သွားဘက်ဆိုင်ရာ ဆေးကုသမှုအစီအစဉ် - ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း
သွားဘက်ဆိုင်ရာ ဆေးကုသမှုအစီအစဉ် - ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း ( ၂၇ - ၀၃ - ၂၀၁၁ )သာင်္ကေတက “ငြိမ်းချမ်းသာယာ ဟာဖိဇ်ကျောင်း”လေးမှာ MMSY လေးနှစ်ပြည့်အထိမ်းအမှတ်ကနေ စတည်လာတဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်လေးအဖြစ် ကလေးတွေကို မြန်မာစာ၊ သင်္ချာအခြေခံနဲ့ အင်္ဂလိပ်စာအခြေခံကို သင်ကြားပေးနေတဲ့ အစီအစဉ်လေးကို တစ်ပတ်ခြားတစ်ခါဆိုသလို မိသားစုဝင်တွေ သွားရောက်ပြန်လည်ကြည့်ရှုနေကြလေ့ရှိပါတယ်။
အခုလည်း စာသင်ကြားမှုအခြေအနေ၊ ကလေးတွေရဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြဖို့အတွက် ကျောင်းလေးကို သွားကြမယ်စီစဉ်တော့ MMSY ထဲက သွားဘက်ဆိုင်ရာဆရာဝန်ညီမလေးက ကလေးတွေအတွက် သွားကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို လုပ်ပေးဖို့အစီအစဉ်ရှိတယ်ဆိုရင် သူတို့ပါဝင်ချင်တယ်လို့ပြောလာတယ်။ ဒါနဲ့ပဲ ကျောင်းလေးကို သွားရောက်မယ့်နေ့မှာ ကလေးတွေအတွက် သွားကျန်းမာရေးစစ်ဆေးကြည့်ရှုလုပ်ဆောင်ပေးကြဖို့ ၀ိုင်းဝန်းတိုင်ပင် စီစဉ်လိုက်ကြတယ်။ ဒါနဲ့ပဲ ကျောင်းကို လှမ်းပြီးခွင့်တောင်းတယ်။ ကလေးတွေအတွက် သွားကျန်းမာရေးပြုလုပ်ပေးမယ့်အစီအစဉ်လေးကို ကျောင်းက ခွင့်ပြုဖို့ပေါ့။ ကလေးတွေရဲ့လိုအပ်ချက်အတွက်ဖြစ်လို့ ကျောင်းကလည်း အားလုံးအဆင်ပြေမယ့်တစ်ရက် ခွင့်ပြုပေးပါတယ်။
ဒီလိုနဲ့ MMSY က ဒေါက်တာညီမလေးတွေရယ် တစ်ခြားမောင်နှမတွေအားလပ်မယ့် ရက်တစ်ရက်မှာဆုံပြီး လိုအပ်မယ့်ဆေးဝါးတွေဝယ်ယူကြပါတယ်။ ကျောင်းကိုသွားမယ့်နေ့အတွက် ကုသဖို့လိုအပ်မယ့် ပစ္စည်းကိရိယာများကိုတော့ဒေါက်တာဆွေဇင်ထွန်း၊ ဒေါက်တာခင်မိုးလွင် တို့က သူတို့တွေရဲ့ဆေးခန်းက ပစ္စည်းကိရိယာများကို ယူဆောင်လာပေးကြတယ်။
ကျောင်းကိုသွားမယ့်နေ့မှာ ခါတိုင်းလိုပဲ အင်းဝ အအေးဆိုင်မှာဆုံပြီးသွားကြမယ်လုပ်တော့ ဒေါက်တာဆွေဇင်ထွန်းရဲ့ ဦးလေးက လိုက်ပါမယ့်သူ(၁၅)ယောက်ဝန်းကျင်လောက်ဆိုရင် ဦးလေးပိုင်တဲ့ Light truck ကားလေးနဲ့ လိုက်ပို့ပါဝင်ပေးမယ့်အကြောင်းပြောလာပြီး ကားအကူအညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းကိုသွားကြတော့ ကားပိုင်ရှင်ဦးလေးရယ်၊ ကားလိုက်မောင်းပို့ပေးတဲ့သူ(ဦးလေးရဲ့သား)ရယ်၊ ဒေါက်တာ ၅-ယောက်ရယ်၊ ကိုတိမ်မိုးလွင်၊ မငြိမ်းငြိမ်း၊ မစိုးယုမော်၊ မ၀ိုင်း တို့သွားခဲ့ကြတယ်။ ၁၂-နာရီမှာ အားလုံးဆုံကြပြီး ၁၂-နာရီ ၁၅-မိနစ်လောက်မှာ ကျောင်းကိုသွားလိုက်ကြတယ်။ ကျောင်းရောက်တော့ ၁-နာရီထိုးပြီ။
ကျောင်းရောက်ပြီး ပစ္စည်းကိရိယာအစုံအလင်ကို နေရာတကျထားနေချိန် စာသင်မယ့်ဆရာ ကိုဘီလား ရောက်လာချိန်မှာတော့ ခါတိုင်းလိုပဲစာသင်တဲ့ကလေးတွေကို စာသင်ပေးနေတယ်။ ကျွန်တော်တို့တွေကတော့ ကလေးတွေကို ဆေးစစ်ပေးမယ့်နေရာရယ် လိုအပ်တဲ့ကုသမှုပေးမယ့်နေရာတွေကို နေရာတွေခွဲပြီး နေရာချထားရေးလုပ်ကြတယ်။ ပြီးတော့ ဒေါက်တာတွေကို လိုအပ်တဲ့ကူညီမှုတွေပေးဖို့ တာဝန်အသီးသီးပြီးခွဲဝေယူကြတယ်။ ကလေးတွေကိုတန်းစီပြီး တစ်ယောက်ချင်းစီ ဆရာဝန်ဆီပို့ဖို့တာဝန်ယူပေးသူ၊ ကလေးတွေရဲ့ သွားတွေကိုစစ်ဆေးပေးတဲ့နေရာမှာ ကူပေးသူ၊ ကုသမှုပေးတဲ့နေရာမှာ ကူပေးသူ၊ ကုသပြီးတဲ့ပစ္စည်းကိရိယာတွေကို ဆေးကြောသန့်စင်ပြီး ပြုတ်ပေးတဲ့တာဝန်ယူပေးသူ အသီးသီးတာဝန်ယူလိုက်ကြတယ်။ အစီအစဉ်နေရာတွေ ချပြီးတော့ ကုသမှုအစီအစဉ်စတင်ကြတယ်။
ပါဝင်ပေးတဲ့ဒေါက်တာတွေကလည်း စေတနာအပြည့်နဲ့ ကလေးတွေအပေါ်စိတ်ရှည်သည်းခံပြီး ကြည့်ရှုပေးကြတယ်။ အရင်ဦးဆုံး စာမသင်တဲ့ကလေးတွေကို အရင်ကြည့်ပေးတယ်။ တစ်ချို့ကလေးတွေကတော့ ကြောက်လို့ သူတို့သွားတွေကို မပြချင်ဘူး (ဒီနေရာမှာ ကလေးတွေနဲ့ MMSY က ပါဝင်သူ ညီအစ်မတစ်ချို့နဲ့တော်တော်တူတယ် … )။ ဒါနဲ့ ကလေးတွေကို ချော့မော့ပြီး သွားခံတွင်းစစ်ဆေးပေးတယ်။ လိုအပ်လို့ သွားနှုတ်ပစ်ရမယ့်ကလေးရှိရင် ကလေးကို အားပေးစကားပြောပြီး မကြောက်အောင် Counselling လုပ်ပေးတယ်။ သွားနှုတ်တဲ့အချိန်မှာလည်း ဒေါက်တာတွေက ကလေးတွေကို စကားတွေပြောပြီး ကလေးတွေ ကြောက်လန့်မှုပြေပျောက်အောင် လုပ်ပေးနေတယ်။ စာမသင်ဖြစ်တဲ့ကလေးတွေကို ကြည့်ရှုကုသပြီးနောက်တော့ ကျန်နေတဲ့ စာသင်နေတဲ့ကလေးတွေကို ကြည့်ရှုကုသပေးတယ်။ အငယ်ဆုံးကလေးလေး ၂-ယောက်ကတော့ သူတို့ကို ဆရာဝန်တွေ မကြည့်ရှုပေးသေးတာကို သားတို့လည်း ပြမယ်ဆိုပြီး ပြေးပြေးသွားနေလို့ မနည်းပြန်ချော့ခေါ်ထားရတယ်။ ဒီလိုနဲ့ ကလေးတွေအားလုံးကို ကြည့်ရှုစစ်ဆေး ကုသပြီးတော့ ပါဝင်သူ လူကြီးတွေကိုပါ စစ်ဆေးကုသပေးမယ်လို့ ဆရာဝန်တွေကပြောလာတာမို့ အားလုံး ထွက်ပြေးကြပါတယ်။ နောက်ဆုံးမှာတော့ တစ်ယောက်ပဲ သွားကျန်းမာရေးစစ်ဆေးခံသွားပါတယ် (ဓါတ်ပုံနဲ့တကွ သက်သေရှိပါတယ်) …
ကျန်းမာရေးစစ်ဆေးကြည့်ရှုကုသပြီးတဲ့နောက်မှာ ဒေါက်တာဆွေဇင်ထွန်းက ကလေးတွေကို စနစ်တကျ သွားတိုက်နည်းသင်ပေးပါတယ်။ သင်ပေးပြီးတော့ ကလေးတွေရဲ့ မှတ်မိမှုကို ပြန်လည်စစ်ဆေးကြည့်ကြပါတယ်။ အဲဒီနောက် ဆေးသောက်ဖို့လိုအပ်တဲ့ကလေးတွေအတွက် ဆေးတွေကို ကျောင်းကဆရာကို သေချာအောင်ထပ်မှာပြီး …. ပစ္စည်းတွေသိမ်းဆည်းပြီး ပြန်ခဲ့ကြပါတယ်။ ကလေးတွေအတွက် လိုအပ်ချက်လေးတစ်ခုကို ထပ်မံဖြည့်ဆည်းပေးလိုက်ရတဲ့အတွက် ရင်ထဲမှာဝမ်းသာပီတိကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။
ကလေးတွေကို သွားဘက်ဆိုင်ရာကျန်းမာရေးကုသမှုအစီအစဉ်လေးမှာ ပါဝင်ပေးကြတဲ့ စေတနာဖြူစင်စွာ ကလေးတွေအပေါ် စိတ်ရှည်သည်းခံပြီး ကုသမှုပေးခဲ့ကြတဲ့ ဒေါက်တာဆွေဇင်ထွန်း၊ ဒေါက်တာခင်မိုးလွင်၊ ဒေါက်တာပုလဲလွင်၊ ဒေါက်တာသန္တာအေး၊ ဒေါက်တာဝဏ္ဏအောင် နဲ့ MMSY က မောင်နှမအားလုံး တို့ကိုကျေးဇူးအထူး(အထူး)တင်ရှိပါတယ်။
No comments:
Post a Comment