Wednesday, July 10, 2013

စိုးထိတ်မှုရဲ့ တခြားဘက်မှာ


ဒီနေ့ ကိစ္စတစ်ခုကြောင့် အပြင်သွားဖြစ်တယ် ... အပြန်မှာ ဘတ်စ်ကားပေါ်တက်လိုက်တော့ ကား ခေါင်းခန်းဘက်ကို ရောက်သွားတယ်။ ထိုင်စရာနေရာလည်း မရတာကြောင့် မတ်တပ်ရပ်နေလိုက်တယ် ...
ပြန်လာတဲ့ခရီး သုံးပုံနှစ်ပုံလောက်လည်း ရောက်ရော ကားပေါ်ကို ဘုန်းကြီး ၂-ပါး တက်လာတယ်။ ဘုန်းကြီး ၂-ပါးကလည်း ကားအရှေ့ပိုင်းကို လာလိုက်တယ်။ အရှေ့က ထိုင်ခုံတွေမှာလည်း လူတချို့တိုင်နေကြတော့ ဘုန်းကြီးတွေက ကျွန်မဘေးမှာ လာရပ်မိသွားတယ်။ အဲဒီအချိန်မှာ .... 'ဘုန်းကြီးတွေနဲ့ ဝေးဝေးမှာ သွားနေလိုက်။ မတော်တဆ ထိခိုက်မိလိုက်ရင် ကုလားမက ဘုန်းကြီးကို ပြဿနာရှာတယ် ဖြစ်ဦးမယ်'ဆိုတဲ့ အတွေးဆည်းလည်းက ခေါင်းထဲမှာ လှုပ်ရမ်းသွားတယ်။ ကျွန်မလည်း မသိမသာပဲ ဘုန်းကြီးတွေနဲ့ ဝေးအောင် တဘက်ကို တိုးသွားလိုက်တယ်။


အဲဒီအချိန်မှာပဲ ဘတ်စ်ကားစပါယ်ယာက ကားနောက်ပိုင်းကနေ လှမ်းအော်တယ် ... 'သံဃာတွေ ကားပေါ် ကြွလာပါတယ်၊ ရှေ့က ခုံမှာထိုင်နေကြသူများ ၉၆၉ တွေကို နေရာဖယ်ပေးခြင်းအားဖြင့် ကုသိုလ်ယူကြပါ"တဲ့။ ကျွန်မ တော်တော်အံ့သြသွားတယ် .... သြော် ... မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေဆိုတာ ၉၆၉ တွေလို့သတ်မှတ်ထားကြပြီပဲ ... ဒါဆို နောက်များမှာ ဘုန်းကြီးဆိုရင် ၉၆၉ ပဲ ခေါ်ကြတော့မယ့် အခြေအနေဖြစ်နေပြီပဲ လို့လည်း အတွေးဝင်မိတယ် ..... ။



အဲ့လိုနဲ့ ခဏနေတော့ ကားပေါ်ကို ထပ်တက်လာတာက ဘုရ်ခါတစ်ကိုယ်လုံးခြုံထားတဲ့ အမျိုးသမီး ၂-ယောက် ... သူတို့ ၂-ယောက်ကလည်း ကားနောက်ပိုင်းကို မသွားပဲနဲ့ ရှေ့ပိုင်းဘက်ကို တိုးလာတယ် .... ကျွန်မစိတ်ထဲက ပြောလိုက်မိတယ် ... "သြော် ဒီအမျိုးသမီး ၂-ယောက်နှယ် ... နောက်မသွားပဲ ရှေ့ကိုသွားနေတယ် ... မတော်တဆ ဘုန်းကြီးကို ထိခိုက်မိတာ၊ တွန်းတိုက်မိတာ ဖြစ်သွားမှ ကုလားမတွေက ဘုန်းကြီးကို ပြဿနာရှာတယ်ဖြစ်ပြန်ဦးမယ်"လို့တွေးမိပြန်တယ် .... ။

၉၆၉ လို့ ကြားလိုက်ရင် သံဃာအားလုံးကို သတ်မှတ်တယ်လို့ စွဲမှတ်သွားကြတဲ့ မသိနားမလည်တဲ့ မြန်မာဗုဒ္ဓဘာသာစစ်စစ်တွေများလာတာနဲ့အမျှ နာမည်ဆိုးနဲ့ နာမည်ကြီးနေပြီဖြစ်တဲ့ ၉၆၉ ကြောင့် စစ်မှန်တဲ့ ဘုရားသားတော်ရဟန်းသံဃာတွေကိုပါ အားလုံးအတူတူပဲလို့ မြင်ကုန်ကြတော့မယ့် အခြေအနေလည်း ဖြစ်လာနေပါပြီ။

ပြီးတော့ ကျွန်မမှာ အရင်ကတည်းက ခင်မင်နေတဲ့ သံဃာတွေရှိပါတယ်။ အခုလည်းရှိပါတယ်။ တရင်းတနှီးခင်မင်ပြောဆိုနေကြတာပါ။ ဘုန်းကြီးဆိုတာ ကြောက်စရာလို့ တစ်ခါမှ မသတ်မှတ်ခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဘုန်းကြီးမြင်ရင် ဝေးဝေးကရှောင်ဆိုတဲ့ အချက်ပေးခေါင်းလောင်းက ခေါင်းထဲမှာအမြဲမြည်ဟီးသွားခဲ့ပြီ ...... ။

No comments:

Post a Comment