ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ထမလုံကျေးရွာမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတာ သိရတာကြောင့် သွားရောက်လေ့လာခဲ့ပါတယ်။
ထမလုံမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတော့ သွားရောက်လေ့လာကြည့်ချင်စိတ်ဖြစ်လာတယ်။ ကျွန်မလည်း သံလျင်ကို ၃-ခါလောက်ရောက်ဖူးပေမယ့် ထမလုံထိ တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်လိုသွားရမှန်းလဲ မသိဘူး။ ဒါနဲ့ပဲ ရန်ကုန်ကမောင်နှမတချို့နဲ့ တိုင်ပင်ပြီး အတူတူသွားဖို့ တိုင်ပင်လိုက်ကြတယ်။ သွားမယ့်နေ့ အောက်တိုဘာ ၂၇-ရက်နေ့မှာ ကျွန်မတို့တွေ ထမလုံကိုရောက်သွားခဲ့တယ်။ ရောက်သွားတာကလည်း လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ ဟိုမေးဒီမေးနဲ့ ဖြေပေးလမ်းညွှန်ပေးသူတွေကလည်း စေတနာအပြည့်နဲ့ကူညီလမ်းညွှန်ပေးကြပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ သွားချင်တဲ့ ထမလုံက မေတ္တာမွန်ပညာဒါနကျောင်းလေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တယ်။ ကျွန်မတို့ ရောက်သွားတော့ ကျွန်မတို့ လာမယ်ဆိုတာ ကြိုမပြောထားတာရယ်၊ ပြီးတော့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာရယ်ကြောင့် အဲဒီကျောင်းလေးကို ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းအုပ်H.ဦးမျိုးအောင် ကလည်း အလွန်အံ့အားသင့်သွားတယ်။
ကျွန်မတို့လည်း မေတ္တာမွန်ကျောင်းလေးရဲ့ လုပ်ဆောင်နေမှုကို မေးမြန်းကြည့်တော့ H.ဦးမျိုးအောင်က စိတ်ရှည်လက်ရှည်ပြောပြပေးပါတယ်။

- မေတ္တာမွန်ပညာဒါနကို ၂၀၀၃ ခုနှစ်မှစတင်ခဲ့ပြီး ပညာရေးကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ပညာကို အကြောင်းခံနိုင်မှသာ လူမှုဘ၀မြင့်မားတိုးတက်နိုင်မယ်လို့ခံယူပြီး မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးတယ်။ သာကေတမြို့နယ် ရပ်ကွက်အနှံ့က ဆင်းရဲချို့တဲ့ တဲ့ ကလေး ၁၀၀-ကျော်ကို ကျောင်းဝတ်စုံ၊ စာအုပ် စတာတွေ ပံ့ပိုးပေးခဲ့ပါတယ်။ နောက် ၂၀၀၅/၂၀၀၆ ပညာသင်နှစ်မှာ ကျောင်းသား ၃၀၀ နီးပါး ကို ပံ့ပိုး ထောက်ကူပေးနိုင်ခဲ့တယ်။