Tuesday, June 09, 2015

Facebook ခေတ်ကာလ

ဘယ်နာမည်ကြီး တစ်ယောက်ကတော့ မွတ်စလင်ကနေ ဗုဒ္ဓဘာသာဖြစ်သွားတယ်ဆိုပြီး FB မှာ တက်လာတော့လည်း ဗုဒ္ဓဘာသာဝင်တွေ ဘာမှ စဉ်းစားတွေးတော့ မနေပဲ အဲ့ဒီပို့စ်ကို ဂုဏ်ယူပြီး share လိုက်ကြတာ သောက်သောက်လဲ .... ။


အဲ့လိုပဲ ... ဘယ်နာမည်ကြီးတစ်ယောက်ကနေ ဗုဒ္ဓဘာသာကနေ မွတ်စလင်အဖြစ်ကူးပြောင်းသွားတယ်ဆိုပြီး သတင်းတက်လာတော့လည်း မွတ်စလင်တွေကလည်း ဘာမှ စဉ်းစားတွေးတော့ မနေပဲ share လိုက်ကြ၊ ဂုဏ်ယူလိုက်ကြတာ သောက်သောက်လဲ .... ။

ဘာသာခြားတစ်ယောက်က ကိုယ့်ဘာသာထဲ ၀င်လာပြီဆို ပျော်ပြီး ၀မ်းသာ ဂုဏ်ယူကြတယ်။ ကိုယ့်ဘာသာထဲကနေ အခြားဘာသာကို ကူးပြောင်းသွားပြီဆိုရင်တော့ အဲ့ဒီလူက သာသနာမရှိဘူး၊ သာသနာဖျက်၊ ဘယ်လို ဘယ်ညာ ဘယ်ချမ်းသာဆိုပြီး ရစရာမရှိအောင် ပြောဆိုပြီး ဆဲဆိုမှုတွေကအစ ပါလာတော့တယ်။



တကယ်တမ်းတော့ ဘာသာတရားဆိုတာ လူတစ်ယောက်ချင်းစီရဲ့ စိတ်နှလုံးသားနဲ့ ယုံကြည်ရတဲ့အရာပါ။
ဘာသာတရားနဲ့ ဘုရားသခင်ကို ယုံကြည်မှုဟာ စိတ်နှလုံးသားထဲကသာ ဖြစ်လို့ လူတစ်ယောက်ရဲ့ အပေါ်ယံဖြစ်စဉ်ကိုကြည့်ပြီး သူကတော့ ဘယ်ဘာသာကို ကူးပြောင်းသွားပြီလို့ စိတ်မှန်း ပြောဆိုလို့ မသင့်ပါဘူး။ အဲ့ဒီလူရဲ့ ဖွင့်ဟပြောကြားချက်နဲ့သာ သူဘယ်ဘာသာတရားကို သက်ဝင်ယုံကြည်တယ်ဆိုတာ လက်ခံပေးရမှာပါ။

ကျွန်မကတော့ ကိုယ်သက်ဝင်ယုံကြည်တဲ့ ဘာသာတရားထဲကို အခြားဘာသာက လူတစ်ယောက်ပြောင်းလဲ သက်ဝင်လာလို့လည်း ဂုဏ်မယူဘူး။ ကိုယ်ယုံကြည်တဲ့ ဘာသာကနေ အခြားဘာသာကို ကူးပြောင်းသွားလို့လည်း ၀မ်းမနည်းဘူး။

ဘာသာတရားကို သက်ဝင်ယုံကြည်မှုအတွက် အရည်အတွက်များစရာ မလိုပါဘူး။ အရည်အချင်းများများရှိဖို့သာ အဓိကပါ။ ဘာသာတရားကို သက်ဝင်ယုံကြည်သူတွေရဲ့ လုပ်ရပ်ကိုလိုက်ပြီး အဲ့ဒီဘာသာတရားက တန်ဖိုးမြင့်တက်တယ်လို့ ခံယူပါတယ်။

Facebook မှာ အကြောင်းကိစ္စ တစ်ခုခု စပြီး ထွက်ပေါ်လာတာနဲ့ ဘာမှန်းညာမှန်းမသိ မစဉ်းစားပဲ share ကြတာတွေလည်း အများကြီးတွေ့မြင်ရတယ်။ ကောင်းကင်မှာ မြင်းပျံပေါ်လာလို့ဆိုလည်း share ကြတာပဲ။ ခေါင်း(၅)လုံးနဲ့ မြွေတွေ့တယ် ဒါဆို share ရင် ဘယ်လို ထူးခြားမယ်ဆိုလည်း share ကြတာပဲ။ ဒါကို share ရင် like ရင် သိန်းဘယ်နှစ်ရာထီဆုကြီးပေါက်မယ်ဆိုလည်း share ကြတာပဲ။

ဒါကြောင့် .... ကျွန်မစဉ်းစားကြည့်တယ်။ အခုလို သတင်းမဟုတ်တာကို သတင်းလုပ်နေကြတဲ့ Facebook ခေတ်မှာ အကြောင်းအရာ တစ်ခုခုကို share တော့မယ်ဆိုရင် ဒီကိစ္စက ဖြစ်နိုင်သလားဆိုတာလေး စဉ်းစားကြရင် မလိုလားအပ်တဲ့ ကိစ္စရပ်တွေ နည်းပါးသွားမှာ အမှန်ပဲ။

* ကျွန်မ အနေနဲ့ လူသားဝါဒကို မြတ်နိုးတဲ့အတွက် လူသားဝါဒအတွက် ဆုံးမထားတဲ့ ဘယ်ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်မျိုးကိုမဆို သဘောကျ နှစ်ခြိုက်ပါတယ်။ ကျွန်မ သက်ဝင်ယုံကြည်ရာ ဘာသာတရားနဲ့ ဘုရားသခင်အပေါ် ယုံကြည် မြတ်နိုးမှုက ကျွန်မရဲ့ စိတ်နှလုံးသားထဲမှာသာရှိတယ်။

No comments:

Post a Comment