Friday, April 08, 2011

တွဲလက်ညီညီ ခိုင်မြဲမည်

သူငယ်ချင်း လဲ့ရည်ရေ ….

ငါသတိရစွာနဲ့ စာရေးလိုက်ပါတယ်။ နင်ရေးလိုက်တဲ့စာကိုလည်း ငါဖတ်ရပါတယ်။ နင့်ဆီ စာပြန်ရေးချင်နေတာတော့ကြာပါပြီ။ ငါလည်း ကျောင်းစာတွေနဲ့မအားမလပ်ဖြစ်နေတာကြောင့် စာမပြန်ဖြစ်တာကို ခွင့်လွှတ်ပါဟာ။ နင်ပြောပြခဲ့တာကြောင့် နင်တို့သူငယ်ချင်းတစ်စုအကြောင်းကိုသိခဲ့ရတယ်။ ငါလည်း ဒီမှာကျောင်းတက်နေရပေမယ့် နင်တို့တစ်တွေရဲ့အကြောင်းတွေကို ကြားသိရပါတယ်။

နင်တို့တစ်တွေဟာ စည်းစည်းလုံးလုံးနဲ့ လူငယ်ပီပီ တက်တက်ကြွကြွနဲ့ သာသနာရေးရာတွေ၊ လူမှုရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေကြတာတွေကိုသိရတော့ အလွန်အားကျမိတယ် သူငယ်ချင်းရယ်။ နင်တို့တစ်တွေဟာ အမြဲတမ်းစုစုစည်းစည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ အပြစ်မမြင်ကြဘူး။ တစ်ယောက်မှားနေရင် ၀ိုင်းဝန်းပြုပြင်ပေးကြတယ်။ တစ်ယောက်ရဲ့အခက်အခဲဟာ အားလုံးရဲ့အခက်အခဲ၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ရဲ့အားသာချက်နဲ့ ဖေးမတယ်။

အဲဒီလို နင်တို့သူငယ်ချင်းတစ်စုဟာ စည်းလုံးမှုရှိပြီး တစ်ယောက်နဲ့တစ်ယောက် မောင်နှမရင်းချာတွေကို အလွန်သံယောဇဉ်ရှိကြတာတွေသိရတော့ ငါအလွန်ဝမ်းသာတယ်။ နင်တို့တစ်တွေရဲ့ ချစ်ခင်စည်းလုံးမှုတွေအတွက် ငါဂုဏ်ယူမိတယ်။ သာသနာ့အဆုံးအမမှာ စည်းလုံးမှုနဲ့ပတ်သက်တာတွေလည်းပါရှိတယ်လေ။ နင်တို့အခုလို စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်ရှိနေတာဟာ သာသနာရဲ့အဆုံးအမတိုင်းပြုမူနေထိုင်မှုတစ်ရပ်ပါပဲ။ နင်တို့တစ်တွေရဲ့ စည်းလုံးချစ်ခင်မှုတွေကို ဘာအကြောင်းကြောင့်မှ မလျော့ပါးစေနဲ့ဟာ။


လူသားတွေဆိုတော့ အမှားနဲ့မကင်းနိုင်ကြတဲ့သူတွေပါ။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ခွင့်လွှတ်မယ်ဆိုရင် အရာအားလုံးကို ကျော်လွှားအောင်မြင်နိုင်မှာပါ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမှုတွေရှိနေကြရမှာပါ။ နင်တို့သူငယ်ချင်းတွေကြားမှာ ဘာကြောင့်မှ စိတ်ဝမ်းကွဲမှုမျိုးဆိုတာ မရှိစေနဲ့။ ဘာကြောင့်လဲသိလား၊ နင်တို့တစ်တွေမှာ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရှိနေတယ်လေ။ နင်တို့ရဲ့လက်တွေကို ခိုင်ခိုင်မြဲမြဲတွဲထားရမယ်။ အမျိုးဘာသာနဲ့ သာသနာအတွက် နင်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို တွဲလက်ညီညီနဲ့ လျှောက်လှမ်းရမယ်လေ။

ငါအခု ပြောပြနေတာတွေကို လျှာရှည်ပါဘိလို့ မထင်နဲ့နော်။ နင်တို့ရဲ့ ချစ်ခင်ရိုင်းပင်းမှု၊ စည်းလုံးမှုလေးတွေကို လျော့နည်းမသွားစေချင်တဲ့ ဆန္ဒနဲ့ပါဟာ။ ဒီလို ချစ်ခင်စည်းလုံးမှုနဲ့ပတ်သက်လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအလင်းဖွင့်ဆိုထားချက်တွေထဲက နည်းနည်းလေးကို ငါပြောပြချင်တယ်။

ကျမ်းတော်မြတ်ကုရ်အာန် ၂း၁၄၃ မှာ .....
“အသင်တို့အား ကမ္ဘာ့လူသားများအတွက် ဗဟိုအဖွဲ့အဖြစ် ငါအရှင်မြတ် ပြုလုပ်တော်မူ၏။”

ကျမ်းတော်မြတ်ကုရ်အာန် ၃း၁၀၂ မှာ .....
“အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ ကြိုးတော်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့အချင်းချင်း မကွဲကြကုန်လင့်၊ အလ္လာဟ်အရှင်မြတ်ပြုခဲ့သော ကျေးဇူးတော်ဖြင့် အသင်တို့သည် ညီရင်းအစ်ကိုများ ဖြစ်ခဲ့ကြလေပြီ။”

ကျမ်းတော်မြတ်ကုရ်အာန် ၄၉း၁၀ မှာ .....
“စစ်မှန်သောယုံကြည်သူုတို့သည် ညီရင်းအစ်ကိုများဖြစ်ကြသည်။ သို့ဖြစ်၍ ညီရင်းအစ်ကိုများအချင်းချင်း သွေးစည်းညီညွတ်စွာ နေကြလော့။”

ကျမ်းတော်မြတ်ကုရ်အာန် ၃း၁၉၉ မှာ .....
“အသင်တို့သည် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းအရလည်းကောင်း ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာလျှင် ကျရောက်လာသော ဘေးရန်ကို တွန်းလှန်ကြိုးပမ်းလော့။ ယုံကြည်ခြင်းအရာတွင် ခိုင်မြဲကြလော့။ အရှင်မြတ်၏တာဝန်ကို တသဝေမတိမ်းထမ်းဆောင်လော့။ သို့မှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မည်။” လို့ အတိအလင်းပါရှိတယ်။

နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီမှုနဲ့ပတ်သက်လို့ “အလ္လာဟ်အရှင်မြတ်သည် လူ့အဖွဲ့အစည်းအတွင်း တစ်စုကိုတစ်စုအားဖြင့်တားဆီးခြင်း၊ တစ်ဦးအားဖြင့် တစ်ဦးကို လမ်းလွဲလမ်းမှားသို့ မလျှောက်မိအောင် တားဆီးတွန်းလှန်ခြင်းမပြုပဲ လစ်လျူရှုနေခဲ့လျှင် ကမ္ဘာမြေကြီးသည် ဒုစရိုက်အမှောင်ဖုံးလွှမ်းလာလိမ့်မည်”ဆိုပြီး ကျမ်းတော်မြတ်ကုရ်အာန် ၂း၂၅၁ မှာ ဖော်ပြထားပြန်တယ်။

ငါတို့ရဲ့ ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ်ကြီးကလည်း ဟဒီးစ်သြ၀ါဒတွေ မြွက်ကြားထားပြန်တယ်။ “လူသားအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုကြီးထဲမှဖြစ်သည်။” “မွတ်စလင်မ်အချင်းချင်းသည် ညီအစ်ကိုရင်းချာပမာဖြစ်၏။ မိမိညီအစ်ကိုများ၏ လိုအင်ကိုဖြည့်ဆည်းပေးရန် အားထုတ်သူကို အလ္လာဟ်အရှင်မြတ်က သူ့ကို အင်အားဖြည့်ဆည်းပေးချေ၏။ မိမိ၏ ညီအစ်ကိုများဒုက္ခကို ကင်းငြိမ်းအောင်ပြုပေးသူအား တမလွန်တွင် ထိုသူ၏ဘေးဒုက္ခကို အလ္လာဟ်အရှင်မြတ်က ကင်းငြိမ်းပေး၏” လို့ မိန့်ဆိုထားတယ်နော်။

လဲ့ရည်ရေ … ငါ့စာလည်း တော်တော်ရှည်သွားပြီ။ ငါကျောင်းပိတ်လို့ အိမ်ပြန်လာပြီးတဲ့အခါ နင်တို့သူငယ်ချင်းတွေထဲမှာ ငါလည်းပါဝင်ကူညီချင်တယ်။ နင့်ရဲ့သူငယ်ချင်းတွေကိုလည်းပြောပြထားပါဦး။ ဒီလောက်ဆို နင်လည်း ငါ့ရဲ့ဆန္ဒကို နားလည်နိုင်မှာပါ။ နင်တို့တစ်တွေနဲ့အတူ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး အနာဂတ်ရဲ့ လင်းလက်တောက်ပတဲ့ကြယ်ပွင့်ကလေးအဖြစ် သာသနာအတွက် အလှဆင်ချင်တယ် သူငယ်ချင်းရယ် …………. ။

နင့်ရဲ့သူငယ်ချင်း
ဖြူစင်လွန်း

No comments:

Post a Comment