Monday, December 28, 2015

သူမ ရေးတဲ့ အမှတ်တရတချို့

သူမ ရေးတဲ့ အမှတ်တရတချို့
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~






သူနဲ့သူမ နှစ်ယောက်အတူလက်တွဲပြီး ဘ၀တစ်ခုကို တည်ထောင်ခဲ့တဲ့ ဒီကာလအတွင်းမှာ သူနဲ့သူမတို့အတွက် အမှတ်တရများစွာကို ဖြတ်သန်း ကြုံတွေ့ခဲ့ကြရတယ်။
.
* ငါ့ကို စွာတယ်, ရိုင်းတယ်လို့ တချို့ပြောကြတယ်လေ အဲ့ဒါမျိုးတွေအတွက် နင်နဲ့ဖြစ်ပါ့မလားလို့ နင်မစဉ်းစားမိဘူးလားလို့ သူမပြောတော့ နင် အဲ့လိုဖြစ်နေတာက နင်လုပ်ဆောင်နေရတဲ့ အခြေအနေတွေကြောင့်ဖြစ်နေရတာ နင့်ရဲ့ ပင်ကိုယ်စိတ်ကို ငါမြင်တယ်လို့ သူပြောတယ်။
.
* နင်ကျတော့ရောဘာထူးလဲ လူတွေက ငါ့ဆို အကောင်းမြင်တာနည်းတယ်၊ နင်ဘာလို့ ငါ့ကို လက်ခံခဲ့တာလဲလို့ သူမေးလာတော့ နင်နဲ့ အပြင်မှာဆုံဖူးပြီး စကားပြောဖူးပြီးကတည်းက နင့်စိတ်က မယုတ်မာဘူး၊ နင့်စိတ်ထဲရှိတာကို နင်ပြောမယ်၊ သူများကို ကောင်းကျိုးမဆောင်ပေးရင်တောင် ဆိုးကျိုးဖြစ်အောင် မလုပ်ဘူးဆိုတာ ငါသိခဲ့တယ်၊ ဒါကြောင့် ငါ့စိတ်နဲ့တူလို့ ငါလက်ခံတာလို့ သူမ ပြန်ဖြေတယ်။
.
* ငါ့မှာ မေတ္တာကလွဲလို့ နင့်ကို တခြားဘာရုပ်ဝတ္ထုမှ ပေးစရာမရှိဘူး ငါပေးနိုင်တဲ့မေတ္တာကို အပြည့်အ၀ပေးမယ်လို့ သူမပြောမိတော့ ငါက နင့်ကို လက်ထပ်တာ နင့်ရုပ်ရည်၊ နင့်စည်းစိမ်၊ နင့်ပညာအရည်အချင်းတွေကြောင့် တစ်ခုမှ မဟုတ်ဘူး။ နင့်စိတ်ကို သဘောကျလို့၊ နင်က နင့်မိသားစုအပေါ် သိတတ်တဲ့စိတ်၊ နင်ခင်မင်တဲ့သူတွေအပေါ် အလိုက်သိတယ်၊ ဂရုစိုက်တယ် အဲ့ဒါတွေကြောင့် ငါ့ကိုလည်း နင်ဂရုစိုက်မှာသိလို့ဆိုပြီး သူပြောတော့ နင်က အဲ့လိုကွက်တိထင်တယ်ပေါ့လေ၊ နင့်အထင်နဲ့ အမြင်လွဲနေရင် ဘယ်လိုလုပ်မလဲလို့ သူမ ပြန်မေးတဲ့အခါ ငါ့အထင်မလွဲပါဘူး အခုအဲ့အတိုင်းပဲလေ၊ သူများကျသိတတ်ပြီး ငါ့ကျ ဂရုမစိုက်ရင် ငါစောင့်ကန်မှာပဲလို့ သူ အရွှန်းဖောက်ရင်းပြောလေ့ရှိတယ်။
.
* အိမ်ထောင်ရေး အဆင်မပြေတာမျိုး တစ်ယောက်နဲ့တစ်ယောက် စကားများရန်ဖြစ်ရတာမျိုး ငါမဖြစ်ချင်ဘူးလို့ လက်ထပ်ပြီးစမှာ သူပြောတော့ ငါလည်း အဲ့လိုမဖြစ်ချင်ဘူး၊ အဆင်မပြေတာ မကြေလည်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောကြတာကို ငါလိုလားတယ်လို့ သူမ ပြန်ပြောခဲ့တယ်။
.
* အခုအချိန်အထိ နင့်ကို မကြိုက်တဲ့အချက်ဆိုတာ ဆိုးဆိုးဝါးဝါးမရှိဘူး။ တစ်ခုက တခြားသူတွေနဲ့ကျ စကားတွေအသားကုန်ပြောသလောက် ငါ့ကျရင် ငါပြောသလောက်ပဲ ပြန်ပြောတာ၊ ငါပဲပြောနေရတယ် အမြင်ကပ်တယ်လို့ သူပြောတော့ သြော် ... တခြားသူတွေက စကားသိပ်မပြောတော့ ငါကပြောရတာက နင်နဲ့က နင်ကပြောတယ်၊ ပြီးတော့ နင်ပြောတာတွေက ငါ့အတွက် ဗဟုသုတတိုးတယ်၊ အသိပညာတိုးတယ်၊ တစ်ခါတစ်ခါ နင်ပြောတာတွေထဲကနေ ငါမရှင်းတာ နားမလည်တာ နင့်ကိုပြန်မေးတယ်၊ တစ်ခါတစ်ခါ ဘာပြန်မေးရမှန်းမသိလို့ မမေးဘူး အဲ့ဒါပဲရှိတာ။ ကျန်တာတော့ နင့်ကို ဒီလောက်ပြောနေတာ၊ မပြောတော့လည်း မပြောဘူးပြောတယ်၊ ပြောတော့လည်း ပွစိပွစိပြောတယ် ဖြစ်ဦးမယ်။ မပြောဘူးဟာလို့ သူမ ပြန်ပြောတော့ ငါက အိမ်ထောင်ကျတဲ့အခါ သူငယ်ချင်းတွေလို ဘ၀မျိုးကို လိုချင်တာ၊ ငါပြောချင်တာပြောမယ် ရင်ဖွင့်မယ်၊ နားထောင်ပေးမယ်၊ ပြန်ပြောမယ်။ သူငယ်ချင်းဆိုတာ ပြောချင်တာပြော ပြီးရင် ဘာမှမဖြစ်ဘူး၊ အခုငါအဲ့လိုဘ၀ ရတယ်လို့ သူပြောတော့ ငါလည်း သူငယ်ချင်းဘ၀ကို ပိုနှစ်သက်ပါတယ်လို့ သူမ ပြောခဲ့တယ်။
.
* နင်အခုလို ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားနေတဲ့အခါ အဲ့လို နေမကောင်းမှုမျိုးကို နင့်မှာ မဖြစ်ပဲ ငါသာဖြစ်လိုက်ချင်တယ်၊ ငါသာခံစားလိုက်ချင်တယ်လို့ သူမပြောမိရင် ဟာ နင် မခံစားပါနဲ့ ငါနေမကောင်းဖြစ်ရင် နင်ပြုစုပေးတယ်။ နင်နေမကောင်းဖြစ်ရင် ငါမပြုစုတတ်ဘူး။ ငါက စားစရာလည်း ချက်ပြုတ်ကျွေးမွေးတတ်တာမဟုတ်တော့ ၀ယ်ပဲကျွေးရတယ်၊ နင်နေမကောင်း ဖြစ်ရင် ငါသေချာ မပြုစုတတ်ဘူးလေ။ တကယ်တော့ ဘယ်သူမှ နေမကောင်းဖြစ်တာပဲ ကောင်းတယ်လို့ သူ အမြန်ပြန်ပြောတတ်တယ်။
.
* ငါက ချစ်စရာကောင်းလားလို့ သူမေးလာတော့ နင်လား၊ နင်က ချစ်စရာကောင်းပါတယ်၊ ငါတော်တော်ချစ်မိတယ်နင့်ကို ဒါပေမယ့် တစ်ခါတစ်လေလည်း ငါနင့်ကို တော်တော်အမြင်ကပ်တယ်၊ ရိုက်ပြစ်ချင်တယ် သိလားလို့ သူမဖြေတော့ ဘယ်လိုအခါမျိုးတွေမှာ အမြင်ကပ်တာလည်း၊ နမူနာတစ်ခုပြောပြဆိုပြီး သူပြန်မေးလေ့ရှိတယ်၊ အဲ့ဒီတော့ သူမက သူမစိတ်ထဲရှိတာကို ပြောပြတဲ့အခါမှာ သူနားထောင်ရင်း ပြုံးနေတတ်တယ်။ အဲ့လို ပြုံးနေရင် သူမက ရီမနေနဲ့ အကောင်းပြောနေတာလို့ ပြောတော့ အေးပါ နင်ပြန်ပြောပြတော့မှ ငါ့ဘာသာ ရီချင်လာလို့ပါလို့ သူပြောရင်း တဟားဟား ရီလေ့ရှိတယ်။
.
* နင်က ငါ့ကို ပွစိပွစိလုပ်တယ်လို့ တစ်ခါတစ်ခါပြောတော့ နင့်အတွက် ငါပြောတာ မဟုတ်ပဲငါက တကယ်ပဲ နင့်ကို အဲ့လို ပွစိပွစိ လိုက်လုပ်နေသလားလို့ သူမ မေးတဲ့အခါ နင်က ပွစိပွစိ မလုပ်ပါဘူး။ ငါ တမင်ပြောတာ၊ ငါ့အတွက်ပြောမှန်းလည်း ငါသိတယ်။ ငါ့ကိုသာ နင်တကယ် ပွစိပွစိ လာလုပ်ရင် ထကန်လွှတ်မှာပဲလို့ သူပြောတော့ သေလိုက်လေလို့ သူမပြန်ပြောရင်း သူ့အနားက ထသွားတတ်လေ့ရှိတယ်။
.
* အခုဆို နင်မရှိရင် ငါနေတတ်တော့မှာမဟုတ်ဘူး၊ မိန်းမ မရှိလို့ မနေတတ်ဘူးဆိုတာမျိုး မဟုတ်ဘူး။ နင်က ငါ့ရဲ့ best friend ပဲ။ နင့်ကို ငါ တွယ်တာနေမိတာလို့ တစ်ခါတစ်ခါ သူရင်ဖွင့်ပြောလာတဲ့အခါ ငါသိတယ်၊ အဲ့ဒါကြောင့် နင့်ကိုထားခဲ့ပြီး ခဏပြန်သွားဖို့ကို စိတ်ပူနေမိတာ၊ ငါမရှိရင် နင် အပေအတေနေမှာ သိတယ်လို့ သူမ ပြန်ပြောတတ်လေ့ရှိတယ်။
.
* သူနဲ့သူမက အရင်ကတည်းက သူငယ်ချင်းဘ၀ကနေ ဖြတ်သန်းလာသူတွေဖြစ်တော့ နှစ်ယောက်တစ်ဘ၀ လက်တွဲခဲ့ကြချိန်မှာလည်း သူငယ်ချင်းတွေအဖြစ် ပိုမိုခိုင်မာခဲ့ကြတယ်။
.
* လူတိုင်းမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိတတ်ကြစမြဲမို့ နှစ်ယောက်လုံးရဲ့ အားနည်းချက်ကို အားအသာချက်နဲ့ အပြန်အလှန် နားလည် ဖေးမခဲ့ကြတာမို့ သူနဲ့သူမတို့ ၂-ယောက်ရဲ့ ဘ၀လေး သာယာပျော်ရွှင်ဖွယ်ဖြစ်ခဲ့ရတယ်။
.
* နှစ်ယောက်လုံးက စနောက်တတ်တော့ အမြဲတမ်းလိုလို သူနိုင်ကိုယ်နိုင် စကားနိုင်လုပြောကြတာလည်း ပျော်စရာတစ်ခု ဖြစ်ခဲ့ရတယ်။
.
* အခုအချိန်မှာ နင်မရှိရင်၊ ရုတ်တရက် နင်သေသွားတာမျိုးဆို ငါနေတတ်မှာ မဟုတ်ဘူးလို့ သူပြောလာတော့ သူမက အင်းပေါ့၊ စစချင်းဆို ဘယ်နေတတ်မလဲ၊ နောက်တော့လည်း နေတတ်သွားမှာပါ၊ သေသွားတော့လည်း နောက်တစ်ယောက် ထပ်ယူလိုက်ပေါ့ဟာ လို့ ပြောတော့ သေမှ ယူရမှာလား အခုရော နောက်တစ်ယောက် ယူလို့မရဘူးလားလို့ သူစတယ်၊ အဲ့လိုအခါမျိုးမှာ သူမကလည်း အနိုင်မခံ သြော အခုထပ်ယူချင်လို့လား ရတယ်လေ၊ မျိုးစောင့်ဥပဒေနဲ့ ငြိသွားမှာတော့ သတိထားပေါ့။ ဒါပေမယ့် ယူမယ်စိတ်ကူးရင်တော့ ငါ့ကို တရားဝင် ကွာရှင်းလိုက်လေ ဆိုတော့ ကွာတာတော့ ဘယ်ကွာပေးမလဲ ငါချစ်လို့ယူထားတာပဲဆိုပြီး သူစတယ်၊ တော်တော့ ဆက်မပြောနဲ့တော့လို့ သူဆက်ပြောတယ်။ ဒါပေမယ့် သူမက ဆက်ပြောတယ် ရပါတယ် ငါ့ကိုကွာရှင်းပြီး ယူမယ်ဆို ယူလိုက်၊ တရားမျှမျှတတပေါ့ နင်တစ်ယောက်ဆို ငါလည်းတစ်ယောက်ပေါ့လို့ ဆက်ပြောတော့ ပိတ်ကန်မယ်၊ တော်တော့ ငါလည်းမပြောတော့ဘူး ဆက်မပြောနဲ့တော့ဆိုပြီး သူက တခြားအကြောင်း စကားပြောင်းပြောတယ်။
.
* သူက သူမကို တစ်ခါတစ်လေမှာ အဖွားကြီးလို့ ခေါ်တတ်တယ် (သူမင်္ဂလာဆောင်တော့မယ်ဆိုတော့ မိန်းကလေးတစ်ယောက်ကပြောတယ်၊ ပြောတော့ ငယ်ငယ်လေးယူမယ် ဘာညာနဲ့ အခုတော့ အဖွားကြီးကိုယူတယ်လို့ တခြားကတဆင့်သိရတာ သူပြောပြပြီး၊ အဲ့ကတည်းက သူက သူမက တစ်ခါတစ်ရံ စနောက်လေ့ရှိတယ်။) 
သူ့အလုပ်က ခေါင်းပူအောင်စဉ်းစားတွေးတောရတော့ အသက်ငယ်ငယ်နဲ့ ဆံပင် ကျိုးတို့ကျဲတဲဖြူနေတဲ့သူ့ကို ဆံပင်ဆေးဆိုးဖို့ သူမ ပြောတိုင်း မဆိုးချင်ဘူး၊ သဘာဝအတိုင်းပဲ ဘာမှ မဖြစ်ဘူးလို့ သူဆိုတော့ သူမက သူ့ကို စတယ်၊ အေးလေ အဖိုးကြီးဆိုတော့ အဲ့လိုပဲနေပေါ့ဟယ်လို့ ပြောတဲ့အခါ အဖွားကြီးယောက်ျားပဲ အဖိုးကြီးဖြစ်မှာပေါ့လို့ သူစနောက်တတ်ပြန်တယ်။
.
* သူညနေ အလုပ်က ပြန်လာတိုင်း လုပ်ငန်းခွင်ထဲက ရီစရာအဖြစ်အပျက်တွေ၊ စိတ်ပင်ပန်းဖွယ်ရာ အတွေ့အကြုံတွေကို ပြန်ပြောပြလေ့ရှိပြီး သူမကလည်း သူပြောပြတဲ့ ရီစရာတွေကို နားထောင်ရင်း သူ့ကို ပြန်စနောက်၊၊ သူ့စိတ်ပင်ပန်းမှု ဖြေဖျောက်စေဖို့ ရီစရာဟာသတွေပြန်ပြောရင်းနဲ့ပဲ သူမနဲ့ ဘယ်လိုမှ မအပ်စပ်ဖူးတဲ့ သူ့လုပ်ငန်းအကြောင်းတွေ နားလည်လာရတယ်။
.
* သူနေမကောင်းဖြစ်တဲ့အခါ သူမက ကြင်နာယုယပြုစုတတ်သလို သူမ နေမကောင်းဖြစ်တဲ့အခါမှာလည်း သူက ကြင်နာဖေးမပေးတတ်တယ်။
.
* အချစ်ဆိုတာ အနုပညာတစ်ရပ်ဖြစ်ပြီး ကိုယ့်အနုပညာမှာ စိတ်ဝင်တအား အာရုံစိုက်ပြီး ဖန်တီးနိုင်ရင် ဖန်တီးသလောက် ရုပ်လုံးကြွလှပတဲ့ အနုပညာ ပီပီပြင်ပြင် ထွက်ပေါ်လာမယ်လို့ သူမ ခံယူခဲ့သလို အနုပညာ ဗီဇအငုံ့စိတ် ကိန်းအောင်းနေတဲ့ သူနဲ့ သူမရဲ့ နှလုံးသားမှာ ဘ၀အနုပညာကို လှပအောင် ဖန်တီးနိုင်လိမ့်မယ်လို့ သူမ ယုံကြည်နေတယ်။
.
* ဒီဇင်ဘာလ ၂၅-ရက်နေ့ဟာ သူနဲ့ သူမတို့အတွက် အမှတ်တရ နေ့တစ်နေ့ပါ။
သူနဲ့သူမတို့ နှစ်ယောက်ပေါင်းဘ၀တစ်ခုကို လက်တွဲခဲ့ကြတာ ၂၀၁၅-ခု ဒီဇင်ဘာ ၂၅-ရက်နေ့မှာ ရက်ပေါင်း (၃၆၅)ရက် ပြည့်ပြီ။ 
အခုဆို နှစ်ယောက်ပေါင်းဘ၀တစ်ခုကို လက်တွဲခဲ့ကြတာ မင်္ဂလာသက်တမ်း တစ်နှစ်ရှိခဲ့ကြပြီ။ မင်္ဂလာသက်တမ်း တစ်နှစ်အတွင်းမှာ သူနဲ့သူမ တစ်ဦးကိုတစ်ဦး နားလည် ဖေးမခဲ့ကြတယ်။ နောင်ကျန်ရှိတဲ့ ဘ၀သက်တမ်း တလျှောက်မှာလည်း အခုလိုပဲ ဖေးမကြင်နာမှုမျိုးနဲ့ သာယာပျော်ရွှင်ဖွယ်စွာ ခိုင်ခိုင်မြဲမြဲဆောက်တည်ထားတဲ့ အိမ်ထောင်တစ်ခု ဖြစ်စေဖို့ သူမ မျှော်လင့်ရင်း အရာတိုင်းအတွက် သူ့ကို ကျေးဇူးတင်မိတယ် ........ smile emoticon

No comments:

Post a Comment