ချောင်းသာရွာလေးကို ရောက်သွားတော့ ကျွန်မ ဘာလုပ်ရမှန်းမသိ ယောင်ချာချာဖြစ်နေတယ်။ ကျွန်မ နောက်ထပ် (၇)ရက်တောင် ချောင်းသာမှာ တစ်ယောက်တည်း ဆက်နေရမယ့်အကြောင်း တွေးပြီးလည်း စိတ်က မကြည်မလင်ဖြစ်နေတယ်။ ဒီထဲ လျှပ်စစ်မီးကလည်း ဟိုတယ်တွေတလှည့်၊ တည်းခိုခန်းတွေတလှည့်၊ ရွာထဲတလှည့်ပေးတော့ ၃-ရက်နေမှ ၁-ရက်လာတယ်။ လာတဲ့ ၁-ရက်ကလည်း အချိန်ပိုင်းနဲ့ဆိုတော့ ညနေ ၆-နာရီက ည ၁၁-နာရီထိပဲ မီးစက်ဖွင့်ကြတယ်။ ညဘက်မှ မီးလာတော့ ကွန်ပျူတာသုံးဖို့ကလည်း ညပိုင်းအချိန်ခဏပဲရတယ်။ အလုပ်ကိစ္စစာလည်းရေးမရ၊ ကျွန်မရေးချင်တဲ့စာတွေလည်း ရေးလို့မရ။
ကျွန်မနေနေတဲ့နေရာကလည်း ရာသီဥတုတော်တော်လေးပူတာကြောင့် ကျွန်မလည်း ရာသီဥတုအေးရာအေးကြောင်းဖြစ်စေမှာရယ် စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ရယ် ကမ်းခြေဘက်ကို ဆင်းခဲ့လိုက်တယ်။ ကမ်းခြေရောက်တော့ လူတွေအများကြီးတွေ့ရတယ်။ အခါတိုင်း ကျွန်မ ချောင်းသာရောက်ရင် ‘ဧည့်သည်ချိန်မဟုတ်လို့ လူလာတာနည်းတယ်လို့’ မြို့ခံတွေရဲ့ ပြောစကားအမြဲကြားနေရတာ။ ဒီလူတွေကို မြင်လိုက်ရတော့ သြော် … ဒီအချိန်က ဧည့်ကျတဲ့အချိန်ဖြစ်မယ်လို့ တွေးလိုက်မိတယ်။
ကျွန်မလည်း ရေစပ်ဘက်ကိုဆင်း ကမ်းခြေတလျောက်လမ်းလျှောက်ပြီး ခဏနေတော့ အုန်းသီးလေးတွေအစီအရီ ချထားတဲ့ အုန်းရည်ဆိုင်လေးမှာ ၀င်ထိုင် အုန်းသီးတစ်လုံးမှာပြီး အုန်းရည်သောက်ရင်း လှမ်းမြင်နေရတဲ့ ကမ်းစပ်မှာ ရေဆော့နေကြသူတွေ၊ လှိုင်းစီးနေကြသူတွေ ကစားနေကြတဲ့သူတွေကို ငေးနေလိုက်တယ်။ ငေးရင်း အုန်းရည်သောက်နေတုန်း ဆိုင်ရှင် အဒေါ်ကြီးက ‘သမီးလေး … တစ်ယောက်တည်းလာတာလား … သူငယ်ချင်းတွေ မပါဘူးလား’တဲ့။ ကျွန်မလည်း ‘ဟုတ်ကဲ့ မပါပါဘူး။ တစ်ယောက်တည်းလာတာပါ’လို့ ပြန်ဖြေလိုက်တယ်။
ငါးကင်ရောင်းတဲ့ ကောင်မလေးက ငါးကင်ဝယ်ပါဦးအစ်မရယ် အားပေးပါဦးလို့ဆိုလာတာနဲ့ ငါးကင်တစ်ကောင်ဝယ်လိုက်တယ်။ ကျွန်မလည်း အုန်းရည်သောက်လိုက် စားကင်စားလိုက် ငေးလိုက် လုပ်နေတုန်း ဆိုင်ရှင်အဒေါ်ကြီးက ပြန်မေးပြန်တယ်။ ‘သမီးလေး တစ်ယောက်တည်းပဲလား၊ သူငယ်ချင်းတွေ ဘာလို့မပါတာလဲ’တဲ့ ကျွန်မလည်း ‘ဟုတ်ကဲ့၊ ကျွန်မ အလုပ်ကိစ္စနဲ့လာတာပါ။ ဒီနေ့မနက်ပဲ ဒီမှာ ဆွေးနွေးပွဲလေးလုပ်တယ်။ ကျွန်မတို့ ရန်ကုန်ရုံးကနေ လာတဲ့ လူကြီးတွေကတော့ ပြန်သွားပြီ။ ကျွန်မက နောက်ရက်တွေမှာ ကမ်းခြေတစ်လျှောက်က ရွာတွေဆက်သွားရဦးမှာကြောင့် နေခဲ့တာ။ ကျွန်မတို့ ၀န်ထမ်းတွေ ဒီမှာရှိတယ်။ သူတို့လည်း ရွာပြန်သွားလို့ ဒီနေ့တော့ ကျွန်မတစ်ယောက်တည်းဖြစ်နေတာ၊ ဒါကြောင့် ပျင်းပျင်းနဲ့ ကမ်းခြေဆင်းလာတာ’လို့ ရှည်ရှည်ဝေးဝေး ပြန်ရှင်းပြလိုက်တယ်။
ခဏကြာတော့ ကလေးမလေးတစ်ယောက် ပလစ်စတစ်ပုံးလေးကိုင်ပြီး ကျွန်မအနားရောက်လာတယ်။ ‘မကြီးရယ် … ဂဏန်းလေးတွေ လွှတ်ပါဦး၊ ကုသိုလ်ယူပါဦး၊ ၅၀၀-ဖိုးလောက်လွှတ်ပါလား၊ တစ်ကောင်ကို ၁၀၀-ရောင်းတယ်၊ မကြီးယူရင် ၂၀၀-ဖိုး ၃-ကောင်ပေးမယ်လေ၊ လုပ်ပါ မကြီးရယ် အားပေးပါဦး’လို့ပြောပြီး ဂဏန်းလွှတ်ဖို့ လာပြောနေတယ်။ သူ့ကို ကြည့်လိုက်တော့ လျှာထိုးဦးထုတ်လေးဆောင်း၊ ဂါဝန်လေးဝတ် ပါးမှာ သနပ်ခါး ပါးကွက်လေးလိမ်းထားပြီး မျက်နှာဖောင်းဖောင်းလေးနဲ့ ချစ်စရာကလေးမျက်နှာလေးပဲ။ ကျွန်မလည်း ‘အစ်မ ဂဏန်းမလွှတ်တော့ပါဘူး၊ သမီး သူများတွေကို သွားရောင်းလိုက်နော်’လို့ ပြောပြီး ငေးမြဲဆက်ငေးနေမိတယ်။ ကလေးမလေးက တစ်ခြားအဝေးလည်းမသွားဘူး ကျွန်မနားမှာပဲ ရစ်သီရစ်သီလုပ်နေတယ်။
ဒါနဲ့ ကျွန်မလည်း ‘သမီးက ဒီမှာ အဲလိုရောင်းတာကြာပြီလား၊ ဘယ်မှာနေလဲ’မေးလိုက်တော့ ကလေးမလေးကပြန်ပြောတယ် ‘သမီးဂဏန်းရောင်းတာ သိပ်မကြာသေးဘူး။ ၆-လ လောက်ပဲ ရှိသေးတာ။ နေတာက ဒီ ရွာထဲမှာပဲနေပါတယ်။’ဆိုပြီး သူနေတဲ့နေရာအတိအကျကို ပြောပြနေတယ်။ ကျွန်မလည်း ကျွန်မသိနေတဲ့နေရာလေးတွေကို အဲဒီနေရာရဲ့ဘယ်ဘက်လဲ၊ ဘယ်လောက်ဝေးလဲ၊ ဘာညာဆက်မေးရင် ကလေးမလေးနေတဲ့ရပ်ကွက်လေးကို သိလိုက်တယ်။ ကျွန်မက ‘သမီး အသက်ဘယ်လောက်ရှိပြီလဲ၊ ကျောင်းနေလား၊ အဖေအမေက ဘာအလုပ်လုပ်လဲ’ မေးလိုက်တော့ ‘သမီးက အသက် ၁၁-နှစ်ရှိပြီ၊ ကျောင်ကတော့ မနေတော့ဘူး၊ အဖေက ဘာအလုပ်မှ မလုပ်ဘူး၊ အမေကတော့ မောင်လေးက ငယ်သေးတော့ ဘာမှ မလုပ်နိုင်ဘူး၊ မောင်လေးပဲ ထိန်းနေရတယ်။’
ကျွန်မကလည်းဆက်ပြီး ‘ကျောင်းက အတန်းဘယ်လောက်နဲ့ထွက်လိုက်တာလဲ၊ ကျောင်းထွက်လိုက်တာကြာပြီလား၊ အဖေက ဘာလို့ အလုပ်မလုပ်တာလဲ၊ မောင်လေးက ဘယ်အရွယ်လဲ’လို့ ဆက်မေးလိုက်တယ်။ ‘သမီးက ကျောင်းကို ၂-တန်းနဲ့ ထွက်လိုက်တာ၊ ကျောင်းထွက်လိုက်တာ ၃-နှစ်လောက်ရှိပြီ၊ သမီး အဖေက ဘာအလုပ်မှမလုပ်ဘူး၊ တစ်နေကုန် အရက်မူးနေတာ၊ ညနေဆို သမီးအိမ်ပြန်ရောက်ရင် စိတ်အရမ်းညစ်တယ်၊ အဖေနဲ့အမေက ရန်တွေဖြစ်ကြတာ အော်ကြီးဟစ်ကျယ်ပဲ။ အမေ့ဆီက အရက်ဖိုးပဲ တောင်းနေတယ်။ မောင်လေးက အခုမှ ၃-လ သားလေးပဲရှိသေးတာ။ သမီးအဖွားတွေက ရန်ကုန်မှာရှိတယ် အမေ့ဘက်က။ ဒီမှာက အဖေ့ဘက်က အဖိုးအဖွားတွေရှိသေးတယ်။’
ဒါနဲ့ ကျွန်မက ‘ဒါဆို သမီးရဲ့ အဖိုးအဖွားတွေက သမီးအဖေကို ဘာမှ မပြောကြဘူးလား’လို့ မေးလိုက်တယ်။ ‘အဖိုးအဖွားတွေက အခုအဖေနဲ့တော်တာမဟုတ်ဘူး၊ သမီး အဖေရင်းက အဝေးမှာ မိန်းမနဲ့၊ အခုအဖေက သမီးရဲ့ ပထွေး’တဲ့ … ဒီလို ကြားလိုက်ရတော့ ကျွန်မလည်း စကားဆက်ပြောလိုက်နေတယ်။ ‘အင်း … ဒါဆို သမီးက အဖေဆီမှာ လိုက်သွားနေလို့မရဘူးလား’ ‘မရဘူး မကြီးရဲ့ အဖေ့ရဲ့ မိန်းမကလည်း မခေါ်ထားချင်ဘူး။ ဒါကြောင့် သမီးက အမေနဲ့နေရတာ၊ အမေကလည်း ကျောင်းမထားနိုင်တော့ဘူးဆိုတော့ ကျောင်းမနေတော့ပဲ ကျောင်းထွက်ပြီး ဂဏန်းလိုက်ရောင်းနေတာ’ ‘သြော် …….. ’ ကျွန်မလည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ ‘ရော့ … ဒီပိုက်ဆံကို သမီးမုန့်ဝယ်စား၊ မမ ဂဏန်းလည်း မလွှတ်တော့ဘူးနော်’ဆိုပြီး ၅၀၀-တန် တစ်ရွက်ပေးလိုက်မိတယ်။ ကောင်မလေးက ငြင်းတယ်။ ကျွန်မလည်း ‘မမက ဘာအတွက်မှ ပေးတာမဟုတ်ဘူး။ ဂဏန်းလွှတ်တာတို့ဘာတို့ကို ၀ါသနာမပါလို့ မလွှတ်တာ၊ ဒါကြောင့် သမီးကို မုန့်ဖိုးပေးတာ၊ သမီး မုန့်ပဲဝယ်စားနော်’လို့ပြောလိုက်တယ်။ ပြီးတော့ ပင်လယ်ဘက်ဆီကို ပြန်ငေးနေလိုက်မိတယ်။
ခဏနေ ဘေးကို ကြည့်လိုက်မိတော့ ကလေးမလေးကတော့ သဲပြင်ကို လက်ဖ၀ါးလေးနဲ့ ပြောင်နေအောင် ညှိပြီး လက်ညှိုးလေးထောက်ပြီး စာရေးနေတယ်။ ကျွန်မ ငုံ့ကြည့်လိုက်တော့ (က) ကနေ (အ) အထိ ရေးထားတာ လက်ရေးလေးက လှလှလေးပဲ။ နောက်သူ ဆက်ရေးနေတာနဲ့ ဖတ်ကြည့်လိုက်တော့ နာမည်လေးတစ်ခု ဖြစ်နေတယ်။ ဒါနဲ့ ကျွန်မက ‘သမီး အဲဒါ ဘယ်သူ့နာမည်လဲ’လို့ မေးလိုက်တော့ ‘သမီးနာမည်လေ’တဲ့ ‘သမီးက လက်ရေးတော်တော်လှတာပဲ’လို့ပြောလိုက်တယ်။ ပြီးတော့ တဆက်တည်း ‘သမီးက ဂဏန်းရောင်းတော့ ဒီဂဏန်းတွေကို ဘယ်မှာ သွားဖမ်းတာလဲ’လို့မေးလိုက်တယ်။ ‘သမီးတို့က ဂဏန်းပဲ ရောင်းကြတာ။ ဂဏန်းက ဒီမှာဖမ်းလို့မရဘူး။ မြစ်ချောင်းတွေဘက်မှာပဲ ဖမ်းကြတာ။ သမီးတို့က ပွဲရုံတွေဆီကနေ ပြန်ယူတာလေ၊ သူတို့က သမီးတို့ကို တစ်ကောင် ၃၀-နဲ့ ပေးတယ်။ တစ်ခါတစ်လေကျ ၅၀-ပေးရတယ်။ သမီးတို့က ပြန်ရောင်းရင် ၁၀၀-နဲ့ ရောင်းတယ်လေ။’
’ဒါဆို သမီးတို့ ၀ယ်ထားတဲ့ ဂဏန်းတွေကို လွှတ်တဲ့သူတွေ မရှိလို့ ဒီကောင်တွေ ဒီအတိုင်းသေသွားရင် သမီး အမြတ်ဘယ်ကျန်မလဲ’ ‘အမြတ်ကတော့ ကျန်ပါတယ် မကြီးရယ်၊ ဒီမှာ လာတဲ့သူတွေက ဂဏန်းတွေ လွှတ်ကြတယ်၊ တကယ်လို့ တစ်ရက်နဲ့ မကုန်ရင်တော့ ၂-ရက်လောက် ရောင်းလိုက်ရင် ကုန်သွားတာပါပဲ။’ ‘အင်း … သမီး ဒီမှာရော သူငယ်ချင်းတွေရှိလား’ ‘ရှိတယ် မကြီး၊ ဟိုးမှာ တွေ့လား … သူတို့တွေကလည်း သမီးသူငယ်ချင်းတွေပဲ’ဆိုပြီး ဟိုး ခပ်လှမ်းလှမ်းသောင်ပြင်တစ်လျှောက် ကန်လေးတွေ ပုံးလေးတွေကိုင်ပြီး လမ်းလျှောက်နေကြတဲ့ သူနဲ့ ရွယ်တူနီးပါးကလေးတွေကို လှမ်းပြတယ်။
ကျွန်မက ‘သမီး ဒီလို ဂဏန်းလိုက်ရောင်းနေတော့ ကစားချိန်တွေဘာတွေ ရှိလား၊ ကစားဖြစ်လား’လို့ မေးတော့ ‘ကစားဖြစ်တယ် မကြီးရဲ့ … ဒီသောင်ပြင်မှာပဲ သမီးတို့ ကစားကြတယ်၊ ဧည့်သည်မတွေ့တဲ့အချိန်ဆို ကစားနေလိုက်တာ၊ ဧည့်သည်တွေရင် လိုက်ရောင်းတာပေါ့’ ‘သြော် … သမီးက လိမ္မာတာပဲ’ ‘ဒီမှာ … ငါးကင်စားပါလား၊ အုန်းရည်လည်းသောက်မလား’ ‘မစားတော့ပါဘူး … အုန်းရည်လည်း မသောက်တော့ဘူး’ အဲဒီအချိန်ပဲ တစ်ချို့သူတွေ သောင်ပြင်ကို ဆင်းလာတာတွေ့လိုက်တာနဲ့ ‘သမီး … ဟိုမှာ ဧည့်သည်တွေလာနေတယ် အများကြီးပဲ သူတို့ကို သွားရောင်းလိုက်ဦး၊ မမလည်း ပြန်တော့မယ်နော်’လို့ နှုတ်ဆက်လိုက်တယ်။ ကလေးမလေးက ‘ဟုတ် မကြီး … ဒါဆို သွားရောင်းလိုက်ဦးမယ်’ ဆိုပြီး သူ့ပုံးလေးကို မပြီး ကျွန်မနားကနေ တရွေ့ရွေှ့ထွက်သွားတယ်။ ကျွန်မလည်း ကလေးမလေးရဲ့ ကျောပြင်ကို ငေးရင်း ……. ကျွန်မတို့နိုင်ငံမှာ ဒီလိုကလေးတွေ အများအပြားရှိနေတယ်။ အသုံးမကျတဲ့ (အချို့)မိဘတွေကြောင့် ဖူးသစ်စ တက်သစ်စ ကလေးတွေရဲ့ ဘ၀မှာ စိတ်ဒဏ်ရာတွေများစွာနဲ့ ဘ၀ကို ဖြတ်သန်းနေကြတာကို တွေးရင်း သက်ပြင်းမောတစ်ချက် ခပ်ပြင်းပြင်းချလိုက်မိတယ် ……..
‘ဟူး ………………….’
အုန်းရည်ရောင်းတဲ့ အဒေါ်နဲ့ ပြောဖြစ်တဲ့ စကားလေးတွေနဲ့ ငါးခြောက်လာရောင်းတဲ့ အဖွားတစ်ယောက်တို့ရဲ့ ရင်တွင်းစကားတွေကိုလည်း နောက်ရက် ပြန်ရေးပါဦးမယ် …..

No comments:
Post a Comment