Monday, October 29, 2012

မေတ္တာမွန်ပညာဒါနသို့အလည်တခေါက် (ထမလုံ၊ သန်လျင်)

ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ထမလုံကျေးရွာမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတာ သိရတာကြောင့် သွားရောက်လေ့လာခဲ့ပါတယ်။

ထမလုံမှာ ပညာဒါနကျောင်းလေးတစ်ခုဖွင့်ထားတယ်ဆိုတော့ သွားရောက်လေ့လာကြည့်ချင်စိတ်ဖြစ်လာတယ်။ ကျွန်မလည်း သံလျင်ကို ၃-ခါလောက်ရောက်ဖူးပေမယ့် ထမလုံထိ တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်လိုသွားရမှန်းလဲ မသိဘူး။ ဒါနဲ့ပဲ ရန်ကုန်ကမောင်နှမတချို့နဲ့ တိုင်ပင်ပြီး အတူတူသွားဖို့ တိုင်ပင်လိုက်ကြတယ်။ သွားမယ့်နေ့ အောက်တိုဘာ ၂၇-ရက်နေ့မှာ ကျွန်မတို့တွေ ထမလုံကိုရောက်သွားခဲ့တယ်။ ရောက်သွားတာကလည်း လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ ဟိုမေးဒီမေးနဲ့ ဖြေပေးလမ်းညွှန်ပေးသူတွေကလည်း စေတနာအပြည့်နဲ့ကူညီလမ်းညွှန်ပေးကြပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ သွားချင်တဲ့ ထမလုံက မေတ္တာမွန်ပညာဒါနကျောင်းလေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တယ်။ ကျွန်မတို့ ရောက်သွားတော့ ကျွန်မတို့ လာမယ်ဆိုတာ ကြိုမပြောထားတာရယ်၊ ပြီးတော့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာရယ်ကြောင့် အဲဒီကျောင်းလေးကို ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကျောင်းအုပ်H.ဦးမျိုးအောင် ကလည်း အလွန်အံ့အားသင့်သွားတယ်။

ကျွန်မတို့လည်း မေတ္တာမွန်ကျောင်းလေးရဲ့ လုပ်ဆောင်နေမှုကို မေးမြန်းကြည့်တော့ H.ဦးမျိုးအောင်က စိတ်ရှည်လက်ရှည်ပြောပြပေးပါတယ်။
  • မေတ္တာမွန်ပညာဒါနကို ၂၀၀၃ ခုနှစ်မှစတင်ခဲ့ပြီး ပညာရေးကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ပညာကို အကြောင်းခံနိုင်မှသာ လူမှုဘ၀မြင့်မားတိုးတက်နိုင်မယ်လို့ခံယူပြီး မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးတယ်။ သာကေတမြို့နယ် ရပ်ကွက်အနှံ့က ဆင်းရဲချို့တဲ့ တဲ့ ကလေး ၁၀၀-ကျော်ကို ကျောင်းဝတ်စုံ၊ စာအုပ် စတာတွေ ပံ့ပိုးပေးခဲ့ပါတယ်။ နောက် ၂၀၀၅/၂၀၀၆ ပညာသင်နှစ်မှာ ကျောင်းသား ၃၀၀ နီးပါး ကို ပံ့ပိုး ထောက်ကူပေးနိုင်ခဲ့တယ်။
  • ၂၀၀၉/၂၀၁၀ မှာတော့ ဇေတ၀န်ဘုန်းကြီးကျောင်းမှ သံဃာ့တက္ကသိုလ် ၀င်ရောက်ဖြေဆိုနိုင်ရန် အင်္ဂလိပ်စာ သင်ကြားပေးပါရန် မေတ္တာရပ်ခံခဲ့သည့်အတွက် ပညာဒါနအဖြစ် ဘုန်းကြီး အပါး ၆၀ ကျော်ကို သင်ကြားပေးခဲ့ပါတယ်။
  • လွန်ခဲ့တဲ့ ၂-နှစ်ကျော်မှာ ထမလုံသို့ ဆရာပြောင်းရွေ့လာပြီးနောက် ထမလုံမှကလေးများဘ၀ဟာ သာကေတက ကလေးများထက် ပိုဆိုးတာကြောင့် မကြည့်ရက်မမြင်ရက်ဖြစ်ပြီး မေတ္တာမွန်ပညာဒါနကို ဖွင့်လှစ်ပြီး ကလေးများ၏ အနာဂတ်ဘ၀ အေးချမ်းသာယာရေး၊ အောင်မြင်ရေးအတွက် နိုင်ရာဘက်မှ ပံ့ပိုး သင်ကြားပေးခဲ့ပါတယ်။
  • အခုတော့ English Language ကိုလည်း အဓိက သင်ပေးနေပါတယ်။ ထမလုံကပဲ ၁၀-တန်းစာမေးပွဲ အောင်မြင်သွားပြီးတဲ့ ကလေးတွေ အလုပ်လျှောက်တဲ့အခါ ကွန်ပျူတာ မတတ်တာကြောင့် အလုပ်အကိုင်အခွင့်အရေးတွေ ဆုံးရှုံးကြရတယ်။ ဒါကြောင့် အဲဒီကလေးတွေအတွက် အသက်မွေး ၀မ်းကျောင်းမှု ဖြည့်ဆည်း နိုင်ရန်၊ ကွန်ပျူတာသင်တန်းလေးဖွင့်လှစ်နိုင်ရန် စိတ်ကူးစီစဉ်ခဲ့တာကြောင့် ကွန်ပျူတာများ၊ လက်တော့များ၊ အီလက် ထရောနစ် သင်ထောက်ကူပစ္စည်းများ လိုအပ်နေပါတယ်။
  • ဆရာ့မှာရှိတဲ့ စာအုပ်စင်လေးကို ထမလုံမှ ကလေးသူငယ်များအတွက်လည်း စာကြည့်တိုက်သဖွယ်အသုံးပြုပြီး စာအုပ်များငှားပေးနေတာကြောင့် အကျိုးပြုစာပေများလည်း လှူဒါန်းပေးနိုင်ပါတယ်။
  • တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားနေရတဲ့ ပြဿနာဟာ ရေထုညစ်ညမ်းမှု ဖြစ်ပါတယ်။ လက်နှင့် တူးထားတဲ့ ရေတွင်းတွေဟာ မိုးရွာတဲ့အခါ အပြင်ကရေတွေစီးဝင်ပြီး ညစ်ညမ်းသွားပါသည်။ ဒါ့အပြင် နွေရာသီရောက်တဲ့အခါ ရေခမ်းခြောက်ပြီး ရေဒုက္ခရောက်ရပါတယ်။ သောက်ရေသန့်ရရှိရေးမှာလည်း အခက်အခဲရှိလှပါတယ်။ ဒါကြောင့် အ၀ီစိတွင်း တူးခြင်းဖြင့် သောက်ရေသန့်ရရှိရေးကိုလည်း လျာထားပါတယ်။
  • ဒါကြောင့် ညီအစ်ကိုမောင်နှမတွေအနေနဲ့ စာနာထောက်ထားသောအားဖြင့် ထမလုံမှ ကလေးသူငယ်များပညာရေး၊ မြယာရိုး၊ လက်ယက်စမ်းရွာများရှိ ရွာသူရွာသားများ ကြုံတွေ့ခံစားနေရသောသောက်ရေသန့်ရရှိရေးတို့အတွက် တစ်ဦးချင်းအားဖြင့်သော်လည်းကောင်း၊ စုပေါင်းအားဖြင့်သော်လည်းကောင်း ပေးပို့လှူဒါန်းလိုက လှူဒါန်းနိုင်ပါတယ်။
  • ပညာဒါနနဲ့ပတ်သက်ပြီးဆက်သွယ်လိုပါက - H.မျိုးအောင် (ကျောင်းအုပ်)၊ မေတ္တာမွန်ပညာဒါန၊ ရွှေညောင်ပင်-ပြည်တော်သာလမ်း၊ မြယာရိုး(၆)၊ ထားမလုံ၊ သန်လျင်-ရန်ကုန် သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိခဲ့ရပါတယ်။
ဆရာ့ရဲ့ စာအုပ်စင်လေးပေါ်မှာ ကွမ်ရင်မယ်တော်ပုံလေး တွေ့လိုက်တော့ ဆရာက ဘာလေးကို ဘာဖြစ်လို့ထားထားတာလဲဆိုတော့ အဲဒါ တပည့်တစ်ယောက်က လက်ဆောင်ပေးထားတာနဲ့ သဘောကျလို့ ထားထားတာတဲ့လေ။ ဆရာဖွင့်လှစ်သင်ကြားပေးနေတဲ့ကျောင်းလေးမှာ ဆရာနေတဲ့ဒေသမှာ မွတ်စလင်မ်မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့်ဆရာက ဘာသာလူမျိုးမခွဲခြားပဲ လူသားဖြစ်မှုကိုရှေ့ရှုကာ အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ အစ္စလာမ့်တရားတော် သွန်သင်ချက်များအတိုင်း မိမိတတ်သည့် ပညာကို ပြန်လည်ဝေမျှပေးနေတာအတွက် ဂုဏ်ယူမိပါတယ်။ လူမှုဘ၀မြင့်မားတိုးတက်ဖို့ လူမှုရေးစိတ်ဓါတ်ကို အခြေခံပြီးသင်ကြားပေးဖြစ်တယ်ဆိုတာကို သိရတာကြောင့် ဆရာH.ဦးမျိုးအောင်ကို လေးစားဂုဏ်ယူကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်။


မှတ်တမ်းဓါတ်ပုံများ
ကလေးများကို ကျောင်းအပ်၊ စာအုပ်စာတမ်းများလှူဒါန်းစဉ်
(မေတ္တာမွန်ပညာဒါနကျောင်း လက်ရှိအဆောက်အဦး
ကျောင်းသို့အ၀င်လမ်း
ကျောင်းအုပ်ကြီးနဲ့ စာအုပ်စင်
ရေတွင်း








အတူတူသွားခဲ့ကြတဲ့ မောင်လေး ဂျွန်၊ ညီမလေး မော်မော်နဲ့ ငြိမ်း (သန်လျင်ကနေ စောင့်ပေးပြီး ရှုပ်ယှက်ခတ်နေတဲ့လမ်းနဲ့ လမ်းကြမ်းကြမ်းကို စိတ်ရှည်လက်ရှည် ကားမောင်းပို့ပေးတဲ့ မောင်လေး ဂျွန်) ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ............. :)

No comments:

Post a Comment