(ဂျင်းဘောင်းဘီရယ်၊ တီရှပ်ရယ်၊ မိုးကာအင်္ကျီရယ်၊ နေကာမျက်မှန်ရယ်၊ ကျောပိုးအိတ်ရယ်နဲ့ သွားလာခဲ့ရတဲ့ဘ၀လေး)

ရှေ့က ဆိုင်ကယ်တွေ မောင်းသွားလို့ တစ်လမ်းလုံး ဖုံတွေထောင်းထောင်းနေတဲ့ကြားထဲသွားရတော့ ဒီလိုပုံစံနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်မှု ယူရတယ်။
အဲ့ဒီအချိန်ကတော့ အဲ့ဒီနေရာက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာပေါ့။ အခုကတော့ စစ်ပွဲတွေဖြစ်ပြီး ဒုက္ခသည်တွေ များပြားနေတဲ့ နေရာတစ်ခု ဖြစ်နေပြီလေ။ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ထဲက တခြားသောရွာတွေနဲ့ အလှမ်းဝေးလွန်းလှပြီး ဟိုးတောင်ပေါ်မှာ ရှိနေတဲ့ ရွာငယ်လေးတွေပေါ့။
အဲ့ဒီနေရာတွေကို သွားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတင် ခွင့်တောင်းပြီး ခွင့်ပြုချက် စာယူရတယ်။ ပြည်သူ့စစ်ဆိုတာနဲ့အတူ သွားဖို့ သူ့ခွင့်ပြုချက်စာကို ကိုင်ပြီး ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ သူကြီးတွေဆီ အဆင့်ဆင့် ခွင့်တောင်းပြီး မှ သွားရတယ်။
တောင်ပေါ်တက်ဖို့က ခြေကျင်လျှောက်တက်ရင် နေ့ဝက်နီးပါးကုန်မယ်၊ ကားလမ်းမရှိဘူး။ ဒါကြောင့် ဆိုင်ကယ်ကယ်ရီ (အဲ့မှာတော့ ဆိုင်ကယ်တက္ကစီမရှိဘူး။) တွေငှားစီးပြီး လမ်းမရှိတဲ့ တောင်ကမ်းပါးစွန်းမှာ ခဲရာခဲဆစ်ခရီးကို သူတို့က ကျွမ်းကျွမ်းကျင်ကျင် မောင်းပို့ပေးတယ်။ လုံးဝ မတ်စောက်နေတဲ့ တောင်ပေါ်ကိုတက်တော့ ဆိုင်ကယ်နောက်ကနေ ပက်လက်ပြုတ်ကျသွားမှာစိုးလို့ ဆိုင်ကယ်ဖင်ထိုင်ခုံကို လက်ပြုတ်မတတ် စွဲကိုင်ထားပြီးလိုက်ရတယ်။ ကျောက်ခဲတစ်လုံးကို တက်နင်းမိလို့ ဆိုင်ကယ်တစ်ချက် ချော်သွားတာနဲ့ ဘေးက ချောက်ထဲ ထိုးဆင်းသွားနိုင်တဲ့ ဆိုင်ကယ် နောက်ကထိုင်လိုက်ရင်း တစ်လမ်းလုံး ဘုရားစာရွတ်လို့ပေါ့။
တောင်ပေါ်ရွာလေးမှာတော့ ဘိန်းအစားထိုး လ္ဘက်ပင်တွေ အများကြီးစိုက်ထားပေမယ့် တောထဲကခူးထားကြတဲ့ ဘိန်းသီးတွေကိုတော့ အိမ်ရှေ့ကွင်းပြင်တွေမှာ နေပူလှန်းထားကြတယ်။
တောင်ပေါ်ဒေသရဲ့ တောင်ပေါ်က တောင်ထိပ်မှာရှိတဲ့ ရွာကလေးပီပီ သောက်ရေသုံးရေ အလွန်ခက်ခဲတယ်။ သောက်ရေအတွက် ရွာရဲ့ ထိပ်ဆုံးအပိုင်းမှာ တူးထားတဲ့ ရေကန်ကြီးထဲကို မိုးတွင်းကာလမှ ရေလှောင်ပြီး ကျန်တဲ့အချိန်တွေအတွက် သောက်ရတယ်။ သုံးရေအတွက်ကတော့ တောင်ပေါ်ကနေ တောင်အောက်ကို ၄၅-မိနစ်လောက်ဆင်းတဲ့နေရာမှာ ရှိနေတဲ့ တောင်ကျစမ်းချောင်းလေး မှာ ၁၀ ဂါလံပုံးတစ်ပုံစာ ရေရဖို့ ၁-နာရီနီးပါး ရေခံရတယ်။ အဲ့ဒီရေပုံးကို ထမ်းပြီး တောင်ပေါ်တက်တော့ ၁-နာရီလောက် ကြာပြန်တယ်။ အဲ့လိုနဲ့ ရေသုံးရတော့ ရေဆိုတာ သူတို့အတွက် အသက်ပဲ။ (ဒါကြောင့်ရယ် ရာသီဥတု အေးတာရယ်ကြောင့် ထင်ပါရဲ့ ရေချိုးတာကို မေးကြည့်တော့ တစ်လမှ တစ်ခါလောက်ပဲ ရေချိုးကြတယ်တဲ့။)
ရေမရှိ၊ မီးမရှိ၊ တပိုင်တနိုင်စိုက်တဲ့ အသီးအရွက်၊ တောလိုက်လို့ရတဲ့ သားကောင်ကို ကြပ်ကင်ပြီး နှစ်ပေါက်ထားစားတဲ့ ရိုးရာမပျက် နေနေပြီး မပျော်ရွှင်ကြတဲ့ ဘ၀တွေ အများကြီးတွေ့ခဲ့ရတယ်။
ဒီခရီးလမ်းကို ပြန်တွေးမိတိုင်း ရင်တုန်တယ်။ အဲ့ဒီတုန်းက ငါဘာလို့များ အကြောက်အလန့်မရှိခဲ့တာပါလိမ့်လို့ တွေးမိတော့ မကြောက်တာတော့ မဟုတ်ပဲ တာဝန်ဆိုတာရယ် စူးစမ်းလေ့လာချင်တဲ့ စိတ်ရယ်က ကြောက်စိတ်ကို လွှမ်းမိုးနေခဲ့တာပဲဖြစ်မယ်။
အဲ့ဒီအချိန်လေးတွေကို တွေးမိတိုင်း တမ်းတတာ မဟုတ်ပေမယ့် လွမ်းမိတာတော့ အမှန်ပဲ .... ။

No comments:
Post a Comment