွေးလက်ျာတပ်သားများကို နန်းတွင်းမှာနေစေခဲ့ပြီး နန်းတွင်း အရှေ့တောင်ထောင့်မှာ မင်းတရားကြီးကိုယ်တိုင် ရွှေပန္နတ်ရိုက်၍ ဗလီတစ်လုံးကို ဆောက်လုပ်လှူဒါန်းပြီး ရွှေပန္နတ်ဗလီလို့ တွင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာဝင်တို့ ဟာဂ်ျပြုရန်သွားကြတဲ့အခါ တည်းခိုနိုင်စေရန် မက္ကာမှာ ဇရပ်တစ်ဆောင်ဆောက်လုပ်ရန်အတွက် နေမျိုးဂုဏ္ဏရပ်ဘွဲ့ရ ခလီဖွှဟ်ဦးဘိုးမြနဲ့ ဟာဂျီဦးရွှေဘော်တို့ကို မင်းတုန်းမင်း တရားကြီးက တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီသမိုင်းတွေကြည့်ရင် မြန်မာဘုရင်တွေလက်ထက်က အစ္စလာမ်သာသနာဝင်တို့ကို ဂရုတစိုက်ရှိခဲ့ပုံမှာ အစ္စလာမ်သာသနာဝင်တို့ရဲ့ တိုင်းရင်းသားပီသမှုကြောင့်ပါ။

မင်းတုန်းမင်းတရားကြီးနဲ့ သီပေါမင်းရဲ့ခေတ်မှာ အလွန်ကျော်ကြားခဲ့တဲ့ ၀လီခန်မြင်းတပ်ဗိုလ်ဟာ နေမျိုးဂုဏ္ဏရပ်ဘွဲ့ရ အဗဒူလ်ကရင်ခန်ရဲ့သားပါ။

သီပေါမင်းလက်ထက် သက္ကရာဇ်အားဖြင့် (၁၈၇၈-၁၈၈၅)မှ အစ္စလာမ်သာသနာဝင် အမှုထမ်းတပ်များဟာ အထင်အရှားဖြစ်၍ ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ တပ်သား (၃၅၀)ပါဝင်တဲ့ ဗိုလ်မင်းထင်ကျော်သူနဲ့ ကင်းတား ကုလားပျိုသေနတ်ကိုင်တပ်၊ စင်္ကြာအမြှောက်ဗိုလ် ဦးဟာရှင်နှင့် တပ်သား (၁၁၃)ဦးက တစ်တပ်၊ မင်္ဂလာအမြှောက် ဆူးလေကုန်းဗိုလ်ဦးမောင်နှင့် တပ်သား(၁၁၃)ဦးက တစ်တပ်၊ မင်္ဂလာအမြှောက် ဘုံးအိုးဗိုလ် ဦးယောက်နှင့် တပ်သား (၁၁၃)က တစ်တပ် စသည်ဖြင့် တာဝန်ထမ်းခဲ့ကြသည်မှာ အစ္စလာမ်သာသနာဝင်များအတွက် ဂုဏ်ယူ ၀မ်းမြောက်မှတ်သားစရာတွေပါ။

တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ နယ်ချဲ့ဆန့်ကျင်ရာမှာ အစ္စလာမ်သာသနာဝင်ဖြစ်တဲ့ တပ်မှူးကြီးဦးဘိုးကာ ဟာလည်း နာမည်ကျော်ခဲ့ပါတယ်။ သွေးသောက်ကြီး ဦးပန်းညို၊ ဦးရွှေခို၊ ဦးလုံးနဲ့ ကင်းတားကုလားပျိုတပ်က သွေးသောက်ကြီး ဦးဓနိုင်တို့ဟာလည်း တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များပဲ ဖြစ်ပါတယ်။
သီပေါမင်းလက်ထက် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲမှာ တောင်တွင်းကြီးစစ်ကြောင်းကို ဦးဆောင်သူဟာ အက္ကဘတ်မြင်းဝန် ပင်လယ်မြို့စားကြီး မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရ တိုင်းရင်းသားအစ္စလာမ်သာသနာဝင် ဦးခြုံဖြစ်ပါတယ်။ ဦးခြုံဟာ မူလက ကုလားပျိုတပ်ရဲ့ စာရေးတော်ပါ။ မြင်ကွန်းမြင်းခုံတိုင်အရေးမှာ မိဖုရား ခေါင်ကြီးကို အသက်ဘေးမှ လွတ်ရာလွတ်ကြောင်း ကယ်တင်ခဲ့လို့ သူကောင်းပြုခြင်းခံခဲ့ရသူပါ။ အစ္စလာမ် သာသနာဝင်တွေဟာ ကတိသစ္စာကို အသက်ထက်မြတ်နိုးကြကြောင်း ဘုရင်က နားလည်လက်ခံခဲ့တယ်။

မြန်မာဘုရင်များလက်ထက်မှာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင် အမျိုးသားများတင် တာဝန်ကျေ ဂုဏ်ရောင်ပြောင်မြောက်ခဲ့တာမဟုတ်ပါဘူး။ အမျိုးသမီးများလည်း ရှိခဲ့ပါတယ်။
(၁) ဆင်တဲရွာစား အပျိုတော် ဒေါ်ခင်လေး
(၂) အုံးသဇင်ရွာစား ဒေါ်မမရဲ့
(၃) ဒ၀ါးရွာစားဒေါ်ခင်စိန်
(၄) အပါးတော်မှာ အတိုင်ပင်ခံ ဒေါ်ဘယက်
(၅) အတိုင်ပင်ခံ ဒေါ်စိန်မမချို (ကျောက်ဗလီ အစပြုသူ)
(၆) အတိုင်ပင်ခံ ဒေါ်မမနှစ်
(၇) အတိုင်ပင်ခံ ဒေါ်မမတင်
(၈) ဆင်ဖြူမရှင်မိဘုရားကြီးရဲ့ ယုံကြည်ခြင်းခံရသူ ဒေါ်မခင်လေး
(၉) အတိုင်ပင်ခံ ဒေါ်မမသစ်
(၁၀) မင်းတုန်းမင်းကြီး၏ မိဘုရားကြီး စင်္ကြာဒေ၀ီရဲ့ ယုံကြည်ခြင်းခံရသူ ဒေါ်မမစီ
(၁၁) သီပေါဘုရင်မိဖုရားစုဖုရားလတ်ရဲ့ ယုံကြည်ခြင်းခံရသူ ဒေါ်မမသင်
(၁၂) သီပေါဘုရင်မိဖုရားစုဖုရားလတ်ရဲ့ ယုံကြည်ခြင်းခံရသူ ဒေါ်မမသန်း
(၁၃) အပျိုတော် ဒေါ်မမရင် … ဒါတွေဟာ သမိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အစ္စလာမ်သာသနာဝင် တိုင်းရင်းသူများ ဖြစ်ကြပါတယ်။

တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေဟာ မြန်မာ့သမိုင်းကြောင်းမှာ ဘယ်အချိန်ကမှ နောက်ကျမကျန်ခဲ့ပါ။ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ အလံတောင်မှစသော ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံကြီးမှာလည်း တိုင်းရင်းသားအစ္စလာမ်သာသနာဝင် ဦးဒူဒူးမှာ အလွန်အရေးပါသော ‘က’တပ်သားကြီးတစ်ဦးပါ။ အလံတောင်အနီး တ၀ိုက်ရွာမှ အစ္စလာမ်သာသနာဝင်များလည်း ပါဝင်ခဲ့ကြပါတယ်။

၁၃၀၀-ပြည့်မှာ သခင်ဘိုးလှကြီးဦးဆောင်တဲ့ ရေနံမြေအလုပ်သမားသပိတ်တိုက်ပွဲမှာ အစ္စလာမ်သာသနာ ၀င်များ ပါဝင်ခဲ့ကြတယ်ဆိုတာကို ဆရာကြီးဦးသော်ရေးတဲ့ အိန္ဒိယမြန်မာဆက်ဆံရေး စာပေဗိမ္မာန်ထုတ်စာအုပ်မှာ ဖော်ပြထားပါတယ်။

နယ်ချဲ့ကိုတိုက်ထုတ်ပြီး ဂျပန်ကိုတော်လှန်တဲ့ကာလမှာလည်း တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ကြတယ်။

မြန်မာတစ်ပြည်လုံး လွတ်လပ်ရေးရရန်ကြိုးပမ်းရင်း အသက်နဲ့ရင်းခဲ့ရသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းတို့နှင့်အတူ သွေးမြေကျခဲ့ရတဲ့ ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဟာ တိုင်းရင်းသားအစ္စလာမ် သာသနာဝင်များဖြစ်ခဲ့ကြပါတယ်။ ဒါတွေဟာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များရဲ့ ဂုဏ်ရောင်ပြောင်မြောက်မှု တွေပါ။

မြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့တို့ ကျူးကျော်သိမ်းပိုက်ပြီး မြန်မာနိုင်ငံကို အိန္ဒိယရဲ့လက်အောက်ခံ ပြည်နယ် အဖြစ်သတ်မှတ်ကာ နယ်ချဲ့၏ သွေးထိုးမှု၊ အိန္ဒိယသား စီးပွားရေးသမားများ၏ သြဇာလွှမ်းမိုးမှုများတို့ကြောင့် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များမှာ လူမျိုးရေးရောကြိုမှုများခံခဲ့ရပြီး အတိတ်သမိုင်းပြောင်မြောက်မှုတွေ မှေးမှိန်ကာ ကုလားဆိုတဲ့ခေါ်ဝေါ်အမည်တပ်ခြင်းခံရမှုနဲ့ အထင်လွဲမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ယနေ့တိုင်ခံစားတွေ့ကြုံနေရပါတယ်။

ဒါကြောင့် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များဟာ ဘယ်တိုင်းပြည် ဘယ်ဌာနေကမှ ကူးလာကြသူများ မဟုတ်ကြောင်း၊ တိုင်းရင်းသားစစ်စစ်များဖြစ်ကြကြောင်း၊ သမိုင်းပြောင်မြောက်ခဲ့သော မျိုးဆက်ကောင်းများ ဖြစ်ကြကြောင်းကို သိထားနားလည်ပြောပြတတ်ရမှာ အရေးကြီးတဲ့တာဝန်ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုမှ မောင်ဖြူမှန်း မောင်နီမှန်းမသိသူကို တစ်ပါးသူက မောင်မဲလို့ခေါ်တာခံရရင် ခေါ်သူထက် ခေါ်ခံရသူရဲ့ အားနည်းလိုအပ်ချက်ကြောင့်ပါ။

သမိုင်းပညာရှင်တွေပြောသလို “သမိုင်းတောက်ရင် လူမျိုးတောက်တယ်၊ သမိုင်းပျောက်ရင် ဇာတိ ပျောက်မယ်၊ ဇာတိပျောက်ရင် မျိုးချစ်စိတ် တွေပျောက်”ကုန်ပြီး အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ သမိုင်း ဆိုတာ လုပ်ကြံပြောလို့ မရသလို လိုတိုးပိုလျှော့လုပ်လို့လဲ မရပါဘူး။ အဆိုးအကောင်း အကျိုးအကြောင်းမှန်သမျှ အတိတ်ဖြစ်ရပ်တွေကို တိကျမှန်ကန်စွာ ဖော်ထုတ်ရတာမျိုးပါ။
အဲဒီအတိတ်သမိုင်းကြောင်း အဆိုးအကောင်းတွေကို ပစ္စုပ္ပန်လက်ရှိကာလမှာ စဉ်းစားသုံးသပ် ချင့်ချိန်၍ ရေလည်အောင်ပြောကြားပြီး အဖြေရှင်းလျှင် အနာဂတ်ကာလအတွက် အကျိုးတရားများ ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

အစ္စလာမ်သာသနာဟာ ကမ္ဘာ့လူမျိုးပေါင်းစုံရဲ့ သာသနာပါ။ လူမျိုးတမျိုးတည်းရဲ့ သာသနာမဟုတ်ပါဘူး။ ကမ္ဘာမှာ အစ္စလာမ်သာသနာကို လက်ခံတဲ့လူမျိုးပေါင်းများစွာဟာ မိမိတို့လူမျိုးရဲ့ ယဉ်ကျေးမှုကိုလက်ခံပြီး သာသနာရဲ့အဆုံးအမတွေကို လက်ခံလျက် အီမာန်ယူကြသူတွေပါ။ ကိုယ့်တိုင်းပြည်ရဲ့ အနေအထားကို အခြေခံကာ ယဉ်ကျေးမှုပြုကြသော်လည်း သာသနာတော်လမ်းညွှန်မှုဖြစ်တဲ့ ကျင့်ရန်ကျဉ်ရန်တွေက တစ်မျိုးတည်းပါ။ ဒီနေရာမှာ ပိုမိုရှင်းအောင်ပြောရရင် လူမျိုးနဲ့ဘာသာ ရောထွေးမှုမရှိစေရန် သတိထားဖို့လိုပါတယ်။ ဥပမာအားဖြင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဟာ အစ္စလာမ်သာသနာကို ကိုးကွယ်ပေမယ့်လည်း သူတို့ရဲ့ဝတ်စား ဆင်ယင်မှုနဲ့ ရိုးရာယဉ်ကျေးမှုတွေကို စွန့်ပယ်ပစ်တာမျိုးမရှိပါဘူး။ စွန့်ပယ်ပစ်ဖို့လည်း ဖန်ဆင်းရှင်က လမ်းညွှန် မထားပါဘူး။

ကုရ်အာန် (၄း၅)မှာ “ပတ်ဝန်းကျင်၌ရှိသော လူယဉ်ကျေးတို့သုံးနှုန်းသောစကားများကို ပြောဆိုသုံးနှုန်း ကြလော့”လို့ ဆိုခြင်းဟာ ဘယ်ဘာသာစကားကိုသုံးပါလို့ မတိုက်တွန်းပါဘူး။ ယဉ်ကျေးစွာသုံးနှုန်းရန်ကိုသာ ညွှန်ပြထားခြင်းပါ။

နောက်တစ်ခုက ကုရ်အာန်အာယသ် (၇း၂၆)မှာ “ငါ .. အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကာအိနြေ္ဒ များကို လုံခြုံစေရန်နှင့် လှပတင့်တယ်မှုရှိစေရန် အ၀တ်အစားများကို ချပေးတော်မူ၏။” ဒီကျမ်းတော်မြတ်ပါ အာယသ်တော်ကိုကြည့်ရင် အလ္လာဟ်အရှင်မြတ်ဟာ ဘယ်လိုလူမျိုးရဲ့အ၀တ်အစားကိုပဲဝတ်ဝတ် ကာအိနြေ္ဒလုံခြုံရန် ကိုသာ အဓိကထားပါတယ်။ ၀တ်စားဆင်ယင်မှု ယဉ်ကျေးလျှင် လုံလောက်ပါတယ်။ မိမိပတ်ဝန်းကျင် မိမိလူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ဝတ်စားဆင်ယင်ခြင်းမှာ အီမာန်ကို မည်သို့မျှ မထိခိုက်နိုင်ပါ။
လူမျိုးနဲ့ဘာသာဟာ အဓိပ္ပါယ်ဖွင့်ဆိုမှု လုံးဝမတူညီတာလည်း သတိထားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ တွေဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော တိုင်းရင်းသားများဖြစ်ကြောင်း တိုင်းရင်းသားပီသရန် လိုကြောင်းကို အလေးအနက်ထား တင်ပြချင်ပါတယ်။

ကုရ်အာန် ၇း၁၇၉ မှာ “စိတ်နှလုံးရှိသော်လည်း တွေးတောစဉ်းစားခြင်းမပြုကြ၊ မျက်စေ့ရှိသော်လည်း မမြင် မကြည့်တတ်ကြ၊ နားရှိသော်လည်း မကြားတတ်ကြ၊ ဤသူများမှာ လူစင်စစ်ဖြစ်ပါလျက် လူမဟုတ် တိရစ္ဆာန်များ ထက်ပင် မိုက်မှားသူများဖြစ်ကြသည်”လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအလင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် အစ္စလာမ်သာသနာဝင်များအားလုံး တွေးတော ကြားသိ မျက်စေ့ ရှိသူများဖြစ်ရန်လိုအပ်ပါတယ်။

ကျွန်မတို့တစ်တွေ ကိုယ့်သမိုင်းကြောင်းကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်စိတ်ဝင်စားကြပါလို့လည်း ပြောချင်ပါတယ်။ ကျွန်မတို့တစ်တွေ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြဖို့လိုအပ်ပါတယ်။
ဒီသမိုင်းကြောင်းတွေကို ကျွန်မအဖိုး သမိုင်းသုတေသီ (ပသီဦးကိုကိုလေး)ရဲ့ မြန်မာနိုင်ငံနှင့်အစ္စလာမ် သာသနာဆိုတဲ့စာအုပ်ရယ်၊ ကျွန်မအမေ (ပသီမာလာဆွေ)ရဲ့ ဟောပြောချက်တိတ်ခွေထဲမှ ပြန်လည်ထုတ်နှုတ် ပြောပြခြင်းဖြစ်ပါတယ်။ အခုပြောပြခဲ့တာတွေက လွတ်လပ်ရေးမရရခင်အချိန်ထိပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းအချိန်များလည်း နောက်အချိန်ရရင် ပြောပြဖို့အများကြီးကျန်ပါသေးတယ်။
သမိုင်းကို အခုလို စိတ်ဝင်စားမှတ်သားကြလို့ ကျေးဇူးတင်ဝမ်းသာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
“ အတ်စလာမုအလိုင်ကွမ်း …. ၀ရဟမ္မာသွလ်လားဟေ့ ၀ဘရကသုဟူ ”


ပသီဝိုင်းဝတ်ရည်မြင့်
(Sagaing CAMP, 2012)

No comments:

Post a Comment