“ချစ်လင်ဗိုလ်ချုပ်ရဲ့ ဇနီးကောင်းပီသစွာ နိုင်ငံနဲ့လူမျိုးအတွက် မိသားစုအတွက် ‘ကြည်’ … ထာဝရ ရပ်တည်သွားမှာပါ။” (ဒေါ်ခင်ကြည်၊ ဗိုလ်ချုပ်ကတော်)
“သားတို့သမီးတို့ရဲ့ ဖခင် မရှိတော့ပေမယ့် အမေဟာ သားတို့သမီးတို့ရဲ့ ဖခင်ကောင်းရဲ့ ဇနီးကောင်းပီပီ မိသားစုတာဝန်ကျေရပါစေမယ်။” (ဒေါ်ခင်ကြည်၊ ဗိုလ်ချုပ်ကတော်)
အတုယူရမည့်စံပြ မြန်မာအမျိုးသမီးခေါင်းဆောင် (၁)
ဒေါ်ခင်ကြည်၏ဘ၀သမိုင်းအား ပြန်ပြောင်းသုံးသပ်ကြည့်လျှင် ဒေါ်ခင်ကြည်သည် စံပြုဖွယ်၊ အတုယူဖွယ် အားကျဖွယ်များရှိနေသည်ကို တွေ့ရ၏။အဘယ့်ကြောင့်ဆိုသော် ဒေါ်ခင်ကြည်ဘ၀သမိုင်း၌ ကျောင်းဆရာမလေးဘ၀၊ သူနာပြုဆရာမလေးဘ၀၊ ဗိုလ်ချုပ်ကတော်ဘ၀၊ မင်းတိုင်ပင်အမတ်ဘ၀၊ ကလေးများမိခင်ဘ၀၊ လူမှုဝန်ထမ်းဥက္ကဋ္ဌဘ၀၊ နိုင်ငံရေးသမားဘ၀၊ ဘ၀စုံသည်။
ခရီးကြမ်းအား အပြုံးမပျက်လျှောက်လှမ်းခဲ့သူလည်းဖြစ်သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က
“ဗမာစကားတွေထဲမှာ မိန်းမဖျက်လို့ ပြည်ပျက်တယ်ဆိုတာရှိသလို၊ မိန်းမဆောင်သော အောင် ဆိုတဲ့စကားလည်းရှိတယ်၊ ဒါကို ကျွန်မ အမြဲတမ်းကြိုးစားနေတယ်” ဟုပြောသည်။ ထို့အတူ ဒေါ်ခင်ကြည်က အမျိုးသမီးများနှင့်ပတ်သက်၍ “ကျွန်မဟာ အမျိုးသမီးထုနဲ့အဓိက ဆက်သွယ်နေရတော့ အမျိုးသမီးထုအကြောင်းကိုသိတယ်၊ အမျိုးသမီးတွေက စည်းလုံးညီညွတ်မှုရှိကြတယ်၊ သူတို့အတွက် အဓိကလိုအပ်ချက်က ခေါင်းဆောင်ကောင်းရှိဖို့ပဲ၊ ဒါကြောင့် ကနေ့ တိုင်းပြည်ထူထောင်ရာမှာ အမျိုးသမီးထုကို ချန်လှပ်ထားဖို့ မသင့်ဘူးလို့ ထင်တယ်”ဟုပြောသည်။
သို့နှယ်ပင် ဒေါ်ခင်ကြည်သည် တိုင်းပြည်ထူထောင်ရာတွင် အမျိုးသမီးထု ပါဝင်နိုင်ရေးအတွက် အမျိုးသမီးများနှင့် ကလေးများ စောင့်ရှောက်ရေးအသင်းအား ထူထောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် “အမျိုးသမီးများနှင့် ကလေးများ စောင့်ရှောက်ရေးအသင်းကို ကျွန်မ တည်ထောင်ဖွဲ့စည်းရတာ ရည်ရွယ်ချက်အပြည့်နဲ့ပါ။ တိုင်းပြည်မှာ မိခင်ကောင်းတွေပေါ်ပေါက်မှ သားသမီးကောင်းဆိုတာ ရှိလာမှာလေ။ တိုင်းပြည်မှာ မိခင်ကောင်းတွေ ပေါ်ပေါက်ရေးနဲ့ သားကောင်းသမီးကောင်းတွေ ပေါ်ထွန်းရေးအတွက် ဒီအသင်းကြီးကို ကျွန်မ တည်ထောင်ရတာပါ”ဟုဆို၏။
မှန်သည်။ သည်အယူအဆ၊ အတွေးအမြင်သည် အတုယူဖွယ်၊ စံပြုဖွယ် အတွေးအမြင်၊ အယူအဆဖြစ်၏။ သည်အသင်းကြီးအား အောင်မြင်စွာတည်ထောင်နိုင်ခဲ့ခြင်းအတွက်လည်း ဂုဏ်ယူရမည်ဖြစ်သတည်း။
ထို့ကြောင့်လည်း ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကတော်ဆိုသည့် ဂုဏ်ထူးဝိသေသတစ်ခုကြောင့်မဟုတ်ဘဲ ပင်ကိုအရည်အချင်းကြောင့် အောင်မြင်ထင်ရှားခဲ့သည်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ချေ။
+ + + + + + + + + +
အတုယူရမည့်စံပြ မြန်မာအမျိုးသမီးခေါင်းဆောင် (၂)
“ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်၏ဇနီးကောင်းပီသသူ၊ ချစ်လင်ဗိုလ်ချုပ်ရဲ့ အတွေးအမြင် အယူအဆတွေနဲ့ တိုင်းကျိုးပြည်ကျိုး သည်ပိုးနေသူ စစ်စစ်ဖြစ်တယ်”ဟု ဗိုလ်စောနောင်(ရဲဘော်သုံးကျိပ်ဝင်) မကွယ်လွန်မီက ပြောခဲ့ဖူးသည်။ဒေါ်ခင်ကြည်၏သမိုင်းကို ပြန်ကြည့်လျှင်လည်း ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကတော်ပီသသည်မှာ အထူးပြောဖွယ်မရှိ။ ဒေါ်ခင်ကြည်သည် ခင်ပွန်းသည် မသမာသူများ၏ လက်ချက်နှင့် ကျဆုံးသွားသည့်နောက်ပိုင်း ဗိုလ်ချုပ်ဖြစ်စေချင်ခဲ့သော ဗိုလ်ချုပ်မျှော်မှန်းချက်များ ပြည့်မီစေရန် ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ကိုင်ခဲ့သည်။ ကြိုးပမ်းစွမ်းဆောင်ခဲ့၏။
“မင်းတို့အဖေက သူယုံကြည်ရာကို သူလုပ်ခဲ့တယ်ဆိုပေမယ့် သူလုပ်တာတွေဟာ နိုင်ငံနဲ့လူမျိုးအတွက်ပဲ သူဟာ ဒီလို နိုင်ငံရေးသမားအဖြစ် ကိုယ်ကျိုးစွန့် အလုပ်လုပ်ခဲ့သူဖြစ်ပေမယ့် သူဟာ ပညာရေးနဲ့ စာပေရေးရာမှာ ထူးချွန်သူဖြစ်တယ်။ သားတို့ သမီးတို့လည်း သူ့သားကောင်း၊ သမီးကောင်းအဖြစ် ရပ်တည်နိုင်ပါစေ၊ ရပ်တည်နိုင်အောင်ကြိုးစားခြင်းဟာ ဗိုလ်ချုပ်အပေါ် လေးစားချစ်ခင်ခြင်းပဲ” ဟု အမြဲပြောသည်။
အောင်ဆန်းဦးသည် အသက်(၁၇)နှစ်အရွယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့၏။ ထို့နောက် အင်္ဂလိပ်ပြည်၌ ပညာဆည်းပူးအောင်မြင်ခဲ့၏။
အောင်ဆန်းစုကြည်သည်လည်း ရန်ကုန်မြို့ အင်္ဂလိပ် မက်သဒစ်ကျောင်း၌ ပညာဆည်းပူးပြီး အင်္ဂလိပ်၌ ကျောင်းဆက်တက်ကာ ထူးချွန်ခဲ့သည်။
မှန်သည်။ ဒေါ်ခင်ကြည်က ဗိုလ်ချုပ်သေဆုံးသွားပြီးသည့်နောက်ပိုင်း ဒေါ်ခင်ကြည် အလုပ်အများကြီးလုပ်ခဲ့သလို သားသမီးများအပေါ် အလွန်ဂရုစိုက်သည်။
“ကျွန်မ သားသမီးတွေကို အဖမဲ့သား ရေနည်းငါးဘ၀ မရောက်စေချင်ဘူးလေ”အမြဲပြော၏။
ဒေါ်ခင်ကြည်က ဗိုလ်ချုပ်ဇနီးပီပီ စိတ်ဓါတ်ပြင်းထန်သည်။ သားသမီးကိစ္စအားလည်း အရေးထားသည်။
အောင်ဆန်းဦး တက္ကသိုလ်ဝင်တန်းအောင်မြင်တော့ ဒေါ်ခင်ကြည်က ဘိလပ်ကိုပို့သည်။ ဘိလပ်မှာ ပညာသင်စေ၏။
ယင်းသို့ ဘိလပ်တွင် အောင်ဆန်းဦးအား ဘိလပ်၌ပညာသင်ကြားရန်စီစဉ်တော့ ဗိုလ်ချုပ်အားလေးစားခင်မင်သူများက သူတို့နှင့်အတူထားပြီး အောင်ဆန်းဦးအား ပညာသင်စေ၏။ သို့သော် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က လက်ခံခြင်းမပြုခဲ့။ အောင်ဆန်းဦးအား တောရွာကလေးတစ်ခုရှိ ကျောင်း၌သွား၍ ထားခဲ့၏။ သည်အကြောင်းနဲ့ပတ်သက်၍ ဒေါ်ခင်ကြည်က “ကျွန်မက ကိုယ့်ခြေပေါ် ကိုယ်ရပ်ချင်တယ်လေ၊ ကိုယ့်ခွန်နဲ့ကိုယ့်အားပဲ လုပ်ချင်တယ်။ ဘယ်သူ့အကူအညီမှ မယူချင်ဘူး။ ပြီးတော့ ပျက်စီးမှာလည်းစိုးတယ်။ သူမရှိတော့ သားသမီးတွေ အနာဂတ်ကို ပိုသတိထားရမယ်”ဟုဆိုသည်။ ရန်ကုန်တက္ကသိုလ်၌မထားခြင်းအတွက်မူ “ဒါကတော့ရှင်းပါတယ်၊ အောင်ဆန်းဦးဟာ ဗိုလ်ချုပ်သားလေ၊ ဒါကြောင့် ဗိုလ်ချုပ်သားဆိုပြီး ၀ိုင်းမြှောက်လို့ ပျက်ဖို့များတယ်၊ ပျက်ရင် ကျွန်မတာဝန်လေ”ဟု ရှင်းပြ၏။ ဒေါ်ခင်ကြည်က အမြော်အမြင်ကြီးသူတည်း။
ဘာသာရေးနှင့်ပတ်သက်၍မူ ဒေါ်ခင်ကြည်က “ကျွန်မတို့တစ်မျိုးလုံး ဗုဒ္ဓဘာသာတွေပါ၊ ဒါပေမယ့် အဖေကတော့ ခရစ်ယာန်လေ၊ အဖေကလည်း ဘာသာရေးနဲ့ပတ်သက်လို့ လွတ်လပ်ခွင့်ပေးထားတာပါ။ ကျွန်မ ဗုဒ္ဓဘာသာဖြစ်တာ ဗိုလ်ချုပ်ကတော်ဖြစ်မှ မဟုတ်ပါဘူး”ဟု တည်ငြိမ်စွာပြောပြ၏။
အမှန်ဆိုသော် ဒေါ်ခင်ကြည်သည် အရည်အချင်းအပြည့်အ၀ရှိသောသူဖြစ်သည်ဆိုသည်မှာ ငြင်းစရာမရှိသည်မှာ အမှန်ပင်ဖြစ်သတည်း။
+ + + + + + + + + +
မျိုးဆက်အမွေပေးဝေခဲ့သူ
ဒေါ်ခင်ကြည်သည် အသက်အရွယ်ငယ်စဉ်က အချိန်ရှိခိုက် လုံ့လစိုက်ဆိုသည့်စကားနှင့် တိုင်းကျိုးပြည်ကျိုးအား သယ်ပိုးဆောင်ရွက်ခဲ့သလို အသက်အရွယ်ရလာတော့ ဗုဒ္ဓဘာသာအမျိုးသမီးပီပီ ဘာသာရေးအမြင်အသိနှင့် ထိန်းချုပ်နေထိုင်သည်။မှန်သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏မိခင် အမေစု၏ မျိုးဆက်အမွေများဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းစုကြည်တို့အား လက်ဆင့်ကမ်းပေးဝေမည်မှာ မုချပင်။
အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ကတော်ဖြစ်သကဲ့သို့ ဗိုလ်ချုပ်၏စိတ်ဓါတ်၊ စိတ်မြတ်ဝိညာဉ်သည် ပူးကပ်နေမည်မှာ မုချ။
သို့နှယ်ပင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အားချစ်သကဲ့သို့ ဗိုလ်ချုပ်ရယူပေးခဲ့သည့် လွတ်လပ်ရေးအား ဆုံးရှုံးမည်ကိုလည်း စိုးရိမ်သူဖြစ်၏။
ထို့ကြောင့် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်မိခင်ဖြစ်သူ အမေစု၏ မျိုးချစ်စိတ်ဓါတ်၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအသိအား လက်ဆင့်ကမ်းပေးဝေမှုအား ခံယူသကဲ့သို့ ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းစဉ်က ဒေါ်အောင်ဆန်းစုကြည် အနီးကပ်ပြုစုနေချိန်အတွင်းကလည်း ဒေါ်ခင်ကြည်သည် ခင်ပွန်းသည် ဦးဆောင်ရယူပေးခဲ့သည့် လွတ်လပ်ရေးမဆုံးရှုံးရေးအတွက် သမီးချစ်အား မျိုးချစ်စိတ်ဓါတ်နှင့် လွတ်လပ်ရေးမဆုံးရှုံးရေး၊ တိုင်းရင်းသားချစ်ကြည်ရေး ခိုင်မြဲမှုအတွက် သွန်သင်ဆုံးမသြ၀ါဒဖြင့် မျိုးဆက်သစ်အမွေပေးခဲ့မည်မှာ မုချဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်၏ . . .
“မိခင်ထံမှ ဒါမှ ငါ့သမီးဟူသော
ကျူးရင့်သံကိုသာ တောင့်တ မိပါ၏။
လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို။” ဟူသော ကဗျာကျူးရင့်မှုသည် သက်သေမဟုတ်လော။
မြန်မာ့ဂုဏ်ဆောင်သည့် မြန်မာ့အမျိုးသမီးခေါင်းဆောင် ဒေါ်ခင်ကြည် ကောင်းရာသုဂတိ လားပါစေ … ။
* နေစိုးထက် ရေးသည့် ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် သို့မဟုတ် ‘မျိုးဆက်အမွေဆက်ခံသူ၊ ပေးဝေသူ’စာအုပ်၊ စာမျက်နှာ ၁၃၃-၁၃၉ နှင့် ၁၄၉-၁၅၀ မှ
================================
FB မှာ ခင်နေတဲ့ အစ်ကိုတစ်ယောက်လက်ဆောင်ပေးလို့ ဒီစာအုပ်လေးကို ကျွန်မဖတ်နေရင်း ဒီခေါင်းစဉ်လေးတွေကို ဖတ်မိချိန်မှာ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ဆိုတဲ့ဂုဏ်ပုဒ်ထက် စံပြအမျိုးသမီးကောင်းတစ်ယောက်အဖြစ်ရယ်၊ စံပြမိခင်ကောင်းတစ်ယောက်အဖြစ်ရယ် ခံစားမိပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မမိခင်ရဲ့ တာဝန်ကျေပွန်မှုတွေကို မြင်ယောင်ရင်း ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဝိုင်း
No comments:
Post a Comment