မနေ့ည (၉း၀၀)နာရီကျော်ကျော်လောက်မှာ မီးသတ်ကားသံကြားတော့ .....
ဟာ - လုပ်ပြန်ပြီ မီးကတော့ ဘယ်နားပါလိမ့်လို့ အိမ်အပြင်ထွက်ကြည့်တော့ မီးအရောင်တော့မမြင်ရဘူး။
ဒါပေမယ့် မီးသတ်ကားသံက အနီးအနားကကြားနေရတာဆိုတော့ မီးလောင်တာလည်း နီးနီးနားနားမှာရှိမယ်လို့ထင်လို့ လမ်းထိပ်ထွက်ကြည့်မယ်စိတ်ကူးနေတုန်း မီးသတ်ကားသံတွေအများကြီး ကြားရတော့တာပဲ။
မီးသတ်ကားတွေက လမ်းမကြီးကနေ သွားနေပြီ ....
ဒါနဲ့ အဖေက "သမီး ... အဖေ သွားလိုက်ဦးမယ် ၊ သမီးလိုက်မှာလားဆိုတော့" ဘယ်ရမလဲ လိုက်မှာပေါ့ဆိုပြီး သားအဖနှစ်ယောက် ဆိုင်ကယ်နဲ့ထွက်လာကြတယ်။
လမ်းမလည်းရောက်ရော အိုး - မနည်းမနောတဲ့ ဆိုင်ကယ်တွေပါလား။ မြို့သစ်တစ်ခုလုံးက ရှိသမျှဆိုင်ကယ်တွေ အကုန်လို့တောင် ထင်ရတယ်။ ဘယ်ရမလဲ ကိုယ်တွေလည်း အဲဒီဆိုင်ကယ်တွေကြားထဲရောပြီး မီးသတ်ကားတွေသွားတဲ့ဘက် ထွက်ခဲ့တာပေါ့။ မီးလောင်တဲ့ မီးရောင်ကတော့ မမြင်ရဘူး။
အဲဒီမှာပဲ မီးသတ်တစ်ချို့(တော်တော်များတယ်) မြောက်ဘက်ကနေ တောင်ဘက်ကို ပြန်လာပြီး လမ်းမကြီးပေါ် ပြန်လာကြတယ်။
မီးသတ်ကားသွားတဲ့နေရာကတစ်နေရာ မီးလောင်တာက တစ်နေရာဖြစ်နေတယ်။
လမ်းမကြီးပေါ်(မြို့သစ်များဆက်သွယ်ထားတဲ့ တစ်ခုတည်းသော အရှေ့အနောက်လမ်းမကြီး)မှာ ဆိုင်ကယ်တွေရော မီးသတ်ကားတွေရော ရှုပ်ယှက်ခတ်ကုန်တယ်။ မီးလောင်တာ အရှေ့ထဲဆိုတာသာသိလို့သွားနေရတယ်။ ဘယ်နားလောင်မှန်းမသိဘူး။ ဆိုင်ကယ်တွေကားထဲကြားထဲကနေ ကပ်သီးကပ်သပ် တိုးထွက်ပြီး ဘေးနားရပ်နေတဲ့သူတွေဆီသွားပြီး မီးလောင်တာ ဘယ်နားလဲသွားမေးတော့ မသိဘူး။ ဟိုလူတွေသိတယ် ဟိုလူတွေမေးကြည့်ပါလားဆိုတာနဲ့ သွားမေးလိုက်တာ လေးယောက်လောက် ပြောင်းသွားပြီးမှ ဟိုးတစ်နေ့က မီးလောင်တဲ့နေရာ(မြရည်နနာမြို့သစ်)ရဲ့ အရှေ့ဘက်ဆိုတာပြောတာနဲ့ police ကားကို သွားပြောပြီး အဲဒီဘက်ကို ထွက်လာလိုက်တယ်။ police ကားကလည်း ကျွန်တော်တို့နဲ့အတူတူ မီးလောင်တဲ့နေရာကိ ရှာနေတယ်။ နောက်ဆုံး ကျွန်တော်တို့ဆိုင်ကယ်ရော Police ကားရော မီးလောင်တဲ့နေရာကို အတူတူရောက်သွားကြတယ်။
အဲ - ကျွန်တော်တို့ရောက်တော့ မီးက ငြိမ်းနေပါပြီ။ အဲဒီနေရာမှာ မီးသတ်ကား ၂-စီးလည်း ရောက်နှင့်နေတာကိုတွေ့ရတယ်။ အဲဒီမှာပဲ ဟို - ဝေါ်ကီတော်ကီဆိုတာကြီး ကိုင်ထားတဲ့ မီးသတ်ရဲဘော်တစ်ယောက်က အဲဒါကြီးနဲ့ အခြားတစ်နေရာကို ဆက်သွယ်ပြောနေသံကြားရတယ် သူက ဘာပြောလဲဆိုတော့ "အေး - ငါတို့ မီးလောင်တဲ့နေရာကို ရောက်နေပြီ။ မီးငြိမ်းသွားပြီ။ ဟာ - ဘယ်နေရာလဲတော့ ငါလဲ မပြောတတ်ဘူး။ လမ်းလည်းမသိဘူး - ဟာ မသိပါဘူးဆိုမှ ငါက ဘယ်လမ်းလို့ပြောရမှာလဲ"တဲ့။ အဲဒါနဲ့ အဖေက အဲဒီရှေ့က ဘုန်းကြီးကျောင်းနဲ့ အမကကျောင်းလေးကို ညွှန်ပြပြီး ဘုန်းကြီးကျောင်နဲ့ အမကကျောင်းနားလို့ပြောလိုက်ပါလို့ အကြံပေးလိုက်တော့မှ အဲဒီ ဘုန်းကြီးကျောင်းနဲ့ အမကကျောင်းကို လမ်းညွှန်ပြောလိုက်တယ်ဗျာ။ :)
မီးလောင်လို့ အိမ်(၂)အိမ်ပါသွားတယ်။ မီးလည်းငြိမ်းနေပြီဆိုတော့ ကျွန်တော်တို့လည်း ပြန်ထွက်လာခဲ့တယ်။ အဲဒီအချိန်မှ နောက်ထပ်မီးသတ်ကားတွေ အများကြီး ၀င်လာနေတာတွေ့ရတယ်။ ကျွန်တော်တို့ပြန်သလို ကျွန်တော်တို့ရှေ့မှာ လေးဘီးကားလေး တစ်စီးကလည်း ပြန်ထွက်သွားတာတွေ့ရတယ်။ ဒါနဲ့ ကျွန်တော်ကြည့်လိုက်တော့ အဲဒီလေးဘီးကားလေးပေါ်မှာ ရေစုတ်စက်တစ်လုံးရယ်၊ မီးသတ်ပိုက်တစ်ခွေရယ်၊ အထဲမှာ မီးသတ်ရဲဘော်(၃)ယောက်ရယ်၊ အပြင်က တန်းလေးပေါ်မှာ နောက်ထပ် မီးသတ်ရဲဘော်(၃)ယောက်၊ ကားလေးရဲ့ ရှေ့ခေါင်းခန်းထဲမှာ မီးသတ်ခေါင်းဆောင်(လို့ယူဆရတဲ့)တစ်ယောက်။ ကျွန်တော်လေ အဲဒီကားလေးကိုကြည့်ပြီးသနားသွားတယ်။ ဒါပေမယ့် ကျွန်တော် မီးလောင်တယ်ဆိုတာနဲ့ မီးလောင်တဲ့နေရာကို ဘယ်လိုပဲဖြစ်ဖြစ် အရောက်သွားခဲ့တဲ့ အဲဒီကားလေးနဲ့ မီးသတ်ရဲဘော်တွေကို တကယ်သဘောကျသွားတယ်။
အဲ - မီးလောင်တာက ထွန်တုံးမြို့သစ်ပါ။ ဟိုးတစ်နေ့ကမီးလောင်ခဲ့တဲ့ မြရည်နနာမြို့သစ်ရဲ့ အရှေ့ဘက်နည်းနည်းလေးပဲ ကွာပါတယ်။
ကျွန်တော်ကတော့ ငိုအားထက် ရီအားသန်စရာလေးတွေ့လာခဲ့ရတာပါ။
အဟဲ - ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိပါတယ်။ :)
March 8, 2009

No comments:
Post a Comment