Friday, June 01, 2012

ပေါ့ဆမီးတဲ့လား ၊

မန္တလေးမြို့ဟာ နွေရာသီရောက်လာပြီဆိုတာနဲ့ မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာ နာမည်ကြီးတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။

အခုတလောမှာလည်း နှစ်စဉ်ဖြစ်မြဲလိုပဲ မန္တလေးမြို့မှာ မီးခဏခဏလောင်တတ်ပြန်ပါတယ်။
မီးလောင်မှုအများစုဟာ ပေါ့ဆမီးကြောင့်ဖြစ်ပွားခဲ့တယ်လို့ပြောတယ်။ ဘာကို ပေါ့ဆမီးလို့ယူဆပြီးပြောတာလဲ။ မီးသွေမီးဖို၊ မီးခြစ်၊ ဖယောင်တိုင်မီး၊ ခြင်ဆေးထွန်းခြင်း အစရှိတဲ့အရာတွေကနေ မီးလောင်မှုဖြစ်လာတာကို ပေါ့ဆမီးလို့ပြောကြတယ်။ အဲလိုတွေကြောင့်မဟုတ်ပဲ လျှပ်စစ်ကြောင့် ၀ါယာရှော့ဖြစ်တာဆိုရင် ပေါ့ဆမီးလို့ မခေါ်ကြဘူး။ ၀ါယာရှော့ဖြစ်တာကိုလည်း ပေါ့ဆမီးလို့ပဲ ပြောချင်ပါတယ်။ မီးသုံးစွဲသူက ဂရုစိုက်မှုမရှိလို့သာ ၀ါယာရှော့ဖြစ်တာပေါ့။ ရေနွေးအိုးတည်ထားတုန်း မီးပျက်သွားလို့ ပလပ်မဖြုတ်မိတာလည်း မေ့လျော့ပေါ့ဆမှုပါပဲ။ အဲဒါကတော့ သုံးစွဲသူအနေနဲ့ ပေါ့ဆမှုပါပဲ။ နောက်တစ်ခုက တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုပါ။ ၀ါယာရှော့ဖြစ်တယ်ဆိုတိုင်း မီးသုံးစွဲသူတွေရဲ့ ပေါ့ဆမှုတစ်ခုတည်းကြောင့်မဟုတ်ပဲ လျှပ်စစ်မီးအား ပေးနေတဲ့သက်ဆိုင်ရာ အဆင့်ဆင့် လျှပ်စစ်ရုံးတွေရဲ့ ပေါ့ဆမှုလည်းဖြစ်ပါတယ်။

အခုဆိုရင် လျှပ်စစ်မီးအား မလုံလောက်မှုကြောင့် အချိန်အကန့်ပြီးပေးတယ်။ အဲလိုပေးပြန်တော့လည်း မီးပေးတဲ့အချိန်/မီးလာတဲ့အချိန်မှာ မီးအားကို ပြည့်ဝမှန်ကန်အောင် မပေးတာမျိုး၊ လူတွေရပ်ကွက်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ လျှပ်စစ်မီးအားတွေ အများကြီးသုံးပြီး လုပ်ငန်းလုပ်နေတာကို သိသိရဲ့ တာဝန်ရှိသူတွေက လစ်လျူရှုထားတာမျိုးတွေဟာလည်း တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုတွေပါပဲ။ ဒါကြောင့် ကျွန်မကတော့ အားလုံး(မီးသွေးမီးဖို၊ မီးခြစ်၊ ဖယောင်းတိုင်၊ ခြင်ဆေး၊ လျှပ်စစ်ဝါယာရှော့ ကြောင့်ဖြစ်ပွားမှု)ကို ပေါ့ဆမီးလို့ပြောချင်တာပါပဲ။



ကျွန်မတို့ ရပ်ကွက်မှာဆိုရင် မီးလာတဲ့အချိန်မှာလည်း မီးအားက တစ်ခါတစ်လေဆို ဗို့အား ၆၀ အောက်၊ တစ်ခါတစ်လေမှာ ၁၂၀ ရှိတတ်ပေမယ့် ချက်ချင်း ၆၀ အောက်ကျလိုက် ၁၂၀ တက်လိုက်၊ ၁၅၀ ရောက်လိုက်၊ ၂၀၀ ရောက်လိုက်နဲ့ ဖြစ်တတ်ပါတယ်။ လျှပ်စစ်မီးလာတယ်ဆိုပေမယ့် ဘာမှကို သုံးစွဲလို့မရတဲ့အခြေအနေပါ။ မီးလာတဲ့အချိန်လေး ရေစက်မောင်းရေတင်ချင်လို့လည်းမရ။ ဒီလို မီးအား အတက်အကျကြီးက အလွန်ကို အန္တရာယ်များလှပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က မီးလာတဲ့အချိန် မီးအားက အလွန်ကို တက်လိုက်ကျလိုက်ဖြစ်နေတော့ ကျွန်မ တိုင်း-လျှပ်စစ်ရုံးကို ဖုန်းဆက်ပြီးလှမ်းပြောပါတယ်။ အဲဒီက တာဝန်ရှိသူက နေရပ်လိပ်စာအတိအကျကို မေးတယ်။ ကျွန်မလည်း လိပ်စာပြောပြတော့ အဲဒီ ရပ်ကွက်ကြီးက အကျယ်ကြီးပဲ ရှိတာတဲ့။ ဒါနဲ့ ကျွန်မလည်း အစ်မရေ ကျွန်မပြောတဲ့ ရပ်ကွက်နေရာလေးက တစ်မိုင်ရဲ့ သုံးပုံတစ်ပုံပတ်လည်တောင် မရှိပါဘူး။ အစ်မတို့ တာဝန်ရှိသူတွေ တစ်ချက်လောက် စစ်ဆေးကြည့်ပေးကြပါဦးလို့ပြောတော့မှ ကောင်းပါပြီ အခု မီးလာနေလား၊ ကျွန်မ မြို့နယ် လျှပ်စစ်ရုံးကို လှမ်းပြောလိုက်ပါ့မယ်တဲ့။ ခဏနေတော့ မီးပျက်သွားတယ်။ ၁၀-မိနစ်လောက်နေတော့ မီးပြန်လာတယ်။ မီးပြန်လာတဲ့အချိန်မှာတော့ မီးအားလည်း အတက်အကျမဖြစ်တော့ပဲ မီးအားပြည့်ဝစွာလာလို့ စိတ်အေးချမ်းသာစွာနဲ့ ရေစက်မောင်းပြီးရေတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့်လည်း မီးလောင်မှုတွေမဖြစ်ပွားရအောင် သတိထားပေးစေလိုပါတယ်။

လျှပ်စစ်ရုံးက တာဝန်ရှိသူတွေအနေနဲ့လည်း ကိုယ့်မြို့နယ်အလိုက် မီးအားသုံးစွဲမှုတွေကို သတိထား ကြည့်ပြီး အရေးယူလုပ်ဆောင်သင့်ပါတယ်။

No comments:

Post a Comment