ဒီကမ္ဘာလောကကြီးပေါ်မှာ ပင်လယ် တောတောင်ခြားပြီး တစ်နေရာစီမှာ ရှိနေကြတဲ့ လူ ၂ -ယောက် အမှတ်တမဲ့ ဆုံတွေ့ဖို့ဆိုတာ တကယ်တမ်းမှာ မလွယ်ကူလှပါဘူး။
ဒီလိုပါပဲ … အကြောင်းကိစ္စရပ်တစ်ခုကြောင့် အမှတ်မထင် အခိုက်အတန့် ဆုံဖြစ်ကြတဲ့ သူနဲ့ ကျမတို့ ၂-နှစ်ယောက်ဟာလည်း ဘ၀တစ်လျှောက်လုံးစာ ထာဝရလက်တွဲဖော်အဖြစ် လက်တွဲခဲ့ကြသူတွေ ဖြစ်လာလိမ့်မယ်လို့ တွေးထင်မထားခဲ့မိဘူးလေ ….. ။
* * * * * * * * *
“ငါ့သူငယ်ချင်းတစ်ယောက် စင်္ကာပူမှာနေတာ၊ သူမြန်မာပြည်ကို ခဏပြန်ဖို့ရှိတယ်။ နင်တို့ စာကြည့်တိုက်အတွက် စာအုပ်တွေ လာလှူလိမ့်မယ်၊ နင့်ဖုန်းနံပါတ် ပေးထားတယ်”လို့ပြောလာတော့ အင်း … သူငယ်ချင်းပြောတဲ့ နာမည်တော့မြင်ဖူး သိဖူးနေတာ လူတော့ မရင်းနှီးဘူး။ ရတယ် ပေးလိုက်ပါလို့ပြောလိုက်တယ်။
နောက်တော့ သူ(သူငယ်ချင်းရဲ့ သူငယ်ချင်း) မြန်မာပြည်ရောက်ပြီး စာကြည့်တိုက်အတွက် စာအုပ်တွေလာပေးတော့ မိတ်ဆက်ရင်း၊ visiting card တွေ အပြန်အလှန်ပေးရင်း စာကြည့်တိုက်အကြောင်း စကားတွေပြောဖြစ်ကြရင်း ခင်မင်သွားခဲ့တယ်။
သူပြန်သွားပြီးနောက် အကြောင်းအရာ တိုက်ဆိုင်မှုရှိလာတဲ့အခါတွေမှာ အွန်လိုင်းကနေ ဆွေးနွေးကြရင်း ပိုမို ခင်မင်သွားခဲ့တယ်။ သူနဲ့ ကျမ စိတ်ဝင်စားရာ၊ ၀ါသနာတူရာ၊ စိတ်ကူးမိရာ၊ ဦးတည်ရာတချို့နဲ့ အကြောင်းအရာကိစ္စရပ် တော်တော်များများကို အွန်လိုင်းကနေ ဆွေးနွေးတဲ့အခါ ကျမ မသိသေးတာတွေ အများကြီးကိုလည်း သူ့ဆွေးနွေးမှုတွေကနေတဆင့် လေ့လာ မှတ်သားရင်း ကျမအတွက် အသိပညာ တိုးလာတတ်သလို သူနဲ့ ကျမ ရှုထောင့်မတူတဲ့ အရာတစ်ခုကိုဆိုလည်း အငြင်းအခုန် ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးနေတဲ့အချိန် ငြင်းခုန်ရန်ဖြစ်လေ့ရှိပေမယ့် ဆွေးနွေးပြီးရင် ငြင်းခုန်ပြောဆိုခဲ့တာ ကိုယ်တွေမဟုတ်သလိုနဲ့ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးခဲ့ကြတယ်။
နောက်ပိုင်း သူမြန်မာပြည်ကို တစ်လတစ်ခါလောက် ပြန်လာလေ့ရှိပြီး သူပြန်လာတိုင်း ကျမ အလုပ်နေရာကို ရောက်လာလေ့ရှိတယ်။ သူလာရင် အပြင်သွား တစ်ခုခုစားမယ် သောက်မယ် ပြောခဲ့ကြပေမယ့် နောက်ပိုင်းမှာ မီဒီယာဘက် အာရုံများနေတဲ့ ကျမက သူလာတဲ့အခါတိုင်း အမြဲတမ်း မအားမလပ်ဖြစ်နေတော့ သူလည်း ရုံးကိုလာ၊ ကျမက အလုပ်စားပွဲကနေ ထိုင်ရာမထပဲ စကားပြောပြီး သူ ပြန်ပြန်သွားရတယ်။
* * * * * * * * *
သူက ကျမနဲ့ လူချင်းဆုံပြီး မျက်နှာချင်းဆိုင် ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သလို ကျမ စင်္ကာပူကို အလည်ရောက်တဲ့အချိန်က သူဖွင့်ပြောလိုက်ရင် အခွင့်အရေးယူသလို ဖြစ်မှာစိုးတဲ့အတွက် မြန်မာပြည်ကို အခေါက်ခေါက် အခါခါပြန်လာပြီး ဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမယ့် အမြဲတမ်း မအားမလပ်၊ အလုပ်များနေတတ်တဲ့ ကျမရဲ့ သူ့ကို ပေးမယ့်အချိန်ကို မစောင့်နိုင်တော့လို့ အခုတော့ အီးမေးလ်ပဲ ပို့လိုက်တော့တယ် ဆိုတာကြောင့်လည်း သူ့ရဲ့ ဂွတီးဂွကျစိတ်ကို သိနေတဲ့ ကျမ ရီမိပြန်တယ်။
သူနဲ့ ကျမက တစ်ယောက်အကြောင်း တစ်ယောက် တော်တော်လေးလည်း သိထားကြသူတွေဖြစ်သလို အမြဲတမ်း ငြင်းခုန် ရန်ဖြစ်ရင်းနဲ့ စကားပြောမညက်ပဲ လူများများနဲ့ တရင်းတနှီးမနေတတ်တဲ့ သူ့စိတ်ဓါတ်ကို ကျမ နားလည်လာခဲ့တယ်လေ။
ကျမက volunteer လုပ်ငန်းတွေမှာ ထက်သန်စွာ ပါဝင်တတ်သူဖြစ်သလို လူအများစုနဲ့ ခင်ခင်မင်မင် ပြောဆိုရင်းနှီးတတ်သူဖြစ်တော့ သူနဲ့ ကျမ အမူအကျင့်စရိုက်မတူတဲ့အပေါ် သူ့အနေနဲ့ ကျမကို တကယ်နှစ်သက်တာ ဟုတ်ရဲ့လားဆိုတာ သူကိုယ်တိုင် အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားသုံးသပ်ပြီး သူ့ကိုယ်သူ သေချာပြီဆိုတဲ့အချိန်မှာမှ ကျမကို ချစ်ခွင့်ပန်တယ် ဆိုတာထက် ဘ၀ကို အတူလက်တွဲ လျှောက်လှမ်းဖို့ ကမ်းလှမ်းတာတဲ့လေ။
ကျမလည်း သူ့အကြောင်း တော်တော်များများ သိထားပြီးသလို သူ့စိတ်ဓါတ်ကိုလည်း သိနေတာကြောင့် ဘ၀တစ်ခုတည်ဆောက်ဖို့ အခြေခံလိုအပ်ချက်တွေ ပြင်ဆင်နိုင်ပြီးလားဆိုတာရယ် ကိုယ့်ကိုယ်ကို သေချာဖို့အတွက်ရယ် အချိန်ယူမယ်။ ကိုယ်တိုင် သေချာပြီဆိုရင် အိမ်ပြန်တဲ့အခါ အဖေ့ကို အရင်ဆုံးပြောပြပြီး အဖြေပေးမယ်၊ ပေးတဲ့အဖြေက သူမျှော်လင့်သလို ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ ဒီကြားထဲ အချိန်ကာလအတွင်း မီဒီယာကိစ္စတွေနဲ့ စိတ်ရှုပ်နေတဲ့အချိန်မှာ စဉ်းစားဦးမှာမဟုတ်လို့ မျှော်လင့်ချက် တအားမထားဖို့ သူ့ကိုပြောခဲ့တယ်။
* * * * * * * * *
ညဘက်ကျ သူ့ဆီက message ရောက်လာတယ်။ စ-လုံးမှာ မနက်ဖြန်ရောက်ပြီ တဲ့လေ။ မြန်မာနိုင်ငံမှာက နောက်ရက်ကူးဖို့ အချိန်လိုသေးတယ် စောင့်ဦးလို့ဖြေရင်း ကျမလည်း အိပ်ပျော်သွားတယ်။ မနက်မိုးလင်း အိပ်ယာနိုးမှ ဖုန်းကို ကြည့်မိတော့ သူ့ခမျာ ညလုံးပေါက်နီးပါး စောင့်နေတာပဲလို့ တွေးရင်း နင် လက်ထပ်ခွင့်ကို လက်ခံတယ်။ လောလောဆယ်တော့ မချစ်သေးဘူး။ ဒါပေမယ့် ငါ လက်ထပ်မယ့်သူ တစ်ယောက်ကို ချစ်နိုင်အောင် ကြိုးစားမယ်လို့ အဖြေပေးတဲ့ မတ်စေ့ပြန်ပို့လိုက်တယ်။
ဒီလိုနဲ့ပဲ ကျမတို့ ၂-ယောက် အရင်လို ပြောဆိုဆွေးနွေးမှုတွေကနေ နှစ်ယောက်ပေါင်း ဘ၀တစ်ခုထူထောင်ဖို့ ပြောဆိုတိုင်ပင်ကြရင်း သံယောဇဉ်က တိုးတိုးလာခဲ့တယ်။ ဘ၀လက်တွဲဖော်ဖြစ်လာမယ့် ယောက်ျားတစ်ယောက်က ကိုယ့်အပေါ် ဂရုတစိုက်နဲ့ ကြင်နာယုယ တာကို မနှစ်မြို့တဲ့ မိန်းကလေးရှိနိုင်ပါ့မလား။ ကျမအပေါ် သိပ်ချစ်ပြီး အစစအရာရာ ဂရုစိုက်ပေးနေတော့လည်း ဒီလိုနဲ့ပဲ ချစ်သူတွေ ဖြစ်လာခဲ့ကြတာပေါ့။
ချစ်သူဘ၀သက်တမ်းမှာလည်း ကျမအပေါ် သူ့ရဲ့ ဂရုစိုက်မှု၊ ကြင်နာ ဖေးမမှုတွေကို အသိအမှတ်ပြုမိသလို စကားပြောမညက်ပြီး လူတွေနဲ့ တရင်းတနှီး ခင်မင် မပေါင်းသင်းတတ်တာက လွဲရင် လူတော်လူကောင်း တစ်ယောက်ဖြစ်တဲ့ သူ့ကို ကျမ ချစ်မိလာခဲ့တယ်။
* * * * * * * * *
ဒီလိုနဲ့ ရှေးထုံးတွေကို တတ်နိုင်သလောက် ဖယ်ရှားရင်း ကျမတို့ ၂-ယောက်ရဲ့ မင်္ဂလာအခန်းအနားလေးကို ၂၀၁၄-ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့နဲ့ (၂၈) ရက်နေ့တွေမှာ ကျမတို့ ၂-ယောက်ရဲ့ ဇာတိမြို့လေးတွေမှာ ကျင်းပဖြစ်ခဲ့ကြတယ်လေ။
သူနဲ့ ကျမတို့က ဘုရားသခင် အလိုတော်တူလို့ ပေါင်းဖက်ဆုံစည်းခွင့် ရခဲ့ကြပြီဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်မိသလို ကျမတို့ကို နားလည်ပေးနေတဲ့ ချစ်ခင်ကြတဲ့ နှစ်ဘက်သော မိဘမောင်နှမတွေကိုလည်း ကျေးဇူးတင်မိတယ်။
* * * * * * * * *
စိတ်မှာ တကယ်ကို ဖြစ်ချင်၊ လိုချင်တဲ့ လိုအင်တွေရှိခဲ့ရင်လည်း ဘယ်သူ့ကိုမှ မတောင်းဆိုတတ်ပဲ ကိုယ်တိုင်ဖြစ်အောင်ပဲ ဆောင်ရွက်ခဲ့ရတဲ့ အကျင့်ရှိခဲ့ ကျမ ဘယ်ကိစ္စမဆို သူ့ကို မတောင်းဆိုပေမယ့် သူ့ဘက်က အလိုက်တသိနဲ့ ကျမစိတ်ကြည်လင်စေဖို့ ဆောင်ရွက်ပေးတာတွေကလည်း ကျမကို ကျေနပ် ပျော်ရွှင်စေခဲ့တာတွေပဲလေ။
ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ သူနဲ့ ကျမရဲ့ ချစ်ခြင်းတွေ ထာဝစဉ်တည်မြဲပြီး ဘ၀လက်တွဲဖော်အဖြစ် ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်ရပါစေသားရယ်လို့ ကျမဆန္ဒပြု မျှော်လင့်လျက်ပါ …. ။
No comments:
Post a Comment