Monday, July 02, 2012

မိန်းမသားများရဲ့ စိတ်ကို ကိုယ့်ကြောင့်မနာကျင်ပါစေနဲ့

ဒီရက်ပိုင်း Facebook စာမျက်နှာမှာ အချိန်ကုန်နေတဲ့ ကျွန်မ … အဲဒီမှာ စာတွေဖတ်ရင်း လေ့လာမှုတစ်ခုကိုလည်း အမှတ်မထင်လုပ်ဖြစ်သွားပါတယ်။ အဲဒါက ဘာလဲဆိုတော့ Facebook မှာ ခံစားချက်စာစုတွေ၊ ဒဿနတွေ၊ အတွေးအခေါ်တွေ၊ သုတရစရာတွေ၊ နိုင်ငံရေး၊ ဘာသာရေး စတာတွေကို like နှိပ်ခြင်း၊ Share ခြင်း ပြုကြရာမှာ မိန်းမသားအများစုက ခံစားချက်စာစုလေးတွေကို like ခြင်း၊ share ခြင်း လုပ်တာ တွေ့ရတယ်။ အဲဒီအထဲမှာမှ ပိုပြီး like ကြတာက ခံစားချက်စာစုတွေ၊ မျက်ရည်ကျတာ၊ ငိုတာနဲ့ ပတ်သက်တာတွေကို like ကြ၊ Share ကြတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်မထပ်ပြီးလေ့လာကြည့်မိတော့ … မိန်းမသားအများစုက ကိုယ်ခံစားရတာတွေကို အပြင်မှာ ပွင့်လင်းစွာဖော်ထုတ်ခွင့်မရလာတဲ့အခါ သူများ ခံစားချက်လေးတွေက ကိုယ်နဲ့တိုက်ဆိုင်မှုရှိလာတဲ့အခါ နှစ်ခြိုက်သဘောကျမိပြီး like ကြ၊ Share ကြတာပေါ့။


ဒီနေရာမှာ ကျွန်မ အဓိကပြောချင်တာက like ခြင်း၊ Share ခြင်း ကိစ္စမဟုတ်ပါ။ မိန်းမသားအများစုဟာ ခံစားချက်တွေကို ရင်တွင်းမှာပဲ သိမ်းဆည်းရင်း ကြိတ်ခံစားကြရတာပါ။ အထူးသဖြင့် နှလုံးသားရေးရာနဲ့ ပတ်သက်လာရင် မိန်းမသားအများစု မျက်ရည်ကျတာကိုသိရှိခံစားပေးတာက သူတို့ရဲ့ ခေါင်းအုံးတွေပါပဲ။ ယောက်ျားသားတွေကြောင့် ခံစားလာရတဲ့ ခံစားချက်တွေကို တစ်ခြားသူကိုလည်း ဖွင့်မပြောရဲ၊ ဖွင့်ပြောမထွက်ကြတာကြောင့် တိတ်ဆိတ်စွာငိုရှိုက်ရင်း ကြိတ်မှိတ်ခံစားရတတ်ကြပါတယ်။ သူတို့ဘာလို့ ပြောမထွက်တာလဲဆိုတော့ သူများကို ပြောလိုက်ရင်ကိုယ့်ကိုအမြင်စောင်းသွားမလား၊ အထင်သေးသွားမလား၊ တစ်ဘက်လူ(ယောက်ျားလေး)ကို သွားထိခိုက်မလားဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ ကျွန်မအနေနဲ့ကတော့ ကိုယ့်ဘက်က အနေမှန်ခဲ့တယ်ဆိုရင် ဘာကိုမှ ကိုယ့်စိတ်ထဲထားစရာမလိုဘူးလို့ မှတ်ယူပါတယ်။



လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကရော ဒီနှစ်ပိုင်းတွေမှာပါ ညီမငယ်တချို့ ကျွန်မကို ရင်ဖွင့်ပြောလာကြပါတယ်။ သူတို့ရဲ့ အချစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့။ သူတို့ရင်ဖွင့်လာတိုင်းလည်း ယောက်ျားလေးတွေဘက်က သစ္စာမရှိတဲ့လုပ်ရပ်တွေကြောင့် ညီမငယ်တွေ ခံစားရတာပေါ့။ (အခုတော့ ကျွန်မကိုယ်တိုင်လည်း ခံစားရသူထဲမှာ အပါအ၀င်ပေါ့ … ကြော်ငြာဝင်တာ … :P ) သူတို့ ကျွန်မကိုပြောလာတဲ့အခါတိုင်း ကျွန်မတအားပေါက်ကွဲတယ်။ အဲလို လူတွေကို ကျွန်မ ဖော်ထုတ်ပစ်ချင်တယ်။ မိန်းကလေးတွေကို ဒီလိုလုပ်ရပ်မျိုးလုပ်တာ၊ သစ္စာမရှိတာ ကျွန်မလုံးဝမကြိုက်ဘူး။ ဒါပေမယ့် ညီမငယ်တွေက ကျွန်မကိုပြောတယ်။ တစ်ခြားဘယ်သူ့ကိုမှ မပြောပါနဲ့နော် ဆိုတာကြောင့် ကျွန်မဘာမှ မပြောတော့ပဲ မသိလိုက်မသိဘာသာပဲ နေလိုက်တယ်။ တစ်ချို့ဆိုပြောတယ် ကိုယ့်အချင်းချင်းဆိုပြီး ခင်ခင်မင်မင်ယုံကြည်စိတ်ချမိပေမယ့် သစ္စာမရှိတဲ့ လုပ်ရပ်ကို လုပ်ကြတယ်ဆိုတာမျိုးပေါ့။ အဲလိုမျိုးတွေ ခဏခဏကြားလာရတော့ ကျွန်မ စိတ်ထဲမှာတော်တော်ခံစားလာရတယ်။ ကျွန်မကတော့ မိန်းကလေးတွေကို အဲလိုလုပ်နေတဲ့သူတွေကို သူတို့လုပ်ရပ် မမှန်တာကို သူကိုယ်တိုင်ရော အခြားသူတွေကိုပါ သိအောင်လုပ်ပေးသင့်တယ်လို့ခံယူလာတယ်။ အဲလို မလုပ်ပေးရင် သူတို့(တချို့)က သူတို့လုပ်ရပ်ပဲမှန်သယောင်၊ ဒါမှမဟုတ် မိန်းကလေးတွေကို သူတို့ဘယ်လိုပဲ နာကျဉ်အောင်လုပ်လုပ် တိတ်တိတ်လေးကြေကွဲရင်း အဆုံးသတ်သွားကြတာပဲလို့ ခံယူပြီး နောက်ထပ် အမှားများစွာကို ထပ်ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်သွားမယ်။ ဒါပေမယ့် သူတို့လုပ်ရပ်ကို အများသိအောင်ဖော်ထုတ်မယ်ဆိုရင်လည်း မိန်းကလေးဘက်ကလည်း အနေမှန်ဖို့တော့လိုပါတယ်။ ကိုယ့်ဘက်က အနေမှန်ရင် ဘယ်သူက ဘယ်လိုမြင်မလဲဆိုတာ တွေးပူစရာမလိုပါဘူး။

ပြီးတော့ ဒီနေရာတစ်ခု ရှိသေးတယ်။ တစ်ဘက်ယောက်ျားလေးကို အနိုင်ယူဖို့ မိန်းကလေးက ဘာမှ မခံစားရသလိုနေပြလိုက်ဆိုတာမျိုးကို ကျွန်မ လက်မခံပါဘူး။ မိန်းမသားတစ်ယောက်အနေနဲ့ ခံစားရတာကို အတိုင်းအတာတစ်ခုထိတော့ ပြသရမယ်။ မခံစားရသလိုနေပြလိုက်ဆိုတာက တကယ်မခံစားရတဲ့သူအတွက်တော့ကောင်းပေမယ့် တကယ်ခံစားရသူအတွက်က စိတ်ကို ပိုမိုတင်းကြပ်စေအောင် လုပ်လိုက်သလိုဖြစ်ပါတယ်။ ဒါကြောင့် ခံစားရတဲ့စိတ်ကို အသိတရားနဲ့ ထိန်းချုပ်ပြီးတော့ အတိုင်းအတာတစ်ခု၊ အချိန်တစ်ခု(အနည်းငယ်) လွှတ်ထားပေးပြီး ခံစားရတာကို ဖောက်ထုတ်သင့်တယ်။ မိန်းကလေးဖြစ်လို့ ခံစားချက်ကို မဖော်ထုတ်ပဲ သိမ်းထားဆိုတာ မဖြစ်သင့်ပါဘူး။

ဒီနေရာမှာ ကျွန်မတစ်ခုသတိရလို့ ကျွန်မနဲ့သိတဲ့ အစ်မတစ်ချို့အကြောင်းပြောပြချင်ပါတယ်။ အဲဒီ အစ်မတွေက သူတို့ရဲ့အမျိုးသား(အိမ်ထောင်ဖက်)တွေက ဘာသာခြားတွေပါ။ သူတို့ ဘာကြောင့် ဘာသာခြားကိုပဲယူသလဲဆိုတဲ့ခံစားချက်လေး ကျွန်မကိုပြောပြဖူးတယ်။ သူတို့ရဲ့ အဖေတွေက သူတို့ရဲ့ အမေတွေအပေါ် နှိပ်စက်သူက နှိပ်စက်တယ်၊ ဖောက်ပြန်သူက ဖောက်ပြန်တယ်။ အဲဒါတွေကို သူတို့ ငယ်ငယ်ကတည်းကမြင်ခဲ့ရတော့ သူတို့ရဲ့စိတ်မှာစွဲလာတယ်။ ယောက်ျားယူရင် အဲလိုပဲ ဖြစ်လာမယ်လို့ အစွဲဖြစ်လာပြီး သူတို့ အရွယ်ရောက်လာတဲ့အခါကျတော့ ဘာသာတူအမျိုးသားကို မရွေးချယ်ပဲ ဘာသာခြားကိုပဲ ရွေးချယ်ပြီးလက်ထပ်ခဲ့တယ်။ အဲလို ဘာသာခြားကိုလက်ထပ်လိုက်ပေမယ့် တကယ်တမ်း သူတို့ သားသမီးတွေရလာတဲ့အခါမှာ ပြဿနာအခက်အခဲမျိုးစုံ ကြုံရတာပါပဲ။ သူ့ဘာသာတရား ကိုယ့်ဘာသာတရားဘက်ကို သားသမီးတွေကို ဆွဲယူကြတယ်။ အဲဒီအချိန်မှာမှ သူတို့ကောင်းကောင်း နောင်တရကြတယ်။ သူတို့ကိုယ်တိုင် နောင်တရလာတယ်။ သူတို့က သူတို့အကြောင်းလေးတွေ ကျွန်မကိုရင်ဖွင့်ပြောပြရင်း သူတို့ကိုကြည့်ပြီးသင်ခန်းစာယူဖို့ အဲလိုဘယ်တော့မှ မဖြစ်ပါစေနဲ့ဆိုတာမျိုးလည်း ဆုံးမစကားပြောကြတယ်လေ။ ဒါလေးက ဘာသာမတူသူ အမျိုးသားတွေကို ကြောက်ခဲ့တဲ့ အမျိုးတွေရဲ့ သောကတစ်မျိုးပါပဲ။

ဒီတော့ ခုနကပြောနေတာလေး ပြန်ကောက်ရရင် မိန်းကလေးအများစု စိတ်မှာဒဏ်ရာရပြီး ခံစားရတာ အမျိုးသားတွေကြောင့်ဖြစ်ပါတယ်။ (တချို့မိန်းကလေးတွေကြောင့် ယောက်ျားလေးတွေခံစားရမှာလည်းရှိမှာပါ။) ဒါကြောင့် ယောက်ျားလေးများ သတိထားဖို့က ကိုယ့်ကြောင့် မိန်းကလေးတွေရဲ့စိတ်မှာ ဒဏ်ရာအနာတရ မဖြစ်စေပဲ ။

အမျိုးသမီးများရဲ့ စိတ်မှာ အမျိုးသားများကြောင့် ဒဏ်ရာအနာတရမဖြစ်စေပဲ အမျိုးကောင်းသားများဖြစ်ကြပါစေ …………

ကျွန်မ ဒီစာကိုစပြီးရေးဖို့စိတ်ကူးတာက လွန်ခဲ့တဲ့ ၂-နှစ်လောက်ကဖြစ်ပြီး စရေးဖြစ်တာက လွန်ခဲ့တဲ့ ၃-လကျော် ၄-လ နီးပါးကပါ။ နည်းနည်းလေး စရေးထားပြီး ဆက်မရေးဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂-နှစ်လောက်ကတည်းရေးဖို့ တာဆူထားတဲ့ အကြောင်းအရာလေးကို အခုအချိန်မှာမှ လက်စသပ်ရေးဖြစ်ပါတော့တယ် ………… ရေးရင်းနဲ့ ခံစားချက်အငွေ့အသက်လေးတွေ ပါနေတဲ့စာသားတွေကို ဖြုတ်ရင်း ဖြတ်ရင်းနဲ့ ဒီလောက်ပဲ ကျန်ပါတော့တယ်။

ဒီပို့စ်လေးဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပဲ မိန်းမသားအများစုနေရာမှ ခံစား၍ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

No comments:

Post a Comment