ကျွန်မ အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့လေးတစ်ရက်မှာ ဒလဘက်ကို သွားဖို့ အကြောင်းဖန်လာပါတယ်။ ကျွန်မအဖိုးရဲ့ သူငယ်ချင်း ဒါဒါကြီးတစ်ယောက်ဆီ သွားဖို့ပါ။ နောက်ပြီး ဒလဘက်မှာရှိတဲ့ ဟာဖိဇ်ကျောင်းလေးကို ကျွန်မတို့သွားလေ့လာကြည့်မယ်လို့ စဉ်းစားထားကြတာလည်း ကြာပြီဆိုတော့ အဲဒီကျောင်းလေးကိုပါ သွားဖို့စီစဉ်လိုက်တယ်။ အဲလိုလည်း စီစဉ်လိုက်ရော ဒလမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ တာဝန်ကျနေတဲ့ ညီမလေးငြိမ်းရဲ့ အစ်မကြီးက သူတို့ရွာလေးကို လာလည်ဖို့ခေါ်ပါတယ်။ ဒါနဲ့ ကျွန်မတို့တွေ ဒလဘက်ကို သွားဖြစ်ဖို့ သေချာသွားတယ်။
ဒလသွားမယ့်နေ့လည်းရောက်ရော ငြိမ်းရဲ့အစ်မကြီးက ကျွန်မတို့နဲ့အတူတူ ရန်ကုန်ကနေ ရွာလေးကို ပြန်ပါတယ်။ ကျွန်မတို့ (ငြိမ်းရဲ့အစ်မကြီး၊ ငြိမ်း၊ တိမ်မိုးလွင်၊ ဂျွန်၊ အလင်းရောင်နဲ့ ကျွန်မ) ပန်းဆိုးတန်းဆိပ်ကမ်းမှာပဲ ဆုံကြဖို့ ချိန်းလိုက်ကြတယ်။ ကျွန်မနဲ့အမိုးက အိမ်ချင်းနီးတာကြောင့် တစ်နေရာရာသွားတိုင်း သူနဲ့အမြဲအတူသွားနေကြဖြစ်နေတော့ သူနဲ့အတူတူ ပန်းဆိုးတန်းဆိပ်ကမ်းကို ထွက်လာလိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျွန်က ဖုန်းဆက်လာတယ် သူရောက်နေပြီဆိုတဲ့အကြောင်းနဲ့ ဘယ်နေရာမှာစောင့်နေတယ်ဆိုတာပေါ့။ ကျွန်မတို့လည်း ဆိပ်ကမ်းရောက်ရော စောင့်နေတဲ့ ဂျွန့်ကို တွေ့ရတယ်။ ဒါနဲ့ ငြိမ်းရောဆိုတော့ လက်မှတ်ဝယ်တဲ့နေရာအထဲမှာရောက်နေပြီဆိုတာနဲ့ ကျွန်မတို့လည်း အထဲကို ၀င်လာလိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ဝယ်ပြီး သင်္ဘောပေါ်ရောက်တော့ သင်္ဘောပဲ့ဦးကို လျှောက်လာလိုက်တယ်။ အောက်ထပ်ပဲ့ဦးထက် အပေါ်ထပ် ပဲ့ဦးက view ပိုမိုက်တယ်ဆိုပြီး အပေါ်ထပ် ပဲ့ဦးမှာ သွားထိုင်နေလိုက်ကြတယ်။ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ကြတော့တာပေါ့။ ဒလဘက်ကမ်းလည်း ရောက်ရော ရွာကိုဆက်သွားဖို့ ဆိုင်ကယ်ငှားကြရတယ်။
ဒလဆိပ်ကမ်းကနေ ရွာအထိကို မိနစ် ၂၀-လောက် ဆိုင်ကယ်စီးရတယ်။ လမ်းကလည်း တော်တော်ကြမ်းတယ်။ ရွာလည်းရောက်ရော ဗိုက်က ဆာလာတယ်။ ဒါနဲ့ ငြိမ်းအစ်မကြီးရဲ့အိမ်မှာ ရှိသမျှ မွှေနှောက်စားကြတယ်။ ပထမဦးဆုံး ကော်ဖီတစ်ခွက်သောက်တယ်၊ နောက်တော့ ရခိုင်မုန့်တီလုပ်ပေးတယ် အစ်မကြီးက၊ နောက် ပဲပြုတ်နဲ့နံပြားလည်း ကျွေးတယ်။ ပြီးတော့ ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ကြမယ်ဆိုပြီး ငြိမ်းက ဦးဆောင်ပြီး ချက်ကြပြုတ်ကြတာပေါ့။ ထမင်းဟင်းကျက်တော့ ခဏနားပြီး ထမင်းစားကြတယ်။ ကြက်ခြောက်စပ်၊ ကျောက်ပွင့်သုပ်၊ ကြာဇံဟင်းခါး၊ ငါးပြုတ်ငရုတ်သီးအစပ်နဲ့ သရက်သီး နဲ့ စားလိုက်တာ ကျွန်မဆို စားကောင်းလွန်းလို့ ထမင်း ၂-ပွဲတောင် ကုန်သွားတယ်။ ထမင်းစားပြီးတော့ အချိုတည်းတဲ့အနေနဲ့ လိမ္မော်သီးသေးသေးလေးတွေ စားကြပြီး ခဏနားပြီးတော့ ဒလဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာခဲ့ကြတယ်။ ဒလလည်းရောက်တော့ ကျွန်မတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရီလိုက်ကြရတာ။ အားလုံးမှာ တစ်ကိုယ်လုံး ဖုန်တွေနဲ့ဖြူဖွေးပြီး မျောက်ဖြူတွေလိုဖြစ်နေကြတယ်လေ။ အဲဒီနေရာမှာပဲ ဖုန်တွေကို ခါကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာစွာပဲ ဖေးဖေးမမနဲ့ (ဘယ်အချိန်ကတည်းက ဆော်ပလော်တီးချင်နေကြလဲမသိဘူး) တဘက်လက်ကိုင်ပုဝါနဲ့ ရိုက်ပြီး အသားကုန် ခါပေးကြတယ်။
အဲဒီနားမှာ ဖုန်တွေခါပြီးတော့ ကျွန်မအဖိုးရဲ့ သူငယ်ချင်းအိမ်ကို ဆက်လက် ချီတက်ကြတယ်။ အဖိုးအိမ်က ကော်ဖီနဲ့မုန့်တွေ ဇွတ်ကျွေးတာကြောင့် စားသောက်ရင်း အဖိုးနဲ့စကားနည်းနည်းပြောပြီး လူကြီးကို စကားတွေအများကြီးမပြောတော့ပဲ နားစေချင်တာကြောင့် အဖိုးကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။
အဖိုးအိမ်က ထွက်လာပြီးတော့ ဒလက ဟာဖိဇ်ကျောင်းလေးကိုဆက်ပြီး ချီတက်ကြမယ့်အစီအစဉ်ဖြစ်လို့ မေးရင်းမြန်းရင်းလျှောက်လာလိုက်ကြတယ်။ တစ်နေရာရောက်တော့ ဗလီတစ်လုံးတွေ့ရတယ်။ အဲဒါနဲ့ အဲဒီနားက ကွမ်းယာဆိုင်လေးမှာ ဟာဖိဇ်ကျောင်းက ဒီဗလီဘေးမှာလားလို့ မေးကြည့်လိုက်တယ်။ မဟုတ်ဘူး တည့်တည့်ဆက်လျှောက်သွားမှာ ၁၅-မိနစ်လောက်လျှောက်လိုက်ရင် ဗလီတစ်ခုတွေ့လိမ့်မယ်။ ဟာဖိဇ်ကျောင်းက အဲဒီမှာဆိုတာနဲ့ ဆက်လျှောက်သွားလိုက်တယ်။ လျှောက်လာရင်း ဗလီကိုတွေ့လိုက်ရတယ်။
မေးကြည့်တော့ ဟာဖိဇ်ကျောင်းက ဟိုဘက်ဘေးက ၀င်ရမယ်။ အဲဒီဘက်က တံခါးဖွင့်ပေးပါ့မယ် ကျောင်းအုပ်ကြီးနဲ့ တွေ့ပါဆိုတာနဲ့ ကျွန်မတို့လည်း ဟာဖိဇ်ကျောင်းလေးထဲကို ရောက်ပြီး ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲကို ရောက်ခဲ့ကြတယ်။ မိတ်ဆက်စကားပြောပြီး ကျောင်းအုပ်ဆရာကြီးကလည်း ဟာဖိဇ်ကျောင်းလေးရဲ့ လက်ရှိအခြေအနေတွေကို ပြောပြပါတယ်။ ကျွန်မတို့ကလည်း ဟာဖိဇ်ကျောင်းလေးက ကလေးတွေအတွက် လိုအပ်ချက်လေးကို မေးမြန်းကြည့်ပါတယ်။ ကျောင်းအုပ်ကြီးက ကျွန်မတို့ကို အအေးတွေ တိုက်တာကြောင့် ငြင်းရင်း ၅-ယောက် ၂-ခွက်တော့ သောက်လိုက်ကြတယ်။
နောက်တော့ ကျွန်မတို့က ရုံးခန်းလေးထဲက ကျောင်းသမိုင်းအကျဉ်းလေးကို ဓါတ်ပုံရိုက်ဖို့ ခွင့်တောင်းလိုက်ကြတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း ဓါတ်ပုံရိုက်ခွင့်ပြုပြီး ကျောင်းထဲကိုပါ ဓါတ်ပုံရိုက်ဖို့ ခွင့်ပြုပြီး ဆရာတစ်ယောက်က အစစအရာရာလိုက်ပြပြီး ရှင်းပြတာကြောင့် မှတ်တမ်းဓါတ်ပုံတချို့ယူခဲ့ပါတယ်။ (အမှန်က ရုံးခန်းအ၀င်ပေါက်မှာ စာတမ်းလေးရေးထားပါတယ်။ “အလှူရှင်များကိုလည်း ကျောင်းဝင်းအတွင်း ဓါတ်ပုံရိုက်ခွင့်မပြုပါ”ဆိုတဲ့စာတမ်းလေးပါ။) ကျွန်မတို့လည်း ကလေးတွေအတွက် ကျွန်မတို့လုပ်ပေးချင်တဲ့ စဉ်းစားထားတဲ့အကြောင်းအရာလေးတွေကို ပြောပြပြီး အဆင်ပြေနိုင်မယ့်ရက်လေးကိုပါ မေးမြန်းကြည့်ရင်း ကျောင်းအုပ်ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။ ဒလဆိပ်ကမ်းကို လမ်းပြန်လျှောက်၊ အဲဒီကနေ သင်္ဘောပြန်စီးပြီး ရန်ကုန်မြေကို ပြန်လည် ခြေချခဲ့ကြပါတော့တယ် ……… ။ (ဒလ ဟာဖိဇ်ကျောင်းလေးရဲ့ အကြောင်းကို သီးသန့် ပို့စ်တစ်ခု ရေးတင်ပါ့မယ်)
အဲဒီနောက်တော့ မန္တလေးက ရောက်နေတဲ့ အရင် NGO, YES Project က မောင်လေးတစ်ယောက်နဲ့ ဆုံဖို့ပြောထားတာကြောင့် သူ့ဆီကို အားလုံးချီတက်လိုက်ကြတယ်။ သူက ကျွန်မအကြိုက် မန္တလေးက ရီမွန်လ္ဘက် ၀ယ်လာပေးတယ်လေ။ (အဲဒီလ္ဘက်ထုတ်ကို ဘယ်သူ ပြန်သမသွားလဲတော့ မပြောတော့ပါဘူး …. :P )
အဲဒီက ပြန်လာပြီးတော့ သိမ်ဖြူကိုသွားပြီး ငါးကင်၊ ဆိတ်သားကင်၊ ပဲပြားကင်၊ ရုံးပတီသီးကင် နဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းချို (ဒီဟင်းချိုကို ကျွန်မကို ဇွတ်အတင်းသောက်ခိုင်းကြပါတယ်။ အသံဝင်နေပြီး စကားပြောရင် အသံမထွက်တဲ့ ကျွန်မကို အသံထွက်လာအောင် မောင်နှမတွေက လုပ်ပေးတာပါတဲ့ …. :)
အဲဒီမှာ စားသောက်ပြီးကြတော့ ကျွန်မတို့တွေ ကိုယ့်အိမ်တွေဆီ ပြန်လည်ချီတက်လိုက်ကြပါတော့တယ် …… ။
No comments:
Post a Comment