လူတဲ့ ။
လူဆိုတာ အတ္တမွေးနေတဲ့သတ္တ၀ါမျိုး။ ကဲ … ဘာများထူးနေလို့လဲ။
မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ ပါးစပ်တစ်ပေါက် …။ ဘာတွေများ ပိုထူးနေလို့လဲ။
ပိုးစုန်းကြူးလို အလင်းလွှတ်နိုင်လို့လား။ ခွေးတစ်ကောင်လောက် အနံ့ခံကောင်းရဲ့လား။
ကြောင်လောက်များ ကြွက်ဖမ်းတော်လို့လား။ ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်ရဲ့လား။
ဒါနဲ့များ … အတ္တကြီးနေသေးတယ်။ သြော် … လူ လူ။
တကယ်တော့ ….
လူထဲက လူတစ်ယောက်ဖြစ်တဲ့ငါဟာ၊ ငါ့အတ္တကို ငါစားပြီး
မျိုသိပ်မှုတွေကြောင့် ဖောင်းပွလာတဲ့ ရင်ဘတ်တစ်စုံကို
ပဲ့ကိုင်ရင်း ပျံသန်းလာခဲ့ရတာ ……. အခုကြည့် … မရူးရုံတစ်မယ်ပဲလေ။
ငါ့သိက္ခာကို စာအိတ်ပါးပါးနဲ့ထည့်ပြီး စာဌာနကိုပို့လိုက်ပြီပဲထားပါတော့
ဘယ်လိုလူမျိုးပဲဖွင့်ဖွင့် ငါ့သိက္ခာကကျတော့မှာပဲ။
တစ်ခါတစ်ခါ Acid ပြင်းပြင်းမျိုချလိုက်ရသလို၊ တစ်ခါတစ်ခါ ဥက္ကာပျံကြီးဝင်ဆောင့်သလို
တစ်ခါတစ်ခါ အရိန္ဒမာလှံနားထဲစိုက်သလို၊ တစ်ခါတစ်ခါ Nuclear ဗုံးကြီးဖက်ထားရသလို
တစ်ခါတစ်ခါ …………………..
အင်း … ဘယ်လိုပဲ ခံစားရပါစေ။ အကြောင်းရှိရင်တော့ … အကျိုးလာမှာပါ။
တကယ်တော့ … ငါဟာ …. ပြဒါးမသုတ်ထားတဲ့ မှန်တစ်ချပ်ရှေ့မှာ
Reflection အကြောင်းလေ့လာနေတဲ့ သုတေသီတစ်ဦးပဲ။
တစ်ခါတစ်လေလည်း … ၀င်ရိုးစွန်းဒေသက ရေခဲနှစ်ခုခတ်ရင်း
မီးမွှေးနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလို အူကြောင်ကြောင်လုပ်တတ်သေး ….။
တကယ်တော့ ငါလည်း လူပဲလေ။
လောကကြီးက သတ္တ၀ါအားလုံးဟာ ဘ၀ဆိုတဲ့ဆရာခိုင်းသမျှ လုပ်နေရတယ်ဆိုရင်
‘လူ’ဆိုတဲ့အမျိုးဟာ … အိမ်စာမလုပ်တဲ့ကျောင်းသားပဲ။ စည်းကမ်းကဖောက်သေး။
ရလေလိုလေဖြစ်တတ်တာလည်း လူပါပဲ။
မေတ္တာငတ်တယ်ဆိုတာဟာ မေတ္တာရဲ့အရသာခံစားဖူးတဲ့သူရဲ့ ညည်းချင်းတစ်ပုဒ်ပါ။
ဘက်မလိုက်သူကိုသာ လက်ညှိုးထိုးပြရမယ်ဆိုရင် အဲဒီ လက်ညှိုးကိုသာဖြတ်ပစ်လိုက်ပါတော့။
နေနဲ့လေကို ရှက်လို့ပါဆိုပြီး ထီးနဲ့ကာတဲ့စုံတွဲတွေကို အင်းယားရေကန်က ခပ်တိုးတိုးမေးတယ်။ ငါ့ကိုရောတဲ့။
ကျားရှေ့မှောက်လျက်လဲလို့ ကျားကိုက်ခံရတာ မဆန်းပါဘူး။
ကိုယ်က ကျားရှေ့ရောက်သွားတာသာ ဆန်းတာပါ။
ကျားဆိုတာ လူတောတိုးတဲ့သတ္တ၀ါမှ မဟုတ်ဘဲ။
လူညာဆိုတာကလည်း မွေးကတည်းတတ်လာတဲ့ ပညာသည်မဟုတ်ဘူးလေ။
ဒီလိုပဲ ….. လောကကြီးက သင်ပေးလိုက်တာပါ။
ကိုယ်အတန်းလစ်လို့ မမီလိုက်တဲ့သင်ခန်းစာကို သူအသုံးချသွားတာလို့ ပြောင်းတွေးကြည့်ပါဦး။
သူ့ကိုချစ်တယ်လား …. သူ့ရဲ့ ဘယ်အစိတ်အပိုင်းကိုချစ်တာလဲ၊
ဘယ်နေရာကိုမြတ်နိုးတာလဲ၊ ဘာကိုတန်ဖိုးထားတာလဲ ….။
သူ့တစ်ကိုယ်လုံးကိုသာမြတ်နိုးမယ်ဆိုရင် လူတွေများ ဘယ်လိုလုပ် နဖူးလေး၊ ပါးလေးလောက် နမ်းကြမှာလဲလို့။
မြားနတ်မောင်တောင် Sniper(စနိုက်ပါ) ကိုင်ရမယ့် Global ခေတ်ကြီးမှာတောင်
ငါ့နှလုံးသားကတော့ ကာလနဂါးနဲ့အပြိုင် အိပ်မောကျနေလေရဲ့ တစ်ခုခုများ လွဲမှားနေလေသလား။
ကဲ … အထူးအဆန်းစိတ်ဝင်စားကြတဲ့ …. ဒီလောကကြီးမှာ
ငါ့ရဲ့ ခံစားမှုမဲ့နှလုံးသားကို Beer နဲ့ ဆေးရည်စိမ်ပြီးသာ ပြလိုက်ရရင်
အိုး … ပြတိုက်မှာ လူတွေများ ကြိတ်ကြိတ်တိုးလာမယ့်ဖြစ်ခြင်း။
ကဲ … Online ပေါ်ကနေချိတ်ပြီး လမင်းကို မေးလိုက်မယ်။
ခင်ဗျားရော … ခေတ်နောက်မကျအောင် Internet များ ကြည့်နေသလားလို့။
ဘယ်လိုပဲခေတ်ကြီးပြောင်းပါစေ။ လူက လူပါပဲ။
ဟစ်တလာလည်း လူပါပဲ။ အိုဘားမားလည်း လူပါပဲ။
ဘက်ခမ်းလည်း လူပါပဲ။ ကဗျာဆရာလည်း လူပါပဲ။ ဘာများထူးနေလို့လဲ။
အဲဒါကြောင့်ပြောတာပေါ့ ကဗျာဆရာတွေကို မပေါင်းပါနဲ့လို့။
ပြောရတာ ခွကျသေး။ လောကကြီးကိုစောင်းချိတ်သေး။
ဒီကြားထဲ … ပိုက်ဆံက အမြဲလိုလိုပြတ်တတ်သေး။
သြော် … ဒါပေမယ့် …….. ကဗျာဆရာဆိုတဲ့လူမျိုးက
မင်ကုန်ခါနီး ဘောလ်ပင်တစ်ချောင်း၊ စာရွက်တစ်ရွက်ရှိရုံနဲ့
သူ့ကိုယ်သူ ချမ်းသာနေပြီလို့ တွေးထင်တတ်တဲ့လူမျိုးပဲ။
ဆန်းတော့ဆန်းသားနော် ။ ။
ခြူးလဲ့နိုင် (C and C)

ဒီကဗျာလေးထဲက ကြိုက်နှစ်သက်တာတော်တော်များပါလို့၊ ကဗျာရဲ့လိုရင်းအနှစ်သာရလည်း မပျောက်ပျက်သွားစေချင်လို့ ကဗျာတစ်ပုဒ်လုံးကို ရေးတင်လိုက်တာပါ။ …..
No comments:
Post a Comment