![]() |
လွန်ခဲ့တဲ့ ၂-နှစ်က မွေးခန်းထဲက ထွက်လာခါစ သမီးလေး |
လွန်ခဲ့တဲ့ ၂-နှစ်လောက်က ရန်ကုန်မှာ ကိုယ်နေတဲ့ အဆောင်က အဆောင်မှူး အစ်မ ကလေးမီးဖွားတော့ သူ့အမျိုးသားက ခရီးဝေးမှာ ရောက်နေတယ်။ သူတို့ ဆွေမျိုးသားချင်းတွေကလည်း နယ်က ဖြစ်နေတော့ အဆောင်မှူးအစ်မ ဘေးနားမှာ ဆွေမျိုးသားချင်းလည်း တစ်ယောက်မှ မရှိဘူး။
သူကလေးမွေးချင်လို့ ဗိုက်နာတာကလည်း သောကြာညဖြစ်နေတော့ စနေနေ့ အလုပ်ပိတ်တဲ့ ကိုယ်တစ်ယောက်ပဲ သူ့ဘေးနားမှာ အချိန်ပြည့်နေခဲ့ရတယ်။ ဆေးရုံပေါ်ရောက် သားဖွားခန်းထဲထိလည်း သူ့ဘေးနား ကိုယ် တစ်ချိန်လုံး နေခဲ့ရတယ် ... သူ ဗိုက်နာလွန်းလို့ အော်တဲ့ခံစားချက်ကိုကြည့်ရင်း ကိုယ့်ညီမလေး မီးဖွားချိန်က ညီမလေး ဘေးနားမှာတောင် ကိုယ် အဲ့လို နေမပေးနိုင်ခဲ့တာ သတိရရင်း ... အစ်မကို တစ်ချိန်လုံး အားပေးနေခဲ့ရတယ်။ သူ့မှာ ဗိုက်နာလွန်းလို့ ကိုယ့်လက်ကိုလည်း မလွှတ်တမ်း ဆွဲထားပြီး ညည်းနေရှာတယ် .... Nurse လည်း တစ်ယောက်မှ ငှားလို့ မရဘူး။ မနက်မိုးလင်းမှ Nurse ငှားလို့ရမယ်တဲ့လေ။
ဗိုက်နာလွန်းပြီး ကလေးမမွေးဖွားနိုင်လွန်းဖြစ်နေတ
ဒီကြားထဲ အစ်မက သတိလစ်သွားသေးတယ် ... ဆေးရုံကဆရာမတွေကလည်း ခင်ပွန်းလက်မှတ်ထိုးပေးရမယ်တဲ့ ... ကိုယ့်မှာ တစ်ယောက်တည်း ပြာယာတွေခပ်သွားတယ် ... အဆောင်က သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အစ်မ ဆွေမျိုးတွေဆီ ဖုန်းဆက်ခိုင်းတယ်။ ကိုယ်တိုင်လည်း အစ်မအမျိုးသားဆီ ဖုန်းလှမ်းဆက်ရတယ် .... အစ်မ အမျိုးသားက ကိုယ်ပဲ လက်မှတ်ထိုးပေးလိုက်ပါဆိုတော့ ခပ်လန့်လန့်နဲ့ပဲ လူ့အသက်တစ်ချောင်းအတွက် လက်မှတ်ထိုးပေးခဲ့ရတယ် .... ။
ဗိုက်နာတဲ့ ဝေဒနာကို ၁၅-နာရီလောက် ခံစားပြီးချိန်မှာတော့ သမီးလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်။ မွေးခန်းထဲအထိ ကိုယ်က ရောက်နေရတော့ မွေးမွေးချင်းကလေး နီတာရဲလေးကို ဆရာမတွေက ကိုယ့်ကို လာပေးချီတယ် ... ကိုယ့်မှာ အဲ့လို မွေးမွေးချင်းကလေးလေးကို တစ်ခါမှ မမြင်ဖူးတာရယ်၊ မချီဘူးတာရယ်နဲ့ ချီရင်း အမလေး အခုနေများ ကလေး ငါ့လက်ကနေပြုတ်ကျသွားလို့ကတော့ မတွေးရဲစရာပဲလို့တွေးရင်း မွေးခါစကလေးလေးရဲ့ ချစ်စရာ မျက်နှာလေးကို ကြည့်မိတယ် .... ။
နောက်တော့ မန္တလေးပြန်သွားပြီးတော့ အဆောင်လည်း မနေဖြစ်တော့တာရယ်၊ အဆောင်မှူးအစ်မလည်း သူ့ဆွေမျိုးသားချင်းတွေဆီ ပြန်သွားပြီဆိုတာ သိရတော့ အဆက်သွယ် ပြတ်သွားတယ် .... ဟိုနေ့ကတော့ အဆောင်မှာ အတူနေခဲ့တဲ့ သူငယ်ချင်းက ပြောလာတယ်။ အဆောင်မှူးအစ်မ မိသားစုနဲ့ ရန်ကုန်မှာ ဆုံဖြစ်လိုက်တယ်တဲ့။ သူ့သမီးလေးက အခု အသက် ၂-နှစ်ပြည့်တော့မယ်။ စကားလည်း တတ်နေတယ်။ သမီးလေးက သူ့ကိုယ်သူ စကားပြောရင် မမကလေ မမကလေနဲ့ ပြောတတ်တယ်တဲ့။ သမီးလေး နာမည်ကို ကိုယ့်နာမည်ထဲက အလယ်ကနာမည်ကို ပေးထားတယ်တဲ့။ ဒါနဲ့ သူငယ်ချင်းက အဲ့အစ်မကိုပြောတယ် ကိုယ်က ကလေးလေးကို မွေးရုံပဲ မွေးပေးခဲ့တာ။ ဒီကလေးလေး ကြီးလာအောင် ထိန်းရတာက သူတို့ပါဆိုတော့ အစ်မက ပြန်ပြောတယ်တဲ့ .... ဒီကလေးလေး လူ့လောကထဲရောက်လာဖို့ ကိုယ်ကအများကြီးကူညီပေးလို့ ဒီကလေးလေး အောင်အောင်မြင်မြင် မွေးဖွားလာဖြစ်ခဲ့တာကြောင့် ကိုယ့်နာမည်လေးကို ထည့်ပေးထားတယ်တဲ့။
အဲ့ဒါလေးကို ကြားလိုက်ရတော့ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်မထင် ကိုယ်လုပ်ပေးလိုက်တဲ့ အရာတစ်ခုက ဘ၀တစ်သက်လုံးအတွက် အမှတ်တရ ဖြစ်သွားတယ် ...... စိတ်ထဲမှာလည်း ကြည်နူးမိတယ် ...... ။
* ညီမလေးဖြူ ကလေးမီးဖွားတော့မယ်ဆိုတာ သိလိုက်ရလို့ ဒီအကြောင်းအရာလေးကို သတိရပြီး ရေးဖြစ်လိုက်တယ် .........
No comments:
Post a Comment