၁၄၂၈-ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ် အသံလွှင့်မိန့်ကြားသော တမန်တော်မြတ်ထေရုပ္ပတ္တိ
ရန်ကုန်ခရိုင် ဗမက အတွင်းရေးမှူး ဦးကိုလေး အသံလွှင့်သည်။ (၂၉.၁၀.၅၅)
ဒီကနေ့ဟာ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်တဲ့ မုဟမ္မဒ်သခင် ကိုယ်တော်မြတ်ရဲ့ မီးရှူးသန့်စင်ဖွားမြင်တော်မူတဲ့နေ့ ဖြစ်ပါတယ်။ ချမ်းမြေ့သာယာခြင်းအပေါင်း ကိုယ်တော်မြတ်အပေါ် သက်ရောက်ပါစေသောဝ်။
ဒီလိုနေ့ထူးနေ့မြတ်မှာ ကမ္ဘာကစံနမူယူလောက်တဲ့ တမန်တော်မြတ်ရဲ့ သက်တမ်းရာဇဝင် တစ်စိတ်တစ်ဒေသကို အသံလွှင့်ပြောကြားခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်စွာနဲ့ ဂုဏ်ယူမိပါတယ်။
တမန်တော်မြတ်ဟာ ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်က အာရေဗျတိုင်းပြည် မက္ကဟ်မြို့တော်မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ အမျိုးအနွယ်တော်ဟာဆိုရင်လည်း အာရေဗျတိုင်းပြည်မှာ အမြင့်မြတ်ဆုံး ကုရိုက်ရှ်အနွယ်တော်များဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့ ဖခမည်းတော် အဗ်ဒုလ္လာဟ်သခင်ဟာဆိုရင် တမန်တော်မြတ် ဖွားမြင်သန့်စင်တော် မမူခင်ကဘဲ ကွယ်လွန်တော်မူခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မယ်တော် အာမိနဟ်သခင်မဟာလည်း တမန်တော်မြတ် သက်တော် ၆ နှစ်မှာ ကွယ်လွန်ပြန်ပါတယ်။ မိတဆိုးဖတဆိုး တမန်တော်လောင်းကလေးကို ဘိုးတော်အဗ်ဒုလ်မုသွလိဗ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ ဘိုးတော်လည်း မကြာမီပဲ ကွယ်လွန်တော်မူတာနဲ့ ဘထွေးတော် အဗူသွာလိဗ်ကတစ်ခါ ဆက်လက်စောင့်ရှောက်ကြည့်ရှုခဲ့ရပါတယ်။
တမန်တော်မြတ်ဟာ ငယ်စဉ်က မိဘဘိုးဘွားတို့ရဲ့ အုပ်ထိန်းမှုကို မခံခဲ့ရသလောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘဘိုးဘွားတို့ရဲ့ သွန်သင်ဆုံးမဩဝါဒပေးမှုများကို မခံယူခဲ့ရတာ ထင်ရှားနေပါတယ်။ ပြီးတော့ တမန်တော်မြတ်ဟာ ငယ်စဉ်က ကျောင်းမှာလည်း ပညာရယ်လို့ မသင်ကြားခဲ့ရပါဘူး။ သက်တော် ၂ဝ အရွယ်ကို ရောက်တဲ့အခါမှာ ဘထွေးတော်နဲ့အတူ ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်တော်မူခဲ့ပါတယ်။ သက်တော် ၂၅ နှစ် ရောက်တဲ့အခါကျတော့ အသက် ၄ဝ အရွယ်ရှိတဲ့ အရဗ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ခဒီဂျဟ်သခင်မနဲ့ ထိမ်းမြားတော်မူခဲ့ပါတယ်။
တမန်တော်မြတ်ဟာ တမန်တော်မဖြစ်မီ အချိန်ကတည်းက ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒုစရိုက်အမှောင်ထုကြီးကို ဘယ်လိုဖြိုခွင်းတိုက်ဖျက်ရမလဲဆိုတာကိုလည်း အမြဲတစေ စဉ်းစားတွေးဆတော်မူလျက်ရှိခဲ့တယ်။ အရဗ်အမျိုးသားတို့ရဲ့ ခိုးဆိုးမှု၊ ညှဉ်းပန်းသတ်ဖြတ်မှုတွေကို အမြဲတစေ တားမြစ်တော်မူခဲ့ပါတယ်။ မုသားပြောခြင်း၊ ကတိဖျက်ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ အတင်းပြောခြင်း၊ ကုန်းချောခြင်း စတဲ့ မဖွယ်မရာမှုတွေကို အမြဲတစေ ပိတ်ပင်တော်မူခဲ့တယ်။
အတိုးစားခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်စော်ကားခြင်း၊ အဓိပ္ပာယ်ကင်းမဲ့တဲ့ ခဝပ်ကိုးကွယ်မှုပြုခြင်းတို့ကိုလည်း အပြင်းအထန် ရှုတ်ချတော်မူပြီး သဘာဝကျတဲ့ လမ်းစဉ်ရပ်တွေကိုသာ ညွှန်ပြနိုင်မယ့် တရားဒေသနာတော်တစ်ခု ပေါ်ပေါက်စေရေးကို လိုလားတောင့်တတော် မူခဲ့ပါတယ်။
တမန်တော်မြတ်ဟာ ကမ္ဘာကြီးနဲ့တကွ၊ ကမ္ဘာ့တန်ဆာပလာတွေဖြစ်တဲ့ မိုး၊ မြေ၊ နေ၊ လ၊ နက္ခတ်တာရာ၊ တော၊ တောင်၊ အဟိတ်တိရစ္ဆာန်တို့ကို ဖန်ဆင်းတော်မူသော အရှင်တစ်ပါးရှိရမယ်။ ဒီအရာတွေဟာ သူ့ဘာသာသူ ပေါ်ပေါက်လာတဲ့အရာတွေ မဟုတ်နိုင်ဘူးလို့ ယုံကြည်တော်မူခဲ့ပါတယ်။
တမန်တော်မြတ်ဟာ အချိန်ရှိသရွေ့ တွေးတောဝေဖန်တော်မူလေ့ရှိတယ်။ မက္ကဟ်မြို့နဲ့ ၃ မိုင်နီးပါးလောက်ဝေးတဲ့ ဟိရာလို့ခေါ်တဲ့ လိုဏ်ဂူတော်ကို ကြွမြန်းလေ့ရှိပြီး ညအိပ်ညဥ့်နေ တရားအားထုတ်တော်မူလေ့ရှိပါတယ်။ ဒီလိုနဲ့ တမန်တော်မြတ်ရဲ့ သက်တော်ဟာ ၄ဝ ပြည့်မြောက်လာပါတယ်။ သက်တော် ၄ဝ ပြည့်တဲ့အခါမှာ တမန်တော်မြတ်ဟာ ကမ္ဘာသူကမ္ဘာသား ဝေနေယျအများကို ကယ်တင်ရမယ့်တာဝန်ကို ထမ်းဆောင်ရပါတယ်။
ကောင်းကင်တမန် ဂျီဗ်ရာအီလ်ဟာ ထာဝရဘုရားသခင် အလ္လာဟ်အရှင်ရဲ့ ဗျာဒိတ်တော်ကို ယူဆောင်လာပြီး ဟိရာလိုဏ်ဂူတော်မှာရှိတဲ့ တမန်တော်မြတ်ထံ ရောက်ရှိလာပါတယ်။ ကောင်းကင်တမန် ဂျီဗ်ရာအီလ်က အလ္လာဟ်အရှင်ရဲ့ ဗျာဒိတ်တော်တွေကို တမန်တော်မြတ်အား စတင်ပို့ချပေးပါတယ်။ အဲဒီအချိန်မှာ တမန်တော်မြတ်ဟာ ပို့ချတဲ့ ဗျာဒိတ်တော်တွေကို ဖတ်ရွတ်သရဇ္ဈာယ်ခြင်းငှာ မစွမ်းနိုင်ခဲ့ပါဘူး။ ဒါနဲ့ ကောင်းကင်တမန်က ၃ ကြိမ် ၃ ခါ တိုင်တိုင် တမန်တော်မြတ်အား ပွေ့ဖက်လိုက်တဲ့အခါမှာ တမန်တော်မြတ်ဟာ ဖတ်နိုင်စွမ်းရှိတော်မူလာတယ်။
အဲဒီလို ကောင်းကင်တမန်က အာယသ် ဓမ္မစက်တွေကို ပို့ချပြီး ပြန်သွားတဲ့အခါမှာ တမန်တော်မြတ်ဟာ တုန်တုန်ယင်ယင်နဲ့ စံအိမ်တော်ကို ကြွမြန်းလာပြီး ကြင်ရာတော် ခဒီဂျဟ်ကို အမြန်စောင်ခြုံပေးဖို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ခဒီဂျဟ်သခင်မက အကြောင်းကို လျှောက်ထားမေးမြန်းတဲ့အခါမှာ တမန်တော်သခင်က ဖြစ်ကြောင်းကုန်စင်ကို မိန့်ကြားပြောဆိုတော်မူပြီး မိမိ၏အသက်အန္တရာယ်ကိုပင် စိုးရိမ်ဖွယ်ရှိနေကြောင်း မိန့်ကြားတော်မူတဲ့အခါမှာ ခဒီဂျဟ်သခင်မက ကိုယ်တော်ရဲ့ဂုဏ်ပုဒ်တွေကိုဖော်ပြပြီး စိုးရိမ်တော်မမူရန် အားပေးစကား ပြောကြားခဲ့ပါတယ်။
ဒါနဲ့ ခဒီဂျဟ်သခင်မဟာ ဆွေမျိုးနီးစပ်တော်တဲ့ ရှေးကျမ်းဂန်များကို တတ်ကျွမ်းနားလည်သူ ခရစ်ယာန်ဘာသာဝင် “ဝရကာဗင်န်နောင်ဖိလ်”ဆိုသူထံ သွားရောက်ပြီး အကြောင်းစုံ ပြောပြမေးမြန်းတဲ့အခါ၊ “ဝရကာဗင်န်နောင်ဖိလ်”က ဒါဟာ ကောင်းကင်တမန်ဖြစ်ရမယ်။ ယေရှုသခင်ထံလာရောက်တဲ့ ကောင်းကင်တမန်ပဲဖြစ်ရမယ်။ ဒီလိုဆိုရင် မုဟမ္မဒ်ဟာ တမန်တော်တစ်ပါး မုချဖြစ်ပြီလို့ ပြောကြားလိုက်လေတယ်။အဲဒီအခါမှာ ခဒီဂျဟ်သခင်မဟာ တမန်တော်မြတ်ထံပြန်သွားပြီး အကြောင်းစုံ လျှောက်ထားပြောကြားပါတယ်။
အဲဒီနောက် ကောင်းကင်တမန်ဟာ မကြာခဏ အချိန်အခါကိုလိုက်ပြီး ၂၃ နှစ်တိုင်တိုင် ဗျာဒိတ်တော်တွေကို ပို့ချပေးခဲ့ပါတယ်။ အဲဒီလို ပို့ချပေးခဲ့တဲ့ ဗျာဒိတ်တော်တွေဟာ ဒီကနေ့ ကမ္ဘာ့မွတ်စ်လင်မ်တိုင်း လိုက်နာကျင့်သုံးနေရတဲ့ ကုရ်အာန်အဖြစ်နဲ့ မူရင်းအတိုင်း ရှိနေပါတယ်။ အဲဒီဗျာဒိတ်တော်တွေဟာ ကမ္ဘာပျက်သည်အထိ အပြောင်းအလဲ ဖြစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
တမန်တော်မြတ်ဟာ ၂၃ နှစ်တိုင်တိုင် အစ္စလာမ်သာသနာတော်ကို ဖြန့်ချိခဲ့ပါတယ်။ အစ္စလာမ်သာသနာတော်ကို ဖြန့်ချိတဲ့နေရာမှာလည်း အနှောင့်အယှက်အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရန်သူတွေဟာ တမန်တော်မြတ်ကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ တမန်တော်မြတ်ဟာ ရန်သူတွေရဲ့ ဘေးအန္တရာယ်ကို မခံရပ်နိုင်လို့ မက္ကဟ်မြို့နဲ့ မိုင်ပေါင်း ၂၇ဝ လောက်ဝေးတဲ့ မဒီနဟ်မြို့ကို ရွှေ့ပြောင်း စံနေတော်မူခဲ့ရပါတယ်။ ရန်သူတွေကလည်း မဒီနဟ်မြို့အထိလိုက်ပြီး တမန်တော်မြတ်ကို အမျိုးမျိုးအဖုံဖုံ ဒုက္ခပေးကြတယ်။ သို့သော်လည်း တမန်တော်မြတ်ဟာ သည်းခံနိုင်သမျှ သည်းခံတော်မူပြီး မိမိရဲ့ တိကျမှန်ကန်တဲ့လမ်းစဉ် အောင်မြင်မှုကိုသာ ကြိုးပမ်းတော်မူခဲ့ပါတယ်။
ရန်သူတွေက စစ်ဆင်နွှဲခဲ့ကြလို့ တမန်တော်မြတ်ဟာ ခံစစ်ဘဝနဲ့တောင် နေခဲ့ရတယ်။ အမှန်ရောက်လျှင် အမှားဟာ ပျောက်ကွယ်ရမြဲ ဓမ္မတာလိုပဲ အစ္စလာမ်သာသနာတော် ရောက်ရှိလာတာနဲ့ တစ်ပြိုင်နက် သဘာဝနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းအားလုံးဟာ လုံးဝပျောက်ကွယ် ဆိတ်သုဉ်းသွားရပါတယ်။
တမန်တော်မြတ်ဟာ အောင်ပန်းကို ဆွတ်ခူးတဲ့အနေနဲ့ မက္ကဟ်ရွှေမြို့တော်ကို သွေးတစ်စက်မှ မကျဘဲ သိမ်းယူ အောင်နိုင်တော်မူခဲ့ပါတယ်။
အဲဒီနောက် တစ်စတစ်စ အစ္စလာမ်သာသနာတော်ကြီး ထွန်းကားလာခဲ့တာဟာ ဒီကနေ့ဆိုရင် ကမ္ဘာပေါ်မှာ အစ္စလာမ်ဦးရေဟာ သန်းပေါင်း ၉ဝဝ ကျော်လောက် (၁၉၅၅ ခုနှစ်က)၊ (၂ဝ၁၂ ခုနှစ်တွင် သန်းပေါင်း ၂ဝ၁၃.၆၂ ကျော်) ရှိနေပြီး တိုင်းပြည်အသီးသီးနဲ့ လူမျိုးအသီးသီးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ပေါ်ပေါက်လာတဲ့ အခြေအထိ ရောက်ရှိခဲ့ပါတယ်။
နှစ်ပေါင်းတစ်ထောင်ကျော်လောက် အချိန်ကာလ အတောအတွင်းမှာ အစ္စလာမ်သာသနာတော်ဟာ ဒီလောက် တိုးတက်ပြန့်ပွားလာနိုင်တဲ့အကြောင်း အခြေခံကို ဆန်းစစ်ကြည့်မယ်ဆိုရင် အစ္စလာမ်ဘာသာရဲ့ သဘာဝကျမှုကြောင့် ဖြစ်တယ်ဆိုတာ လူတိုင်းဝန်ခံကြရပါလိမ့်မယ်။
အစ္စလာမ်သာသနာတော်ဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သာသနာဖြစ်တယ်ဆိုတာ လေ့လာကြည့်သူတိုင်း သိနိုင်ပါတယ်။ အစ္စလာမ်သာသနာဟာ လောကီ၊ လောကုတ္တရာ နှစ်ဌာနလုံးကို ရှေ့ရှုညွှန်ကြားတဲ့ သာသနာဖြစ်ပါတယ်။ လောကုတ္တရာအကျိုးအတွက် လောကီအကျိုးတွေကို စွန့်လွှတ်ရမယ်၊ လောကီအကျိုးအတွက် လောကုတ္တရာအကျိုးတွေ ဘေးချိတ်ထားရမယ်လို့ လုံးဝမဆိုပါဘူး။ လောကီသက်တမ်းတစ်လျှောက်လုံးမှာ လောကီရေးရော လောကုတ္တရာရေးပါ ဒွန်တွဲပြီး ဆောင်ရွက်သွားကြဖို့ ညွှန်ကြားပါတယ်။ ထိမ်းမြားလက်ထပ်ခြင်း၊ စီးပွားရှာဖွေခြင်း ဆိုတာတွေဟာလည်း တရားတော်ရဲ့ ညွှန်ကြားချက်များဖြစ်ပါတယ်။
ဒါကြောင့် အစ္စလာမ်သာသနာတော်က ကြီးပွားရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးရာ အဖြာဖြာနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ချမှတ်ထားပြီး လူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားအပြင်၊ မွေးမြူဖန်ဆင်းတဲ့ အရှင့်ဝတ္တရား၊ မိဘဝတ္တရား၊ သားမယားဝတ္တရား၊ ဆွေမျိုးဉာတကာတို့ရဲ့ဝတ္တရား၊ အိမ်နီးချင်းဝတ္တရား၊ ရပ်ကွက် မြို့ရွာ တိုင်းပြည်ရဲ့ဝတ္တရား စတဲ့ဝတ္တရားတွေနဲ့ သက်ဆိုင်တဲ့ တာဝန်တွေကို တိတိကျကျ လိုက်ကြရမယ်လို့ ညွှန်ကြားထားတယ်။
ပညာရေးဟာ ဘယ်လောက်အရေးကြီးတယ်။ စီးပွားရေးကို ဘယ်လိုဖန်တီး ရှာဖွေရမယ်၊ ဘယ်လိုယဉ်ကျေးမှုမျိုးကို ကျင့်သုံးရမယ်၊ အချင်းချင်း ဘ်ာလိုဆက်ဆံရမယ်ဆိုတဲ့ အချက်တွေကိုလည်း တိတိကျကျ ပြတ်ပြတ်သားသား ညွှန်ကြားချက်တွေ ရှိပြီးဖြစ်ပါတယ်။
တစ်ပါးတည်းသော အလ္လာဟ်အရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူမရှိ၊ တမန်တော်မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်ရဲ့ စေလွှတ်တော်မူသော တမန်တော်ဖြစ်တယ်ဆိုတဲ့ အခြေခံယုံကြည်ချက်ကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးနဲ့ ရွတ်ဖတ်သက်ဝင်ယုံကြည်မှ ထိုပုဂ္ဂိုလ်ဟာ မွတ်စ်လင်မ်ပီသနိုင်မယ်။ ယုံကြည်ချက်ဟာ အပြောလွယ်သလောက် လုပ်ဖို့ရာ မလွယ်ကူပါဘူး။ ကျမ်းမြတ်ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ ဩဝါဒတွေအတိုင်း တိတိကျကျ အစ္စလာမ်ဘာသာဝင်များ လိုက်နာပြနိုင်ဖို့ အရေးကြီးပါတယ်။
တမန်တော်မြတ်ရဲ့ ဩဝါဒတွေဟာ ခေတ်တိုင်း ခေတ်တိုင်းနဲ့ ကိုက်ညီပါတယ်။ ဥပမာ = ချွေးမခြောက်မီ လုပ်ခပေးရမည်။ မိမိအိမ်နီးချင်းမှ ဆင်းရဲသားကို ကြည့်နေနိုင်သူသည် မွတ်စ်လင်မ်မဟုတ် စသည်ဖြင့် အလွန် တောက်ပတဲ့ ဩဝါဒပေါင်း မြောက်မြားစွာကို ပေးတော်မူခဲ့တယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ ဩဝါဒတွေကို တိတိကျကျ လိုက်နာကြပြီး တမန်တော်မြတ်အား အစဉ်သတိရကြပါ။ ထာဝစဉ် ဆွလဝါသ် စလာမ်ပို့ပြီး ကျေးဇူးဆပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဗမာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာတော်မူကြပါစေ။
ဦးကိုလေး (အတွင်းရေးမှူး၊ ဗမက ရန်ကုန်ခရိုင်)
၂၉.၁ဝ.၁၉၅၅
Muslim Youth Union မှ ပြန်လည်ကူးယူပါသည်။
No comments:
Post a Comment