Monday, May 02, 2011

သဘာဝဘေးကာကွယ်ရေး မိုးလေဝသအလေးပေး

လူသားတို့ အသက်ရှင်နေထိုင်လျက်ရှိသော ဩကာသလောကကြီး၌ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ် များစွာရှိလေသည်။ သဘာဝဘေးအန္တရာယ်ဟူသည် လူတို့၏ပယောဂမပါ အလိုအလျောက်ဖြစ်တတ်သော ရေကြီးခြင်း၊ မိုးကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ စသည်တို့ဖြစ်လေ သည်။သဘာဝဘေးအန္တရာယ်ဖြစ်သော အကြောင်းရင်းများကို လေ့လာကြည့်လျှင် ရေ၊ မြေ၊ လေ၊ အပူအအေး၊ မိုးလေဝသ ရာသီဥတုသဘာဝဖောက်ပြန်၍ဖြစ်ရသကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလိုအပ်ခြင်းကြောင့်လည်း ဖြစ်ရတတ် လေသည်။


"မိုးလေဝသဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့်အနီးဆုံးအလွှာရှိ လေထု၏ အဆက်မပြတ်ဖြစ်ပေါ်နေသော အခြေ အနေအရပ်ရပ်ကိုဆိုလိုသည်။" လေထု၏အပူချိန်၊ လေဖိအား၊ တိုက်လေ၊ စိုထိုင်းဆ၊ မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း၊ တိမ်ဖြစ်ထွန်းခြင်း စသော သဘာဝဖြစ်စဉ်များအားလုံး အကျုံးဝင်သည်။ ကမ္ဘာမြေသည် မိုးလေဝသနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံ နေရသကဲ့သို့ ကမ္ဘာမြေကို အမှီပြုနေထိုင်ရသော လူသားတို့သည်လည်း မိုးလေဝသနှင့် ကင်းကွာ၍ မရနိုင်ပေ။

ကင်းကွာ၍မရရုံသာမက မိုးလေဝသသည် လူတို့၏ နေရေး၊ စားရေး၊ ကျန်းမာရေး အစစအရာရာကို လွှမ်းမိုးလျက် ရှိသည်။ ထို့ကြောင့် မိုးလေဝသမှန်ကန်ကောင်းမွန်စေရန် လူတိုင်းလိုလားတောင့်တကြသည်မှာ ကမ္ဘာဦး ကတည်းကပင်ဖြစ်သည်။ မိုးလေမှန်လျှင် ဆန်ရေစပါးပြေွါကယ်ဝမည်။ စားဝတ်နေမှုချောင်လည်ပြီး အလှူအတန်းများ၊ ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေကြရမည်။ မိုးလေမမှန်လျှင် စားရေရိက္ခာရှားပါးမည်။ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယဖြစ်ပွားခြင်းကပ်ဆိုးကြီးများနှင့် ရင်ဆိုင်ကြရမည်။ ဤသို့လျှင် မိုးလေဝသသည် လူအပေါင်း၏ သုခ၊ ဒုက္ခအဝ၀ကို ခြယ်လှယ်နိုင်စွမ်းရှိသည်။ သာမန်အားဖြင့် မိုးလေဝသ၏ သဘောသဘာဝသည် ကောင်းမွန်တတ်သော်လည်း တစ်ခါတစ်ရံ ဆိုးသွမ်း ကြမ်းကြုတ်လာသောအခါ လူ့အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာကို ခဏအတွင်း ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။


မိုးလေဝသရာသီဥတုဆိုသည်မှာ သစ်ပင်သစ်တောများအပေါ်တွင် မှီခိုနေပေသည်။ သစ်ပင်မြက်ပင်တို့၏အမြစ် များသည် မြေစိုင်မြေခဲများကို ပြိုကွဲမသွားစေရန် စုစည်းနှောင်ဖွဲ့ထားပေသည်။ ထို့ကြောင့် မိုးရေများတိုက်စားသောအခါ မြေစိုင်များမပြိုကွဲဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိနေလေသည်။ ထို့ပြင် မိုးရေတို့သည် သစ်မြစ်များမှတစ်ဆင့် မြေအောက်သို့စီးဝင်ကာ မြေအောက်ရေအဖြစ် ရေကို နွေရာသီအတွက် သိုလှောင်ထားပေးပြန်သည်။ ထို့ကြောင့် သစ်ပင်မရှိလျှင် မြေအောက် ရေများ ခန်းခြောက်သွားတတ်သဖြင့် မိုးရွာလိုက်မှသာလျှင် ရေပေါ၍ မိုးစဲလျှင်ရေရှားသောအဖြစ်သို့ ရောက်သွားတတ် ပေသည်။

ထို့ပြင်သစ်ပင်တို့သည် မြေပြင်၊ တောင်ကုန်းစသည်တို့ကို နေပူရှိန်ဒဏ်၊ မိုးပေါက်ဒဏ်တို့ တိုက်ရိုက်မထိပါး ရအောင် ကာကွယ်ပေးထားသကဲ့သို့ ရှိနေသည်။ နေပူရှိန်တိုက်ရိုက်မခံရလျှင် မြေကြီးအပေါ်ယံမြေလွှာသည်ြွကပ်ဆတ်ပြီး ဖွယ်ပွလာ နိုင်သည်။ လေတိုက်လျှင်လေနှင့်အတူပါသွားပြီး မိုးရွာလျှင် မိုးနှင့်အတူပါသွားတတ်သည်။ ထိုမြေမှုန်များသည် ချောင်းငယ် များမှတစ်ဆင့် မြစ်ကြီးများထဲသို့ရောက်ကာ မြစ်ပြင်တိမ်ကောလာစေမည်။ မြစ်ချောင်းများတိမ်ကောလာသော အခါ မြစ်ရေကို ကောင်းစွာမနုတ်နိုင်တော့မည်ဖြစ်၍ မြစ်ရေလျှံပြီး ပတ်ဝန်းကျင်ရေကြီးမှုများဖြစ်လာနိုင်ပေသည်။

ထိုကဲ့သို့ မိုးအခါရေလျှံတတ်သော်လည်း နွေရောက်လျှင်မူကား ရေတစ်ပေါက်မျှရှာမရအောင်ခြောက်သွေ့သွား တတ်သည်။ သစ်ပင်မရှိသောကြောင့် အအေးဓာတ်ကလည်း လျော့ပါးသွားပြန်သည်။ ထို့ကြောင့် မိုးခေါင်မှုကလည်း ဆက်တိုက်ပါဝင်လာတတ်သည်။ ဤသို့အားဖြင့် သဲကန္တာရအဖြစ်သို့ တစ်စတစ်စ ပြောင်းသွားလေတော့သည်။

ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားစေသည့် မိုးလေဝသအခြေအနေထဲတွင် လေမုန်တိုင်းလည်းပါဝင်ပါသည်။ လူတို့ကို ဒုက္ခအပေးဆုံးမှာ ဆိုင်ကလုံးမုန်တိုင်းများဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်းကြီးများကိုဖြစ်ပေါ်သည့်နေရာအလိုက် ]ဟာရီကိန်း မုန်တိုင်း၊ တိုက်ဖွန်းမုန်တိုင်း၊ ဆိုင်ကလုံးမုန်တိုင်း}ဟု အမျိုးမျိုးခေါ်ဝေါ် ကြသည်။ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်သည့်မုန်တိုင်းသည် အပျက်အစီးအများဆုံးဖြစ်သည်။ ဤမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံလည်း အထိုက် အလျောက်ခံသင့်သလောက်ခံခဲ့ရသည်။ အထူးသဖြင့် (၁၉၆၈)ခုနှစ်တွင် တိုက်ခတ်ခံခဲ့ရသည့် စစ်တွေမုန်တိုင်းသည် ထင်ရှားသည်။ ရခိုင်ပြည်နယ်စစ်တွေမြို့အပါအဝင် ကိုးမြို့နယ်ပေါ်သို့ ဖြတ်ကျော်တိုက်ခတ်သွားရာ အကြီးအကျယ် ပျက်စီး ဆုံးရှုံးခဲ့ရသည်။

(၁၉၇၀)ပြည့်နှစ် ဘင်္ဂလားဒေ့ရှ် မုန်တိုင်းကြီးသည် (၂၀)ရာစုနှစ်အတွင်း ကမ္ဘာပေါ်တွင် ဖျက်ဆီးအား အကြီးဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။ မုန်တိုင်းကျစဉ် လေသည် တစ်နာရီ မိုင်(၁၅၀)နှုန်း တိုက်ခတ်ပြီး ပင်လယ်ဒီရေသည် ပေ ၂၀ မှ ၃၀ ခန့် မြင့်တက်လာသည်။ မြေပြင်ဧရိယာ စတုရန်းမိုင် လေးထောင်ကျော် လေဘေးရေဘေးသင့်ခဲ့ပြီး၊ လူငါးသိန်း သေဆုံးခဲ့သည်။ သီးနှံစိုက်ဧက တစ်သန်းကျော် ပျက်စီးခဲ့ရသည်။

(၁၉၉၉)ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ကမ်းခြေကို ]ဖလွိုက်}အမည်ရှိ အင်အားပြင်းထန်သော ဟာရီကိန်းမုန်တိုင်းက တစ်နာရီလျှင် (၁၅၅)မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြန်သည်။ အမေရိကန်သမိုင်းတွင် အကြီးဆုံး သော ကယ်ဆယ်ရေးလုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်ခဲ့ကြရသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် 'အယ်လ်နီညို'ကြောင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့နေရပါသည်။ 'အယ်လ် နီညို'ဟုခေါ်ဆိုနေကြသည့် ပုံမှန်မဟုတ်သောရာသီဥတုပြောင်းလဲမှုဖြစ်ပွားစဉ်က အာရှနိုင်ငံများ မုန်တိုင်းဒဏ်ခံခဲ့ရသည်။ ထိုစဉ်က ပစိဖိတ်သမုဒ္ဒရာအတွင်းမှရေများသည် သာမန်ထက် ပိုမိုပူနွေးနေပြီး၊ ဂျက်ရေစီးကြောင်းများကို ပိတ်ဆို့ထားရာ အမေရိကန်အရှေ့ဘက်ကမ်းခြေသို့ ဦးတည်တိုက်ခတ်နေသော အပူပိုင်းမုန်တိုင်းများကို အားလျော့စေခဲ့သည်။ 'လာနီညို' ကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေများအေးလာပြီး ဂျက်ရေစီးကြောင်းများကို မြောက်ဘက်သို့ဦးတည်ပေးခြင်းကြောင့် မုန်တိုင်းများအဝင်ရလွယ်သွားခြင်းဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိရေများ ပုံမှန်အခြေအနေထက် ပိုမိုပူနွေးနေသမျှ အမေရိကန်ကမ်းခြေကို မုန်တိုင်းများထပ်မံတိုက်ခတ်နေဦးမည်ဟု ခန့်မှန်းကြသည်။

အချို့ဒေသများတွင် သစ်ကြီးဝါးကြီးများကို လုံးလုးမခုတ်ထွင်မရှင်းလင်းဘဲ ထားလျှင်လည်း တောမီးလောင်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ အပူရှိန်ပြင်းထန်နေချိန်တွင် လေတိုက်၍ သစ်ပင်များတစ်ပင်နှင့်တစ်ပင် ပွတ်တိုက်ခတ်မိရာမှ အခန့်မသင့်လျှင် တောမီးလောင်တတ်ပေသည်။ ထို့ကြောင့် သစ်ဝါးများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ မပြုန်းတီး ရအောင် ထပ်ခါထပ်ခါ စိုက်ပျိုးနေရန်လည်းလိုအပ်လှပေသည်။ ဤအကြောင်းအရာများနှင့်ပတ်သက်၍ ဗဟုသုတအတွေ့ အကြုံများပြည့်စုံလာစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော အထူးပြုဘာသာရပ်များကိုလည်း နိုင်ငံတော် အစိုးရက ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။
သဘာဝဘေးအန္တရာယ်များစွာအနက် မြေသားပြတ်ရွေ့မှုများမှ စတင်ဖြစ်ပေါ်တတ်သော မြေငလျင်ဒဏ် သည်လည်း အပါအဝင်ဖြစ်သည်။ (၁၉၇၅)ခုနှစ် ပုဂံငလျင်ဒဏ်ကြောင့် ပုဂံဘုရားပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရဖူးသည်။ (၁၉၆၈)ခုနှစ် စစ်တွေမုန်တိုင်းဒဏ်ကြောင့် ကမ်းရိုးတန်းတလျှောက်နေထိုင်သူများမှာလည်း လေမုန်တိုင်းဒဏ်၊ ရေကြီးမှု ဒဏ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။

အလွန်နက်သောမြေကြီးအတွင်းမှ ချော်ရည်များ မြေမျက်နှာပြင်ပေါ်သို့ တက်လာရာမှ မီးတောင်များ ဖြစ်ပေါ်လာ သည်။ ပေါက်ကွဲပုံနှင့် ပေါက်ကွဲရာမှထွက်လာသော အရာဝတ္ထုများကိုလိုက်၍ မီးတောင်များကို အမျိုးအစားခွဲခြားနိုင်သည်။ မီးတောင်ပေါက်ကွဲလျှင် မီးတောင်အတွင်းမှ ချော်ရည်၊ မီး၊ ချော်ဗုံး၊ ချော်ခဲငယ်၊ ပြာ၊ ဓာတ်ငွေ့ပူနှင့် ရေနွေးငွေ့များထွက် လာသည်။ မီးတောင်မှထွက်လာသော အရာဝတ္ထုများတွင် အခြားကျောက်များနှင့်မတူသော သွင်ပြင်လက္ခဏာများရှိသည်။ မီးတောင်ပေါက်ကွဲရာမှ ထွက်လာသောချော်ရည်၏အပူချိန်သည် ၁၀ဝ၀ ဒီဂရီစင်တီဂရိတ်ပင်ကျော်နိုင်၏။ ကမ္ဘာမြေကြီး၏ အတွင်းပိုင်း အလွန်နက်သောနေရာတွင် ゞင်းကျောက်ရည်ပူများ၏ အပူချိန်သည် ၁၀ဝ၀ ဒီဂရီစင်တီဂရိတ်ကျော်၏။ မီးတောင်ပေါက်ကွဲသောအခါ ကျောက်ရည်ပူများသည် အပေါက်များ၊ အက်ကွဲကြောင်းများမှတဆင့် ကမ္ဘာ့မျက်နှာပြင် ပေါ်သို့ ထွက်လာကြသည်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ထွက်ပေါ်လာသည့် အမှုန်များသည် ကမ္ဘာ့လေထုကို ညစ်ညမ်းစေခြင်း၊ အပင်များသေခြင်း၊ စိုက်ခင်းများပျက်စီးခြင်း၊ အိုးအိမ်များပျက်စီးခြင်း စသည့်ဆိုးကျိုးများ ရရှိနိုင် ပါသည်။
(၂၀ဝ၄)ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် လှုပ်ခဲ့သော ဆူနာမီငလျင်မှာ ကြုံတွေ့ခဲ့ရသော သဘာဝဘေး အန္တရာယ်များအနက် ကမ္ဘာ့နှင့်အဝှမ်း အကြီးမားဆုံးတွေ့ ကြုံခဲ့ရသော အန္တရာယ်တစ်ခုဖြစ်ပါသည်။ 'ဆူနာမီ'ဟူသည် ပင်လယ်တွင်း ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့ကြောင့် ဒီရေလှိုင်းကြီးများဖြစ်ပေါ်ကာ ကမ်းခြေဒေသများသို့ ရိုက်ခတ်ခြင်းပင်ဖြစ်သည်။ 'ဆူနာမီ'သည် ဂျပန်အခေါ်အဝေါ် ဖြစ်ပြီး 'ဒီရေလှိုင်း'ဟု အဓိပ္ပာယ်ရပါသည်။ ထိုဒီရေလှိုင်းများ ၏ အရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ၊ ကျွန်းစုဒေသများတွင် ရေလွှမ်းမိုးခြင်းကို ခံကြရပါသည်။

'ဆူနာမီ'ရေလှိုင်းသည် တစ်နာရီလျှင် မိုင်(၄၀ဝ)နှုန်းခန့်ဖြင့် ကမ်းခြေသို့ ဝင်ရောက်ရိုက်ခတ်သည်။ ရေလှိုင်း အမြင့်မှာ ပေ(၃၀)မှ ပေ(၁၀ဝ)ခန့်အထိ မြင့်မားတတ်သည်။ လှုပ်ရှားသည့်မြေငလျင်ပြင်အားပေါ်မူတည်၍ ဒီရေလှိုင်း ရိုက်ခတ်မှုကြီးမားနိုင်သည်။ လှိုင်းလုံးကြီးများဆက်တိုက်ဖြစ်ပေါ် ပြီး ရေလှိုင်းများသည် ကမ်းခြေသို့ရိုက်ခတ်ရာတွင် လှိုင်း တစ်ခုနှင့်တစ်ခုအကြား တစ်နာရီခန့်ကြာမြင့်တတ်သည်။ ယင်းအရှိန်ကြောင့် ပင်လယ်ဒီရေဝင်ရောက်သည့် မြစ်ချောင်းများ အတွင်းသို့လည်း ရေများတိုးဝင်လာနိုင်ပါသည်။

(၂၀ဝ၄)ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၏အနောက်မြောက်ဘက် မိုင်(၁၀ဝ၀) ခန့်အကွာ ပင်လယ်ကြမ်းပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး (၉ .ဝ)ရှိ အလွန်ပြင်းထန်သော မြေငလျင်ကြီးကြောင့် ပင်လယ်ဒီရေလှိုင်းများသည် သီရိလင်္ကာနိုင်ငံကမ်းခြေ၊ အိန္ဒိယနိုင်ငံကမ်းခြေ၊ အင်ဒိုနီးရှားနိုင်ငံကမ်းခြေ၊ မော်လဒိုက်နိုင်ငံ ကမ်းခြေ၊ ထိုင်းနိုင်ငံကမ်းခြေ အပါအဝင် ကမ်းခြေဒေသများသို့ ဝင်ရောက်ရိုက်ခတ်ခဲ့ရာ လူပေါင်းသိန်းနှင့်ချီကာ လူအများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေကြေပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့ကြပေသည်။ ကမ္ဘာနှင့်အဝှမ်း လူဦးရေနှစ်သိန်း နီးပါး အသက်ဆုံးရှုံးခဲ့ရပေသည်။
ဤသို့သော သဘာဝဘေးအန္တရာယ်များသည်ကား ကြောက်မက်ဖွယ်အလွန်ကောင်းလှပါသည်။ ထို့ကြောင့် ဤသို့သော သဘာဝဘေးအန္တရာယ်များကို အတန်အသင့် မကြုံတွေ့ ကြရစေရန် ကမ္ဘာသူကမ္ဘာသားများသည် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သင့်ပါသည်။

မိုးလေဝသကြိုတင်ခန့်မှန်းမှု၏ အရေးပါမှုသည် စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ် ရေး စသည့်အရာများတွင်သာမက ကျန်းမာရေးဆိုင်ရာဆောင်ရွက်ချက်များတွင်လည်း လွန်စွာအရေးပါလှပေသည်။ မိုးလေဝသခန့်မှန်းချက်များသည် လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ကြောက်စရာကောင်းလှသော 'ဗိုင်းရပ်(စ်)'ရောဂါဘေးများကိုပင် ကြိုတင်ခန့်မှန်းနိုင်ပါသည်။ ဤသို့ခန့်မှန်းချက်များကြောင့် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ထားနိုင်ပါသည်။ ဥပမာအားဖြင့် ဆေးရုံများတွင် လိုအပ်သည့်ခုတင်များကို ပိုမိုစီစဉ်ထားနိုင်ခြင်း၊ ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရနိုင်ပါသည်။

ဤသို့ ကြိုတင်ခန့်မှန်းနိုင်ပါလျက် တင်ကြိုမကာကွယ်နိုင်သောသဘာဝဘေးအန္တရာယ်များအတွက်မူ အသက် ဘေးမှ သက်သာရာရအောင်သာ ကြိုတင်ပြင်ဆင်နိုင်ပေသည်။ ဥပမာ - ငလျင်လှုပ်ခြင်း၊ လေမုန်တိုင်းတိုက်ခြင်းတို့ကိုမူ ကြိုတင်မကာကွယ်နိုင်ပေ။ ရေကြီးမှုကဲ့သို့သော သာမန်မျှဖြစ်သည့် သဘာဝဘေးအန္တရာယ်အတွက်မူ ဆည်မြောင်း၊ တာတမံများစွာ ဆောက်လုပ်ပေးခြင်းဖြင့် သက်သာရာရစေရန် ကြိုတင်ကာကွယ်နိုင်ပေသည်။

လူသားတို့၏ တီထွင်ဉာဏ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အရာရာကို ဖန်တီးနိုင်ကြသည်။ သို့သော်လည်း သဘာဝကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ဆိုးများကိုမူကား လုံးဝမပျောက်အောင် မစွမ်းဆောင်နိုင်သေးချေ။ မိုးလေဝသခန့်မှန်း ခြင်း၊ ပြည်သူတို့ထံ သတင်းအချက်အလက်များဖြန့်ဝေခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် သက်သာရအောင်နှင့် သေကြေ ဆုံးရှုံး၊ ပျက်စီးမှုနည်းအောင်သာ ကြိုတင်လုပ်ဆောင်နိုင်ကြပေသည်။

မည်သို့ပင်ဆိုစေ ဩကာသလောကကြီးတွင် အသက်ရှင်နေထိုင်သရွေ့ အခန့်မသင့်လျှင် ကြုံတွေ့နိုင်သည့် သဘာဝ ဘေးအန္တရာယ်ဆိုးများမှ ကင်းဝေး နိုင်စေရန် လူတိုင်းလူတိုင်း အခြေခံမိုးလေဝသဗဟုသုတထားသင့်ပေသည်။ ခေတ်မီ တိုးတက်နေသော ခေတ်ကာလကြီးတွင် တိုးတက်အောင်ပြုလုပ်နေကြရာ၌ သဘာဝဘေးအန္တရာယ်ဆိုးကျိုးကို ယခုကာလ အခြေအနေထက် ပို၍ ကြိုတင်ကာကွယ်နိုင်အောင် ကြိုးပမ်းသင့်လှပေသည်။ သို့မှသာ လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဤသို့ လူသားများသာမက သက်ရှိသတ္တဝါများပါ ကြောက်ရွံ့ ကြသော သဘာဝဘေးအန္တရာယ်များသည် အခန့် မသင့်လျှင် အချိန်မရွေးဖြစ်ပေါ်နိုင်သောကြောင့် အစဉ်အမြဲ သတိပြုနေခြင်းဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင် သည့် အပြုအမူများအားဆင်ခြင်၍လည်းကောင်း၊ တင်ကြိုသိနိုင်စေရန် ကြိုးစား၍လည်းကောင်း၊ ကြိုတင်ပြင်ဆင်ထားခြင်း ဖြင့်လည်းကောင်း ကာကွယ်သင့်ပေသည်။ ထိုသို့ ကြိုတင်ကာကွယ်နိုင်ရန် ရာသီဥတုခန့်မှန်းမှုများကို အစဉ်ပြုလုပ်နေသင့် ပေသည်။ ဤသို့ဖြင့် နောင်လာမည့် အနာဂတ်တွင် မိုးလေဝသခန့်မှန်းမှုများ၊ သတင်းဖြန့်ဝေခြင်းများကို အလေးပေး လုပ်ဆောင်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

××××××××××××××××××××××

၂၀၀၅-ခုနှစ် နှစ်ဆန်းပိုင်းက ရေးထားတဲ့ဆောင်းပါးလေးကို စာဖိုင်တွေရှာရင်းပြန်တွေ့လာလို့ပါ။

No comments:

Post a Comment