တစ်ခါတုန်းကပေါ့ ...
တိုင်းပြည်တစ်ခုမှာ ဒိသာပါမောက္ခကြီးတစ်ယောက်ဟာ သူ့တပည့်တွေကို ပညာတွေသင်ပေးပြီးတဲ့နောက် တပည့်တွေ ပြန်ခါနီးမှာ နောက်ဆုံး နှုတ်ဆက်ပွဲလေး လုပ်ပါသတဲ့။ အဲဒီ ပွဲလေးမှာ ပါမောက္ခကြီးက အစီ အစဉ်လေးတစ်ခုကိုလည်း ထည့်သွင်းလိုက်ပါတယ် ……
အဲဒါကတော့ ….. သူ့တပည့်တွေထဲက တပည့်နှစ်ယောက်ကို ကျန်သူအားလုံးဘက် မျက်နှာမူပြီး ရှေ့ထွက် ရပ်စေခဲ့တယ် ….
ပါမောက္ခကြီး - ကဲ တပည့်တို့ အခု သူတို့ ၂-ယောက်ကို ကြည့်စမ်း။ ပြီးရင် ဘာမြင်လဲ ပြောကြစမ်း။
တပည့်(၁) - တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းမတူပါဘူး။
တပည့်(၂) - တစ်ယောက်က အရပ်နည်းနည်းပုပြီး တစ်ယောက်က နည်းနည်းအရပ်ရှည်နေတယ်။
တပည့်(၃) - တစ်ယောက်က ၀နေတယ်။ တစ်ယောက်က ပိန်တယ်။
တပည့်(၄) - ဆံပင်အတိုအရှည်ကွာတယ် မျက်လုံး၊ ပါးစပ်၊ နှာခေါင်း ပုံစံမတူကြဘူး။
ကျန်တဲ့တပည့်တွေကလည်း တစ်ယောက်တစ်မျိုး သူတို့မြင်တဲ့ မတူတာတွေကို ပြောပြသွားကြတယ်။ အဲဒီနောက်တော့ ပါမောက္ခကြီးက သူ့တပည့်တွေကို ပြောတယ်။
ပါမောက္ခကြီး - ကဲ .. မင်းတို့ကို ငါပြောမယ်။ မင်းတို့ကို ကြည့်စမ်း၊ ဘာမြင်လဲဆိုတော့ မင်းတို့ မြင်တာတွေ ပြောသွားကြတယ်။ မင်းတို့မြင်တာတွေက ဘယ်လိုကြည့်ပြီးပြောကြတာလဲ။ မြင်တာတွေအားလုံးက မတူတာတွေကိုပဲ မြင်ကြတယ်။ တူတာတွေကိုတော့ တစ်ခုမှ မမြင်ကြဘူး။ တကယ်ဆို ဘာမြင်လဲ စကြည့်ကတည်းက သူတို့ဟာ လူ ၂-ယောက်ဖြစ်တယ်။ ခေါင်းတစ်လုံး၊ မျက်စိ၂-လုံး၊ လက်နှစ်ဘက် ပါတာချင်းတူတယ်။ ခြေလက်အင်္ဂါစုံတာချင်းတူတယ် အဲဒါတွေကို ဘာဖြစ်လို့ မမြင်ကြပဲ မတူတာတွေကိုပဲ မြင်ကြတာလဲ။ ဒီတော့ နောက်ကို အမြဲသတိထားဖို့အတွက်မှာချင်တယ်။ ဘယ်တော့ပဲဖြစ်ဖြစ် ကြည့်ပြီ ဆိုတာနဲ့ မတူတာတွေကို အရင်ရှာတတ်ကြတာ လူ့သဘာဝလိုဖြစ်နေတယ်။ အဲဒါကိုပြင်ပါ။ “မတူတာတွေကတော့ ရှိကြမှာပဲ။ အဲဒီ မတူတာတွေထဲက တူတာတွေကို အရင်ရှာကြည့်ပါ။” မတူတာတွေကိုပဲ လိုက်ရှာနေမယ်ဆိုရင်တော့ ရှာလို့ဆုံးမှာမဟုတ်ဘူး။ တူတာတွေကို အရင်မြင်တတ်ပါစေ …… ကဲ တပည့်တို့ ဘ၀လမ်းခရီးမှာ ဆရာ့ရဲ့ ဆုံးမစကားလေးကို နားလည်နိုင်ကြပါစေ ………။
အဲဒါကတော့ ဒိသာပါမောက္ခကြီး ပြောကြားခဲ့တဲ့စကားလေးပါ ……

No comments:
Post a Comment