Monday, January 13, 2014

အနက်ရှိုင်းဆုံး နှလုံးသားထောင့် တစ်နေရာမှာ တွယ်ငြိသွားတဲ့ပီတိ

ယင်းတော်နဲ့ မိတ္ထီလာက CAMP တချို့ကို ဒီနေ့ (ဇန်န၀ါရီ၁၁-၁၂) ရောက်တယ်။
အဓိကလုပ်ပေးဖြစ်တာက သူတို့တွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေး ကဏ္ဍပါ။

ဒီကဏ္ဍကို ကလေး၊ လူငယ်၊ အမျိုးသမီး ဆိုပြီး အကန့် ၃-ခု ပြန်ခွဲပြီး ပြောကြတော့ ကျွန်မ လူငယ်ဘက်ကို တာဝန်ယူခဲ့ရတယ်။ လူငယ်ဆိုပေမယ့် အသက် ၁၈ ကနေ ၃၅-၄၀ နှစ်အထိ ပါဝင်လာကြတယ်။
ပထမစစချင်းတော့ သူတို့တွေ ရင်ဖွင့်တာမှာ ပြောဆိုတာမှားသွားမှာ စိုးရိမ်တယ်ဆိုတဲ့ စိတ်လေး သူတို့မှာ ရှိနေတယ်။ ပြောရင်းနဲ့ နောက်ပိုင်းမှာ သူတို့တွေ ရင်းနှီးခင်မင်လာတယ်။

ရင်ဖွင့်ကြတာမှာ တချို့လူလတ်ပိုင်း အနည်းငယ်က မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုခဲ့ကြပြီး လူငယ် အများစုက နောက်ကြောင်းပြန် အကြောင်းအရာကို မပြောကြပဲ ဘ၀ရှေ့ခရီးအတွက် ပြောကြတယ်။ သူတို့မှာ မျှော်လင့်ချက် တောင်ပံအစုံကို တွေ့လိုက်ရတယ်။

သူတို့တွေ မျက်ရည်ကျငိုတာကို တည်ငြိမ်စွာ ပြန်ဆွေးနွေးပြောဆိုနိုင်တံ့စွမ်းရည်ကို အရှင်မြတ်ချီးမြှင့်မှုနဲ့ ကျွန်မ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။

နောက်ဆုံး သူတို့ပြောတဲ့စကားက ကျွန်မကို ပီတိဖြစ်စေခဲ့တယ်။


အဲ့ဒီစကားလုံးကတော့ 'နောက်တစ်ခါ လာမယ့်သူတွေက ဆရာမ(ဆရာမ မဟုတ်ပဲ မောင်နှမတွေသာဖြစ်လို့ ဆရာမ မခေါ်ဖို့ပြောပေမယ့် သူတို့တွေက ဆရာမလို့ပဲ ခေါ်ခဲ့ကြတယ်)လို စိတ်ရှည်တဲ့သူ ဖြစ်ပါ့မလား'တဲ့

ကျွန်မတကယ်ပီတိဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသူငယ်ချင်းတွေ ကျွန်မကို ပြောလေ့ရှိတယ် 'နင်စိတ်ဆတ်လွန်းတယ်၊ စိတ်ရှည်ရှည်ထားပါ'တဲ့။

အခြားသူတွေအပေါ် ကျွန်မ စိတ်မရှည်တာမျိုး ဖြစ်ခဲ့ဖူးရင်တောင် တကယ်လိုအပ်နေသူအတွက် လိုအပ်တဲ့အချိန်မှာ ကျွန်မ စိတ်ရှည်စွာနဲ့ လုပ်ဆောင်ပေးလိုက်နိုင်ပါလား ဆိုတဲ့ပီတိက ကျွန်မရင်မှာ နူးညံ့မှုကို ဖြစ်ပေါ်လာစေခဲ့တယ်။

နောက်အကြိမ်တွေမှာလည်း ကျွန်မ ပြန်ပါဝင်လာဖို့ ဖိတ်ခေါ်ကြတဲ့ စကားသံတွေက ကျွန်မရဲ့ နားစည်ကတဆင့် ဟိုးအနက်ရှိုင်းဆုံး နှလုံးသားထောင့် တစ်နေရာမှာ တွယ်ငြိလို့ သွားခဲ့ပြီ. .....

No comments:

Post a Comment