Friday, April 01, 2011

အချစ်က အဆိပ်ပြင်းတယ်

အချစ်နဲ့ပတ်သတ်လာရင် ပြောစရာတွေက အများကြီး။ ချစ်ခြင်းဖွဲ့ သီချင်းတွေ၊ စာဖွဲ့မှု့တွေကလည်း တစ်ပုံတစ်ပင်၊ တစ်ထောင်တစ်ညပုံပြင်ထက်ကို များလွန်း ရှည်လျားလွန်းတဲ့ အချစ်ပုံပြင်တွေကလည်း မရိုးနိုင်အောင်ပဲ။ အားလုံးအတွက် ‘ အချစ်’ ဆိုတာ အရေးပါတဲ့ နေရာမှာတည်နေတာလေ။ ချစ်ခြင်း မေတ္တာဆိုတာ လူသားတွေရဲ့ အခြေခံစိတ်ထဲမှာ ရှိနေတယ်။ ပျက်ယွင်းသွားတယ်လို့မရှိဘူး။


ဒါကြောင့်လဲအချစ်နဲ့မကင်းနိုင်ကြတာဖြစ်မှာပါ။ အချစ်ရဲ့ဖွင့်ဟချက်တွေကလဲ အများကြီးရှိနေတယ်။ အဓိပ္ပါယ်ညွှန်းဆိုချက်တွေက ကွဲပြားခြားနားတာတွေလည်းရှိတယ်။ တူညီကြတာတွေလည်းရှိတယ်။ အကောင်းဖက်ကရှု့မြင်ကြတဲ့ အတွေးအမြင်တွေ၊ အဆိုးဘက်ဖက်ကို ရှေးရှု့တဲ့ဖွင့်ဆိုချက်တွေ၊ အမျိုးမျိုးကွဲပြားနေမှာပဲ။ ဘာလို့ဘဲဖြစ်ပါစေ။ အကောင်းနဲ့အဆိုး မြင်တွေးသူတွေရဲ့ ရင်ထဲမှာအဲဒီချစ်ခြင်း ရှိနေလို့ဆိုတာ သူတို့ခံစားခဲ့ကြတယ်။

ပျော်ရွှင်ကြည်နူးမှု့၊ ၀မ်းနည်းကြေကွဲခြင်း၊ သာယာချမ်းမြေ့တဲ့သုခ၊ စိတ်ဆင်းရဲဒုက္ခတွေကြုံရမှာပဲ။ အဲဒီခံစားချက်တွေကို တသသနဲ့ သတိရရှိနေရင်းက အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဟချက်တွေ၊ ကောင်းခြင်းဆိုးခြင်း တွေကို ထုတ်ဖော်ရေးသား၊ ဖွင့်ဟခဲ့ကြတာပါ။ အဲဒီသူတွေလည်ုး ထုတ်ဖော်ရေးသား၊ ဖွင့်ဟခဲ့ကြတာပါ။ အဲဒီသူတွေလည်း အချစ်နဲ့မှမကင်းနိုင်တာ။



ဘယ်လိုပဲ ကင်းအောင်၊ ဝေးအောင်နေချင်ပေမယ့် သဘာဝတရားကြီးရဲ့ လက်ဆောင်တစ်ခုဆိုတော့ ……………။ အချစ်က သင်နဲ့တစ်ချိန်ချိန်မှာ တည့်တည့်တိုးမှာပဲ။ အချိန်၊ နေရာ၊ အသက်အရွယ် အတိအကျ နဲ့တော့မဟုတ်ဘူး။ ‘ အချစ် ’ ဆိုတာနဲ့ မျက်နှာချင်းဆိုင်ဆုံမိရင် ဘယ်လိုဖြစ်သွားနိုင်သလဲ။ ကြိုတင်တွက်ဆလို့တာမျိုးလည်း မဟုတ်ပြန်ဘူး။ မိုးလေ၀သ ခန့်မှန်းချက်လို အချစ်ရဲ့အားပြင်းမှု့အဆင့်ကို အ၀ါရောင်၊အနီရောင်နဲ့ ကြိုတင်အထူးသတင်းထုတ်ပြန်လို့ ရတာလည်းမဟုတ်ဘူး။

သင်မသိလိုက်တဲ့အချိန်၊ သတိမထားမိလိုက်တဲ့အခိုက်အတန့်လေးမှာပဲ သင့်အနားကို အချစ်က ရောက်လာပြီ။ အချစ်နဲ့ဘယ်လိုပဲ မနီးစပ်ချင်ဘူးပြောပြော၊ အချိန်တစ်ခုခုကတော့ သင့်အတွက်ရှိနေတာ သေချာပါတယ်။ ကိုယ်တိုင်ရှိပြီးသား ချစ်ခြင်းတရားကိုလက်ခံရမှာတော့ သေချာတယ်။ ချစ်ခြင်းကို အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်ဖို့လည်း လိုပါတယ်။ အချစ်ကို မျက်စိမှတ် ယုံပစ်လိုက်ဖို့ မလိုပါဘူး။ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို စဉ်းစားပြီးမှဆုံးဖြတ်ပါ။ အချစ်ရဲ့ကောင်းခြင်းတွေကိုချည်းပဲ မျှော်လင့်လို့ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်ခံစားရမှာ၊ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ၊ ကိုယ် တကယ်ချစ်ရမယ့်အချစ်ကို အခြားသူက ၀င်ရောက်ညွှန်ပြပေးလို့ မရပြန်ဘူး။ ခံစားချက်ချင်း တူညီနိုင်ဖို့က ခက်ခဲပါတယ်။ လူတစ်ဦးစီမှာ ခံစားတတ်တော့ နှလုံးသားတော့ရှိပါတယ်။ အချစ်ဆိုတာ ခံစားချက်ရဲ့ ဖွဲ့တည်မှုသက်သက်မဟုတ်တာကိုလည်း သတိထားရပါမယ်။

ဘ၀တစ်ခုအတွက် အစဦးခြေလှမ်းတိုင်းကတော့ ချစ်ခြင်းနဲ့စတင်ကြတာပါ။ ယာယာကြည်နူးမှု၊ နှစ်သက်ယုံကြည်မှုနဲ့အတူ သစ္စာတွေ အထပ်ထပ်တိုင်တည်ခဲ့ကြတယ်။ သံယောဇဉ်နဲ့ ချစ်နှောင်ရစ်ပတ်ထားခဲ့ကြပြန်တယ်။ သစ္စာစကားတွေ ပျက်ယွင်းလာတဲ့အချိန် သံယောဇဉ်နှောင်ကြိုးမှာဆက်ထုံးတွေများလာချိန်၊ သံသယအမြင်တွေးတွေဝင်လာချိန်မျိုးမှာ အဆင်မပြေခြင်းတွေက ဆက်တိုက်တွေ့လာတတ်တယ်။ အမြင်မကြည်လင်နိုင်တော့ဘူး။ အပြစ်တွေမြင်လာပြီး အိပ်မက်ထဲကအချစ်က မချိုမြိန်နိုင်တော့ဘူး။ မျှော်လင့်ထားတဲ့ သာယာပြည့်စုံခြင်းတွေက ပျောက်ကွယ်လုနီးနီး။ လက်တွေ့ဘ၀ထဲမှာ အချစ်ဆိုတာ အရေးပါဆုံးမဟုတ်ချင်တော့ဘူး။

လူမှုဘ၀ရဲ့ အရေးတကြီး ရင်ဆိုင်ရမယ့်ကိစ္စရပ်တွေ ဖြေရှင်းရမယ့်ပြဿနာတွေကရှိနေပြီ။ ရင်ဆိုင်နိုင်ဖို့ သတ္တိတွေပဲလိုတယ်။ အဲဒါတွေကို ဘယ်ကရနိုင်မလဲ။ စွန့်စားရဲဝံ့နိုင်မယ်။ စိတ်ဓါတ်တွေက ချစ်ခြင်းတရားကပဲလာတာပါ။ အချစ်ရဲ့စွမ်းအားသတ္တိတွေနဲ့ လောကထဲမှာ ရဲရဲကြီးလျှောက်လှမ်းနိုင်တယ်။ အချစ်က ပေးတဲ့အခွန်အားဆိုတ အင်မတန်အစွမ်းရှိပါတယ်။ သေချာတာက သင်လည်းချစ်တတ်တာပဲ။ အချစ်ကို ယုံဖူးတာပါပဲ။ အချစ်ရဲ့သာယာမှုကို မက်မောနေသူပါပဲ။ ချစ်ခြင်းတရားကို ယုံကြည်တာဟာ ကောင်းတဲ့စိတ်ပေါ့။ ဘ၀တစ်ခုလုံးအတွက် စဉ်းစားဆုံးဖြတ်ပါ။ ချစ်တာတစ်ခုတည်းသိတယ်လို့တော့ မဆိုပါနဲ့။ အရေးအကြီးဆုံးက အချစ်ကိုလျှော့မတွက်ဖို့ပါပဲ။ အချစ်က အဆိပ်ပြင်းတယ်နော်။ သေသေချာချာ ရွေးချယ်ရမယ်။ စဉ်းစားပြီးမှ ချစ် ……… ။

(ထူးထူး)

===================================================

ဒီပို့စ်လေးတင်လိုက်တာဟာ …… အချစ်ဆိုတာ ဘ၀အတွက် လုံးဝအရေးမပါဘူးလို့ခံယူထားတဲ့ သူငယ်ချင်းကောင်မလေး နဲ့ အချစ်ဆိုတာ ဘ၀တစ်ခုလုံးအတွက်အရေးအကြီးဆုံးပါလို့ခံယူထားတဲ့သူငယ်ချင်းကောင်လေးတို့အတွက် အဓိကရည်ညွှန်းပါတယ်။

2009 ခု နှစ်ကုန်ပိုင်းကနေစပြီး 2011 အခုချိန်ထိ အချစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်မဟုတ်တဲ့ သွယ်ဝိုက်ပြီး ခံစားခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ ပြီးတော့ အချစ်ဆိုတဲ့အရာကိုလည်း လက်တည့်မစမ်းစေချင်ကြပါဘူး ..... ဒါကြောင့် ဒီတစ်လောတွေမှာ အချစ်နဲ့ပတ်သက်တာတွေ အများကြီး တင်ဖြစ်နေပါတယ် .... လက်ကချမရေးဖြစ်သေးတဲ့ အချစ်(မေတ္တာနဲ့ပတ်သက်တဲ့) ပို့စ်တွေလည်း ရေးနိုင်အောင်ကြိုးစားနေပါတယ် .... ။

No comments:

Post a Comment