ကျွန်မ ချောင်းသာရွာကိုရောက်တော့ ကမ်းခြေမှာ အုန်းရည်သောက်ရင်း၊ ငေးရင်းနဲ့ … အုန်းသီးရောင်းတဲ့အဒေါ်နဲ့ စကားလေးတွေ ပြောဖြစ်ခဲ့တယ်။
သူက ကျွန်မကိုမေးတယ် ‘သမီးက ဘယ်ကလာတာလဲ’ ကျွန်မက ‘ရန်ကုန်ကပါ၊ အဒေါ်ကရော ဒီချောင်းသာ ဇာတိပဲလား’ ‘မဟုတ်ဘူး အဒေါ်က ပုသိမ်ဇာတိ၊ ဒီမှာ ယောက္ခတွေက အရင်က စားသောက်ဆိုင်လေးရှိတော့ လိုက်လာနေရင်း ဒီမှာနေဖြစ်သွားတာ၊ အခုတော့ ဆိုင်လည်းမရှိတော့ပါဘူး။ စီးပွားရေးလုပ်ရတာလည်း အရင်လို မကောင်းတော့ဘူး’ ‘သြော် … ဟုတ်လား။ ဘယ်လို မကောင်းတော့တာလဲအဒေါ်’ ‘အရင်ကဆို ဘာမှ သိပ်ဈေးမကြီးဘူး၊ အခုက အစစအရာရာ ဈေးကြီးနေတယ်။ ပြီးတော့ ဒီမှာက ဒီလိုရာသီပဲ အလုပ်ဖြစ်တာလေ။ ဧည့်ကျတဲ့အချိန်ပေါ့ ဒီလိုရာသီက၊ မိုးတွင်းဆို ဘာစီးပွားရေးမှမရှိဘူး။ ထိုင်စားနေရတာ။’
‘သြော် ….. ဘယ်အချိန်တွေမှာ ဒီကမ်းခြေမှာ ဧည့်ကျတတ်တာလဲ’ ‘အခုလို ကျောင်းက စာမေးပွဲတွေ ပြီးတဲ့အချိန်ကနေ သင်္ကြန်ပြီးလောက်ထိပေါ့။ ပြီးရင် မိုးတွင်းကာလ ဘာမှ မရှိတော့ဘူး။ နောက် ဆောင်းတွင်းကုန်ခါနီး နိုဝင်ဘာလောက်နဲ့ ခရစ်စမတ်နဲ့ နယူးရီးယားမှာတော့ လူများတယ်။ အဲလို အချိန်ဆို ဒီမှာ အားလုံးက ဈေးကြီးသွားပြီ။ တည်းခိုတဲ့ ဟိုတယ်တွေဆိုလည်း အနိမ့်ဆုံးအခန်း ၃၅၀၀၀ ဆိုတာ အနည်းဆုံးပဲ။ တည်းခိုခန်း လေးတွေတော့ရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း ဈေးများပြီလေ။ ဒီအချိန်ဆို အားလုံးက ဈေးတက်ကုန်ပြီ။’ ‘အင်း … ဟုတ်မယ်နော် …. ကျွန်မ အရင်ကလာရင် တည်းနေကျ ဟိုတယ်တောင် အရင်ကဆို ကျွန်မကို ဈေးလျှော့ပေးတယ်။ အခုဆို လုံးဝ မလျှော့နိုင်လို့ပါတဲ့ မလျှော့ပေးဘူး။ ဒါကြောင့် ကျွန်မတောင် အဲဒီမှာ မတည်းနိုင်တော့ဘူး။’
‘ဟုတ်တယ် သမီးရဲ့ ဒီရာသီမှာ အားလုံးဈေးတက်တယ်လေ။ အဒေါ်တို့လည်း အုန်းသီးရောင်းစားရတာ ဒီလိုရာသီလေးမှ အလုပ်ဖြစ်တယ်။’ ‘အင်း … နော် … အဒေါ်တို့က အုန်းပင်စိုက်ထားတာလား။’ ‘အဒေါ်တို့က အုန်းခြံ မရှိပါဘူးကွယ်။ ဒီကမ်းခြေမှာ အုန်းသီးရောင်းနေတဲ့သူတွေမှာ ဘယ်သူမှ အုန်းခြံမရှိဘူး။ သူများဆီက ပြန်ဝယ်ရတာ။ ကိုယ်ဝယ်ရင် အုန်းသီးတစ်လုံးကို ၃၀၀ ပေးရတယ်။ ပြန်ရောင်းတော့ ၅၀၀ ရောင်းတယ်။’ ‘ဟယ် … ဒါဆို အဒေါ်တို့က တော်တော်မြတ်တာပေါ့ တစ်လုံးကို ၂၀၀ တောင်မြတ်တာပဲ။’ ‘တစ်လုံးချင်းသာ အဲလောက်မြတ်တာ။ အားလုံးခြုံလိုက်ရင် မမြတ်ပါဘူး သမီးရယ်။’ ‘ဘာလို့လဲ အဒေါ်ရဲ့’ ‘ဒီနေရာလေးမှာ ရောင်းရဖို့ လေလံဆွဲရတာက ၂-သိန်းပေးရတယ်’ ‘သြော် … အဲလောက်တောင် ……….’ ကျွန်မလည်း အဲဒါပဲပြောပြီး အတွေးချဲ့နေမိတယ်။
‘ဒီအုန်းသီးရောင်းတဲ့နေရာလေးက အုန်းသီးတွေ တင်ထားတဲ့ လေးထောင့်သစ်သားစားပွဲလေးတစ်လုံးနဲ့ အုန်းရည်သောက်သူတွေ ထိုင်ဖို့ ပလပ်စတစ်စားပွဲအပုလေးတွေ ၃-လုံးလောက်ချထားတဲ့ နေရာလေးပါ။ ဒီနေရာလေးကို လေလံဆွဲတာတောင် ဒီလောက်ပေးရတယ်။ အင်း ….’လို့ တွေးမိတယ်။ နောက် အတွေးစကိုဖြတ်ပြီး အုန်းရည်သောက်လိုက် ငေးလိုက်လုပ်နေမိတယ်။
ညနေ နေပိုစောင်းလာတော့ ကျွန်မထိုင်နေတဲ့ ထီးအမိုးလေးအောက်ဘက်ကို နေလုံးရောက်သွားပြီး နေပူလာတယ်။ ဒါနဲ့ ကျွန်မလည်း ထီးအမိုးလေးကို မော့ကြည့်လိုက်မိတယ်။ ထီးအမိုး မိုးကာလေးတွေက ဟိုတစ်စစုတ် ဒီတစ်စပြဲ အပေါက်လေးတွေနဲ့ပေါ့။ ကျွန်မအရှေ့ကို ငေးနေရာကနေ နောက်ဘက် ဘေးနားကို ငေးလိုက်တော့။ ၀ါးလုံးတွေနဲ့ ထီးအမိုးကိုင်းလုပ်နေတဲ့ လူတစ်စုကို တွေ့လိုက်ရတယ်။ ကျွန်မလည်း အဲဒါကို လှမ်းကြည့်နေတုန်း ဆိုင်ရှင်အဒေါ်က အဲဒီနေရာကို သွားလိုက်တာတွေ့ရတယ်။ ကျွန်မလည်း လှမ်းကြည့်နေမိတယ်။ ခဏနေတော့ ဆိုင်ရှင်အဒေါ်က ဒီဘက်ကို ပြန်လာတယ်။
ကျွန်မက ‘အဒေါ်၊ အဲဒီ ထီးအမိုးက အဒေါ်လုပ်နေတာလား’လို့ မေးလိုက်တယ်။ သူက ‘ဟုတ်တယ်သမီးရဲ့’ ကျွန်မက ဆက်ပြီး ‘အဒေါ်တို့တွေ ကိုယ့်ဘာသာ လုပ်တတ်ကြသားပဲနော်’ ‘သြော် … သမီးရယ် လုပ်တတ်အောင်လုပ်ကြရတော့တာပေါ့။ ဒီထီးလေးတွေကလည်း ပေါက်ပြဲကုန်ပြီလေ။ ပြီးတော့ အုန်းသီးတွေက နေပူမိရင် အုန်းရည်တွေကချဉ်သွားတယ်သမီးရဲ့။ အခုလုပ်နေတဲ့ ထီးက မိုးကာ ၆-ကိုက်ကုန်မယ်။’ဆိုပြီး မိုးကာ ၁-ကိုက်ကို ဘယ်လောက် ၆-ကိုက်ဆိုတော့ ဘယ်လောက်ကုန်မယ်ဆိုတာ သူ့ဘာသာသူ တွက်ကြည့်နေတယ်။ ခဏနေတော့ ‘ဒီနေရာမှာ ဆိုင်ဖွင့်ရတာလည်း မလွယ်ပါဘူးသမီးရယ်၊ တစ်ခြားလည်း ဘာမှ လုပ်စားစရာမရှိလို့ ဒီအလုပ်လုပ်နေရတာ။ ဟိုနေ့ကလည်း လူကြီးတွေ လာကြည့်တယ်လေ ပြီးတော့ အုန်းလက်နဲ့အမိုးလုပ်ထားတဲ့ ဆိုင်တွေ အကုန်ဖျက်ခိုင်းသွားတယ်။’
ကျွန်မလည်း ‘သြော် … ဟိုတစ်လောက ချောင်းသာ ပျော်ပွဲရွှင်ပွဲ ဈေးပွဲတော် လုပ်တာ၊ အဲဒါကြောင့် လူကြီးတွေ လာကြည့်တာလား’ ‘အဲဒါက ဟိုးဘက်အခြမ်းမှာလုပ်တာပါ ဒီဘက်နဲ့ မနီးပါဘူးသမီးရယ်၊’ ဒါနဲ့ ကျွန်မက သူ့အုန်းသီးတွေတင်ထားတဲ့စားပွဲကို မိုးထားတဲ့ ထီးအသစ်လေးကိုလက်ညှိုးထိုးရင်း ‘သြော် … ဒါကြောင့် ဒီထီးက အသစ်ကြီးဖြစ်နေတာကိုး’ ဒါနဲ့ပဲ အဲဒီအဒေါ်က ‘အခု အုန်းသီးတွေကို မိုးထားတဲ့ ထီးက စည်ပင်ကနေ မ၀ယ်မနေရ ၀ယ်ထားရတာ။ ၄၅၀၀၀ တောင် ပေးရတယ်။’
ကျွန်မလည်း ‘သြော် ………..အဲလိုလား၊ ဆင်းရဲသားတွေ စီးပွားရေးလုပ်ရတာလည်း တယ်မလွယ်ပါလားနော်’ လို့ ပြောလိုက်မိတယ်။ အဲဒီနောက်တော့ ကျွန်မသောက်နေတဲ့ အုန်းသီးက အုန်းရည်လည်း ကုန်သွားပြီမို့ ဆိုင်ရှင်အဒေါ်ကို အုန်းသီးခွဲပေးဖို့ပြောကာ အုန်းသီးအတွင်းသားလေးတွေကို ဇွန်းနဲ့ခြစ်ပြီးစားနေမိတယ်။ ကျွန်မခေါင်းထဲမှာလည်း ခုနကစကားတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဘာအတွေးမှ မ၀င်ရအောင် ဆိုင်ရှင်အဒေါ်ကိုလည်း ဘာမှ ဆက်မမေးတော့ပဲ ကမ်းခြေမှာ ပျော်နေကြသူတွေရဲ့ အပျော်တွေကို ကျွန်မမျှဝေခံစားပြီးပြုံးနေလိုက်မိတော့တယ် ………….. ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ မေးခွန်းတွေ၊ အတွေးတွေ အများကြီး ကျန်နေခဲ့တာတော့ သေချာပါတယ် ………….

No comments:
Post a Comment