Wednesday, October 10, 2012

ပြန်တမ်းတမိတဲ့ ဟိုအရင်တချိန်

ဒီနေ့ညနေ ပြန်လာတော့ မတွေ့ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ နှစ်ယောက်ကို ပြန်တွေ့လိုက်ရတော့ ၁၉၉၆-ခုနှစ်ရယ် ၂၀၀၈-၂၀၀၉ ခုနှစ် ၀န်းကျင် အချိန်တွေရယ်ကို ပြန်သတိရလိုက်မိတယ်။

ညနေက ဆိုင်ကယ်မောင်းလာရင်း တခြားဆိုင်ကယ်တစ်စီးက အသိမို့လို့ခေါ်မယ့်ပုံစံနဲ့ ဘေးနားကပ်လာတာနဲ့ လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်စီးဦးထုတ်ကမျက်နှာပါ မှန်ကာဗာနဲ့ဆိုတော့ ဘယ်သူမှန်းမသိတာနဲ့ ရှေ့ကိုပဲ အာရုံစိုက်ပြီးပြန်မောင်းနေလိုက်တယ်။ အဲဒါနဲ့ အဲဒီဆိုင်ကယ်က ရှေ့နားကျော်သွားပြီးမှ ဘေးနားပြန်ရောက်လာပြီး ဆိုင်ကယ်ဦးထုတ်မှန်ကိုမတင်ရင်း 'ဟာ အစ်မ မ၀ိုင်း ကျွန်တော်ဗျာ အစ်မနဲ့တူပါတယ်လို့ ကြည့်နေတာ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ အစ်မအစ်ကိုတွေနဲ့ရော တွေ့ဖြစ်လား'ဆိုပြီး ဟိုလူနဲ့တွေ့လား ဟိုလူရော ဘယ်ရောက်နေလဲ ဆိုပြီး ဆိုင်ကယ်မောင်းနေရင်းနဲ့ပဲ ရှေးခေတ်ဟောင်းအောက်မေ့ဖွယ်ပြောလိုက်ကြတယ်။ မှတ်မှတ်ရရ ၂၀၀၈ ၀န်းကျင်မှာတုန်းက ရုံးမှာဘာပဲစားစား သူတို့တွေနဲ့အတူတူစားကြရင် လုရင်းစားရင်း ပျော်ရွှင်ခဲ့ရတာကြောင့် ကျွန်မ ပိန်တာရိုးဘ၀ကနေ နည်းနည်းလွန်မြောက်လာခဲ့ရတာကို မမေ့ဘူးလေ။

နောက်တစ်ယောက်ကတော့ လမ်းကွေ့မှာ အမှတ်မထင် မျက်နှာချင်းဆိုင်ဆုံလိုပ်တော့ ပထမတော့ မမှတ်မိကြပဲ မျက်နှာလွှဲလိုက်ကြတယ်။ ပြီးမှ ဒီမျက်နှာကို ရင်းရင်းနှီးနှီးသိနေတာကြောင့် သူကြည့်ကိုယ်ကြည့် ပြန်ကြည့်ပြီး အသည်းအသန်နှုတ်ဆက်လိုက်ရင်းပဲ ခရီးဆက်ခဲ့ရတယ်။ ဒီသူငယ်ချင်းကလည်း မှတ်မှတ်ရရပါပဲ။ သူနဲ့ကျွန်မက ရပ်ကွက်တစ်ခုတည်းအတူတူပဲ။ သူ့မရီးက ညနေတိုင်းကျွန်မတို့ကို စာပြပေးလေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ၉-တန်း အဲဒီသူငယ်ချင်းက ၈-တန်းပေါ့။ နောက် ကျွန်မ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ အဲဒီသူငယ်ချင်းက ၁၀-တန်းရောက်လာတော့ သူ့ကို စာပြန်ပြပေးဖြစ်တယ်။



ကျွန်မအောင်စာရင်းမထွက်ခင်မှာ အားလုံးက စာမေးပွဲအောင်ဖို့ဆုတောင်းပေးကြတဲ့အချိန်မှာ အဲဒီသူငယ်ချင်းကတော့ ကျွန်မ ၁၀-တန်းစာမေးပွဲကျပါစေလို့ ဆုတောင်းသတဲ့လေ။ 'ငါကတော့ သင်ပြီးသား ကျက်ပြီးသားစာတွေကို နောက်နှစ်ဆိုတာမှာ ပြန်မကျက်ချင်လို့ နှစ်ချင်းပေါက်အောင်ဖို့ပဲလုပ်တာ နင်က ဘာကိစ္စ ငါစာမေးပွဲကျဖို့ဆုတောင်းရတာလဲ'ဆိုတော့ 'နင်စာမေးပွဲကျရင် ငါ့ကို စာသင်ပေးဖြစ်တော့မှာမဟုတ်ဘူးလေ။ ငါစာမလုပ်လည်း နင်ပေးတဲ့ဒဏ်မခံရတော့ဘူး။ စာကျက်ချင်ရင်တောင် နင့်ကိုစာမေးရင်း အတူတူတောင်လာကျက်လို့ရသေးတယ်။ အဲဒါကြောင့် နင်စာမေးပွဲကျပါစေလို့ဆုတောင်းတာ'တဲ့လေ။ ကျွန်မကလည်း 'အေး နင် အဲလိုဆုတောင်းလို့ကို ငါစာမေးပွဲ အောင်ဦးမှာ'လို့ပြောခဲ့တဲ့အတိုင်း စာမေးပွဲအောင်ခဲ့တယ်။ စာမေးပွဲအောင်တဲ့နေ့က ကြည်နူးပျော်ရွှင်ခဲ့ရတာကိုလည်း မေ့လို့မရပါဘူး။

သူငယ်ချင်း ၂-ယောက်ကိုအမှတ်မထင်ဆုံတွေ့လိုက်တဲ့ခဏလေးကနေ ဟိုးအရင်အချိန်တွေကို ပြန်သတိရသွားတယ်။

No comments:

Post a Comment