အစ္စလာမ်သာသနာ မထွန်းကားမီ အာရေဗျနိုင်ငံတွင် အမျိုးသမီးများကို အယုတ်တမာ အနှောက်အယှက်ပြုသူများဟူ၍ သတ်မှတ်ယူဆထားကြသည်။ သမီးမိန်းကလေးများမွေးဖွားလာလျှင်လည်း အရှင်လတ်လတ်သတ်ဖြတ်ခဲ့ကြသည်။ သနားစဖွယ် ငိုကြွေးနေသည့်ကြားမှပင် သနားညှာတာမှုကင်းမဲ့စွာ ရက်ရက်စက်စက် မြေမြှုပ်သတ်ဖြတ်ပစ်ကြသည်။ အချို့ဆိုလျှင် သမီးအရင်း၏သွေးဖြင့် မိမိတို့၏လက်ကို နှစ်ဆေးခဲ့ကြပေသည်။
တမန်တော်မြတ်ကြီး(ဆွ) ပွင့်ပေါ်တော်မူပြီး ဤကဲ့သို့သတ်ဖြတ်မှုများကို ကြားသိ၍ တမန်တော်မြတ်ကြီးသည် များစွာစိတ်နှလုံး မသာမယာဖြစ်စွာ ငိုကြွေးတော်မူခဲ့လေသည်။ တမန်တော်မြတ်ကြီးက သမီးငယ်များကို မုန်းတီးခြင်းနှင့် သတ်ဖြတ်ခြင်းကို တားမြစ်တော်မူခဲ့သည်။ မိမိရင်သွေးများကို သတ်ဖြတ်သည့်အလေ့အထကို တမန်တော်မြတ်ကြီး(ဆွ)သည် ကုရ်အာန်ကျမ်းတော်မြတ်လာ တရားတော်များ၊ စာရိတ္တပြုပြင်ရေး သြ၀ါဒတော်များ၊ လက်တွေ့ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့၍ သမီးငယ်များကို သတ်ဖြတ်သည့်အစဉ်အလာ ပပျောက်သွားလေသည်။
အမျိုးသမီးငယ်များကို ယုယကြင်နာစွာ မွေးမြူစောင့်ရှောက်ရန်အတွက် တမန်တော်မြတ်ကြီး၏ မိန့်မှာချက်မှာ “အကြင်သူသည် သမီးငယ်နှစ်ယောက်တို့အား အရွယ်ရောက်ကြီးပြင်းသည့်တိုင်အောင် ထိန်းသိမ်းမွေးမြူခဲ့အံ့။ ထိုသူသည် ဤလက်ချောင်းများပူးကပ်နီးစပ်လျက်ရှိသည့်ပမာပင် ကိယာမသ်နေ့၌ ငါနှင့်နီးကပ်စွာ နေရပေအံ့”ဟုဆို၍ မိမိ၏လက်ချောင်းများကို ပူးကပ်၍ပြတော်မူခဲ့၏။
နောက်ထပ်မိန့်မှာချက်တစ်ရပ်မှာလည်း “အကြင်သူ၌ သမီးငယ်ရှိ၍ အသက်ရှင်စွာထားရှိအံ့၊ ထိုသမီးငယ်ကို နှိမ်ချခြင်းမပြုအံ့၊ ထိုသမီးငယ်ထက် သားယောက်ျားလေးကို ဦးစားပေးခြင်းမပြုအံ့၊ ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျန္နသ်သုခဘုံသို့ ၀င်ရောက်စံမြန်းစေတော်မူပေအံ့။”ဟုလည်း မိန့်မှာခဲ့လေသည်။
တမန်တော်မြတ်ကြီးကိုယ်တိုင်လည်း သမီးငယ်လေးများကို ယုယကြင်နာစွာနှင့် ချစ်ခင်စွာ ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့လေသည်။
ကမ္ဘာလောက၏ လူ့အဖွဲ့အစည်းကိုကြည့်ပါက အမျိုးသမီးငယ်များကြီးပြင်းလာရာမှ မိခင်များဖြစ်လာလေသည်။ အမျိုးသားနှင့်အမျိုးသမီးတို့သည် အသက်တစ်ခုတည်းမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှ အမျိုးသား အမျိုးသမီးတို့ များပြားလာခြင်းဖြစ်ပေသည်။
“အို-မနုဿလူသားအပေါင်းတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့(ရိုသေ)ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အားအသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို(လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် အကြင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အား အကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏အခွင့်အရေးများကို ဆုံးရှုံး နစ်နာစေခြင်း)မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။” (စူရဟ် ၄၊ အာယသ် ၁)
“အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံးကြဉ်ရောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ် တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင်ဖြစ်တော်မူပေသတည်း။” (စူရဟ် ၄၉၊ အာယသ် ၁၃)
လောကသဘာဝတရားအရ လူသားတို့အား မွေးဖွားမှုကို မိခင်များအပေါ်တွင်သာ တည်ရှိစေရန် အလ္လာဟ်အရှင်မြတ်မှ ဖန်ဆင်းခဲ့ပေသည်။ လူသားမျိုးဆက် ဆက်လက်တည်တံ့ရေးအတွက် အမျိုးသမီးများက ပိုပို၍ စွမ်းဆောင်ကြရသည်။ အမျိုးသမီးတို့သည် မိခင်ဘ၀ရောက်သောအခါ ရင်သွေးများကို ၀မ်းဗိုက်ထဲ၌ လွယ်ပိုက်ထားရသည်။ မိခင်၏ ၀မ်းကြာတိုက်အတွင်းမှာပင် လူသား၏ ခန္ဓာကိုယ် ရုပ်ရည်သဏ္ဍာန် ဖြစ်ထွန်းလာရသည်။ မိခင်တို့၏ ၀မ်းဗိုက်သည် လူသားဆက်စပ်ဖြစ်ထွန်းရာ မွန်မြတ်သောဌာနဖြစ်သဖြင့် အမျိုးသမီးတို့အတွက် မြင့်မားလှသော ဂုဏ်ရည်ပင်ဖြစ်ပေသည်။
“ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိ၊ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။” (စူရဟ် ၃၊ အာယသ် ၆)
“တစ်ဖန် ထို(အင်(မ်)ရာန်၏ဇနီးမိန်းမ)သည်ထို(သန္ဓေ)ကို သမီးမိန်းကလေး ဖွားမြင်ခဲ့လေရာ (၀မ်းနည်းစွာဖြင့်) အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်တော်မျိုးမသည် ထိုသန္ဓေကိုသမီးမိန်းကလေး ဖွားမြင်ပါပြီ။ အမှန်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူမဖွားမြင်ခဲ့သည်ကို ပိုမို၍ သိရှိတော်မူ၏။ သို့ရာတွင် (ထိုသူမလိုလားသော) ယောက်ျားလေး မူကား(မည်သည့်နည်းနှင့်မျှ) ဤ(ဖွားမြင်လေသော) သမီးမိန်းကလေးကဲ့သို့ မဟုတ်ချေ။ ထို့ပြင်တ၀ မုချဧကန် ကျွန်တော်မျိုးမသည်ထိုသမီးမိန်းကလေးကို မရ်ယမ် ဟူ၍ အမည် မှည့်ခေါ်ပါပြီ။ထို့ပြင် ထိုသူမကိုလည်းကောင်း၊ ထိုသူမ၏ သားသမီးများကိုလည်းကောင်း၊ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန် ၏ အနှောင့်အယှက်များမှ ကာကွယ်စောင့်ထိန်းတော်မူပါရန် အရှင်မြတ်အားအပ်နှံပါ၏ ဟု လျှောက်ထားပန်ကြားလေသည်။” (စူရဟ် ၃၊ အာယသ် ၃၆)
အထက်ပါ အာယသ်တော်မှာ မရ်ယမ်သခင်မ၏ မယ်တော်က မိမိသည် သားယောက်ျားလေးဖွားမြင်ရန် ဆန္ဒရှိခဲ့၏။ သားယောက်ျားလေးအစား သမီးမိန်းကလေးဖွားမြင်ခဲ့၍ အားငယ်ဝမ်းနည်းကြေကွဲစွာနှင့် မျှော်လင့်ချက်ကင်းမဲ့စွာပြောကြားချက်ကို ဖြေဆိုမိန့်ကြားအသိတရားပေးခဲ့လေသည်။
တမန်တော်မြတ်ကြီး(ဆွ) အစ္စလာမ်သာသနာတော်ကို ကြေညာပြီးနောက် ပထမဆုံး အစ္စလာမ်သာသနာကိုလက်ခံခဲ့သူဟာ ကြင်ယာတော် ခတီဂျဟ်သခင်မကြီးဖြစ်ပါသည်။ သာသနာတော်အတွက် ပထမဆုံး ရှဟီဒီ(သာသနာ့အာဇာနည်)ဖြစ်ခဲ့သူဟာလည်း စိုမိုင်ယာဟ်သခင်မပဲဖြစ်ပါသည်။ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ဟဒီးစ်တော်များစွာကို စုဆောင်းပေးပြီး မွတ်စလင်မ်ထုတစ်ရပ်လုံးအတွက် အကျိုးပြုခဲ့သူဟာလဲ ကြင်ယာတော် အာအေရှာဟ်သခင်မပါ။
နဗီတမန်တော်တို့၏ မယ်တော်များမှာ အမျိုးသမီးများ၏ဘ၀ဖြင့် ဂုဏ်ရည်မည်မျှကြီးမားကြောင်း၊ ထူးမြတ်လှကြောင်းကို ဖော်ပြရန်ပင်မလိုပေ။ တမန်တော်မြတ်ကြီး၏ ကြင်ယာတော်များပင် အစ္စလာမ်ထုတစ်ရပ်လုံး၏ မိခင်မွန်များပင်ဖြစ်ကြသည်။ ဤသည်တို့ကြောင့်ပင် အမျိုးသမီးများ၏ ဂုဏ်ရည်များကို ပိုမိုထင်ရှားပေါ်လွင်စေပါသည်။
အစ္စလာမ်သာသနာတွင် အမျိုးသား အမျိုးသမီး ခွဲခြားခြင်းမရှိခဲ့ပါ။ အကောင်းဆုံးသော အမူအကျင့်ရှိသူသာလျှင် အမြင့်မြတ်ဆုံးသူဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ဘောင်တန်း၍ လှုပ်ရှားပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသူ မြန်မာမွတ်စလင်မ်အမျိုးသမီးများသည်လည်း အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းဆောင်ရွက်ခဲ့သူများလည်းရှိပေသည်။ ဤသည်မှာလည်း အမျိုးသမီးများအတွက် ဂုဏ်ယူဖွယ်ရာဂုဏ်ရည်များပင် ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလ အစ္စလာမ်သာသနာဝင် အမျိုးသမီးများသည် အတိတ်ကာလမှ အမျိုးသမီးများနည်းတူ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်များနှင့် တမန်တော်မြတ်ကြီး၏ ဟဒီးစ်တော်များကို နှလုံးပိုက်ကာ အစ္စလာမ်သာသနာဝင် အမျိုးသမီးတို့၏ ဂုဏ်ယူဖွယ်ရာ ဂုဏ်ရည်များကို ဆက်လက်ထိန်းသိမ်းကြပါစို့ ………….. ။
ကိုးကား -
- ကျမ်းတော်မြတ်ကုရ်အာန် (မြန်မာဘာသာပြန်)
- မိခင်မွန်များ (ဃာဇီမုဟမ္မဒ်ဟာရှင်)
အမျိုးသမီးတွေမှာ ဒီလိုဂုဏ်ယူဖွယ်ရာအရည်အချင်းများရှိပါသောကြောင့် ..............
ဤဂုဏ်ရည်များကို အမျိုးသမီးတိုင်း အပြည့်အ၀ဆက်လက်ထိန်းသိမ်းနိုင်ပါစေ .......။

x x x x x x x x x x x x
အမျိုးသမီးတွေမှာ ဒီလိုဂုဏ်ယူဖွယ်ရာအရည်အချင်းများရှိပါသောကြောင့် ..............
ဤဂုဏ်ရည်များကို အမျိုးသမီးတိုင်း အပြည့်အ၀ဆက်လက်ထိန်းသိမ်းနိုင်ပါစေ .......။
No comments:
Post a Comment