1979-ခုနှစ် August လရဲ့ နေ့တစ်နေ့ဖြစ်တဲ့ (22)ရက်နေ့ ... အဲ့ဒီနေ့ညမှာ မိုးတွေသည်းထန်စွာ ရွာနေတယ်။
အဲဒီည အဲ့လို မိုးတွေသည်းနေတဲ့အချိန် မန္တလေးမြို့ ၈၄-လမ်းပေါ်က ပုဂ္ဂလိက ဆေးတိုက်တစ်ခုအတွင်းမှာ ကလေးလေးတစ်ယောက်ဟာ လူသားတစ်ယောက်အဖြစ် လူ့လောကကြီးထဲကို ၀င်ရောက်လာခဲ့တယ်။ အဲ့ဒီကလေးလေးကို ငေးကြည့်ရင်း ကြည်နူးနေတဲ့ မျက်နှာ၊ ဆံပင်နဲ့ လူတစ်ကိုယ်လုံးမှာ မိုးရေစက်တွေ ခိုတွဲနေပေမယ့် ကလေးလေးကို ကြည့်ရင်း ပျော်ရွှင်နေတဲ့မျက်နှာ ... အဲဒီ မျက်နှာ ၂-ခုလုံးက ကလေးလေးရဲ့ မျက်နှာမှာ အကြည့်ချင်းဆုံပြီး ကြည်နူးနေကြတယ် ... အဲဒီမျက်နှာ ၂-ခုရဲ့ ပိုင်ရှင်တွေကတော့ ကလေးလေးရဲ့ မိခင်နဲ့ ဖခင်ပါ။
ဒီအချိန်မှာပဲ ဆေးတိုက်ကို ဖုန်းဝင်လာပြီး သမီးရဲ့ မွေးစကလေးလေး သူ့မြေးလေးကို ၀မ်းသာအားရ မေးလာပြီး မာလာဆိုတဲ့အဓိပ္ပါယ်ဟာပန်းလေးတစ်ပွင့်ပါ။ အဲ့ဒီ ပန်းကလေးရဲ့ အစိတ်အပိုင်းလေးတစ်ခုအဖြစ် ဒီကလေးလေးရဲ့ နာမည်မှာ ၀တ်ရည်ဆိုတာ ပါအောင် ထည့်ပါလို့ ဆိုလာတဲ့ ကလေးလေးရဲ့ လမ်းပြကြယ်ဖြစ်လာမယ့် အဖိုးဖြစ်သူပေါ့ .......... ။
ကလေးလေးကို မွေးဖွားပြီးချိန်ကနေ လူလားမြောက်တဲ့အရွယ်အထိ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ရတဲ့ မိခင်နဲ့ ဖခင် ....။ ငယ်စဉ်က ကျန်းမာရေး ချူချာခဲ့တဲ့ ကလေးလေးကို ပိုးမွေးသလို ပြုစုယုယဂရုစိုက်ခဲ့ရတဲ့ မိခင် ... ကလေးလေးဘ၀မြင့်မားဖို့ အစစအရာရာ ပံ့ပိုးထောက်ကူပေးခဲ့တဲ့ ဖခင်တို့ရဲ့ ကျေးဇူးတွေဟာ ဆပ်လို့ မကုန်နိုင်ပါဘူး .... ။
ကလေးလေး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကနေစလို့ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတာကို နားလည်ပြီး စာပေနဲ့ ပျော်မွေ့အောင် ဗီဇမျိုးစေ့ထည့်သွင်းပေးခဲ့သူ အဖိုး၊ အသက်(၂၃)နှစ်အချိန်ထိ ဘေးနားကနေ အမြဲဂရုစိုက်ပြီး သွန်သင်ဆုံးမ ပဲ့ပြင်ခဲ့တဲ့ အမေ၊ ငယ်ငယ်ကတည်းက အခု အချိန်အထိ စိတ်ဓါတ်မြင့်မားအောင်၊ လူ့လောကထဲမှာ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်အောင် စိတ်ဓါတ် ခွန်အားတွေ ပေးခဲ့တဲ့ အဖေ တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ......
လူ့လောကထဲကို ရောက်ရှိနေထိုင်ခဲ့တဲ့ကာလတလျှောက် ဘိုးဘွားမိဘနဲ့ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများ၊ မောင်နှမများ၊ မိတ်ဆွေများ၊ ဆရာသမားများနဲ့ ရောက်ရှိခဲ့တဲ့ ၀န်းကျင်ကလူတွေရဲ့ ချစ်ခြင်းမေတ္တာတွေရရှိခဲ့ရတာတွေဟာလည်း ဘ၀မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ရှေ့ဆက်လှမ်းနိုင်ဖို့ အခွင့်အလမ်းဖြစ်တာကြောင့် အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် .... ။
မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဆရာသမား၊ မိတ်ဆွေအပေါင်းသင်း၊ သူငယ်ချင်းများ၊ ဘ၀တလျှောက် ကြုံဆုံခဲ့ရသူများအားလုံးအပေါ်မှာ ပြုမိခဲ့တဲ့ အမှားများ ရှိပါက အားလုံးက ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ် ..... ။
လူ့လောကထဲက (၃၄)နှစ်ကြာ သက်တမ်းတလျှောက်မှာ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်မြို့မှုများနဲ့သာ ရပ်တည်နိုင်အောင် ကြိုးစားပြီး ရပ်တည်လျှောက်လှမ်းခဲ့ပါတယ်။ လူသားထုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ဖို့လည်း အမြဲ ကြိုးစားခဲ့ပါတယ် လူသားတစ်ယောက်ဖြစ်တဲ့အလျောက် မိမိရဲ့ လိုအပ်ချက်တွေကြောင့် အရှင်မြတ် မနှစ်သက်သည်များကို ပြုမှားမိခဲ့သည်များလည်း ရှိခဲ့ပါတယ်။ အရှင်မြတ် မနှစ်သက်သည်များကို ကိုယ်တိုင် သိလျက်နဲ့ဖြစ်စေ မသိပဲဖြစ်စေ ပြုမှားမိခဲ့သည်များအတွက် အရှင်မြတ်ထံဝန်ချတောင်းပန်ရင်း ရှေ့ဆက်မယ့် ဘ၀တလျှောက်လုံးမှာ လူသားထုအကျိုးကို ဆထက်ထမ်းပိုး ရွက်ဆောင်နိုင်တဲ့ အခွင့်အလမ်း ကျွန်တော်မျိုးမကို ပေးသနားတော်မူပါ အရှင် .... အာမီးန် ............. ။
"အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ။" (စူရဟ် ၂ ၊ အာယသ် ၂၈၆)
Birthday Wish ပို့ပေးလာကြသော သူငယ်ချင်းမောင်နှမများနဲ့ မွေးနေ့ကို အမှတ်ယပေးကြသူများ အားလုံးကို ၀မ်းသာစွာနဲ့ ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ ..... :)
No comments:
Post a Comment