'အမေ'ဟုခေါ်သည့် မိခင်သည် လောကခပ်သိမ်းတွင် ရှိပေသည်။ ဝေနေယျသတ္တဝါအပေါင်းတွင် အမေ မရှိသော သားသမီးဟူ၍မရှိ။ အမေမရှိတော့သည်သာရှိပေသည်။ အမေဟူသည်၏နောက်တွင် အမေ့မေတ္တာနှင့် အမေ့ဂုဏ်ရည် မြောက်များစွာကပ်ငြိပါလာသည်ဆိုသည်မှာ အထူးပင်ပြောစရာလိုမည် မဟုတ်ပေ။
လောကတွင်ရှိသော အမေများစွာတို့သည် မိမိ၏သားသမီးအပေါ်တွင်သာ မေတ္တာယိုဖိတ်ကြသည် မဟုတ်။ မိမိသားသမီးနှင့် ရွယ်တူကလေးများအပေါ်တွင်လည်း သားသမီးကဲ့သို့ မေတ္တာသက်ဝင်တတ်ကြ ပေသည်။ ဤသည်မှာ အမေ၏ဂုဏ်ရည်တစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့သော အမေများစွာတို့တွင် ကျွန်မ၏ အမေသည်လည်းပါဝင်နေပါသည်။ အမေ၏မေတ္တာသည် မည်သို့မှတုနှိုင်းမရနိုင်သည့် ဂုဏ်ရည်များစွာ ရှိနေပေသည်။
ကျွန်မကိုမွေးဖွားခဲ့စဉ်က အမေ့မေတ္တာဘယ်သို့ရှိခဲ့သည်ကို ကျွန်မ မသိခဲ့။ ကျွန်မနားလည်တတ်စ အရွယ်မှပင် အမေ့မေတ္တာကို မှတ်မိသိရှိခဲ့ပါသည်။ အဲဒီအရွယ်မှာ အမေ့မေတ္တာဆိုသည်ကို နားလည်၍ မဟုတ်ပါ။ အမေတစ်ယောက်က ကိုယ်ရဲ့သားသမီးကို လုပ်ဆောင်ပေးသည့် တာဝန်တစ်ခုအနေနှင့်သာ ထင်မြင်ခဲ့ပါသည်။ အမေ့မေတ္တာကို သိနားလည်လာသည်နှင့်အမျှ အမေ့ကို ပိုမိုတမ်းတလွမ်းဆွတ်မိပါသည်။ ဤစာသည် အမေ့အား အောက်မေ့သတ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ကျွန်မရဲ့အမေသည် အခြားအမေများနှင့်မတူ သမီးများအပေါ်တွင် မေတ္တာကြီးလွန်းလှပါသည်။ အမေသည် သမီးသုံးယောက်မွေးဖွားခဲ့ရာ ကျွန်မက အကြီးဆုံးသမီးဖြစ်ပါသည်။ အမေဟာ ကျွန်မကို ကိုယ်ဝန်ဆောင်ထားစဉ်မှာပင် သွားလာစားသောက်ရာတွင် သတိကြီးစွာဖြင့် သန္ဓေသားလေးအတွက် နေရာ တကာဆင်ခြင်ခဲ့သည်။ (၉)လလွယ် (၁၀)ဖွားချိန် ကျွန်မကိုမွေးဖွားခါနီး အမေဗိုက်နာချိန်တွင် မိုးတွေအလွန် သည်းထန်နေချိန်ဖြစ်သည်။ အမေ့နှုတ်မှ (နာလိုက်တာ)ဟူ၍ပင် မညည်းညူခဲ့ဟု သိရသည်။ မိုးရွာကြီးထဲတွင် ဆေးခန်းအရောက်သွားခဲ့ရပြီး မိုးသည်းညမှာပင် ကျွန်မကို မွေးဖွားခဲ့သည်။ ကျွန်မကို မွေးဖွားချိန်တွင် အမေနည်းတူ အဖေသည်လည်း သမီးလေးမျက်နှာကြည့်ပြီး ပြုံးပျော်ပီတိဝေဖြာခဲ့သည်။
ကျွန်မကိုမွေးဖွားပြီး(၃)လနီးပါးကြာသောအခါ အမေ့ကျန်းမာရေးကြောင့် အမေနို့ထွက်နည်းလာသည်။ ဒါကြောင့် ကျွန်မကိုနို့ဗူးတိုက်ရသည်။ ညဘက်အိပ်ယာဝင်ခါနီး နို့ဖျော်ထားပြီး ညတစ်ရေးနိုး ကျွန်မ နို့ဆာ ချိန်တိုက်လျှင် အေးနေသည့်နို့ဗူးကို ကျွန်မ မသောက်။ ချက်ချင်းဖျော်ပြီး ပူကျက်နေသည့် နို့သီးခေါင်းမှ ပန်းထွက်နေသည့်နို့ကိုမှသောက်သည်တဲ့။ ဒါကြောင့် ညညဆို ကျွန်မတစ်ခါနိုးတစ်ခါထဖြင့် အမေ့မှာ အိပ်ကောင်းခြင်းမအိပ်ခဲ့ရ။ နောက် ကျွန်မကို ထမင်းကျွေးစအရွယ်မှာ ကျွန်မအတွက်ကိုသီးသန့် အိုးသေး သေးလေးနဲ့ ထမင်းကိုပျော့နေအောင်ချက်။ ပြီးရင် နို့ထမင်းလိုဖြစ်အောင်လုပ်။ ပြီး အဝတ်နဲ့ထမင်းကို စစ်ချ။ အားလူးကိုကိုပြုတ်၊ ခါကြက်ဥပြုတ်။ ထမင်းနဲ့ရောပြီးပေါင်း။ ပြီးရင် ငှက်ပျောဖက်နဲ့ထုတ်ပြီး မီးနွေးနွေး လေးနဲ့အပူပေးထား။ ကျွန်မဆာချိန်လောက်မှ ခွံ့ကျွေး။ အဲဒီလိုပဲ နေ့စဉ်နဲ့အမျှ အိမ်ထောင်ရှင်မတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျွန်မအတွက် အချိန်တွေရော မေတ္တာတွေပါ ပေးခဲ့တဲ့အမေပါ။
ကျွန်မ မူကြိုနေတဲ့ အရွယ်ရောက်တဲ့အချိန်မှာ မူကြိုပို့။ မူကြိုကပြန်လာရင် ဘာတွေသင်လဲ အမေကမေး ပြန်ပြော ပြန်လုပ်ပြနေတဲ့ သမီးငယ်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ပြီး ကြည်နူးခဲ့ရ။ ကျောင်းနေတဲ့အရွယ်မှာလည်း ထူးချွန်ထက်မြက်စေရန် ကျောင်းသင်ခန်းစာတွေကအစသင်ပေးရင်း သမီးငယ်အတွက် ကြည်နူးပီတိတွေ ဖြာဝေခဲ့တာလည်း အမေပါပဲ။ ကျွန်မနောက် ညီမလေးနှစ်ယောက်ကို မွေးဖွားလာခဲ့ချိန်မှာလည်း အမေဟာ ကျွန်မအပေါ် မေတ္တာတွေလျော့မသွားပဲ ပိုတိုးလာတာတွေ့ရတယ်။ ကျွန်မက တစ်ခါတလေ အမေ့ကိုစတယ်။ 'အမေက သမီးကိုနို့မတိုက်ခဲ့လို့ သမီးပိန်တာ။ ညီမလေး နှစ်ယောက် ကျတော့ အမေ့နို့စို့ခဲ့ရလို့ ဝတာ'လို့ပြောရင် အမေက'သမီးက အကြီးပီသတာပေါ့။ အငယ်တွေအတွက် သမီးချန်ထားလို့ သူတို့နို့စို့ရတာပေါ့'လို့ ပြန်စတတ်ပါတယ်။ အမေက သီချင်းဆိုရင်လည်း အသံသိပ်ကောင်းတာ။ သီချင်းတွေလည်းရေးတတ်တယ်။ တစ်ခါတစ်ခါ သမီးတွေကို အမေကိုယ်တိုင်စပ်ထားတဲ့သီချင်းတွေနဲ့ ချော့သိပ်တတ်တယ်။ အမေဟာ ကျွန်မတို့ကို အမည်တွေပေးတာတောင် အနုပညာဆန်ဆန်တွေးပြီး ပေးတယ်။ အမေ့နာမည်ဟာ ပန်းပွင့်လို့အဓိပ္ပါယ်ရတယ်တဲ့။ ပန်းပွင့်က မွေးဖွားလာသူတွေ ကလည်း ပန်းကလေးရဲ့အစိတ်အပိုင်းလေးတွေဆိုပြီး ကျွန်မတို့နာမည်တွေမှာ ပန်းပွင့်ရဲ့ အစိတ်အပိုင်းနာမည်လေးတွေထည့်ပြီး မှည့်ခဲ့တယ်။ အမေက သမီးတွေကို ဘယ်လောက်ချစ်သလဲဆိုရင် ပြောပြလို့တောင် ရမယ်မထင်ပါဘူး။ သမီးတွေအတွက် အမြဲတောင်းတဲ့ဆုတစ်ခုရှိတယ်။ 'သမီးလေးတွေ သွားလေရာ လာလေရာ ခလုတ်မထိ၊ ဆူးမငြိ၊ အသံကြား သနား၊ မျက်နှာမြင် ချစ်ခင်ပါစေ'တဲ့။ အမေရဲ့ဆုတောင်းမေတ္တာဟာ ပြည့်ဝခဲ့ပါတယ်။ အမေ့ရဲ့ဆုတောင်းမေတ္တာကြောင့် ကျွန်မတို့ ညီအစ်မတစ်တွေ လူချစ်လူခင်ပေါများခဲ့ပါတယ်။
ကျွန်မ နားလည်သိတတ်စအရွယ်မှာ အမေဟာ လူမှုရေး၊ ဘာသာရေးလုပ်ငန်းတွေမှာ အင်တိုက် အားတိုက် ဆောင်ရွက်နေတာ တွေ့ရတယ်။ အမေသွားလာနေတဲ့နေရာတွေမှာ ကျွန်မပါဝင်လာတယ်။ ကျွန်မကို လူ့မှုဘဝအထွေထွေ ကျင့်ဝတ်စည်းကမ်းတွေကို အဘက်ဘက်ကနားလည်လာအောင် လက်တွဲ ခေါ်ပေးတယ်။ ကျွန်မသိလိုရာတွေ မေးသမျှကို မညည်းမညူ စိတ်ရှည်ရှည်နဲ့ ရှင်းပြပြောပြောပြပေးတယ်။ အမေစာတွေရေးသလို၊ သီချင်းတွေရေးသလို ကျွန်မရေးချင်လာတယ်။ အမေကအားပေးတယ်။ လိုအပ်ချက်တွေ ပြုပြင်ပေးတယ်။ အမေဟာ ကျွန်မအတွက် သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာ၊ လက်တွဲဖော်ဖြစ်ခဲ့သလို ကျွန်မအတွက် ကြီးမားတဲ့ခွန်အားတစ်ခုပါပဲ။ အမေ့ရဲ့မေတ္တာနဲ့ ကျွန်မလူ့ဘဝကြီးထဲမှာ မားမားရပ်တည်နိုင်ခဲ့တယ်။
ကျွန်မ (၁၀)တန်းရောက်တဲ့နှစ်မှာ ကျွန်မစာကျက်ရင် အမေက ဘေးကနေထိုင်နေပေးတယ်။ အားလုံး အိပ်မောကျနေချိန်မှာ သမီးလေးတစ်ယောက်တည်းဖြစ်နေမှာကြောင့်တဲ့။ ဒီလိုနဲ့ ကျွန်မ (၁၀)တန်း နှစ်ချင်းပေါက်အောင်တော့ အမေ့ရဲ့ပီတိဟာ ဘာနဲ့မှနှိုင်းလို့မရခဲ့ပါဘူး။ တစ်ခါတစ်လေ ကျွန်မအိပ်ပျော်ရာက နိုးလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် အမေက ကျွန်မမျက်နှာကို စိုက်ကြည့်ပြီးပြုံးနေတာတွေ့ရတယ်။ အမေ ဘာကြည့်နေတာလဲလို့မေးရင် အမေ့သမီးကြီးကို ချစ်မဝလို့၊ တအားနမ်းပစ်ချင်နေတာ၊ သမီးလေး နိုးသွားမှာစိုးလို့ ကြည့်နေတာလို့ပြေါပြီး ကျွန်မကိုနမ်းရှုံ့ပါတယ်။ အမေက ကျွန်မကို သမီးကြီးလို့ခေါ်လိုက် သမီးလေးလို့ခေါ်လိုက် ခေါ်တတ်ပါတယ်။ သမီးကြီးလို့ခေါ်တာက အကြီးဆုံးသမီး၊ အမေ့အတွက်ခွန်အားမို့လို့ တဲ့၊ သမီးလေးလို့ခေါ်တာက ချစ်စနိုးနဲ့ခေါ်တာတဲ့လေ။ အဲဒီလောက် ကျွန်မအပေါ် မေတ္တာတွေပေးနေမယ့် အမေ့မေတ္တာဟာ ကုန်သွားတယ်ဆိုတာမရှိခဲ့ဘူး။
ဒီလိုနဲ့ ကျွန်မ တက္ကသိုလ် ပထမနှစ်စတက်တဲ့အချိန်မှာ အမေ့ကျန်းမာရေးအခြေအနေ မကောင်းတော့ ပါဘူး။ ခဏခဏနေမကောင်းဖြစ်တယ်။ အမေ့ ရောဂါကိုသိသိချင်း ကျွန်မဘယ်လိုမှ မခံစားနိုင်ဘူး။ အမေကတော့ အပြုံးမပျက်ပဲ သမီးတွေနဲ့ ခင်ပွန်းသည် ရှေ့မှာ တည်တည်ငြိမ်ငြိမ်နေပြခဲ့သည်။ ကျွန်မ အဖေနဲ့ကျွန်မကအလုပ်သွား။ ညီမလေး(၂)ယောက် ကျောင်းသွားရင် အမေတစ်ယောက်တည်းအိမ်မှာကျန်ခဲ့တယ်။ အဲဒီအခါ အမေက သမီးတွေနဲ့ ခင်ပွန်း ဆူးငြောင့်ခလုတ်ကင်းဖို့ဆုတောင်း၊ ဘုရားဝတ်တက်၊ အချိန်မှန် ဘုရားရှိခိုး၊ အိမ်အလုပ်တွေကို ဘယ်သူမှမသိအောင် တိတ်တိတ်ကလေးလုပ်ရင်း အချိန်ကုန်ခဲ့ရတယ်။ အိမ်အလုပ်တွေခိုးလုပ်တာက ကျွန်မတို့က အမေ့ကို ငြိမ်ငြိမ်လေးနေစေချင်လို့ အိမ် အလုပ်တွေမလုပ်ရဘူးလို့ပြောထားလို့ပါ။ အမေကတော့ သမီးတွေပင်ပန်းမှာစိုးလို့ မိသားစုဝင်တွေ မသိအောင်လုပ်တာလေ။
ကျွန်မ ပထမနှစ်စာမေးပွဲမဖြေခင်တစ်ရက်မှာ အမေဆေးရုံတင်ရတယ်။ ကျွန်မကို အမေက ဆေးရုံမှာညစောင့် မအိပ်ခိုင်းဘူး။ အစ်မဝမ်းကွဲတစ်ယောက်က ညစောင့်အိပ်ပေးတယ်။ ကျွန်မကတော့ စာမေးပွဲဖြေဖို့အသွား ဆေးရုံတစ်ခေါက်ဝင်၊ နောက်အပြန်တစ်ခေါက်ဝင်နဲ့ပဲနေခဲ့ရတယ်။ တစ်ညမှာ အစ်မဝမ်းကွဲရဲ့ခင်ပွန်းက အိမ်ကိုလာပြီး အိပ်ယာခင်းတွေ စောင်တွေလာယူတယ်။ ဘာလုပ်ဖို့လဲလို့ကျွန်မကမေးတော့ ရေဗူးမှောက် သွားလို့ အိပ်ယာတွေစိုကုန်တယ်။ ဒါကြောင့် အိပ်ယာခင်းတွေလဲရမယ်လို့ပြောတယ်။ နောက်မှ ကျွန်မ သိရတာ အမေဟာ အဖျားကြီးလွန်းပြီး ကိုယ်ပူချိန်တွေ တက်နေတာကြောင့် စောင်တွေကိုရေဇလုံထဲစိမ်ပြီး အမေ့ကိုပတ်ထားပေးရတယ်တဲ့။ ဒီလောက်ဖြစ်နေတဲ့ကြားက 'အိမ်ကိုစောင်သွားယူရင် သမီးကြီးကို အမှန် အတိုင်းမပြောပါနဲ့၊ သမီးစာမေးပွဲအတွက် စိတ်အနှောက်အယှက် ဖြစ်မယ်'လို့ပြောခဲ့တယ်။ ကိုယ့်ဝေဒနာ ခံစားနေရချိန်မှာတောင် သမီးအပေါ်ထားတဲ့ အမေ့ရဲ့မေတ္တာဟာ ကျွန်မအတွက်တော့ ဘာနဲ့မှ တုနှိုင်းမရ နိုင်အောင်ပါပဲ။
ဒီလိုနဲ့ အမေလည်း ဆေးရုံနဲ့အိမ် ကူးချည်သန်းချည်နဲ့နေခဲ့ရတယ်။ တစ်ခါတစ်ခါမှာတော့ အမေက 'သမီးရယ် အမေ ဒီဆေးတွေမသောက်ချင်တော့ဘူး'လို့ပြောတယ်။ ကျွန်မက 'အမေ သမီးတို့ကိုချစ်ရင် သောက်ရမှာပေါ့'ဆိုတော့ ချက်ချင်းပဲယူသောက်တယ်။ တစ်ခါတစ်လေမှာတော့ အမေဟာ မှန်ထဲက သူ့ရုပ်ကို သူပြန်ကြည့်ပြီး 'အမေဟာ သမီးတို့အမေလို့မှ ထင်သေးရဲ့လား'လို့လည်း မေးတတ်တယ်။ အဲလိုမေးပြီးရင် လည်း သူ့ဘာသာသူဟာသတွေ လျှောက်ပြောတော့တယ်။ အမေ့ရင်ထဲမှာတော့ ဝေဒနာမီးတွေတောက်နေပေမယ့် သမီးတွေနဲ့ခင်ပွန်းသည်ရှေ့မှာ ဟန်ဆောင်ပြီးနေကောင်းပြတယ်။ အမေဟာ ရောဂါနဲ့ပတ်သက်လို့ ကျွန်မတို့ရှေ့မှ တစ်ခါမှ ညည်းညူတာမျိုး မလုပ်ပြခဲ့ပါဘူး။ အိမ်မှာဘယ်သူမှ မရှိတော့မှသာ ဝေဒနာကို ကြိတ်ခံစားတယ်။ ဒါတွေကို ကျွန်မသိရတော့ ခံစားရတယ်။ အမေက ကျွန်မတို့မသိအောင်လုပ်တယ်။ ကျွန်မတို့က အမေ့ကို မသိချင်ယောင်ဆောင်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေကုန်လာခဲ့တယ်။
တစ်ခါတစ်ခါ ညနေ ကျွန်မ အလုပ်ပြန်ချိန်ရောက်လို့ မရောက်သေးရင် အိမ်ရှေ့ကထွက်ပြီး မျှော်နေတတ်တယ်။ ကျွန်မလာမှ 'အမေက သမီးမလာသေးလို့ စိတ်ပူနေတာ'ဆိုပြီးပြောလေ့ရှိတယ်။ တစ်ခါတစ်လေ မှာတော့ ကျွန်မပြန်လာတဲ့ အသံကြားရင် ပုန်းနေတတ်တယ်။ အဲဒီအခါ ကျွန်မက အမေဘယ်သွားနေလဲဆိုပြီး လိုက်ရှာတော့တာပဲ။ ကျွန်မ လိုက်ရှာပြီဆိုမှ အမေကထွက်လာပြီး 'ငါ့သမီးက အမေ့ကို သိပ်မချစ်နဲ့။ အမေမရှိတော့ရင် နေတတ်အောင် အခုကတည်းကကျင့်ထား။ ညီမလေးနှစ်ယောက်ကဖြစ်တယ်။ အမေမရှိလည်း သူတို့ဘာသာ နေတတ် တယ်။ ငါ့သမီးကြီးက နေတတ်မှာမဟုတ်ဘူး။ ဒါကြောင့် အခုကတည်းက ကျင့်ထား'ဆိုပြီး ကျွန်မအတွက် ခွန်အား ဖြစ်စေမယ့်စကားတွေပြောတယ်။ အဲဒီအချိန်မှာ အမေ့မေတ္တာဟာ ကျွန်မအပေါ် ဘယ်လောက် ကြီးမားတယ် ဆိုတာ ကျွန်မခံစားလာရပါတယ်။
ကျွန်မ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာတော့ အမေဟာ ဆေးရုံတင်ရရက်တွေစိပ်လာတယ်။ နောက် တစ်လနှစ်ခါလောက် ဆေးရုံပေါ်မှာအချိန်ကုန်ရတော့တယ်။ နောက်တစ်ပတ်ခြားတစ်ခါ ဆေးရုံ တက်နေရတယ်။ မှတ်မှတ်ရရ ဧပြီလ (၂၂)ရက်မှာ အမေဆေးရုံတင်ရတယ်။ ခါတိုင်းလိုပဲ တစ်ပတ်လောက်နေလိုက်ရင် ဆေးရုံကဆင်းရမှာပဲလို့ပဲထင်ခဲ့တယ်။ အမေကပြောတယ်။ 'သမီးအတွက် စာတစ်စောင်အမေရေးထားတယ်။ အမေမရှိတော့ရင် အန်တီဆီမှာ သွားတောင်းပါ'လို့ပြောတော့ ကျွန်မ ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရတယ်။ ဒါပေမယ့် အမေ့ကို ရယ်စရာတွေပြောပြီး စကားလမ်းကြောင်း လွှဲပစ်ခဲ့တယ်။
ဒီလိုနဲ့ ဧပြီ(၂၈)ရက်နေ့မှာ အမေက ဗိုက်ထဲက မခံနိုင်အောင်နာလာတယ်ဆိုပြီး ညည်းညူ နေခဲ့တယ်။ ဘယ်တော့မှ မညည်းညူတတ်တဲ့ ကျွန်မရဲ့ အမေညည်းညူနေတာကို ကျွန်မခံနိုင်ရည် မရှိခဲ့ဘူး။ အမေက သူ့ရဲ့ အစ်ကိုနဲ့ယောက်မရယ်၊ တူမရယ်ကိုခေါ်ပေးဖို့ ပြောတာကြောင့် သူတို့တွေရောက်လာကြတယ်။ အမေက သူမရှိရင် ကျွန်မတို့ညီအစ်မတစ်တွေကို အစ်ကိုနဲ့ ယောက်မရယ် တူမရယ်က စောင့်ရှောက်ဖို့မှာပြီး တူမကိုလည်း ကျွန်မနဲ့အတူ ဆေးရုံမှာညစောင့်အိပ်ပေးဖို့ပြောတယ်။ အဖေနဲ့ ညီမလေး(၂)ယောက်ကိုတော့ 'သွားတော့ အိမ်ပြန်ကြတော့'ဆိုပြီး ရန်လုပ်ပြီးမောင်းထုတ်ခဲ့တယ်။ အဲဒီညက မိုးအတော်ကြီးချုပ်မှ အဖေနဲ့ ညီမလေး(၂)ယောက်အိမ်ပြန်သွားကြတယ်။ ကျွန်မရယ် အစ်မဝမ်းကွဲရယ်ပဲ ဆေးရုံမှာစောင့်နေခဲ့တယ်။ ကျွန်မနဲ့ အစ်မဝမ်းကွဲတို့နှစ်ယောက် တစ်လှည့်စီ အမေ့ဘေးမှာ လှဲလိုက်ထိုင်လိုက်နဲ့ နေခဲ့ကြတယ်။
(၂၉)ရက်နေ့ မနက်(၅)နာရီလောက်မှာ သူနာပြုဆရာမလေးက ပေါင်ချိန်ရအောင်လာတော့ အမေက သူ့ဘာသာကုတင်ပေါ်ကဆင်းပြီး ပေါင်ချိန်တယ်။ ပြီးတော့ ကုတင်ပေါ်ပြန်တက်အိပ်တယ်။ အဲဒီအချိန် ခဏကလေးမှာ ကျွန်မက အမေ့ကုတင်ပေါ်လက်တင် မှောက်အိပ်ပြီး မှေးကနဲဖြစ်သွားတယ်။ အစ်မက လက်ကိုလာကုပ်တာကြောင့် အမေ့ကိုကြည့်လိုက်တော့ အမေသတိလစ်သလိုဖြစ်နေတာကြောင့် ဆရာမတွေ သွားပြေးခေါ်တယ်။ ဆရာမတွေ ရောက်လာတော့ အမေ့ကိုဝိုင်းပြီး နှလုံးခုန်လာအောင်လုပ်ကြတယ်။ ကျွန်မလည်း အခြေအနေသိပ်မကောင်းတော့ဘူးလို့ရိပ်မိတာကြောင့် အိမ်ကိုဖုန်းဆက်ဖို့ ပြေးထွက်ခဲ့မိတယ်။ ဖုန်းဆက်ပြီး ဆေးရုံအခန်းထဲ ကျွန်မ ပြန်ရောက်တော့ အမေအသက်မရှိတော့ဘူး။ အမေဟာ (၅း၁၅)နာရီ လောက်မှာ အသက်ရှူရပ်သွားခဲ့ပါတယ်။ ကျွန်မဘဝမှာ မေတ္တာတွေ အများကြီးပေးခဲ့တဲ့အမေမရှိတော့ဘူးလို့ သိလိုက်ရတဲ့အချိန်ခဏမှာ ကျွန်မဘာဖြစ်သွားမှန်းကို မသိခဲ့တော့ပါဘူး။
အမေဟာ တခဏနားခိုရာစခန်းမှသည် ထာဝရနားခိုရာ ဘုရားရှင်ထံ လာရာလမ်းကို ပြန်သွားခဲ့ပါပြီ။ အမေဟာ နောက်ဆုံးထွက်သက်အထိ သမီးတွေအပေါ်မှာ တာဝန်ကျေပွန်ခဲ့သလို မေတ္တာတရား အပြည့်အဝ ထားရှိခဲ့ပါတယ်။ အမေမရှိတဲ့နောက် ကျွန်မအတွက် ခွန်အားဖြစ်စေမယ့်စကားလုံးတွေကို တစ်သက်တာ အတွက် စာမျက်နှာပေါ်မှာ အက္ခရာတင်ပေးထားခဲ့တယ်လေ။
အမေရဲ့စာလေးက ....
အမေရဲ့ဒီစာလေးဟာ ကျွန်မဘဝတစ်သက်တာအတွက် ကြီးမားတဲ့ခွန်အားပါပဲ။ အမေ့ရဲ့မေတ္တာတွေ၊ အမေ့ရဲ့ ဂုဏ်ရည်တွေဟာ ဒီစာလေးထဲမှာ များစွာဖော်ကျူးနေပါတယ်။ 'နိဗ္ဗာန်သုခဘုံသည် မိခင်၏ ခြေဖဝါးအောက်တွင် ရှိသည်'ဆိုတာကို ကျွန်မ မှတ်သားထားပါတယ်။ ဒါကြောင့် သားသမီးတိုင်း အမေ့မေတ္တာ ဂုဏ်ရည်များစွာကို နားလည်သော သားကောင်းသမီးမြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်ခြွေရင်း ဒီစာမူလေးနဲ့ အမေ့ကိုဂုဏ်ပြုလိုက်ပါတယ်။

'သမီးလေးကို မေမေဘယ်အတိုင်းအတာအထိ မြတ်မြတ်နိုးနိုးချစ်တယ်ဆိုတာ သမီးသိမှာပါ။ မေမေမရှိတော့တဲ့အခါ သမီးလေး မေ့မေ့လိုခံစားရမယ်ဆိုတာ မေမေသိတယ်။ ခံစားချက်ကို အသိတရားနဲ့ချိန်ထိုးပြီး သတိထားဖြေသိမ့်ရမှာက မေမေဟာ နေဝင်ချိန်ကိုရောက်နေပြီလို့ မေ့မေ့ကိုယ် မေမေသိတယ်။ သမီးလေးဘဝက အခုမှ နေထွက်ချိန်ပဲရှိသေးတယ်။ အလင်းရောင်တွေရဖို့ အချိန်တွေ အများကြီးကျန်သေးတယ်လေ။ နွေးထွေးတဲ့ နေခြည်ဦးမှာ သမီးလေးက ရှေ့တန်းကနေပြီး လန်းဆန်း တက်ြွကစွာလျှောက်လှမ်းမှ နောက်က လိုက်မယ့်ညီမလေးတွေ အင်အားအပြည့်ရှိမှာပေါ့။ မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။ ကျန်းမာရေးကိုဂရုစိုက်ပါ။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပါလို့ မေမေမှာခဲ့တယ်နော်။ မေ့မေ့ ဆန္ဒတွေကို လိုက်လျောရင်း မေမေ့ကို ထာဝရချစ်နိုင်ပါစေ။ လူ့လောကကြီးထဲမှာ ပြုမှားခဲ့တဲ့ အမှားရှိခဲ့ရင် လွတ်ငြိမ်း ချမ်းသာခွင့်ရဘို့၊ သုခဘုံမှာ ထာဝရနေရဘို့ ဘုရားသခင်ထံမှာ ဆုပန်ပါလို့မှာရင်းနဲ့ ဘဝဆိုတာ တိုက်ရဲသူတို့ အတွက် အောင်ပွဲ။
အမေရဲ့ဒီစာလေးဟာ ကျွန်မဘဝတစ်သက်တာအတွက် ကြီးမားတဲ့ခွန်အားပါပဲ။ အမေ့ရဲ့မေတ္တာတွေ၊ အမေ့ရဲ့ ဂုဏ်ရည်တွေဟာ ဒီစာလေးထဲမှာ များစွာဖော်ကျူးနေပါတယ်။ 'နိဗ္ဗာန်သုခဘုံသည် မိခင်၏ ခြေဖဝါးအောက်တွင် ရှိသည်'ဆိုတာကို ကျွန်မ မှတ်သားထားပါတယ်။ ဒါကြောင့် သားသမီးတိုင်း အမေ့မေတ္တာ ဂုဏ်ရည်များစွာကို နားလည်သော သားကောင်းသမီးမြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်ခြွေရင်း ဒီစာမူလေးနဲ့ အမေ့ကိုဂုဏ်ပြုလိုက်ပါတယ်။
No comments:
Post a Comment