* ပသီကိုကိုလေးရေးသားသည်။
ရဲဘော်တို့အားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။
ပေးပို့ကြတဲ့ အစ္စလာမ်မျက်ဝန်းစာစောင်များကို ကောင်းစွာလက်ခံရရှိခဲ့ပါတယ်။ ခေတ်စကားအရ ကျေးဖူးကမ္ဘာကမ္ဘာပါ။
အမှတ်-၆ ပို့စဉ်က စာမူတောင်းခဲ့ကြတယ်။ ရဲဘော်တို့ တာဝန်ကျေပွန်ကြပါတယ်။ အတောင်းခံရသူဘက်က မပို့နိုင်တာ ခွင့်လွှတ်ကြပါ။
စာမူ မပို့နိုင်ခဲ့တာကို ဟိုကြောင့် ဒီကြောင့် ဆင်ခြေမပေးလိုပါဘူး။ အသက် ၇၀-ကျော်လာတော့ မျက်စိ ဒုက္ခပေး လာတယ်။ နှစ်ဖက်စလုံး တိမ်ရှိနေတယ်။ ဆရာဝန်က ခွဲကုဖို့ အကြံပြုခဲ့တာ နှစ်နှစ်ကျော်ရှိခဲ့ပါပြီ။ ခေတ်အခြေအနေက တတ်နိုင်စွမ်းမရှိသေးတော့ မခွဲနိုင်သေးပါ။ မျက်စိမကောင်းတော့ စာဖတ်အားနည်းလာတယ်။ ဆက်စပ်မှုက စာရေးအားလည်း နည်းခဲ့ရတယ်။ ဒီတော့လဲ ရေးချင်တာ မရေးနိုင်၊ တောင်းတဲ့စာမူ မပို့နိုင်ခဲ့ဘူးပေါ့။
ဒီစာရေးမယ်ဆိုတော့ နောက်ကြောင်းပြန်သတိရမိတယ်။ ၁၉၅၀ မတ်လ ဒီကနေ့က နောက်ကြောင်းပြန်ရင် နှစ်ပေါင်း ၄၂-နှစ်ကျော်ခဲ့ပြီပေါ့။ ယန်စီမြစ်ပေါ်မှ ပြည်သူ့အကျိုးပြု တံတားကြီးဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရေးတယ်။
လင်းယုန်ဂျာနယ်မှာ ပါခဲ့တယ်။ အယ်ဒီတာချုပ် ဗန်းမော်တင်အောင် (ကွယ်လွန်ခဲ့ရှာပါပြီ) ပုဂ္ဂိုလ်ရင်းနှီးမှုကလည်းရှိတော့ စာပေစင်မြင့်တင်ပေးတာပါ။ နောက် တစ်လခြား နှစ်လခြား ဆိုသလို ဆောင်းပါးများ လင်းယုန်မှာ ထည့်ပေးခဲ့တယ်။ နာမည်တွေကတော့ မမှတ်မိတော့ဘူး။ ပုံနှိပ်စာလုံးနဲ့ ကိုယ်ရေးတဲ့ဆောင်းပါး ပါလာတော့ ဟိုလူပြ ဒီလူပြ ပျော်ခဲ့ရတယ်။ စာရေးအားလည်း ပိုရှိလာတယ်။
အဲဒီနောက်မှာတော့ ပြည်သူ့ဂျာနယ်၊ ရှုဒေါင့်၊ သင့်ဘ၀၊ ရောင်ခြည်ဦးတို့မှာ ရေးပို့ခဲ့တာတွေလည်း ပါခဲ့ရတယ်။ ဒါတင် မဟုတ်သေးပါဘူး။ ကြေးမုံ၊ ဗိုလ်တထောင်၊ ထွန်းနေ့စဉ်၊ မြန်မာ့အလင်း၊ ဟံသာဝတီ သတင်းစာတို့မှာလည်း ရေးခဲ့ဖူးတယ်။ ၀တ္ထုအနေကတော့ ရှုမ၀မှာတစ်ကြိမ်၊ သွေးသောက်မှတစ်ကြိမ်၊ ဗမကဋ္ဌာနချုပ်က အပတ်စဉ်ထုတ်တဲ့ စာစောင်မှာ သုံးလေးကြိမ်ပဲ ၀တ္ထုတိုအဖြစ် ရေးခဲ့ဖူးတယ်။ ၀တ္ထုရေးဖို့က သိပ်ဝါသနာ မပါလှဘူး။ ဒီဘတ် တစ်ခေတ်မှာ အစ္စလာမ်သာသနာဝင်တို့ ထုတ်ဝေကြတဲ့ စာစောင်တွေမှာ စာမူတောင်းကြတယ်။ ပို့ခဲ့တယ်။
မဂ္ဂဇင်းတိုက်တွေက လက်မခံလို့ ပယ်တာတော့ မရှိခဲ့ပါဘူး။ ကိုယ်တွေးတာတွေပါလာတိုင်း ထပ်ထပ်ပြီး စာရေးချင်တယ်။ စာစောင်တိုင်းမှာလည်း ပါစေချင်တယ်။ ဒါပေမယ့် ပင်တိုင်ဆောင်းပါးရှင်ကြီးတွေက ကာထားလို့ ကလောင်သစ်တွေ နေရာမရဖြစ်ရတဲ့အဖြစ်မျိုးထဲမှာလည်း ပါခဲ့ရဖူးပါတယ်။ ကိုယ့်စာမူ စာစောင်တွေမှာပါနိုင်ဖို့ရာ ထုတ်ဝေသူ တာဝန်ခံတို့နဲ့ ကျွမ်းဝင်မှုရှိဖို့လည်းလိုတယ်။ ကျွမ်းဝင်မှုရှိရင် တော့ အယ်ဒီတာတို့ ထုတ်ဝေသူတို့က လိုတာ ပြင်ပေးကြတယ်။ ထည့်ပေးကြတယ်။
ဆောင်းပါးတိုထွာ ဟိုရေးဒီရေး လုပ်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ရပြီ။ ဒုတိယ ဆယ်စုနှစ်စလောက်ဖြစ်တဲ့ ၁၉၆၀-ခုနှစ်မှာ ‘ဗမာမွတ်စလင်မ်လူမျိုးပြဿနာ’ဆိုတဲ့ လုံးချင်းထွက်ခဲ့တယ်။ ဒုတိယဆယ်စုနှစ်အတွင်းဖြစ်တဲ့ ၁၉၆၀-၇၀ အတွင်းမှာတော့ ဆိုရှယ်လစ် စီးပွားရေးပြဿနာ၊ တွေ့ဆုံးဆွေးနွေးငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြည်သူ့ကော်မတီ၊ ခေတ်ငါးခေတ်နှင့် လူတန်းစားပြဿနာ၊ အခက်ခဲဆုံး၏ မူလဇာစ်မြစ်၊ အရင်းရှင်စနစ်ဆိုတာဘာလဲ၊ ပါလီမန် ဒီမိုကရေစီနဲ့ တရုတ်ဖြူဗိုလ်၊ ဗမာမွတ်စလင်မ်အမျိုးအဖွဲ့ချုပ်(ဗမအ) ၂၅-နှစ်မြောက်စစ်တမ်း၊ ငွေရတုသဘင်စာစောင်) စတဲ့လုံးချင်းတွေ ထွက်ခဲ့ရတယ်။ စာဖတ်ပရိသတ်အားလည်း မနည်းလှပါဘူး။ ထွက်သမျှ ၃၀၀၀ လောက်တော့ ရောင်းခဲ့ရတယ်။
လုံးချင်းထုတ်လုပ်ရေးဆိုတာကလည်း စာမူအတွက် အစစအဆင်ပြေပေမယ့် ကိုယ့်မှာ ငွေကြေးပြည့်စုံပြီး ကိုယ်တိုင် ထုတ်နိုင်မယ်ဆိုရင်တော့ မခက်ပါဘူး။ ကိုယ့်မှာ မပြည့်စုံလို့ ထုတ်ပေးမယ့်လူ (ထုတ်ဝေသူ)က လက်ခံထုတ်ပေးမှ ဆိုရင်တော့ ထုတ်ဝေသူ ၉၉-ရာခိုင်နှုန်းကလည်း မြတ်နိုင် မမြတ်နိုင် တွက်ကြတယ်။ သူတို့ကိုလည်း အပြစ်ဆိုစရာမရှိပါဘူး။ စီးပွားရှာကြတာဆိုတော့ စီးပွားတွက် တွက်ကြမှာပေါ့။ စာရေးသူရဲ့ စာအုပ် ရောင်းရမှန်းသိလာရင်တော့ ကျွန်တော့်တိုက်လည်း စာမူ တစ်ခုလောက်ပေးပါဦးဆိုတာမျိုးပေါ်လာတာပါ။ ဒီတော့လည်း ရေးအား ပိုကောင်းလာတာပေါ့။
စာရေးဆရာ၊ တစ်နည်းစာဆိုရှင်ဆိုတာကတော့ စာရေးနေဖို့ စာဖတ်နေဖို့ ၀န်လေးကြသူတွေ မဟုတ်ကြပါဘူး။ စာဖတ်သက်သက်ဆိုရင်လည်း ရေးအားမရှိနိုင်ဘူး။ စာရေးလိုတဲ့ဆန္ဒလည်းရှိမှ စာရေးဖြစ်ကြတာပါ။ ရေးတော့မယ် ဆိုရင်လည်း ရေးဖို့အကြောင်းအရာရှာနေဦးမယ်ဆိုရင် စာရေးဆရာ စာဆိုရှင်တစ်ဦးမဖြစ်နိုင်ဘူးလို့ စာဆိုရှင်ကြီးတစ်ဦးက ဆိုခဲ့ဖူးတယ်။ စာရေးလိုသူတစ်ဦးဟာ မျက်စိနဲ့မြင်တာ၊ နားနဲ့ကြားတာတို့ကို စာဖွဲ့နိုင်မှ စာဆိုရှင်ကောင်းတစ်ဦးဖြစ်မယ်လို့ဆိုတယ်။ စာဆိုရှင် န၀ဒေးကြီးဟာ မျက်စိနဲ့မြင်တာ၊ နားနဲ့ကြားတာတို့ကို ရတုအဖြစ်နဲ့ ရေးသားဖူးတယ်လို့ ဖတ်ရ မှတ်ရဖူးပါတယ်။ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ မြို့ဘွဲ့ရတု၊ ပန်းဘွဲ့ရတု၊ ဥဒေါင်းဖိုမ အမေးအဖြေရတု၊ စစ်ချီရတု၊ ကျေးစေရတု၊ သာလိကာစေရတု၊ သဝေမပါရတု၊ မယ်ဘွဲ့မောင်ဘွဲ့ရတု စတာတွေပါဝင်တဲ့ ရတုပုဒ်ပေါင်း ၂၅၀-နီးပါး ရေးခဲ့တယ်လို့ဆိုတယ်။ တစ်ပုဒ်နဲ့တစ်ပုဒ် မထပ်စေရဘူး။ ပိန္နဲသီးများလို့ သူ့အကန့်နဲ့သူ ရေးခဲ့နိုင်တယ်လို့ ဖတ်ရ မှတ်ရဖူးပါတယ်။
န၀ဒေးကြီးဟာ အင်းဝနေပြည်တော်က ပြည်ကို ဧရာဝတီ မြစ်ကြောင်းနဲ့ စုံခဲ့ရာမှာ သူ့မျက်စိနဲ့မြင်ရတဲ့ တောတောင်တို့နဲ့ တောင်ထိပ်များပေါ်က ထုံးဖွေးဖွေးသင်္ကန်းကပ်လှူထားတဲ့စေတီပုထိုးတို့ကို စာဖွဲ့ခဲ့ဖူးတာ ဖတ်ရမှတ်ရဖူးပါတယ်။ ဒီတော့ မြင်ရ ကြားရတာကို စာဖွဲ့နိုင်ရမယ်ဆိုတာ ထောက်ခံပြီး ကြိုးစားခဲ့ပါတယ် ရဲဘော်တို့။
ဆောင်းပါးစာမူ ဘယ်သူတောင်းတောင်း မဆိုင်းမတွ ရေးပေးခဲ့ဖူးပါတယ်။ ဒီကနေ့ ဇရာထောင်းလာတော့ စိတ်ရှိတိုင်း မလုပ်နိုင်တော့တာ အမှန်ပါ။ အားတော့မလျှော့ပါဘူး။ အစ္စလာမ်မျက်ဝန်းမဂ္ဂင်းမှာ ဆောင်းပါး တစ်ပုဒ်ပါနိုင်အောင် ၀ိုင်းတော်သားတစ်ဦးဖြစ်အောင် ကြိုးစားပါ့မယ်။ အလ္လာဟ်အလိုတူတော်မူပါစေလို့ ဆန္ဒပြုပါတယ်။
စာပေဆိုတာ လူ့စုအဝေးတိုင်းအတွက် အသက်တမျှအရေးကြီးပါတယ်။ ဒီစာရေးသူတို့ လူ့အစုအဝေးရဲ့ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ၁၈၈၅-ခု နိုဝင်ဘာလ (၂၉)ရက်နေ့မှာ သီပေါဘုရင် မိဖုရားကြီးနဲ့ ဆွေတော် မျိုးတော်အချို့ကို အင်္ဂလိပ်နယ်ချဲ့သမားတို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၈၈၆-ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှာ (အဲဒီခေတ်အခေါ်) နေမ၀င် အင်ပါယာပိုင်ရှင် ဘုရင်မကြီး၏ လက်အောက်ကို မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့လို့ နှစ်ပေါင်း ၂၀၀၀ ကျော် ကိုယ့်ဘုရင် ကိုယ့်ထီး ကိုယ့်နန်းနဲ့ နေခဲ့ကြတဲ့ တိုင်းသူပြည်သားတွေအားလုံး သူ့ကျွန်ဘ၀ ရောက်ခဲ့ကြရတယ်လေ။
အဲဒီနောက် နယ်ချဲ့သမားနဲ့ ကပ်ပါလာတဲ့ အိန္ဒိယသားတွေရဲ့ဖန်တီးမှုကြောင့် နှစ်ပေါင်းရာစု တစ်ခုကျော် မြန်မာဘုရင်အဆက်ဆက်၊ မြန်မာ့တိုင်းရင်းသားများဖြစ်ခဲ့ကြတဲ့ စာရေးသူတို့အစုအဝေးကြီးဟာ မြန်မာစာ မသင်ရ၊ အန္ဒိယသုံး(အူရဒူစာပေ)ကိုသာ အဓိကထားသင်ကြရမယ်ဆိုတဲ့ပြဿနာ၊ ဒီသမိုင်းကြောင်းကို ရဲဘော်တို့ ကြားဖူးကြမှာပါ။ အိန္ဒိယသားတွေ ဘာကြောင့် မြန်မာစာ မသင်စေချင်ကြလဲဆိုတာ ဒီနေရာမှာ ရေးလဲ ရေးခဲ့ဖူးပါပြီ။ အကျယ် မရေးလိုတော့ပါဘူး။
ဒီခေတ်မှာ မြန်မာစာပေနဲ့ သာသနာ့အကျိုးပြုစာပေတွေ ထွက်ကြတာတွေ့ရတယ်။ ဆက်လည်း ထွက်ကြရဦးမှာပါ။ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် လာလမ်းကို ပြန်ကြပေမယ့် သာသနာနဲ့ သာသနာ့အမွေ ဆက်ခံကြသူတို့ကတော့ ကမ္ဘာပျက်သည့်တိုင်ရှိကြမှာပါ မလွဲပါဘူး။ မြန်မာတိုင်းရင်းသားများဖြစ်ကြတဲ့ အစ္စလာမ်ဘာသာဝင်တိုင်းဟာ အဓိကစာပေဖြစ်တဲ့ မြန်မာစာကို လူတိုင်း ဖတ်တတ် ရေးတတ်ကြဖို့လိုတယ်။ မြန်မာစာပေနဲ့ ပေါ်ပေါက်နေတဲ့ ပေါ်ပေါက်လာမယ့် သာသနာ့ရေးရာတွေကို လေ့လာကြဖို့ သိထားကြဖို့လိုတယ်။
မြန်မာစာဟာ ခုမှပေါ်တာမဟုတ်ပါဘူး။ ပုဂံခေတ် မြစေတီကျောက်စာက စပြီးသမိုင်းတင်နိုင်ခဲ့ကြတယ်။ ဒီအရင်က ရှိခဲ့ဖူးတယ်လို့ဆိုတဲ့အဆိုလည်းရှိတယ်လို့ ဖတ်ရမှတ်ရဖူးတယ်။ မြစေတီကျောက်စာရဲ့နောက်ပိုင်းမှာပိုပြီး ထွန်းကားလာတယ်လို့ မှတ်ရဖူးပါတယ်။ မြစေတီကျောက်စာဟာ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် အဆုံးသတ်ခါနီးမှာ ပေါ်ခဲ့တယ်ဆိုတာ ရဲဘော်တို့သိပြီးဖြစ်ကြမှာပါ။ မြစေတီကျောက်စာကို မြန်မာသက္ကရာဇ် ၄၇၄-ခုမှာ စိုက်ထူခဲ့ပြီး ၅၈၆-မှာ နန္တသူ ဇနီးမောင်နှံတို့စိုက်ခဲ့တဲ့ ရှင်ပင်ဗောဓိကျောက်စာ၊ ၆၂၈-ခုမှာစိုက်ထူခဲ့တဲ့ကျောက်စာ၊ ၆၃၃-ခုမှာစိုက်ထူခဲ့တဲ့ မင်းဝိုင်းကျောက်စာ၊ ဒီနောက်ပိုင်းမှာလည်း ကျောက်စာအဖြစ်စိုက်ထူခဲ့တဲ့ ကျောက်စာတွေအများကြီးရှိပါသေးတယ်။ ကျောက်စာတွေဟာ သူ့ခေတ်သူ့အခါ လိုက်လျောညီထွေတဲ့စာတွေပါ။ စာသားတွေ ဖော်ပြနေရင် ရှည်အံ့ထင်လို့ မပြတော့ပါ။ ရဲဘော်တို့များ အသုံးပြုချင်တယ်၊ စာအုပ်ထုတ်ဝေတဲ့စာမူနဲ့လည်း မဆန့်ကျင်ဘူးဆိုရင် ကျောက်စာသမိုင်းတစ်စောင် သီးသန့်ရေးပါ့မယ်။
ကျောက်စာရဲ့နောက်ပိုင်း ပေထက်အက္ခရာတင်ကြတယ်။ ဒီနောက်မှာ စာဆိုကြတဲ့ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ပထမပိုင်း၊ ဒုတိယပိုင်းစတဲ့ ခေတ်အဆက်ဆက်မှာ စာဆို အကျော်အမော်တွေ ပေါ်ခဲ့ကြတယ်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်းမှာတော့ အစ္စလာမ်သာသနာဝင် မြန်မာစာပေ ပညာရှင်ကြီးများ ပေါ်ခဲ့ကြတယ်။ ရဲဘော်တို့ ဖတ်ဖူးကြားဖူးပြီးသိပြီး ဖြစ်ကြမှာပါ။
ပစ္စုပ္ပန်ကလောင်ရှင်တွေဟာ အတိတ်ခေတ် စာဆိုရှင်ကြီးတို့ရဲ့ စာပေအမွေဆက်ခံကြသူတွေ ဖြစ်ကြရလိမ့်လို့ ဆိုရင် ငြင်းနိုင်အံ့မထင်ပါ။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်ခံကြမယ့် စာဆိုရှင်တို့ဟလည်း အတိတ်နဲ့ပစ္စုပ္ပန်မှာရှိကြတဲ့ သက်ကြီးစာဆိုရှင်များ၊ တစ်နည်း ကလောင်အိုများ၊ တစ်နည်း ဒီစာရေးသူတို့ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် တဒင်္ဂမှာ ထာဝရသို့ကူးပြောင်းကြရတော့မယ့် စာဆိုရှင်တို့ရဲ့ စာပေအမွေကို ဆက်ခံကြသူတွေဖြစ်လာကြလိမ့်မယ်လို့ ယုံကြည်တယ်ဆိုတဲ့အကြောင်း သိကြစေချင်ပြီး ရဲဘော်တို့မှတစ်ဆင့် လက်ဆင့်ကမ်းပေးစေချင်လို့ ဒီစာကိုရေးခြင်းပါ။
‘ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ မိုက်မှားခဲ့စွာ၊ မလိမ္မာလည်း
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
(ရှင်မဟာသီလ၀ံသ)’
ပသီကိုကိုလေး

x x x x x x x x x x
အစ္စလာမ့်မျက်ဝန်းစာစောင်၊ ၁၉၉၄-ခု၊ ဇူလိုင်လ၊ (စာမျက်နှာ - ၈၇၊ ၈၈၊ ၈၉၊ ၉၀) မှ ကူးယူသည်။
No comments:
Post a Comment