Monday, October 18, 2010

ဗမာမွတ်စလင်လူမျိုးစု (၀ါ) ပသီလူမျိုးစု

မြန်မာအတွင်းသို့ ရောက်ရှိအခြေစိုက်နေထိုင်ခဲ့ကြသော အစ္စလာမ်သာသနာဝင်များမှာ (၁) အာရဗ်များ၊ (၂) ပါရှန်း၊ (၃) တရုတ်၊ (၄) ကသည်းများ၊ (၅) အိန္ဒိယသားများနှင့် (၆) အခြားလူမျိုးများ ဖြစ်သည်။

(၁) အာရပ်များ

ပုဂံခေတ် ပိဿုံမင်းလက်ထက် အေဒီ(၇)ရာစုတွင် မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သည့် သထုံ၊ မုတ္တမသို့ဝင်ရောက်နေထိုင်ကြခဲ့သည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် (အေဒီ ၇၈၈-၈၁၀)တွင် အိန္ဒိယ သမုဒ္ဒရာကိုဖြတ်၍ ကမ္ဘာ့အရှေ့ဖျား တရုတ်ပြည်သို့ကုန်ကူးရာ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောပျက်၍ ရမ်းဗြဲကျွန်းတွင် ၀င်ရောက်နေထိုင်ခဲ့ကြသည်။ အေဒီ(၁၄)ရာစုတွင် ကုန်သည်တချို့သည် မြိတ်မြို့တွင် ၀င်ရောက် နေထိုင်ခဲ့ကြသည်။

(၂) ပါရှန်းများ

အာရဗ်ကုန်သည်မျးနည်းတူ ကုန်ကူးသန်းရာမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိလာခဲ့သည်။ အေဒီ(၁၃)ရာစု တွင် ယခင် ပသီမြို့(ယခု ပုသိမ်)ကို ၀င်ရောက်နေထိုင်ခဲ့ကြသည်။ ပုသိမ်မြို့ကို ကုလားပသီမင်း (၃)ဆက် အုပ်စိုးခဲ့သည်။ (၁) ပသီမင်း[နန်းစံသက် ၈-နှစ်] (၂) အော်လန်တေးမင်း[နန်းစံသက်-၁နှစ်] (၃) အက္ကဘတ်မင်း[နန်းစံသက်၃-နှစ်]



(၃) တရုတ်များ

မြန်မာသက္ကရာဇ်(၆၄၃)ခု နရသီဟပတေ့မင်း(တရုတ်ပြေးမင်း)လက်ထက်တွင် မြန်မာပြည်မြောက်ပိုင်း တရုတ် ပြည်ဘက်တွင် တရုတ်မောင်းဂွတ်ဘုရင် ကုဗလေခန်ရဲ့ တာရ်တာရ်စစ်သည်များ ပုံဂံကိုဝင်ရောက်ခဲ့ကြသည်။ ၁၂၈၁-ခုနှစ်၊ ဒုတိယတရုတ်မြန်မာစစ်ဖြစ်ပွားသည့်အချိန်တွင် ဗိုလ်မှူးကြီးနဇရွတ်ဒင်ခေါင်းဆောင်သော တာရ်တာရ် စစ်သည်များသည် ကောင်းစင်(ယခု ဗန်းမော်မြို့)ကို သိမ်းပိုက်အခြေချနေထိုင်ခဲ့ကြသည်။

(၄) ကသည်းများ

၁၈၂၁-ခုနှစ်တွင် မဟာဗန္ဓုလဦးစီးသည့်တပ်များသည် အာသံ(ကသည်းပြည်)သို့ ၀င်ရောက်တိုက်ခိုက်ရာ အောင်နိုင်သဖြင့် ကသည်းသုံ့ပန်း(၄၀၀၀၀)ကျော် ဖမ်းဆီးခဲ့ရာ ထက်ဝက်ခန့်မှာ အစ္စလာမ်သာသနာဝင်များဖြစ်သည်။

(၅) အိန္ဒိယသားများ

အိန္ဒိယပြည်ဘက်မှလည်း အိန္ဒိယ၊ မဂိုများ၊ ဘင်္ဂါလီများသည် ကုန်းကြောင်းမှနေ၍ မြန်မာနိုင်ငံအတွင်း ဥဒယိုဝင်ထွက်သွားလာခဲ့ကြသည်။ အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈)ခုနှစ်တွင် တောင်ငူဘုရင် နတ်သျင်နောင် နှင့် စစ်ဖြစ်ပွားရာ နတ်သျင်နောင်က သံလျင်စား ငဇင်ကာထံအကူအညီတောင်းခံသဖြင့် ငဇင်ကာက သင်္ဘော (၄)စီးစေလွှတ်ခဲ့ရာ အစ္စလာမ်သာသနာဝင်များပါဝင်ခဲ့သည်။ စစ်ပွဲတွင် အနောက်လွန်မင်းကစစ်နိုင်သဖြင့် ငဇင်ကာ နှင့် နတ်သျင်နောင်ကို ကွပ်မျက်ခဲ့သည်။ သုံ့ပန်းများကိုမသတ်ဘဲ နေပြည်တော်သို့ ခေါ်ဆောင်ခဲ့သည်။

အစ္စလာမ်သာသနာဝင်များအား နေရာအတည်တကျချထားပေးပုံ

အနောက်ဘက်လွန်မင်းတရားကြီးသည် စစ်သုံ့ပန်းများကို အင်းဝမြို့၊ မြစ်သာမြစ်မြောက်ဘက်တွင် နေရာ အတည်တကျချထားပေးခဲ့သည်။ အစ္စလာမ်သာသနာဝင်များအတွက် ရွှေဘို၊ ကျောက်တည်၊ စစ်ကိုင်းနယ်များတွင် လုပ်ကိုင်စားသောက်နေထိုင်ရန် မြေနေရာများကို တည်တကျချထားပေးခဲ့သည်။
စနေမင်းလက်ထက် (၁၆၂၈-၂၆၄၉)ခုနှစ်တွင် အစ္စလာမ်သာသနာဝင်များအတွက် တောင်ငူ၊ ရမည်းသင်း၊ ညောင်ရမ်း၊ ယင်းတော်၊ မိတ္ထီလာ၊ ပင်းယ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်သာ၊ စည်ပုတ္တရာ၊ မြေဒူး၊ ဒီပဲရင်း စသော မြို့ကြီးများတွင် နေရာအတည်တကျချပေးခဲ့သည်။

ညောင်ရမ်းခေတ်လွန် ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းလက်ထက်(၁၈၀၁)ခုနှစ်တွင် အမရပူရနယ်အတွင်းရှိ အစ္စလာမ်သာသနာဝင်များအတွက် ဗုံးအိုး၊ ကြည့်မြင်တိုင်၊ စားကြင်ဝရွာများတွင် နေရာအတည်တျကချပေးခဲ့သည်။

နောင်အခါ တိုင်းရင်းသားများနှင့် ဆက်နွယ်ပေါက်ဖွားလာသော အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများ သည် ရမည်းသင်း၊ ယင်းတော်၊ ပျဉ်းမနား အစရှိသည့်မြို့ကြီးများတွင် အစုအဝေးလိုက်နေထိုင်ခဲ့ကြသည်။
ဤကဲ့သို့သော အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများမှာ ဗမာဘုရင်များလက်ထက်တွင် ပသီလူမျိုးဟု အသိအမှတ်ပြုခြင်းခံရသူများဖြစ်သည်။ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ (၄၇၀၊ ၄၈၂၊ ၅၁၄)၊ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး တတိယတွဲ စာမျက်နှာ(၆၊ ၈၆၊ ၉၀၊ ၁၃၅၊ ၂၃၆၊ ၃၁၉) တို့တွင် ပါရှိသည့်အထောက်အထားများအရ ဗမာဘုရင်များလက်ထက်တွင် ပသီလူမျိုးအဖြစ် အခိုင်အမာ တည်ရှိ ခဲ့သည်။

ဗမာပြည်အား အင်္ဂလိပ်နယ်ချဲ့များသိမ်းယူပြီးနောက်ပိုင်းမှစ၍ ၁၉၃၁-ခုနှစ်အထိ ပသီလူမျိုးများအား ဇေတဘာဒီလူမျိုးဟု အသိအမှတ်ပြုခြင်းခံရသူများဖြစ်သည်။
၁၉၃၁-ခုနှစ်မှ ယနေ့မျက်မှောက်ကာလအထိ ဗမာမွတ်စလင်မ်များဟု အသိအမှတ်ပြုခြင်းခံနေရသူများ ဖြစ်ပါသည်။

ယနေ့ ဗမာမွတ်စလင်မ် တနည်းအားဖြင့် ပသီများဟု သတ်မှတ်ခံနေရသူများသည် လူမျိုးတစ်မျိုးတည်းမှ ဆင်းသက်လာခြင်းမဟုတ်ပါ။ မျိုးတူစုတစ်စုတည်းမှ ဆင်းသက်လာခြင်းမဟုတ်ပါ။ သွေးတူစု၊ ဇာတ်တူစုတစ်စုတည်းမှ ပေါ်ပေါက်လာခြင်းလည်းမဟုတ်ပါ။ အထက်တွင်ဖော်ပြခဲ့သော လူမျိုးများမှ ရောနှောပေါက်ဖွားလာခြင်းဖြစ်ပါသည်။

လူမျိုးတစ်မျိုးသည် လူမျိုးပေါင်းစုံမှ ရောနှောပေါက်ဖွားလာတတ်ခြင်းကို အောက်ပါသာဓကများအရ သိနိုင် ပေသည်။ ယနေ့ဗမာလူမျိုးသည် ဗမာလူမျိုးအဖြစ် စတင်ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ (ပျော့၊ ပျူ၊ ကမ်းယံ၊ သက်၊ ရခိုင်၊ ထားဝယ်၊ တိဘက်)စသည့် လူမျိုးများမှ ရောနှောပေါက်ဖွားလာခဲ့ခြင်းဖြစ်ပေသည်။

ကမ္ဘာပေါ်ရှိ အခြားထင်ရှားကျော်ကြားသည့် လူမျိုးအချို့သည်လည်း ဤနည်းပင်ဖြစ်သည်။ ခေတ်သစ် အီတလီလူမျိုးများသည် ကျူထရွန်၊ အီထရပ်စက်၊ ရောမ၊ ဂရိတ်၊ အာရဗ် စသည့်လူမျိုးများမှ ရောနှောပေါက်ဖွား လာခြင်းဖြစ်ပါသည်။ ပြင်သစ်လူမျိုးများသည်လည်း ဂေါ်လ်၊ ဘရီထွန်၊ ကျူထရွန် စသည့်လူမျိုးများမှ ရောနှော ပေါက်ဖွားလာခြင်းဖြစ်သည်။

ယနေ့ ဗမာမွတ်စလင်များ(၀ါ)ပသီများသည်လည်း နိုင်ငံခြားမှလူမျိုးတစ်မျိုး၊ အိမ်ထောင်စုများမှ ဆင်းသက် လာခြင်းမဟုတ်ဘဲ အထက်ဖော်ပြပါလူမျိုးများမှ ပေါက်ဖွားလာခြင်းဖြစ်သည်မှာ အခိုင်အမာပြနိုင်ပါသည်။ မြန်မာ ဘုရင်များလက်ထက်တွင် နေထိုင်ရန်ဒေသများထူထောင်ပေးပြီး ပသီလူမျိုးအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမှာ ရာဇ၀င် အစောင်စောင်တို့အရ ထင်ရှားပေသည်။

လူမျိုးဆိုသည်မှာ

'လူမျိုးဆိုသည်မှာ အခြေခံအားဖြင့် လက္ခဏာ(၄)ရပ်နှင့်ကိုက်ညီသည့် လူ့အစုအဝေးတစ်ရပ်ဖြစ်ရမည်။ တိကျသောလူ့အစုအဝေးတစ်ရပ်ဖြစ်ရမည်။ ဤလူ့အစုအဝေးသည် အမျိုးအနွယ်လိုက်လည်းမဟုတ်။ မျိုးရိုးဇာတိ အရလည်းမဟုတ်။ သမိုင်းရေးရာအရ ဖွဲ့စည်းမိလာသော အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ရမည်'ဟု အဆိုရှိခဲ့သည်။

လူမျိုးဆိုသည်မှာ လူမျိုးရေးလက္ခဏာ(၄)ရပ်ရှိမှသာ လူမျိုးတစ်မျိုးဖြစ်နိုင်ပါသည်။ (၁) တူညီသော ဘာသာစကား (Common language) ရှိရမည်။ (၂) တူညီသောနေထိုင်မှုနယ်မြေဒေသ (Common territory) ရှိရမည်။ (၃) တူညီသောစီးပွားရေးဘ၀ စုစုစည်းစည်း (Common Economic Cohesion) ရှိရမည်။ (၄) တူညီသော ယဉ်ကျေး မှုအားဖြင့် ထုတ်ဖော်ပြသသော တူညီသောစိတ်နေသဘောထား (Common psyehological make-up, which manifestiteself in a Common Culture) ရှိရမည်။ ဤလူမျိုးရေးလက္ခဏာကြီး(၄)ရပ်သည် ကမ္ဘာကမငြင်းနိုင်သည့် လူမျိုးရေးတိုင်းတာချက်လက္ခဏာ(၄)ရပ်ဖြစ်ပေသည်။

(၁) ဗမာမွတ်စလင်မ်(၀ါ)ပသီလူထုကြီးတစ်ရပ်လုံးသည် ဗမာနိုင်ငံတွင်ရှိသည့်လူများစုသုံးစွဲနေသည့်စကားကိုပင် တူညီစွာ အများစုသုံးစွဲပြောဆိုနေခြင်းဖြစ်သည့်အတွက် တူညီစွာပြောဆိုသည့်ဘာသာစကားရှိပါသည်။ လူမျိုးတစ်မျိုး ဖြစ်ရန်အတွက် သီးခြားဘာသာစကားတစ်ရပ်မလိုပေ။ ဘာသာစကားတစ်မျိုးကို လူမျိုး(၂)မျိုး(၃)မျိုး သုံးစွဲနေသော သာဓကများ ကမ္ဘာတွင်ရှိပါသည်။ အင်္ဂလိပ်နှင့်အမေရိကန်လူမျိုးတို့သည် ဘာသာစကားတူညီကြသည်။ သို့သော် လူမျိုးမတူ။ နော်ဝေဂျင်းနှင့် ဒိန်းလူမျိုး၊ အင်္ဂလိပ်နှင့် အိုင်းရစ်လူမျိုးတို့သည် လူမျိုးမတူကြသော်လည်း ဘာသာစကား တူညီကြသည်။ တရုတ်ပြည်တွင်လည်း ဟံလူမျိုးနှင့်ဟွီလူမျိုး များသည်လူမျိုးချင်းမတူသော်လည်း ဟံဘာသာစကား ကိုသာ ပြောဆိုသုံးစွဲကြသည်။

(၂) တူညီစွာနေထိုင်မှုဒေသဆိုသည်မှာ လူမျိုးတစ်မျိုးသည် သီးခြားပြည်နယ်ပုံသဏ္ဍာန်ဖြင့် နေထိုင်ခြင်း မဟုတ်ဘဲ ဒေသတော်တော်များများတွင် ပြန့်ကြံနေထိုင်မှုမျိုးလည်းရှိသည်။ ဟိုတစ်စုသည်တစ်စုနေထိုင်ကြသော်လည်း တစ်ပြည်လုံးအနေနှင့်ကြည့်လျင် အစုအဝေးပေါင်းများစွာ စုစည်းနေထိုင်မှုရှိ/မရှိ စံနစ်တစ်ခုတည်းဖြင့် ပုံစံတူညီစွာ နေထိုင်မှု ရှိ/မရှိသာလျင် အဓိကဖြစ်သည်။ သီးခြားပြည်နယ်မရှိသော်လည်း သီးခြားလူမျိုးတစ်မျိုးဖြစ်နေခြင်းကို ကမ္ဘာတွင်တွေ့ရှိရပါသည်။ (ဥပမာ တရုတ်ပြည်ရှိ အိုလွန်ချွန်လူမျိုးစုကလေးသည် တရုတ်ပြည်တစ်ပြည်လုံးမှ လူဦးရေ (၂၀၀၀)ခန့်သာရှိပေသည်။ လူဦးရေ(၂၀၀၀)လောက်မှာ (၂)စုလောက်သာကွဲနေခြင်းမျိုးမဟုတ်ဘဲ ပြန့်ကြဲနေထိုင်ကြ သည်မှာ ထင်ရှားပေသည်။ တရုတ်ပြည်၏ ဟွီလူမျိုးနှင့်အိုလွန်ချွန်လူမျိုးတို့၏ ပြန့်ကြဲနေထိုင်မှုပုံစံနှင့် ဗမာမွတ်စလင် (၀ါ)ပသီလူထု၏နေထိုင်မှုပုံစံသည် အလွန်နီးစပ်လှပေသည်။ ဗမာမွတ်စလင်မ်(၀ါ)ပသီများ၏နေထိုင်မှုသည် ကျေးရွာ ကြီးများတွင် ရွာလုံးကျွတ်နေထိုင်ကြခြင်း၊ မြို့ကလေးများတွင်အတန်းလိုက် အစုလိုက်နေထိုင်ကြခြင်း၊ မြို့ကြီးများ တွင် ရပ်ကွက်ကြီးများအလိုက်နေထိုင်ကြခြင်းကို တွေ့ရှိနိုင်ပါသည်။ [ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစုသည် သီးခြား နယ်နိမိတ်သတ်မှတ်ချက်ဖြင့်နေထိုင်ကြသည့်လက္ခဏာမရှိပေ။ ပြန့်ကြဲနေထိုင်ကြသည့် လူမျိုးစုဖြစ်သည်။]

(၃) တူညီသည့်စီးပွားရေးဘ၀ စီးပွားရေးစုစုစည်းစည်းရှိသည်ကို တွေ့ရှိနိုင်ပေသည်။ ဗမာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ ဗမာ့စီးပွားရေးသော့ချက်သည် ဆန်စပါးလုပ်ငန်းဖြစ်သည်။ ၄င်းဆန်စပါးလုပ်ငန်းကို ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးအများစုလည်းလုပ်ကိုင်စားသောက်ကြသည်။ အခြားလူ့အစုအဝေးကိုကြည့်လျင် အလုပ်သမား၊ မြို့နေလူတန်းစား စီးပွားကုန်သွယ်ရေးသမားများ၊ ပညာတတ်များ၊ စာရေးစာချီများရှိသည်။ ယနေ့ မြန်မာပြည်၏ စီးပွားရေးစနစ်တစ်ခုတည်း၏အောက်တွင် စုစုစည်းစည်းရှိကြခြင်းရှိသည်ကို တွေ့ရှိနိုင်သည်။

(၄) ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစုတစ်ရပ်လုံးမှ ကျင့်သုံးလျက်ရှိသော နေထိုင်စားသောက်ပြောဆို ဆက်ဆံရေးများသည် တူညီသည့်စိတ်နေသဘောထားမှ ထုတ်ဖော်ပြသချက်များဖြစ်သည်။ လူမျိုးစုတစ်ရပ်လုံးမှ ယဉ်ကျေးမှုများသည် လူမျိုးစုတစ်ရပ်တွင်တူညီစွာရှိနေကြသည်။ ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစု၏ယဉ်ကျေးမှုသည် ကိုးကွယ်ရာဘာသာနှင့်တွဲနေခြင်းရှိသည်မှာ အခြားလူ့အဖွဲ့အစည်းများ၏ယဉ်ကျေးမှုနှင့်ယှဉ်ကြည့်လျင် မတူညီသည့် ယဉ်ကျေးမှုရှိနေသည်ကိုတွေ့ရပြီး ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစုတစ်ရပ်လုံးအတွက်မူ တူညီသော ယဉ်ကျေးမှုအားဖြင့် ထုတ်ဖော်ပြသသော တူညီသည့်စိတ်နေစိတ်ထားရှိသည်ကို အခိုင်အမာတွေ့ရှိရသည်။

ထို့ကြောင့် ဗမာမွတ်စလင်မ်(၀ါ)ပသီလူထုသည့် လူမျိုးတစ်မျိုးဖြစ်ရန်လက္ခဏာကြီး(၄)ရပ်နှင့်ကိုက်ညီနေပါသည်။ အထက်ပါလက္ခဏာကြီး(၄)ရပ်အပြင် (၁) လူမျိုးဖြစ်ပေါ်လာပုံအထောက်အထားခိုင်လုံခြင်း၊ (၂) သမိုင်းရေးအရ ဖြစ်ပေါ်တိုးတက်ခိုင်မာလျက်ရှိခြင်း၊[လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော်မှစ၍ သမိုင်းရေးရာအရ တည်တည်ငြိမ်ငြိမ်နှင့် အမျိုးသားရေး လက္ခဏာ(၄)ရပ် ချို့ယွင်းမှုမရှိဘဲ ခိုင်မြဲစွာဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှားပါသည်။] (၄) အနာဂတ်အတွက်လည်း တည်ငြိမ်စွာ ဖြစ်ပေါ်တိုးတက်လျက်ရှိခြင်း အစရှိသည့် အထောက်အထားများအရ လူမျိုးတစ်မျိုးဖြစ်သည်ဟု သတ်မှတ်နိုင်ခြင်းဖြစ်သည်။

အတိတ်ကာလ၊ ယနေ့ မျက်မှောက်ကာလနှင့် အနာဂတ် ကာလများတွင် အထက်ဖော်ပြပါ လူမျိုးရေး လက္ခဏာချက်များအရတွေ့ရှိသည်မှာ ဗမာမွတ်စလင်မ်(၀ါ)ပသီများသည် အတိတ်ကာလအတော်ကြာကပင် လူမျိုးတစ်မျိုးဖြစ်ခဲ့ပြီး အနာဂတ်တွင်လည်း လူမျိုးတစ်မျိုးအဖြစ် ပီပီသသ ရှိနေပါသည်။ ယနေ့ ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစုသည် အတိတ်ကာလအကြောင်းကြောင်းကြောင့် မိမိလူမျိုးရေးကို ဖုံးကွယ်ထားရခြင်းဖြစ်သည်။ အတိတ်မှ လူမျိုးစုပြန်လည်ပေါ်ထွက်လာရန် ပြန်လည်ဖော်ထုတ်ကြရပေမည်။ဗမာမွတ်စလင်မ်(၀ါ)ပသီ လူထုတစ်ရပ်လုံးအား လူမျိုးပီသနေခြင်းကို တိုင်းပြည်နှင့်ကမ္ဘာက အသိအမှတ် ပြုလာစေရေးအတွက် ထူထောင်ကြရမည်ဖြစ်သည်။

x x x x x x x x x x x x x x x x x x x x x x x x x

ကိုကိုလေး(ဗပက) @ ပသီဦးကိုကိုလေး။ ၁၉၅၀ ကျော် ၆၀ ၀န်းကျင်က ရေးသားထုတ်ဝေခဲ့တဲ့ "ခေတ်(၅)ခေတ်နဲ့ လူတန်းစားပြဿနာ"ဆိုတဲ့စာအုပ်ထဲကနေ ကောက်နှုတ်တင်ပေးခြင်းဖြစ်ပါတယ်။
အသုံးအနှုန်းများကို မူရင်းစာအုပ်ထဲမှအတိုင်းသာ ကူးယူထားပါသည်။

No comments:

Post a Comment