Sunday, March 29, 2015

ငှက်အခွင့်အရေး


စင်္ကာပူကို ရောက်စ တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ လမ်းလျှောက်ထွက်ရင်းနဲ့ foodcourt တစ်ခုအနားက ဖြတ်တဲ့အချိန် 'ကျလိ ကျလိ ... ကျိကျိ' ဆိုတဲ့ ငှက်အော်သံတွေ ကြားရတာနဲ့ မျက်လုံးဝေ့၀ဲ စူးစမ်းမိတော့ ငှက်လှောင်အိမ်တွေ တန်းစီချိတ်ထားတာ တွေ့လိုက်ရတယ်။

ငှက်ရောင်းတဲ့ဆိုင်လား ဒါမှမဟုတ် ငှက်တွေမွေးထားပြီး အလှပြထားတာလား မသိဘူးလို့ ထင်လိုက်တယ်။ အဲဒီကနေ ဆက်လျှောက်လာရင်းနဲ့ တချို့လည်း လမ်းလျှောက်၊ တစ်ချို့လည်း စက်ဘီးလေးနဲ့ ငှက်လှောင်အိမ်လေးတွေကို အပေါ်က cover လေးတွေနဲ့ အုပ်ပြီး ယူလာနေကြတာ မြင်ရတယ်။ သြော် ... ငှက်ပြပွဲ ဒါမှမဟုတ် ငှက်ရောင်းတဲ့နေရာ သွားကြတာဖြစ်မယ်။ ဒါပေမယ့် လူအများစုက တစ်ချိန်တည်းမှာ ယူသွားနေကြတာဆိုတော့ ထူးဆန်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိတယ်။


မကြာခဏ တနင်္ဂနွေနေ့လို ရက်တွေမှာ အဲ့ဒီနေရာ ရောက်တိုင်းလည်း ဒီလိုပဲ တွေ့နေရတယ်။ တချို့က ငှက်လှောင်အိမ်လေးတွေကို ယူလာပြီး ချိတ်တွေနဲ့ ချိတ်ထားနေကြသလို တချို့လည်း ငှက်လှောင်အိမ်လေးတွေကို ချိတ်ကနေ ဖြုတ်ပြီး ပြန်ယူသွားတာ တွေ့ရတယ်။

နောက်ပိုင်းမှ သိလာရတာက ငှက်ရောင်းတာလည်း မဟုတ် ငှက်ပြပွဲလည်း မဟုတ်ပဲ ကိုယ့်အိမ်မှာ မွေးထားတဲ့ ငှက်ကလေးတွေကို တခြားငှက်ကလေးတွေနဲ့ ဆုံလို့ရအောင် ငှက်တွေအချင်းချင်း ဆုံပေးကြတယ်တဲ့လေ။ အိမ်မှာပဲ လှောင်အိမ်ထဲမှာ တစ်ကောင်တည်း နေနေရတဲ့ ငှက်လေးတွေကလည်း ဒီလိုနေ့ ဒီလိုအချိန်မှာ တခြားငှက်တွေအများကြီးနဲ့ ဆုံတွေ့ရလို့လား မပြောတတ်ဘူး ငှက်တို့ဘာသာဘာဝ ပြောလိုက်ကြတဲ့စကားတွေ ကျလိ ကျလိတွေရော ကျိကျိတွေရော ရွှီရွှီဆိုတဲ့ အသံတွေရော သံစုံပေးပြီး လှောင်အိမ်ထဲမှာ လူးလာပျံသန်း မြူးထူးနေကြလေရဲ့ .... ။

စင်္ကာပူမှာ အနေကြာသူတွေအတွက် ဒီလို ငှက်အခွင့်အရေးပေးတာမျိုးက အထူးအဆန်းမဟုတ်ပေမယ့် တောသူမြို့တက် ကျမအတွက်ကတော့ အထူးအဆန်းဖြစ်လို့နေပါတယ် .....

ဒါကို မြင်ရတော့ .... "သြော် - သူများနိုင်ငံတွေမှာများ လူ့အခွင့်အရေးမပြောနဲ့ တိရိစ္ဆာန်အခွင့်အရေးတောင် တင်းပြည့်ကျပ်ပြည့် ရကြတာပါလား။ တို့နိုင်ငံကတော့ တိရိစ္ဆာန်မပြောနဲ့ လူသားတောင် လူ့အခွင့်အရေးကို ကျပ်ပြည့်ရဖို့မဆိုနဲ့ တစ်မတ်ဖိုးတောင် မရကြဘူး"ဆိုတဲ့ အတွေးဝင်မိပါရဲ့။

No comments:

Post a Comment