Monday, October 01, 2012

အင်္ဂလန်နိုင်ငံရဲ့ Edexcel IGCSE ဖြေဆိုရာတွင် A* ရခဲ့တဲ့ မခင်မြင့်မြတ်ဇင်နှင့် တွေ့ဆုံခြင်း

အင်္ဂလန်နိုင်ငံကစစ်ဆေးသော Edexcel IGCSE ဖြေဆိုရာတွင် A* ဖြင့် အောင်မြင်ခဲ့တဲ့ မခင်မြင့်မြတ်ဇင်ကို M-Media ထူးချွန်မွတ်စလင်မ် လူငယ်ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါ ညီမလေး။
မင်္ဂလာပါ အစ်မ။

ညီမလေးရေ၊ ညီမလေးက Edexcel IGCSE ဖြေတာမှာ A(*)အဆင့်နဲ့ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့် MMSY ရဲ့ ထူးချွန်လူငယ်ကဏ္ဍအတွက် ညီမလေးကို အင်တာဗျူးလုပ်မယ် ဆိုတော့ စလိုက်ကြရအောင်နော်။
ဟုတ်ကဲ့ပါ အစ်မ။ စလို့ရပါပြီ။

ညီမလေးရဲ့ နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။
မြန်မာနာမည်က ခင်မြင့်မြတ်ဇင်၊ အာရဗီနာမည်ကတော့ ဆိုဖီယာပါ။

မိဘတွေကရော။
ဦးခင်မောင်ဇင်နဲ့ ဒေါ်ဝါ၀ါနိုင်ပါ။ မန္တလေးမှာနေပါတယ်။

ညီမလေးအသက်နဲ့ မွေးသက္ကရာဇ်ပြောပြလို့ရမလား။
သမီး အသက်က ၁၆-နှစ်ခွဲပါ။ မွေးသက္ကရာဇ်က ၁၄.၄.၁၉၉၆ ပါ။


ညီမလေးရဲ့ ပညာရေးအခြေအနေကို ပြောပြပေးပါဦး။
သမီးက သူငယ်တန်းကနေ ၇-တန်းအထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အ.ထ.က ဇီးကုန်း မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျောင်းမှာလည်း အတန်းစဉ် ထူးချွန်ဆုတွေ ရခဲ့ပါတယ်။ အ.ထ.က ဇီးကုန်းမှာ ၇-တန်း စာမေးပွဲဖြေပြီးတော့ မန္တလေးက Horizon International School မှာ ဆက်တက်ဖြစ်တယ်။  ထူးချွန်မှုကြောင့် schlorship ရခဲ့ပါတယ်။ အဲဒီမှာ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း တက်ခဲ့တယ်။ Horizon မှာပဲ ၁၀-တန်းပြီးတော့ Edexcel IGCSE Examination ကို May မှာေ ဖြဆိုခဲ့ပါတယ်။

ညီမလေးရေ Edexcel IGCSE ဆိုတာကို နည်းနည်းပြောပြပါဦး။
ဟုတ်ကဲ့အစ်မ။ အဲဒါက Secondary School Graduate Level ပါ။ အင်္ဂလန်က မေးခွန်းထုတ်ပြီး အင်္ဂလန်ကပဲ အဖြေလွှာတွေကို စစ်ပါတယ်။ သွားဖြေတော့ British Council မှာ ဖြေရတယ်။ သမီးက ၆-ဘာသာ ဖြေပါတယ်။ Human Bio, Bio, Maths B, Pure Maths , Physics နဲ့ Chemistry တို့ပါ။

အဲလို အင်္ဂလန်က စာမေးပွဲစစ်တယ်ဆိုတော့ အောင်စာရင်းကို ဘယ်လိုပုံစံထုတ်ပြန်ပေးလဲ။
သူက အမှတ်စာရင်းနဲ့တော့ မထုတ်ပြန်ဘူး။ A*, A, B, C, D ဆိုပြီးထုတ်ပေးတယ်။ A* က အမြင့်ဆုံး။ အဲဒီကနေ A, B, C, D, E, F, U ဆိုပြီးထုတ်ပြန်တယ်။ F ထိပြီးရင် U လို့သတ်မှတ်တယ်။ U ကတော့ အနိမ့်ဆုံးပေါ့။

A* က အဆင့်မြင့်ဆုံးဆိုတော့ ညီမလေးက A* ရခဲ့တယ်လေ။ အဲလို A* ရအောင် ဘယ်လို ကြိုးစားခဲ့လဲ။
သမီးက တစ်ခြားတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ အတန်းမှာ ဆရာစာသင်နေတဲ့အချိန်မှာ အာရုံစိုက်တယ်။ 100% concentration ပေးနိုင်အောင်ကြိုးစားပါတယ်။ ပေးလိုက်တဲ့ အိမ်စာပုံမှန်လုပ်တယ်။ တစ်နေကုန် သင်ပြီးလိုက်တဲ့စာတွေကို recall ပြန်လုပ်တယ်။

ကျောင်းက တနေကုန်တက်ရတယ်ဆိုတော့ စာတွေကို အိမ်မှာဘယ်လိုပြန်လုပ်ဖြစ်လဲ။
တစ်နေ့စာကို တစ်နေ့ ပြီးအောင်လုပ်ပါတယ်။ စာမေးပွဲနီးရင် အချိန်ဇယားဆွဲပြီး Chapter အလိုက် revision ပြန်လုပ်ပါတယ်။ ပြီးရင် စာဖတ်ရင်း ကိုယ်တိုင် Notes ထုတ်ပါတယ်။ ဒီစာမေးပွဲမှာက သူတို့က သုံးစေချင်တဲ့စကားလုံးတွေရှိတယ်။ အဲဒါတွေက မေးခွန်းဟောင်းတွေကို လေ့လာပြီး ဖြေကြည့်မှသာသိနိုင်တယ်။ ဒါကြောင့် မေးခွန်းဟောင်းတွေကို ဖြေကြည့်ပါတယ်။ ဒါကြောင့် အရင်က မေးခွန်းဟောင်းတွေကိုလည်းများများလေ့လာသင့်ပါတယ်။


ဟုတ်ပါပြီ။ ညီမလေးက အခု Edexcel IGCSE -2012 မှာ A* နဲ့ အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဘာဆက်တက်နေလဲ။
အခုလည်း Horizon မှာပဲ A – Level တက်နေပါတယ်။

အခုတက်နေတဲ့ A – Level ဆိုတာကရော။
A – Level ဆိုတာကရော college အဆင့်ပုံစံမျိုးပါပဲ။ ၂-နှစ် တက်ရပါမယ်။ အဲဒီ ၂-နှစ်ပြီးရင်တော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုကို ၀င်ခွင့်လျှောက်လို့ရပါတယ်။ သမီးက ဆရာဝန်ဖြစ်ချင်တယ်။ တက္ကသိုလ်တစ်ခုခုရအောင် ကြိုးစားမှာပါ။ တကယ်တက်ချင်တာကတော့ အမြင့်ဆုံးတွေထဲကတစ်ခုဖြစ်တဲ့ Cambridge University ကို တက်ချင်ပါတယ်။ ပထမဦးဆုံးကတော့ တစ်ခြား university တစ်ခုကို တက်ပြီး နောက်မှ တဆင့်ပြီးတဆင့် ဆက်ကြိုးစားသွားမှာပါ။

ညီမလေးက တူရကီနိုင်ငံမှာပြုလုပ်တဲ့ တူရကီစကားပြောပြိုင်ပွဲမှာလည်း ဆုရထားတယ်လို့ကြားတယ်။ အဲဒါလေးလည်းပြောပြပေးပါဦး။
ဟုတ်ကဲ့။ အဲဒါက တူရကီနိုင်ငံမှာ သွားပြိုင်ရတာ။ နိုင်ငံပေါင်း ၁၃၅-နိုင်ငံလာပြိုင်ကြပါတယ်။ အဲဒီမှာမှ အဖွဲ့တွေ ပြန်ခွဲလိုက်တယ်။ သမီးကတော့ အရှေ့တောင်အာရှ(၇)နိုင်ငံထဲမှာ ပါတယ်လေ။ တူရကီစကားပြော ပြိုင်ရတာပါ။ အရှေ့တောင်အာရှ (၇)နိုင်ငံမှာ သမီးက တတိယဆုရခဲ့တာပါ။

ဟုတ်ကဲ့ပါ။ ညီမလေးက ဆရာဝန်ဖြစ်ချင်တယ်လို့ပြောထားတယ်နော်။ ဒီတော့ ညီမလေးရဲ့ မျှော်မှန်းချက်ကို ပြောပြပေးပါဦး။
သမီးက အဓိက ဆရာဝန်ဖြစ်ချင်တာက Bio ကို စိတ်ဝင်စားလို့ပါ။ Bio Technologies တွေကို စိတ်ဝင်စားတယ်။ ဒါကြောင့် ဆရာဝန်(ဆေးကျောင်း)တက်ခွင့်ရချင်တယ်။ Ph.D အထိရောက်အောင် သမီး ကြိုးစားသွားမှာပါ။

ဒါဆို ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောပြပါဦး။
အနာဂတ်မှာ သမီး ကိုယ်ပိုင် Fund တစ်ခုထောင်ချင်တယ်။ သမီးတတ်တဲ့ပညာနဲ့ လူသားအားလုံးကိုကူညီချင်ပါတယ်။

မွတ်စလင်မ်တစ်ယောက်ဖြစ်ရတဲ့ ညီမလေးရဲ့ ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။
မွတ်စလင်မ်တစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ပညာရေးမှာဆိုလည်း ကိုယ်ချည်းပဲ ကြိုးစားလို့မရဘူးလေ။ အလ္လာဟ်အရှင်မြတ်ထံလည်း ဆုတောင်းရပါတယ်။ သမီးက စာမေးပွဲဖြေရမယ်ဆိုရင် နဖွင်လ်နမားဇ် ၂-ရကအသ်ကို အမြဲဖတ်ပါတယ်။ ဗိစ္စမစ္စလာလည်း အမြဲ ရွတ်ဖတ်တယ်။

မွတ်စလင်မ်မိန်းကလေးတစ်ယောက်အနေနဲ့ တခြားမွတ်စလင်မ်မိန်းကလေးတွေကိုရော ဘယ်လိုစကားလက်ဆောင်ပါးချင်ပါလဲ။
မွတ်စလင်မ်မိန်းကလေးတွေကို ထူးချွန်ထက်မြက်စေချင်ပါတယ်။ ပညာရေးဘက်မှာလည်း ထူးချွန်စေချင်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါလို့ပြောချင်ပါတယ်။

အခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ ညီမလေး ခင်မြင့်မြတ်ဇင်ကို ကျေးဇူးအများကြီးတင်ပါတယ်။
သမီးကို အခုလို ဂုဏ်ပြုမေးမြန်းတဲ့အတွက် သမီးကလည်း ကျေးဇူးတင်ပါတယ် အစ်မ။

No comments:

Post a Comment